မျှော်စင်၏အဆင့်ကိုး သုံးလွှာကမ္ဘာ
Vol. 46 Ch. 638
"ဒီကလေး ယဲ့ချန်က တော်တော်စိတ်ဝင်စားစရာကောင်းတယ်။ သူက နတ်အစေခံတစ်ယောက် ဖြစ်လာနိုင်မလား သိချင်မိတယ်။ တကယ်လို့ သူသာ ဖြစ်နိုင်ရင် နှစ်ပေါင်းများစွာ နတ်အစေခံတစ်ယောက် အသစ်ထွက်ပေါ်မလာတဲ့ ကောင်းကင်မူလကြယ်အတွက် များစွာအကျိုးရှိလိမ့်မယ်။ လက်ရှိအခြေအနေအတိုင်း ဆက်သွားနေရင် ငါတို့ကြယ်အတွက် အန္တရာယ်ရှိတယ်။ ဒါကြောင့် ပါရမီရှင်တွေကို ပျိုးထောင်ပေးဖို့ အချိန်တန်ပြီ"
အစိမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က အကြံပေးလိုက်ခြင်းဖြစ်သည်။ သူက အလွန်ငယ်ရွယ်ပုံပေါ်သော်လည်း ကြယ်သခင်ရှင်း၏လက်ထက်မှ ရှိခဲ့သူဖြစ်သောကြောင့် နတ်အစေခံများကြားတွင် အသက်အကြီးဆုံး သစ်သားစိမ်းဘုရင် ဖြစ်သည်။ သူကျင့်ကြံထားသော နီဗားနားလျှို့ဝှက်ကျင့်စဥ်ကြောင့် အချိန်နှင့်ဇရာက သူ၏ရုပ်ခန္ဓာအပေါ် သက်ရောက်မှုမရှိပေ။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၇၅ ကျော်သူများကို နတ်အစေခံများဖြစ်လာရန် ကျင့်ကြံပေးနိုင်သော်လည်း အရေအတွက်က အလွန်နည်းပါးနေသည်။ ထို့ကြောင့် သူတို့က ကန့်သတ်ချက်များကို ဖြည်လျှော့၍ နတ်အရင်းအမြစ်ဆေးများကို အသုံးပြုကာ ပါရမီရှင်များကို လေ့ကျင့်ပေးရပေလိမ့်မည်။
"အရှင်တို့ မြင့်မြတ်ဝိညာဥ်သိုင်းဒေသမှာ ပေါင်းစပ်နှုန်း၈၂ပိုင်ဆိုင်ထားတဲ့ နန်းကုန်းဇီဆိုတဲ့ ပါရမီရှင်တစ်ယောက် ရှိပါတယ်"
လင်းဖန်က ဦးညွှတ်နေရင်း နတ်အစေခံများ၏အာရုံကို ပြောင်းလဲစေရန်အတွက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"သြော်"
နဂါးဘုရင်က မျက်မှောင်ကြုတ်လိုက်သကဲ့သို့ ကျန်နတ်အစေခံများကလည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တိတ်ဆိတ်သွားကြသည်။ သူတို့၏အမူအရာကြောင့် လင်းဖန်က စိတ်ရှုပ်ထွေးသွားခဲ့သည်။ နန်းကုန်းဇီဟူသော အမည်ကြောင့် နတ်အစေခံများအားလုံးက ရုတ်တရက် တိတ်ဆိတ်သွားသောအခါ ထိုပါရမီရှင်နှင့်ပတ်သက်၍ တစ်ခုခုမှားယွင်းနေပုံပေါ်သည်။ နတ်အစေခံများက နန်းကုန်းဇီကို လျစ်လျူရှု၍ အရှေ့ပိုင်းတိုက်ကြီးမှ ရောက်ရှိလာသော ယဲ့မျိုးနွယ်အကြောင်းကိုသာ ဆွေးနွေးခဲ့ကြသည်။ ဖီးနစ်ဘုရင်က ရှောင်ရိနှင့် ဝမ်အာ၏ လက်ရှိအခြေအနေကို မေးမြန်းပြီးနောက် သူတို့က လေထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြသည်။
