← Chapters

အဆင့်ခုနစ်သို့ ရောက်ရှိခြင်း

Vol. 46 Ch. 636

အဆင့်ခုနစ်သို့ ရောက်ရှိခြင်း

Vol. 46 Ch. 636

"ရှင်းဟွမ်က မသိပေမယ့် တာအိုအိမ်တော်က သူ့ကိုကူညီပြီး ကောင်းကင်မူလတိုက်ကြီးကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့တယ်။ လက်ရှိအိမ်တော်သခင်ဖြစ်တဲ့ ငါ့ဆုံးဖြတ်ချက်အတွက် သူ့ကိုခွင့်တောင်းနေစရာ မလိုဘူး။ ရှင်းဟွမ်က မကျေနပ်ဘူးဆိုရင် ကိုယ်ထင်ပြပြီး စွက်ဖက်လိမ့်မယ်"

နတ်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။ သူက အရှက်မရှိသော်လည်း ဉာဏ်နီဉာဏ်နက်များသူဖြစ်သောကြောင့် သာမန်ကိစ္စများတွင် ထွက်ပေါ်မလာတတ်သော ရှင်းဟွမ်ကို ဆင်ခြေပေးရန် အကြောင်းရှာထားပြီးဖြစ်သည်။ ရှင်းဟွမ်က အရာရာကို နောက်ကွယ်မှထိန်းချုပ်နေသော်လည်း ကျင့်ကြံသူတစ်ယောက်က စစ်ဧကရာဇ်အဆင့်သို့ရောက်လျှင် လွှမ်းမိုးခံရနိုင်စွမ်း လျော့နည်းသွားသည်။ နတ်ဧကရာဇ်ကမူ နတ်အစေခံအဆင့်သို့ပင်ရောက်ရန် ခြေတစ်လှမ်း နီးကပ်နေပြီဖြစ်သည်။

"နတ်ဧကရာဇ် ငါက မင်းရွေးချယ်ခိုင်းတာကို မရွေးချယ်ဘူးဆိုရင်ရော ငါ့ကိုသတ်မှာလား။ ငါ့ကိုသတ်ပြီးတာနဲ့ ယဲ့မျိုးနွယ်ကို မင်း ထိန်းချုပ်နိုင်မယ်လို့ထင်ရင် မှားသွားမယ်နော်။ ယဲ့မျိုးနွယ်က မင်းအပေါ်မှာ သစ္စာရှိလာရမယ့်အစား လက်စားချေဖို့ ရန်ငြှိုးတွေ ဖြစ်ပေါ်လာလိမ့်မယ်"

ယဲ့ချန်က ခေါင်းယမ်း၍ တစ်ချက်ပြုံးလိုက်သည်။

"ငါ့မှာ ဖြေရှင်းနည်းရှိတယ်။ အချိန်က ပြဿနာတွေကို ဖြေရှင်းနိုင်တယ်။ မင်းသေသွားပြီး နှစ်ပေါင်းနှစ်ဆယ်ကြာရင် ရန်ငြှိုးကို သူတို့က မေ့သွားလိမ့်မယ်။ ပြီးတော့ စစ်ဧကရာဇ်လောင်းတွေထဲမှာ ယဲ့မျိုးနွယ်ဝင်မဟုတ်တဲ့ ပါရမီရှင်တွေလည်း များစွာရှိနေတယ်။ သူတို့က မင်းအပေါ်မှာ သစ္စာရှိမှာမဟုတ်လို့ သွေးထိုးရတာ လွယ်ကူလိမ့်မယ်"

နတ်ဧကရာဇ်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ သို့သော် သူမသိသည်မှာ ယဲ့ချန်၏ဝိညာဥ်အသိစိတ်ဖြင့် ပေါင်းစပ်ကျင့်ကြံထားလျှင် ယဲ့မျိုးနွယ်ဝင်ဖြစ်စေ၊ ကြယ်ခန်းမတပည့်များဖြစ်စေ ယဲ့ချန်အပေါ် အကြွင်းမဲ့သစ္စာရှိကာ ဝိညာဥ်ကို ဖျက်ဆီးလိုက်လျှင်ပင် သစ္စာဖောက်ကြမည်မဟုတ်ပေ။

