← Chapters

နတ်အစေခံများ ထွက်ပေါ်လာခြင်း

Vol. 46 Ch. 637

နတ်အစေခံများ ထွက်ပေါ်လာခြင်း

Vol. 46 Ch. 637

"ကျွန်မအထင်ပြောရရင် ယဲ့ချန်က နည်းလမ်းတစ်မျိုးမျိုးနဲ့ ရှောင်ရိနဲ့ ဝမ်အာကို ထိန်းချုပ်ထားတယ် ထင်ပါတယ်"

လန်လန်က သူမအပြစ်လွတ်စေရန်အတွက် ယဲ့ချန်ကို အပြစ်တင်လိုက်ခြင်းဖြစ်သည်။

"ကောင်းပြီ။ မင်း သွားနိုင်ပြီ"

နတ်ဧကရာဇ်က အပြစ်မတင်သောအခါတွင်မှ သူမက သက်ပြင်းတစ်ချက်ချ၍ လေးစားစွာ အရိုအသေပေးပြီး ချက်ချင်းထွက်ခွာသွားခဲ့သည်။ ရှောင်ရိနှင့် ဝမ်အာသာမက အခြားယဲ့မျိုးနွယ်ဝင်များက ယဲ့ချန်အပေါ် အလွန်သစ္စာရှိနေသော အကြောင်းအရင်းကို နတ်ဧကရာဇ်က နားမလည်နိုင်ပေ။ သူက ခဏတာစဥ်းစား၍ သာမန်နည်းလမ်းများဖြင့် အဆင်မပြေလျှင် ရက်စက်စွာကြံစည်ရန် ဆုံးဖြတ်လိုက်သည်။ သူက မှတ်ဉာဏ်များကိုဖျက်ပစ်နိုင်သော ကျင့်စဥ်တစ်ခုကို တတ်မြောက်ထားသဖြင့် ထိုကျင့်ကြံသူများကို မှတ်ဉာဏ်ဖျက်ပြီးမှ ပြန်လည်ပျိုးထောင်ပေးရန် ကြံစည်ထားသည်။ ရှောင်ရိနှင့် ဝမ်အာကို ဖီးနစ်ဘုရင်က သိထားပြီးဖြစ်သောကြောင့် ၎င်းနည်းလမ်းကို အသုံးချလိုလျှင် သက်သေများမကျန်ရစ်စေရန် အလွန်အမင်းဂရုစိုက်ရပေလိမ့်မည်။ ထို့အပြင် ယဲ့ချန်၏ကိုယ်ပွားတစ်ခုက လူသားနတ်ဘုရားနယ်မြေတွင် အဆင့်ခုနစ်အထိ တက်နိုင်ခဲ့သောကြောင့် ပြဿနာများလာပြီဖြစ်ကာ သူ့ကိုဖြေရှင်းရန်အတွက် ပိုမိုခက်ခဲလာခဲ့သည်။

ကောင်းကင်မူလတိုက်ရှိ ကျင့်ကြံသူတိုင်းက မျှော်စင်ကို အာရုံစိုက်နေကြပြီး ယဲ့ချန် ပြန်ထွက်လာမည့်အချိန်ကို ခန့်မှန်းနေကြသည်။ ယေဘူယျအားဖြင့်ဆိုရလျှင် အဆင့်ခုနစ်ရှိ အမွေအနှစ်တစ်ခုကို ဆက်ခံရန်အတွက် အချိန်တစ်လနှစ်လခန့် ကြာမြင့်ပေသည်။

မျှော်စင်၏အဆင့်ခုနစ်သည် ရေခဲမီးကမ္ဘာကြီးတစ်ခု ဖြစ်သောကြောင့် ယဲ့ချန်မှာ ကြမ်းတမ်းပြင်းထန်သော စွမ်းအင်များကို ခံစားနေရသည်။ ရေခဲချီ၏အေးစက်မှုနှင့် မီးချီ၏ပူလောင်မှုက အချင်းဆန့်ကျင်လိုက်၊ ပူးပေါင်းလိုက်ဖြင့် တည်ရှိနေကြသည်။ ဤပတ်ဝန်းကျင်တွင် အရာအားလုံးက အားနည်းနေပြီး ရေခဲများဖြစ်ပေါ်လာပြီး ခဏတွင် မီးတောက်များကြောင့် အရည်ပျော်ကျသွားသည်။ ကောင်းကင်ဖျက်ဆီးရေး နတ်ခန္ဓာငါးပုံတစ်ပုံကို ကျင့်ကြံထားနိုင်သည့် ယဲ့ချန်ပင် ဤချီနှစ်မျိုး၏ ပူးပေါင်းနှိပ်စက်မှုအောက်တွင် တစ်ကိုယ်လုံး ဖျက်ဆီးခံရမတတ်ဖြစ်နေခဲ့သည်။