တာအိုအိမ်တော်၏ခန်းမအတွင်း လင်းဖန်သည် ပလ္လင်ထက်တွင် အချိန်ကြာမြင့်စွာ ငေးငိုင်နေသည်။ ထို့နောက် သူက လက်တင်ခုံကို ဘန်းခနဲရိုက်ချလိုက်သဖြင့် အမှုန့်ဖြစ်သွားခဲ့သည်။ တာအိုအိမ်တော်သခင် နတ်ဧကရာဇ်က ဤအခြေအနေအထိ ဖိအားပေးခံလိုက်ရသဖြင့် မည်မျှဒေါသထွက်နေမည်ကို လူတိုင်း တွေးကြည့်နိုင်သည်။
"အစောင့်တွေ"
"ရှိပါတယ် အရှင်"
အစောင့်များက ချက်ချင်းဒူးထောက်၍ ပြန်ဖြေလိုက်သည်။ သူတို့အပေါ် နတ်ဧကရာဇ်က ဒေါသများပုံချလာမည်ကို ကြောက်ရွံ့သဖြင့် တုန်လှုပ်နေကြသည်။
"ယဲ့ချန်နဲ့ ယဲ့မျိုးနွယ်ဝင်တွေကို လွှတ်ပေးလိုက်စမ်း"
ဒေါသကို မျိုသိပ်ထားရသော လင်းဖန်၏အမိန့်သံ ထွက်ပေါ်လာသည်။
"အမိန့်တော်အတိုင်းပါ အရှင်"
အစောင့်များက လျင်မြန်စွာ ထွက်ခွာသွားပြီး အမိန့်အတိုင်း ဆောင်ရွက်လိုက်ကြသည်။ ယဲ့ချန်က အပြင်သို့ လွတ်မြောက်လာသောအခါ ခမ်းနားသော နန်းတော်ကြီးကို လည်ပြန်ကြည့်၍ တစ်ချက်ပြုံးလိုက်သည်။
"နတ်ဧကရာဇ်တောင် ငါ့ကို ဖမ်းမထားနိုင်ဘူး။ အခုအချိန်ကစလို့ ကောင်းကင်မူလကြယ်မှာ ငါစိတ်ရှိတိုင်း သွားလာနိုင်ပြီ"
ထို့နောက် သူက အဝေးသို့ တစ်လှမ်းချင်း ထွက်ခွာသွားခဲ့လေသည်။ တာအိုအိမ်တော်သည် ယဲ့မျိုးနွယ်အပေါ် ထိန်းချုပ်မှုများကို ပြန်လည်ပယ်ဖျက်ပေးခဲ့ပြီး အကြောင်းအရင်းကို နတ်ဧကရာဇ်က ထုတ်မပြောခဲ့ပေ။ သို့သော် စစ်ဧကရာဇ်များသည် နတ်အစေခံတစ်ယောက်က ယဲ့ချန်ကို ကာကွယ်ပေးနေသည်ဟု ကောက်ချက်ချလိုက်ကြသည်။ သို့သော် သူတို့မသိသည်မှာ နတ်အစေခံဆယ်ယောက်လုံးက ယဲ့ချန်ကို သတိထားမိခဲ့ပြီး လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ရှစ်က သက်ရောက်မှု အားကြီးလွန်းလှသည်။
သွေးအရိပ်သိုင်းဒေသရှိ ဧကရာဇ်လင်းသည် ဤသတင်းကို ကြားသောအခါ ဒေါသထွက်သွားသော်လည်း မျှော်လင့်ချက်မဲ့မှုကို အကြီးအကျယ် ခံစားလိုက်ရသည်။ နတ်ဧကရာဇ်ပင် ယဲ့ချန်ကိုမထိပါးနိုင်သဖြင့် သူကိုယ်တိုင်လည်း ယဲ့မျိုးနွယ်ကို ရှင်းပစ်နိုင်စွမ်း မရှိပေ။ နတ်အစေခံများသာ ယဲ့မျိုးနွယ်ကိုကူညီလိုလျှင် သူတို့၏အနာဂတ်ကို မည်သူမှ ပိတ်ပင်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူက လောကကြီး၏အရေးကိစ္စများတွင် နောက်ထပ်မစွက်ဖက်ဟု လူသိရှင်ကြားကြေညာ၍ တပည့်များကို သင်ကြားရေး၌သာ အာရုံစိုက်ခဲ့ရသည်။ ယိရန်သည်လည်း အခြေအနေကို သိသောအခါ သွေးများစွာအန်ထွက်လာပြီး အိပ်ရာထဲ ဘုန်းဘုန်းလဲသွားခဲ့သည်။ သူက ပြန်လည်ကောင်းမွန်လာနိုင်သော်လည်း သတင်းအစအနပင် ထွက်ပေါ်မလာခဲ့တော့ပေ။