"မင်းစိတ်ပျက်အောင် လုပ်မိသလိုဖြစ်သွားရင် စိတ်မကောင်းပါဘူး။ ယဲ့မျိုးနွယ်က ငါသေရင်တောင် ဒူးထောက်မယ့်အစား အသေခံဖို့ ရွေးချယ်လိမ့်မယ်။ မင်းက နှစ်တွေအကြာကြီး အသက်ရှည်လာတော့ ဦးနှောက်ပျက်သွားပြီထင်တယ်။ တာအိုအိမ်တော်ရဲ့အာဏာကို ဘယ်သူပေးထားတယ်ဆိုတာကို မမေ့နဲ့။ ကောင်းကင်နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ ယဲ့မျိုးနွယ်ရဲ့အင်အားကို ရှင်းဟွမ်က လိုအပ််တယ်။ ကြယ်သခင်ရှင်းခေတ်က အင်အားမျိုး ပြန်ရချင်တယ်ဆိုရင် သူက ယဲ့မျိုးနွယ်အပေါ်မှာ မှီခိုရလိမ့်မယ်။ တာအိုအိမ်တော်ကတော့ ဒီလောက်နှစ်တွေကြာတာတောင် စစ်ဧကရာဇ်အသစ်တစ်ယောက် မွေးထုတ်မပေးနိုင်ခဲ့ဘူး။ ကြည့်ရတာ မင်းရဲ့တာအိုအိမ်တော်က ကျဆင်းလာပြီထင်တယ်"

ယဲ့ချန်က နတ်ဧကရာဇ်ကို မထီတရီစိုက်ကြည့်ရင်း ခြိမ်းခြောက်လိုက်ပြန်သည်။

"မင်းကများ ရာရာစစ ငါ့ကို စော်ကားရဲတယ်"

နှစ်ပေါင်းများစွာကြာသည်အထိ ဤလေသံမျိုးနှင့် ခံပြောဝံ့သူမရှိသောကြောင့် နတ်ဧကရာဇ်မှာ ယမ်းပုံမီးကျဒေါသထွက်သွားခဲ့သည်။ ဤအချက်က သူ၏အရှိုက်ကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။ အကယ်၍ ယဲ့မျိုးနွယ်၏အင်အားသာ အဆင့်တစ်ခုသို့ရောက်လာလျှင် ယဲ့ချန်က သူ့ကို လုံးဝလျစ်လျူရှုထားပေလိမ့်မည်။ နတ်အစေခံဆယ်ယောက်ပြီးလျှင် အာဏာအရှိဆုံးဖြစ်သောကြောင့် သူက ကောင်းကင်မူလတိုက်ကြီးတွင် အရာရာကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ နတ်အစေခံများက လောကီရေးရာများကို များစွာဝင်စွက်ဖက်ခြင်း မရှိကြပေ။ ထို့ကြောင့် သူ၏အာဏာကို ထိပါးလာနိုင်သော ယဲ့မျိုးနွယ်အပေါ် မနာလိုမရှုစိမ့် ဖြစ်လာခဲ့သည်။

"နတ်ဧကရာဇ် မင်းက ငါ့ကိုအကြောင်းအရင်းမရှိ ဖမ်းချုပ်ထားပြီး ခခယယ စကားပြောစေချင်တာလား။ ဟား ဟား တော်တော်အစွမ်းထက်တဲ့ နတ်ဧကရာဇ်ကြီးပါလား"

ယဲ့ချန်က နတ်ဧကရာဇ်ကို ပေါ်တင်လှောင်ပြောင်လိုက်သည်။

"မင်း မင်း "

နတ်ဧကရာဇ်ထံမှ သတ်ဖြတ်လိုစိတ်များ ဝုန်းခနဲ ထွက်ပေါ်လာသည်။

"တာအိုအိမ်တော်သခင်ဖြစ်တာနဲ့ မင်းကို ငါက လေးစားပြရမှာလား။ အခြားလူတွေလိုမျိုး မင်းလုပ်စေချင်တာကိုလုပ်၊ မင်းပြောစေချင်တာကိုပြောပြီး နေစေချင်တာလား။ ဒါဆိုရင် စိတ်မကောင်းပါဘူး။ ငါက ဒီလိုလူစားမျိုးမဟုတ်ဘူး"