ယဲ့ချန်က ကြောက်မက်ဖွယ်စွမ်းအင်များကို ခုခံရန်အတွက် ရေခဲမှော်ကျင့်စဥ်နှင့် တောက်လောက်မီးလျှံကျင့်စဥ်ကို တပြိုင်နက် လည်ပတ်လိုက်ရသည်။ ထိုကျင့်စဥ်များကို လည်ပတ်လိုက်သောအခါ သူ၏ခန္ဓာကိုယ်က အနည်းငယ် အခြေအနေကောင်းလာသော်လည်း နေရာတွင် တောင့်တင်းနေပြီး မလှုပ်ရှားနိုင်ခဲ့ပေ။ ထိုကျင့်စဥ်နှစ်ခုလုံးက အဆင့်မြင့်ပြီး အစွမ်းထက်သောကြောင့် ပြိုင်တူလည်ပတ်လိုက်သောအခါ ကိုယ်တွင်းရှိ ကောင်းကင်ချီများ ဗြောင်းဆန်နေသည်ကို သူက ခံစားလိုက်ရသည်။ ရေခဲနှင့်မီးကို ပေါင်းစပ်လိုက်သောအခါ တစ်ခုချင်းစီ၏စွမ်းအားထက် လေးငါးဆပို၍တိုးလာသည်ကို သူက ပထမဆုံးအကြိမ် သိလိုက်ရသည်။ သူက ပတ်ဝန်းကျင်ရှိ ချီနှစ်မျိုးကို ဆက်တိုက်စုပ်ယူနေသောအခါ ခန္ဓာကိုယ်ညာခြမ်းက မီးဖုတ်ခံထားရသော သံချောင်းကဲ့သို့ ရဲရဲနီနေပြီး ဘယ်ခြမ်းတွင် အဖြူရောင်ရေခဲချပ်များ ငြိတွယ်နေသည်။

ငရဲကျနေရသကဲ့သို့ နာကျင်မှုက ပြင်းထန်လှသော်လည်း ယဲ့ချန်က သန်မာသောစိတ်ဓာတ်ဖြင့် ကျော်ဖြတ်ခဲ့ပြီး ပတ်ဝန်းကျင်မှချီများကို ကိုယ်ပိုင်ဖြစ်အောင် ပြောင်းလဲစုပ်ယူနေသည်။ အချိန်ကြာလာသောအခါ ကြယ်ကိုးလုံးတွင်လည်း ပြောင်းလဲမှုများဖြစ်လာပြီး ရေခဲကြယ်နှင့် မီးကြယ်က မေထုန်ရာသီနက္ခတ်၏ဂြိုဟ်ခွင်များကဲ့သို့ အချင်းချင်းပူးကပ်သွားကာ လှည့်ပတ်နေကြသည်။

"ဝေါင်း"

ကြောက်မက်ဖွယ်ဟိန်းသံတစ်ခုနှင့်အတူ ဧရာမသားရဲကြီးနှစ်ကောင်က ယဲ့ချန်၏မြင်ကွင်းအတွင်း ဝင်ရောက်လာကြသည်။ တစ်ကောင်က ဧရာမအဖြူရောင် ဝက်ဝံကြီးဖြစ်ကာ ကျန်တစ်ကောင်က ဧရာမမီးငှက်ကြီးဖြစ်ပြီး နှစ်ကောင်လုံးက မီတာဒါဇင်ချီမြင့်မားကြသည်။ ကြောက်မက်ဖွယ်ဖိအားက သူ့ကိုပစ်မှတ်ထားလာသဖြင့် ယဲ့ချန်မှာ နေရာတွင် ချုပ်နှောင်ခံလိုက်ရသည်။ သားရဲများက သူ့ထံ တဟုန်ထိုးပြေးဝင်လာနေသောအခါ အစိုးရိမ်ကြီးသွားပြီး အကယ်၍ သူကသာ လက်မဦးလျှင် ၎င်းတို့၏ သတ်ဖြတ်ခြင်းခံရပေလိမ့်မည်။ သေရေးရှင်ရေးနှင့်ကြုံတွေ့ရသောအခါ ယဲ့ချန်၏ရင်တွင်း၌ ရှင်သန်လိုစိတ်က ကြီးမားစွာ ပေါက်ကွဲလာသည့်အပြင် တတိယပန်းချီမှ ဆင်ခြင်နိုင်ခဲ့သော သဘောတရားကိုလည်း အမှတ်ရလိုက်သည်။