နှင်းဧကရာဇ်၊ သစ်သားဧကရာဇ်စသော စစ်ဧကရာဇ်သုံးဆယ်ကျော်က ယဲ့ချန်ကိုကြိုဆိုရန်အတွက် ကျစ်ဟွာတော်ဝင်မြို့၌ ညစာစားပွဲ ကျင်းပခဲ့သည်။ ယဲ့ချန်၏ဂုဏ်သတင်းနှင့် ယဲ့မျိုးနွယ်၏သတင်းများက ကောင်းကင်မူလတိုက်ကြီးတစ်ခွင် ကျော်ကြားနေပြီဖြစ်သည်။ သို့သော်လည်း နတ်ဧကရာဇ်သည် ကောင်းကင်မူလတိုက်၏ဝင်ပေါက်ကို အချိန်နှစ်လကြာမှသာ ပြန်လည်ဖွင့်လှစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ အကယ်၍ သူ့အမိန့်ကို ထပ်ကာထပ်ကာပြောင်းလဲနေလျှင် နောက်ထပ်မျက်နှာပျက်ရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ယဲ့မျိုးနွယ်က ဤတစ်ကြိမ်တွင် အနိုင်ရခဲ့သော်လည်း အစွမ်းထက်ကျင့်ကြံသူများ မပိုင်ဆိုင်သေးသဖြင့် နောက်ထပ်ပြဿနာများ၍ မဖြစ်ချေ။ ခွန်အားကို ဖြည်းဖြည်းမှန်မှန်စုဆောင်းခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်၍ ယဲ့ချန်သည် စီးပွားရေးလုပ်ငန်းများကိုပင် ရပ်တန့်၍ လူတိုင်းကို ကျင့်ကြံခြင်း၌ အာရုံစိုက်ရန် အမိန့်ပေးခဲ့သည်။
တာအိုအိမ်တော်မှ မျိုးနွယ်ခေါင်းဆောင်ကိုဖမ်းဆီးခြင်းက ယဲ့မျိုးနွယ်အတွက် အရှက်ရစရာဖြစ်ပြီး နတ်ဧကရာဇ်က ယဲ့ချန်ကို ပြန်လွှတ်ပေးခဲ့သော်လည်း ယဲ့မျိုးနွယ်ဝင်အားလုံးနှင့် ကြယ်ခန်းမတပည့်များသည် ဤဖြစ်ရပ်အပြီးတွင် ယဲ့မျိုးနွယ်၏အခြေအနေကို ကောင်းစွာနားလည်သွားကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် တာအိုအိမ်တော်ကဲ့သို့ အင်အားစုများက ယဲ့မျိုးနွယ်ကို အချိန်မရွေးထိပါးလာနိုင်သဖြင့် ဝိညာဥ်သားရဲကပ်ဘေးနှင့် ရင်ဆိုင်ခဲ့စဥ်ကအတိုင်း လူတိုင်းမှာ အစွမ်းကုန် ကြိုးစားလေ့ကျင့်နေကြသည်။ လဝက်ဆိုသောအချိန်က လျင်မြန်စွာကုန်ဆုံးသွားပြီး ကောင်းကင်မူလတိုက်ရှိ လူတိုင်း၏အာရုံက မျှော်စင်ထံ ကျရောက်နေသည်။ သူတို့က ယဲ့ချန်ပြန်ထွက်လာမည့် အချိန်နှင့် ရရှိလာမည့် အမွေအနှစ်အကြောင်း ခန့်မှန်းဆွေးနွေးနေကြသည်။ ဤကား ကောင်းကင်မူလတိုက်ကြီးရှိ စကားဝိုင်းအားလုံး၏ခေါင်းစဥ် ဖြစ်လာခဲ့သည်။