ယဲ့ချန်သည် အာဏာနှင့်စွမ်းအားကို စိတ်မဝင်စားပေ။ သူက ရှင်းဟွမ်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ နတ်ဧကရာဇ်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ သူ၏စိတ်အတိုင်း ပြုမူဆောင်ရွက်ပေလိမ့်မည်။ မည်သူမှ သူ့ကိုဒူးထောက်ဦးညွှတ်၍ အညံ့ခံလာအောင် လုပ်နိုင်စွမ်းမရှိပေ။ နတ်ဧကရာဇ်၏အမြင်တွင် တာအိုအိမ်တော်သည် ကောင်းကင်မူလတိုက်ကြီးကို အုပ်ချုပ်လာသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သောကြောင့် လူတိုင်းက သူ၏အမိန့်ကိုနာခံခြင်းအပေါ် နှစ်သက်လာသည်။ သူ၏အာဏာကို ခြိမ်းခြောက်နိုင်စွမ်းရှိသော ယဲ့မျိုးနွယ် စွမ်းအားကြီးလာမည့်အဖြစ်ကို ထိုင်ကြည့်မနေနိုင်ပေ။ ကျန်တစ်ဖက်တွင် ယဲ့ချန်သည် သိုင်းဒေသကြီးများဖြစ်စေ၊ တာအိုအိမ်တော်ဖြစ်စေ ယဲ့မျိုးနွယ်ကိုမထိပါးလျှင် ရန်သွားစမည်မဟုတ်ပေ။ အကယ်၍ ယဲ့မျိုးနွယ်ကိုထိရဲသည်ဆိုလျှင် သူက ရေဆုံးမြေဆုံးလိုက်လံ လက်စားချေမည့် လူစားမျိုးဖြစ်သောကြောင့် အခြားတစ်ယောက်၏အမိန့်ကို မနာခံနိုင်ပေ။

ယဲ့ချန်၏သဘောထားက နတ်ဧကရာဇ်၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားသကဲ့သို့ နတ်ဧကရာဇ်၏လုပ်ရပ်ကလည်း ယဲ့မျိုးနွယ်ကို ထိပါးလာခဲ့သည်။ နတ်ဧကရာဇ်က ယဲ့မျိုးနွယ်ကို ထိန်းချုပ်လိုခြင်းအပေါ် သူက လုံးဝသည်းမခံနိုင်ပေ။ ယဲ့မျိုးနွယ်၌ လက်ရှိတွင် စစ်ဧကရာဇ်တစ်ယောက်မှ မရှိသော်လည်း မည်သူ့ကိုမှဒူးထောက်၍ ကြောက်လန့်နေမည် မဟုတ်ချေ။

"မင်းက လူသားနတ်ဘုရားနယ်မြေနဲ့ ကျိယွမ်ကြယ်မှာ ကိုယ်ပွားတွေပို့ထားတဲ့အတွက် မကြောက်ဘူးဆိုတာကို ငါ နားလည်တယ်။ ဒါပေမယ့် ငါ့အတွက် မျှော်စင်က မင်းရဲ့ကိုယ်ပွားကိုဖမ်းဖို့ လွယ်ကူလွန်းတယ်။ ကျိယွမ်ကြယ်ပေါ်ကကိုယ်ပွားလည်း ကောင်းကင်မူလတိုက်ကို ပြန်ရောက်လာရင် ပြေးစရာမြေ မရှိဘူး"

နတ်ဧကရာဇ်က အေးစက်စက်သတိပေးလိုက်ပြီး ကြယ်သလင်းကျောက်ကို အသက်သွင်းလိုက်သောအခါ လူသားနတ်ဘုရားနယ်မြေမှ မြင်ကွင်းအချို့ လေထဲတွင် ထွက်ပေါ်လာခဲ့သည်။ သို့သော် အဆင့်ခုနစ်တွင် အလင်းရောင်များထွက်ပေါ်နေသည်ကို သတိထားမိလိုက်သောအခါ သူ၏မျက်နှာက မည်းနက်သွားခဲ့သည်။ သူကိုယ်တိုင်ပင် ရွှမ်အဆင့်တွင်ရှိခဲ့စဥ်က အဆင့်ခြောက်အထိသာ တက်နိုင်ခဲ့ပြီး အဆင့်ခုနစ်တွင် အခြားကြယ်များမှ ရှင်းရွှမ်ယူဆောင်လာသော အမွေအနှစ်များရှိကြောင်း သိထားသည်။ ထိုကျင့်စဥ်များထဲမှ မည်သည့်အမွေအနှစ်ကို ရယူနိုင်သည်ဖြစ်စေ၊ အနာဂတ်၌ ကောင်းကင်ကိုဆန့်ကျင်နိုင်လောက်အောင် အစွမ်းထက်လာပေလိမ့်မည်။ နှစ်ပေါင်းသောင်းချီအတွင်း အဆင့်ခုနစ်သို့ တက်ရောက်နိုင်ခဲ့သူ အရေအတွက်မှာ လက်တစ်ဖက်စာသာရှိသော်လည်း အားလုံးက နတ်အစေခံများ ဖြစ်လာကြသည်။