"သေစမ်း"

ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ရေခဲနှင့်မီးတောက် ချီနှစ်မျိုးလုံးကို လက်ဝါးဖြင့်ပေါင်းစပ်ကာ ရိုက်ထုတ်လိုက်သည်။ လူတစ်​ယောက်တည်း၏ ခန္ဓာကိုယ်အတွင်း၌ ချီနှစ်မျိုး အတူတကွတည်ရှိနေရန် အလွန်ရာခဲယဥ်းသည်။ သို့သော်လည်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ကျင့်ကြံထားသဖြင့် သူက သာမန်လူများနှင့်ကွဲပြားကာ ဆန့်ကျင်ဘက်ချီနှစ်မျိုးကို ပေါင်းစပ်အသုံးပြုနိုင်စွမ်း ရှိနေသည်။

"ဘုန်း"

ရေခဲမီးလက်ဝါးချက်အောက်တွင် သားရဲကြီးများက ဘုန်းခနဲပေါက်ကွဲသွားကာ လေထဲ၌ အစအနပင်ရှာမရအောင် ပျောက်ကွယ်သွားကြသည်။ ၎င်းတို့က ရုပ်ခန္ဓာအစစ်အမှန် ပိုင်ဆိုင်ထားခြင်းမရှိဘဲ ချီများမှ ဖြစ်တည်လာပုံပေါ်သည်။ လက်ဝါးချက်၏စွမ်းအားကြောင့် ယဲ့ချန်မှာ ကောင်းကင်ချီကို အသုံးပြုခြင်းအပေါ် နားလည်မှုအသစ်တစ်ခု ရရှိလိုက်သည်။ အဆင့်ခုနစ်တွင် သုံးရက်တိုင်တိုင်ကျင့်ကြံပြီးနောက် ၎င်းတို့က သူ့အပေါ် သက်ရောက်မှုမရှိတော့ပေ။ ထို့ကြောင့် လေပေါ်သို့ခုန်တက်ကာ အဆင့်ရှစ်၏ဝင်ပေါက်ထံ ပျံသန်းသွားခဲ့သည်။ လူသားနတ်ဘုရားနယ်မြေအတွင်း သူက များစွာအကျိုးဖြစ်ထွန်းခဲ့သဖြင့် ကြယ်သခင်နှစ်ယောက်၏ အမြော်အမြင်ရှိရှိ တည်ဆောက်ခဲ့မှုကို နားလည်လိုက်သည်။ ဤမျှော်စင်ကြောင့် သူက ကျင့်ကြံရေးလမ်းကြောင်းတွင် နားလည်မှုအသစ်များ တိုးပွားလာရသဖြင့် အဆင့်ရှစ်နှင့် ကိုးမှ အမွေအနှစ်မျအကြောင်း သိချင်စိတ်များစွာ ဖြစ်ပေါ်လာခဲ့သည်။ သူက အဆင့်ခုနစ်ရှိ ရေခဲမီးကမ္ဘာကြီးအတွင်းမှ အဆင့်ရှစ်၏ဝင်ပေါက်အတွင်းသို့ လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။

ကောင်းကင်မူလတိုက်ရှိ ကျင့်ကြံသူများက လူသားနတ်ဘုရားနယ်မြေ မျှော်စင်ခုနစ်ထပ်တွင် ယဲ့ချန် မည်သည့်အမွေအနှစ်များ ရရှိလာမည်ကို လေးလေးနက်နက် ဆွေးနွေးနေကြသည်။ သို့သော် သုံးရက်အကြာတွင် မျှော်စင်၏အဆင့်ရှစ်က ရုတ်တရက် လင်းလက်တောက်ပလာခဲ့သည်။

"ဘာ ယဲ့ချန်က နောက်ထပ်ဆက်သွားနေတာလား။ သူက လူသားနတ်ဘုရားနယ်မြေရဲ့ အဆင့်ရှစ်ကိုတောင် ရောက်သွားပြီပေါ့"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ နတ်အစေခံတွေတောင် အဆင့်ရှစ်ကိုရောက်ဖူးတာ မဟုတ်ဘူး"