ရန်ယွင်မြို့တွင် အခြေချနေထိုင်နေသော ယဲ့မျိုးနွယ်ထံ ကျင့်ကြံသူများစွာက လက်ဆောင်ပဏ္ဏာများနှင့် နေ့တိုင်းလာရောက် တွေ့ဆုံနေကြသည်။ မျှော်စင်၏အဆင့်ရှစ်မှ ယဲ့ချန်ပြန်ထွက်လာလျှင် ကောင်းကင်မူလတိုက်ကြီးတွင် ယဲ့မျိုးနွယ်၏အဆင့်အတန်းက လုံးဝကွာခြားသွားမည်ဖြစ်သောကြောင့် အားလုံးက ယဲ့မျိုးနွယ်နှင့် မိတ်ဆွေဖြစ်လိုနေကြသည်။ နောက်ထပ်လဝက်ကုန်ဆုံးသွားပြီး လူတိုင်းက ယဲ့ချန်ပြန်အလာကို စောင့်ကြိုနေသော်လည်း ပို၍ထိတ်လန့်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးက ရုတ်တရက် တောက်ပလာခြင်းဖြစ်သောကြောင့် ယဲ့ချန်က အဆင့်ကိုးသို့ ဝင်ရောက်နိုင်ခဲ့သောအခါ မင်သက်သွားကြသည်။ ကောင်းကင်မူလတိုက်တွင် ရှင်းရွှမ်တစ်ယောက်တည်းသာ အဆင့်ကိုးအထိ ရောက်ရှိခဲ့ပြီး နောက်ပိုင်းတွင် မည်သူမှနောက်ထပ်မဝင်ရောက်နိုင်ခဲ့သဖြင့် ကြယ်သခင်ရာထူးက လစ်လပ်နေသည်။ အကယ်၍ ယဲ့ချန်၏ပေါင်းစပ်နှုန်းကသာ သုညဖြစ်မနေလျှင် လူတိုင်းနီးပါးက သူ့ကို အနာဂတ်ကြယ်သခင်အဖြစ် သတ်မှတ်လိုက်ကြပေလိမ့်မည်။ သို့သော်လည်း ပေါင်းစပ်နှုန်းသုညကြောင့် အားလုံး၏ရင်ထဲတွင် သို့လောသို့လောအတွေးများ ဖြစ်ပေါ်နေကြသည်။
ကောင်းကင်မူလကြယ်၏ ကြယ်သခင်ရာထူးက အချိန်ကြာမြင့်စွာ လစ်လပ်နေခဲ့ပြီး ကြယ်ဝိညာဥ်၏ အသိအမှတ်ပြုခြင်းကိုခံရပြီး အနာဂတ်ကြယ်သခင်အဖြစ် မည်သူကရွေးချယ်ခံရပါစေ၊ အုတ်အော်သောင်းတင်း ဖြစ်ပေလိမ့်မည်။ ကြယ်သခင်တစ်ယောက်ကသာ ကောင်းကင်မူလကြယ်၏ အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ပြီး ကောင်းကင်နတ်ဆိုးများကို မောင်းထုတ်ပေးနိုင်ပေလိမ့်မည်။ လက်ရှိတွင် ယဲ့ချန်က မျှော်စင်၏အဆင့်ကိုးအထိ ရောက်နိုင်ခဲ့သောအခါ ကြယ်သခင်အမွေအနှစ်ကို ရနိုင်မရနိုင်က မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ လက်ရှိတွင် သာမန်ကျင့်ကြံသူများမှစ၍ နတ်အစေခံများအထိ တိတ်ဆိတ်ငြိမ်သက်နေကာ အားလုံးက မျှော်စင်ကို အာရုံစိုက်ထားကြသည်။ မျှော်စင်မှ ယဲ့ချန်သာပြန်ထွက်လာနိုင်ခဲ့လျှင် အနာဂတ်တွင် နတ်အစေခံတစ်ယောက် သို့မဟုတ် ကြယ်သခင်တစ်ယောက် ထွက်ပေါ်လာပေလိမ့်မည်။ အတိတ်တွင် ရှင်းရွှမ်က မျှော်စင်၏အဆင့်ကိုးတွင် ၂နှစ်တိတိနေထိုင်ခဲ့သောကြောင့် အားလုံးက အလျင်မလိုဘဲ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ကြသည်။ နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော သူတို့အတွက် ၂နှစ်ထပ်မံစောင့်ဆိုင်းရခြင်းက ပြဿနာမဟုတ်ပေ။