နတ်ဧကရာဇ်သည် ယဲ့ချန်က အများဆုံး အဆင့်ခြောက်အထိသာ တက်နိုင်မည်ဟု မျှော်လင့်ထားခဲ့သည်။ လက်ရှိအခြေအနေအရ နတ်အစေခံဆယ်ယောက်လုံးက ယဲ့ချန်ကို သေချာပေါက် အာရုံစိုက်လာပေလိမ့်မည်။ ကောင်းကင်မူလတိုက်ကြီးတွင် သူက လူတိုင်းကို လျစ်လျူရှုထားနိုင်သော်လည်း နတ်အစေခံများကို အလွန်တရာကြောက်ရွံ့ရသည်။ ထို့ကြောင့် သူက ယဲ့ချန်ကိုထိချင်လျှင် နတ်အစေခံများကြောင့် နှစ်ခါပြန် စဥ်းစားရတော့မည်ဖြစ်သည်။ ခန်းမအတွင်းရှိ ထိုင်ခုံပေါ်တွင် မထီမဲ့မြင်မျက်နှာထားနှင့် ထိုင်နေသော ယဲ့ချန်ကို ကြည့်လိုက်မိသောအခါ သူ၏ရင်ထဲတွင် နုတ်ရခက်သော ဆူးတစ်ချောင်း ဖြစ်ပေါ်လာခဲ့သည်။

"ကျင့်ကြံသူတစ်ယောက်က လူသားနတ်ဘုရားနယ်မြေရဲ့ အဆင့်ခုနစ်ကို ရောက်သွားပြီဟေ့"

ဤသတင်းက ကောင်းကင်မူလတိုက်ကြီးတစ်ခုလုံးသို့ တောမီးများပမာ အလျင်အမြန်ပျံ့နှံ့သွားကာ ကျင့်ကြံသူတိုင်း၏ အာရုံစိုက်ရာ ဖြစ်လာခဲ့သည်။ လူတိုင်းက အဆင့်ခုနစ်သို့တက်ရောက်နိုင်ခဲ့သော ပါရမီရှင်အကြောင်း စတင်စုံစမ်းလိုက်ကြသည်။ ထိုနေရာသို့ဝင်ရောက်နိုင်လျှင် အစွမ်းထက်အမွေအနှစ်များ ရယူနိုင်ပြီး နတ်အစေခံတစ်ယောက်ပင် ဖြစ်လာနိုင်သော​ကြောင့် အရေးတယူရှိလာကြသည်။ နှင်းဧကရာဇ်၊ သစ်သားဧကရာဇ်စသူတို့မှာ အဆင့်ခုနစ်သို့ ယဲ့ချန်တက်ရောက်နိုင်ခဲ့သော သတင်းကို ပထမဆုံးသိသိချင်း ထိတ်လန့်သွားပြီးနောက် ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြသည်။ ကောင်းကင်က ယဲ့မျိုးနွယ်ကို မျက်ကွယ်မပြုထားသဖြင့် နတ်အစေခံများသာ ဤကိစ္စကိုသတိထားမိသွားလျှင် နတ်ဧကရာဇ်ဆိုသည့် မြေခွေးအိုကြီး စိတ်ထင်တိုင်း သောင်းကျန်းနိုင်တော့မည် မဟုတ်ပေ။

ယဲ့ချန်၏ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်သော်လည်း အဆင့်ခုနစ်သို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ လူတိုင်းကို အံ့သြဘနန်းဖြစ်စေခဲ့သည်။ သူ၏နာမည်က ကောင်းကင်မူလတိုက်ကြီးတစ်ခွင် ကျော်ကြားနေစဥ် လင်ယွမ်တို့ဧကရာဇ်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်ဝေမှုကြောင့် ယဲ့မျိုးနွယ်ကို နတ်ဧကရာဇ်မှ ဖိနှိပ်နေသည့် သတင်းများလည်း လျင်မြန်စွာ ပျံ့နှံလာခဲ့သည်။ ကောင်းကင်မူလတိုက်ကြီးပေါ်တွင် ပါရမီရှင်များက ကြီးပြင်းလာလျှင် တိုက်ကြီးတစ်ခုလုံး၏ ထောက်တိုင်များဖြစ်လာကာ ကြယ်၏ကာကွယ်သူများ ဖြစ်နိုင်သောကြောင့် လူတိုင်း၏ လေးစားခြင်းခံရသည်။ သို့သော်လည်း ယဲ့ချန်ကိုဖမ်းဆီး၍ ယဲ့မျိုးနွယ်ကို နတ်ဧကရာဇ်က ထိန်းချုပ်လိုနေသောအခါ အားလုံး၏ရင်ထဲတွင် မေးခွန်းများစွာ ဖြစ်ပေါ်လာကြသည်။