"ဒီမျှော်စင်ကို တည်ဆောက်ပြီးချိန်ကစလို့ ကြယ်သခင်ရှင်းကလွဲရင် လူနှစ်ယောက်တည်းသာ အဆင့်ရှစ်ကို ရောက်ဖူးကြတယ်။ သူတို့ကလည်း လွန်ခဲ့တဲ့နှစ်သောင်းချီက ကျင့်ကြံသူတွေဖြစ်ကြလို့ မျက်မှောက်ခေတ်မှာဆိုရင် ယဲ့ချန်တစ်ယောက်တည်းလို့ ပြောနိုင်တယ်"

"ယဲ့ချန်ရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကသာ သုညမဟုတ်ရင် ကြယ်သခင်ရာထူးအတွက်ပါ ယှဥ်ပြိုင်နိုင်မယ်ထင်တယ်"

"သူ့ရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စစ်ဆေးတုန်းက တစ်ခုခု မှားယွင်းသွားတာလား။ တကယ်သာ သုညဖြစ်နေရင် ဘယ်လိုလုပ် ရွှမ်အဆင့်ကို အချိန်တိုလေးနဲ့ ရောက်လာမှာလဲ"

ယဲ့ချန်၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုညဖြစ်နေပါစေ၊ အဆင့်ရှစ်မှပြန်လာလျှင် ကောင်းကင်ကိုဆန့်ကျင်နေမည့် အမွေအနှစ်မျိုး ရယူလာနိုင်မည်ဟု လူတိုင်းက သေချာပေါက်သိနေကြသည်။ ထို့အပြင် သူ၏ကျင့်ကြံဆင့်က စိတ်ကူးမရနိုင်သော အဆင့်မျိုးအထိ ခုန်ပေါက်တိုးတက်သွားရန် အချိန်များစွာ လိုအပ်မည်မဟုတ်ပေ။ နတ်အစေခံများကြား၌ပင် သူ၏ခွန်အားက ပြောစမှတ်ပြုရသည်အထိ တိုးတက်လာပေလိမ့်မည်။ ဤကား တစ်လောကလုံး၏ထိပ်ဆုံးတွင် ရပ်တည်မည့် အစစ်အမှန်ပါရမီရှင်တစ်ယောက်ဖြစ်ကာ လူတိုင်း၏အားကျခြင်းနှင့် ထိုက်တန်ပေသည်။

စစ်ဧကရာဇ်များနှင့် နတ်အစေခံများပင် အဆင့်ရှစ်ရှိ ထိပ်တန်းအမွေအနှစ်များကြောင့် ယဲ့ချန်ကို အားကျနေကြသည်။ မျှော်စင်၏အဆင့်ရှစ်မှ အမွေအနှစ်ကျင့်စဥ်များက အစွမ်းထက်လွန်းသောကြောင့် သာမန်ကျင့်စဥ်များ ယှဥ်ပြိုင်နိုင်သောအရာမျိုး မဟုတ်ပေ။ ယဲ့ချန်က မည်သည့်အမွေအနှစ်မှမရရှိခဲ့လျှင်ပင် အဆင့်ရှစ်၌ အချိန်တစ်ခုကြာကျင့်ကြံနိုင်ပါက ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်သွားပေလိမ့်မည်။ အရာအားလုံးက မျှော်စင်၏အဆင့်ရှစ်တွင် ယဲ့ချန် မည်မျှကြာကြာနေနိုင်မည်ဟူသော အချက်နှင့် ပတ်သက်နေသည်။