မျှော်စင်အတွင်း၌ ယဲ့ချန်၏နံပတ်သုံးကိုယ်ပွားသည် အဆင့်ကိုးသို့ရောက်ရှိနေပြီး ကောင်းကင်မူလကြယ်၏ ကျင့်ကြံသူများက သူ့အပေါ် မျှော်လင့်ချက်ကြီးမားစွာရှိနေကြောင်း မသိနိုင်ခဲ့ပေ။ လက်ရှိတွင် သူက အဆင့်ကိုး၏စမ်းသပ်မှုကြောင့် စိတ်ရောကိုယ်ပါ ချုံးချုံးကျနေခဲ့သည်။ အဆင့်ခြောက်တွင် သဲကန္တာရအတွင်း ပုံရိပ်ယောင်များကို ကျော်ဖြတ်ခဲ့ရပြီး အဆင့်ခုနစ်တွင် ပို၍ကြောက်မက်ဖွယ်ကောင်းသော ရေခဲမီးကမ္ဘာကို အနိုင်ယူခဲ့ရသည်။ အဆင့်ခုနစ်ကပင် ခက်ခဲနေပြီဖြစ်သော်လည်း သူက အံကိုတင်းတင်းကြိတ်၍ အဆင့်ရှစ်ထံ ခရီးဆက်ခဲ့သည်။ ထိုနေရာက ပို၍ကြောက်မက်ဖွယ်ကောင်းပြီး ကောင်းကင်ချီများက ဖရိုဖရဲဖြစ်နေကာ ကျင့်ကြံသူများကို အပိုင်းပိုင်းအစစ စုတ်ဖြဲပစ်နိုင်စွမ်းရှိနေသည်။ သူ၏ရုပ်ခန္ဓာက လေးငါးကြိမ်မက စုတ်ဖြဲခံခဲ့ရသော်လည်း နောက်ဆုံးတွင် ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်၏ အကူအညီဖြင့် အဆင့်ရှစ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဆုလာဘ်အဖြစ် အဆင့်ရှစ်တွင် လျှို့ဝှက်ကျင့်စဥ်စာလိပ်များစွာ ပြည့်နှက်နေပြီး အရေအတွက်က ရာချီကာ အလွန်အမင်းအစွမ်းထက်ကြသည်။ သူက ၎င်းတို့ကို ကျင့်ကြံနိုင်သော်လည်း ပို၍အစွမ်းထက်သော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကို ပိုင်ဆိုင်ထားသဖြင့် မကျေနပ်နိုင်ဘဲ အဆင့်ကိုးသို့တက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုနေရာကို ကြယ်သခင်နှစ်ဦးသာ ရောက်ဖူးခဲ့ပြီး နေရာလပ်ကမ္ဘာတစ်ခုထံ သူက ရောက်ရှိလာခဲ့သည်။ အဆင့်ကိုးသို့ဝင်ရောက်လိုက်ခြင်းက ကောင်းကင်မူလတိုက်ကြီးတွင် သူ၏အဆင့်အတန်းကို အခြားလူများထက် ပိုမိုသာလွန်စေခဲ့သည်။ သူက ကြယ်သခင်တစ်ယောက်ဖြစ်မလာလျှင်ပင် ကြယ်သခင်များသာသိနိုင်သော လျှို့ဝှက်ချက်များကို တူးဖော်နိုင်ပေလိမ့်မည်။
လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးတွင် ကောင်းကင်ချီ၊ အချိန်နှင့် လေဟာနယ်ဟူသော စွမ်းအားသုံးရပ် ယှဥ်တွဲတည်ရှိနေကာ လေညှင်းလေးတစ်ခုကပင် သာမန်ကျင့်ကြံသူများကို အပိုင်းပိုင်းဖြတ်ပစ်နိုင်စွမ်း ရှိနေသည်။