"သူ့ကို ပြန်ခေါ်သွားစမ်း"

နတ်ဧကရာဇ်က ယဲ့ချန်ကို တစ်ချက်စိုက်ကြည့်၍ အေးစက်စက် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

"ဟုတ်ကဲ့ပါ အရှင်"

အစောင့်အချို့ရောက်ရှိလာကာ ယဲ့ချန်ကို ခန်းမအတွင်းမှ ခေါ်ထုတ်သွားကြသည်။ လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ခုနစ်သို့ ယဲ့ချန်ဝင်ရောက်ခဲ့ခြင်းက ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာစေခဲ့သည်။ နတ်ဧကရာဇ်အနေဖြင့် ယဲ့ချန်ကို မကောင်းမကြံခင် နတ်အစေခံများက ဤဖြစ်ရပ်ကို အရေးတယူပြုခြင်းရှိမရှိ ထည့်တွက်ရပေလိမ့်မည်။ ခန်းမအတွင်းရှိ ယဲ့ချန်ကမူ ပလ္လင်ထက်ရှိ နတ်ဧကရာဇ်ကို တည်ငြိမ်စွာစိုက်ကြည့်၍ တစ်ချက်ပြုံးပြကာ ခန်းမအတွင်းမှ လှည့်ထွက်သွားခဲ့လေသည်။

"မျှော်စင်ရဲ့အဆင့်ခုနစ်ကို ရောက်နိုင်တာနဲ့ မင်းကို ငါက မရှင်းပစ်နိုင်ဘူးလို့များ ထင်နေတာလား။ မင်းက ငါ့ကို အထင်သေးလွန်းနေတယ်။ မင်းကို ရက်နည်းနည်းလောက် ပျော်ခွင့်ပေးထားပြီးရင် ဖြေရှင်းဖို့ နည်းလမ်းတစ်ခု ရှာပြမယ်"

ယဲ့ချန်၏နောက်ကျောကို ကြည့်နေရင်း နတ်ဧကရာဇ်၏မျက်နှာက လမိုက်ညကဲ့သို့ မည်းနက်လာသည်။

"လန်လန်ကို အခစားဝင်ဖို့ ခေါ်လိုက်ကြစမ်း"

သူ၏အမိန့်သံအဆုံးတွင် လှပသော မိန်းမပျိုတစ်ယောက်က ခန်းမအတွင်း ရောက်ရှိလာသည်။ သူမ၏အရှိန်အဝါအရ စစ်ဧကရာဇ်တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။

"လန်လန် တန်းကုန်းကျောင်းတော်က ရှောင်ရိနဲ့ ဟွမ်အာရဲ့ အခြေအနေကို တင်ပြစမ်း"

"အရှင် သူတို့က ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ခုနစ်ဆယ်ကျော်တဲ့ အစစ်အမှန်ပါရမီရှင်တွေ ဖြစ်ကြပါတယ်။ ကျောင်းတော်ကိုရောက်လာခါစက ချီပင်လယ်အဆင့်ကိုတောင် မရောက်သေးဘဲ အလွန်အားနည်းပေမယ့် နည်းနည်းလောက် သင်ပြပေးလိုက်တာနဲ့ ခုန်ပေါက်တိုးတက်လာပြီး ရွှမ်အဆင့်ခြောက်နဲ့ ခုနစ်ကို ရောက်ရှိလာကြတယ်။ ပြီးတော့ ဟွမ်အာမှာ ဖီးနစ်ဘုရင်ရဲ့သွေးမျိုးဆက်ရှိတာကို အတည်ပြုပြီးပါပြီ။ ဖီးနစ်ဘုရင်တောင် သူမကိုတွေ့ရင် နှစ်သက်မယ်ဆိုတာ သေချာပါတယ်"