တစ်ချိန်တည်းမှာပင် တာအိုအိမ်တော်၏ အဓိကခန်းမအတွင်း ကြီးကျယ်ခမ်းနားသော ပုံရိပ်ဆယ်ခု ထွက်ပေါ်လာခဲ့သည်။ အချို့က အလွန်ငယ်ရွယ်ပြီး အချို့က အဖြူရောင်ဆံပင်များနှင့် လူအိုကြီးများဖြစ်ကာ အချို့က ချောမောသော သက်လတ်ပိုင်းအရွယ်များဖြစ်ကြသည်။ လှပချောမောသော မိန်းမပျိုအချို့လည်း ပါဝင်နေသော်လည်း အားလုံး၏အရှိန်အဝါတိုင်းက အလွန်ကြီးကျယ်မြင့်မြတ်၍ ကြီးစိုးမှုရှိသည်။ သူတို့အားလုံးမှာ ကောင်းကင်မူလတိုက်ကြီး၏ နတ်အစေခံဆယ်ယောက်ဖြစ်ပြီး ထွက်ပေါ်လာခဲသော ဒဏ္ဍာရီလာဖြစ်တည်မှုများ ဖြစ်ကြသည်။ ဆယ်ယောက်လုံး တပြိုင်နက်ပေါ်လာခြင်းဖြစ်သော်လည်း ရုပ်သွင်များသာဖြစ်၍ အစစ်အမှန်ခန္ဓာကိုယ်များက မိုင်ပေါင်းရာထောင်ချီအဝေးတွင် ရှိနေကြသည်။

"ဒီငယ်သားက အရှင်တို့ကို ကြိုဆိုပါတယ်"

နတ်အစေခံများက ကမ္ဘာကိုအုပ်စိုးသော နတ်ဘုရားများသဖွယ် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာသောအခါ နတ်ဧကရာဇ်က ပလ္လင်ထက်မှဆင်း၍ ချက်ချင်းဦးညွှတ်လိုက်ရသည်။ သူက မည်မျှမောက်မာပါစေ၊ နတ်အစေခံများရှေ့တွင် မထောင်လွှားရဲပေ။

"လင်းဖန် တစ်ယောက်ယောက်က လူသားနတ်ဘုရားနယ်မြေရဲ့ အဆင့်ရှစ်ကို ဝင်နိုင်ခဲ့တယ်လို့ ကြားတယ်။ ဒါအမှန်ပဲလား"

သက်လက်ပိုင်းအရွယ် လူတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။ သူက ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ လက်နှစ်ဖက်ကိုနောက်ပစ်၍ မတ်တပ်ရပ်နေသဖြင့် လောကကြီကို အုပ်စိုးသူတစ်ယောက်၏ ဟန်ပန်မျိုးရှိသည်။ သူက နတ်အစေခံဆယ်ယောက်၏ ခေါင်းဆောင်ဖြစ်သော နဂါးဘုရင် ဖြစ်ပေသည်။ နဂါးဘုရင်သည် အသန်မာဆုံးနတ်အစေခံဖြစ်ကာ စစ်တပ်ကိုဦးဆောင်၍ မရေမတွက်နိုင်သော နတ်အစေခံအဆင့် ကောင်းကင်နတ်ဆိုးများစွာကို နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်သတ်ဖြတ်ခဲ့သူဖြစ်သည်။ ထို့ကြောင့် သူ၏အရှိန်အဝါက ကြမ်းတမ်းရက်စက်၍ ကြီးစိုးမှုအပြည့်ရှိသည်။

"ဟုတ်ပါတယ်ခင်ဗျာ"

နတ်ဧကရာဇ်လင်းဖန်က အမှန်တရားကို ဖုံးကွယ်မထားရဲခဲ့ပေ။

"သူ့နာမည်က ယဲ့ချန်လို့ခေါ်ပြီး ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက သုည ဟုတ်တယ်မလား။ သူက တော်တော်စိတ်ဝင်စားစရာကောင်းတာပဲ။ ဘယ်အဆင့်အထိရောက်အောင် သွားနိုင်မလဲဆိုတာ သိချင်မိတယ်။ ရောင်ယွမ်နဲ့ သူနဲ့ယှဥ်ရင်ရော ဘယ်သူက ပိုပြီးထူးချွန်နေမလဲ"

ငယ်ရွယ်လှပသော မိန်းမပျိုတစ်ယောက်က ဝင်ပြောလိုက်ခြင်းဖြစ်သည်။ သူမက အမြှီးဆယ်ချောင်း မြေခွေးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်သော မြေခွေးဘုရင်မ ဖြစ်သည်။

"ငါလည်း သတင်းတစ်ခု ကြားထားတယ်။ လူငယ်မျိုးဆက်မှာ ပါရမီရှင်တွေအများကြီးပေါ်လာပြီး ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သူတွေလည်း ပါဝင်တယ်တဲ့။ ငါတို့နတ်အစေခံဆယ်ယောက်က တပည့်အချို့လက်ခံဖို့ ပြင်ဆင်နေတယ်။ လင်းဖန် မင်းက ယဲ့ချန်ရဲ့ကိုယ်ပွားတစ်ခုကို ဖမ်းဆီးထားတယ်လို့ ကြားတယ်။ မင်းအနေနဲ့ မဆင်မခြင်မလုပ်သင့်ဘူး။ ဘာကြောင့် ဒီလိုမျိုးကြံစည်ရတာလဲ။ ငါ့အမြင်မှာ သစ္စာတရားကြီးမားတဲ့ ယဲ့မျိုးနွယ်က ပြဿနာမရှိဘူး။ ဒီလိုမျိုးနွယ်နဲ့ ရန်သူဖြစ်မယ့်အစား မိတ်ဆွေဖြစ်ရင် ပိုပြီးအကျိုးရှိတယ်"

နဂါးဘုရင်က လင်းဖန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ အေးစက်စက် သတိပေးလိုက်သည်။

"ကျွန်တော်က ဒီကိစ္စကို ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့ပါဘူး။ အခုချက်ချင်း လူလွှတ်ပြီး ယဲ့ချန်ကို အချုပ်အနှောင်က လွှတ်ပေးလိုက်ပါမယ်"

လင်းဖန်က မကျေနပ်သော်လည်း အမိန့်ကိုလိုက်နာရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ လူတိုင်းအပေါ် သူ၏အာဏာက သက်ရောက်သော်လည်း နဂါးဘုရင်နှင့် နတ်အစေခံများ ရှေ့မှောက်တွင် အမြှီးကုပ်နေခဲ့သည်။

"မြေခွေးမျိုးနွယ်ရဲ့ လူငယ်မျိုးဆက်မှာလည်း ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်။ သူမက နင်အာလို့ခေါ်ပြီး ယဲ့ချန်နဲ့ ဇနီးမောင်နှံဖြစ်နေတယ်။ ငါက နင်အာလေးကို စောင့်ကြည့်နေခဲ့ပြီး အတော်လေးသဘောကျမိတယ်"

မြေခွေးဘုရင်မက လှပစွာပြုံးနေသော်လည်း စကားအဆုံးတွင် လင်းဖန်ကို အေးစက်စက် စိုက်ကြည့်လာခဲ့နေသည်။ ထို့ကြောင့် သူမသည် နတ်ဧကရာဇ်၏လုပ်ရပ်အပေါ် မကျေနပ်ကြောင်း ထင်ရှားနေသည်။ အာဏာအတွက် လင်းဖန်က ယဲ့မျိုးနွယ်ကိုဖြိုခွဲရန် ကြံစည်နေခြင်းမှာ သူမ၏အမြင်တွင် သည်းမခံနိုင်စရာဖြစ်သည်။

"ဘာကြောင့် ပါရမီရှင်တွေအားလုံးက ယဲ့မျိုးနွယ်နဲ့ ပတ်သက်နေရတာလဲ။ ဒီမြေခွေးလေးကရော ဘာကြောင့် ယဲ့ချန်ရဲ့မိန်းမ ဖြစ်နေရတာလဲ"

လင်းဖန်သည် နင်အာနှင့် ယဲ့ချန်ကြားတွင် ဆက်ဆံရေးတစ်ခုရှိသည်ဟုသာ သိထားပြီး ဤမျှနက်ရှိုင်းမည်ဟု မျှော်လင့်မထားပေ။ တာအိုအိမ်တော်၏သခင်ဖြစ်သော်လည်း ယဲ့မျိုးနွယ်ကို ထိပါးခွင့်မရှိသောအခါ အလွန်အမင်း စိတ်ဓာတ်ကျသွားခဲ့သည်။

"လင်းဖန် ယဲ့ချန်ရဲ့ကိုယ်ပွားကို လူသားနတ်ဘုရားနယ်မြေကထွက်လာရင် ငါ့ဆီ ခေါ်လာခဲ့စမ်း။ မျှော်စင်ရဲ့အဆင့်ရှစ်မှာ သူ ဘယ်လိုအမွေအနှစ်မျိုး ရလာမယ်ဆိုတာကို ငါ သိချင်တယ်"

နဂါးဘုရင်က ခပ်ပြတ်ပြတ် အမိန့်ပေးလိုက်သည်။

"ဒီငယ်သားက နာခံပါ့မယ် အရှင်"

နတ်အစေခံတစ်ယောက်ရှေ့မှောက်တွင် အမိန့်ကို လိုက်နာရုံမှလွဲပြီး လင်းဖန်က ရွေးချယ်စရာ မရှိပေ။

All Chapters