လန်လန်က ရိုရိုသေသေ တင်ပြလိုက်သည်။ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သော ပါရမီရှင်နှစ်ယောက်လုံးက ယဲ့မျိုးနွယ်မှဖြစ်ပြီး ယဲ့မျိုးနွယ်ဝင်များက တာအိုအိမ်တော်အပါအဝင် အင်အားစုတိုင်းတွင် ရောက်ရှိနေသောအခါ နတ်ဧကရာဇ်က ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ ထို့ကြောင့် သူက တန်းကုန်းကျောင်းတော်သို့ရောက်နေသော ရှောင်ရိနှင့် ဟွမ်အာကို စမှတ်အဖြစ်ထားကာ ယဲ့ချန်နှင့်သွေးခွဲရန် ယုတ်ယုတ်မာမာ ကြံစည်နေခြင်းဖြစ်သည်။

"မင်းက ဘယ်လောက်သတိကြီးကြီး ထားနေပါစေ၊ ငါ့လက်ထဲကို ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ ပါရမီရှင်နှစ်ယောက် ထည့်ပေးရဲတယ်ပေါ့"

နတ်ဧကရာဇ်က စိတ်ထဲမှ ယဲ့ချန်ကိုလှောင်ပြောင်ကာ နှာခေါင်းရှုံ့လိုက်သည်။ အတိတ်တွင် ယဲ့ချန်သည် နတ်ဧကရာဇ်က ဤသို့လူစားမျိုးမဟုတ်ဟု ထင်မှတ်ထားသောကြောင့် ရှောင်ရိနှင့်ဟွမ်အာကို တန်းကုန်းကျောင်းတော်သို့ ပို့ခဲ့မိခြင်းဖြစ်သည်။ အကယ်၍ နတ်ဧကရာဇ်ကသာ ယဲ့မျိုးနွယ်ကို ရှင်းပစ်ချင်လာလိမ့်မည်ဟု သိထားလျှင် သူက လုံးဝခွင့်ပြုခဲ့မိမည် မဟုတ်ပေ။

"အခြေအနေ ဘယ်လောက်တိုးတက်လာပြီလဲ"

"ကျွန်မစိုးရွံ့မိပါတယ် အရှင်။ သူတို့ကိုသင်ကြားပေးနေရင်း ယဲ့ချန်ရဲ့မကောင်းကြောင်းတွေကို အယုံသွင်းပြီး သွေးခွဲဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် နှစ်ယောက်လုံးက ပြင်းပြင်းထန်ထန်တုံ့ပြန်လာပြီး ကျွန်မကို လူဆိုးတစ်ယောက်အဖြစ် ထင်လာကြပါတယ်။ ယဲ့ချန်က ဘယ်လိုနည်းလမ်းမျိုးအသုံးပြုထားလို့ သူတို့က ဒီလောက်တောင်သစ္စာရှိနေကြလဲဆိုတာ မပြောတတ်ပါဘူး အရှင်"

လန်လန်က သက်ပြင်းတစ်ချက်ချ၍ ကြောက်ရွံ့စွာ ဖြေလိုက်သည်။

"အသက်ခုနစ်အရွယ် ကလေးနှစ်ယောက်ကိုတောင် မကိုင်တွယ်နိုင်ဘူးလား"

နတ်ဧကရာဇ်၏လေသံတွင် ဒေါသစိတ်များ ထင်ဟပ်နေသည်။ လန်လန်က ရှောင်ရိနှင့် ဟွမ်အာကိုပင် ကောင်းစွာမကိုင်တွယ်နိုင်သောကြောင့် သူက စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့သည်။

"ဟုတ်ပါတယ် အရှင်။ သူတို့ကို ယဲ့ချန်ရဲ့မကောင်းကြောင်းကလွဲရင် အရာရာသင်ပေးလို့ လွယ်ကူပါတယ်။ သူတို့က ယဲ့ချန်ကို လူကောင်းတစ်ယောက်လို့ မျက်စိစုံမှိတ်ယုံကြည်နေတဲ့အတွက် ဘာပြောပြော အသုံးမဝင်ပါဘူး"

လန်လန်က အလျင်အမြန် ရှင်းပြလိုက်သည်။ ရှောင်ရိ၊ ဟွမ်အာနှင့် ယဲ့ချန်ကြားတွင် နက်ရှိုင်းသောဆက်ဆံရေးတစ်ခု ရှိပုံပေါ်သောကြောင့် နတ်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်မိလေသည်။

All Chapters