"ဘန်း ဘန်း ဘန်း"
ယဲ့ချန်၏မျက်နှာ၊ ခန္ဓာကိုယ်နှင့် ခြေလက်များတွင် သွေးများပန်းထွက်လာပြီး ကောင်းကင်အဆင့် ခရမ်းရောင်နတ်ဆိုးချပ်ဝတ်ပင် ချက်ချင်းပိုင်းဖြတ်ခံလိုက်ရသဖြင့် မည်သည့်ကာကွယ်ရေးရတနာမှ အသုံးမဝင်ခဲ့ပေ။ ဤကား အချိန်လေဟာနယ်တာအို၏ စွမ်းအားဖြစ်ကာ ကြယ်သခင်ဖြစ်လိုလျှင် ၎င်းကို အရင်ဆုံး နားလည်ရပေလိမ့်မည်။ မရေမတွက်နိုင်သော အချိန်လေဟာနယ်ရုန်းများက သူ၏မျက်လုံးရှေ့တွင် လှည့်ပတ်သွားလာနေပြီး စကြဝဠာကြီး၏ဆင့်ကဲဖြစ်စဥ်ကို သရုပ်ပြနေသည်။ သူက အင်အားသုံး၍ခုခံနေမည့်အစား မျက်စိစုံမှိတ်၍ အာရုံခံလိုက်သောအခါ ပတ်ဝန်းကျင်တွင် ကြယ်သခင်နှစ်ယောက် ချန်ထားရစ်သော တာအိုရုန်းများကို တွေ့ရှိခဲ့သည်။ ထို့ကြောင့် သူက တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တစ်လက်မပင် မလှုပ်ခဲ့ပေ။ မရေမတွက်နိုင်သော အချိန်လေဟာနယ် စွမ်းအင်များအောက်တွင် ခန္ဓာကိုယ်အနှံ့၌ ပြတ်ရှဒဏ်ရာများ ဖြစ်ပေါ်လာခဲ့သည်။
လူသားနတ်ဘုရားနယ်မြေ၏အဆင့်ကိုးက ဒဏ္ဍာရီလာသုံးလွှာကမ္ဘာဖြစ်ပြီး မည်သည့်တာအိုရုန်းတွင် ပါဝင်သော စွမ်းအားမဆို၊ သာမန်ပါရမီရှင်တစ်ယောက် ဆယ်နှစ်ကြာ ကြိုးကြိုးစားစားလေ့ကျင့်ထားသော ပမာဏနှင့် တူညီသည်။ လက်ရှိတွင် ယဲ့ချန်က စိတ်ကိုရှင်းလင်းပြီး အချိန်လေဟာနယ်တာအိုရုန်းများကို ဆင်ခြင်၍ စွမ်းအားများကိုစုပ်ယူရန် ကြိုစားနေသည်။ အဝေးမှမျှော်ကြည့်လျှင် မျှော်စင်တစ်ခုလုံးက ကြယ်များစွာတည်ရှိသော စကြဝဠာအတွင်း ရောက်ရှိနေသယောင် ထင်မှတ်ရသည်။ အဆင့်ကိုးတွင် တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေသော ယဲ့ချန်က ရွှေရောင်ကြယ်တစ်လုံးပမာ ထင်မှတ်ရပြီး ကြယ်ကိုးလုံးက သူ့ကိုဗဟိုပြု၍ လှည့်ပတ်နေကြသည်။ တာအိုရုန်းများကြောင့် ရုပ်ခန္ဓာတွင် သွေးစီးကြောင်းများ ပန်းထွက်လာသောလည်း အချိန်ခဏအကြာတွင် ဒဏ်ရာများပျောက်ကင်းသွားကာ အချိန်လေဟာနယ်စွမ်းအင်များ စိမ့်ဝင်နေကြသည်။
မျှော်စင်၏အဆင့်ကိုးတွင် အချိန်လေဟာနယ်စွမ်းအားအပြင် ကြယ်များ၏စွမ်းအားလည်း ရှိနေပြီး ကြယ်အမြုတေများတွင် ပါဝင်သော ပမာဏထက် အဆများစွာပိုသဖြင့် စုပ်ယူနိုင်ပါက လွန်စွာအကျိုးရှိပေလိမ့်မည်။ သာမန်ကျင့်ကြံသူတစ်ယောက်သာ အဆင့်ကိုးသို့ရောက်လာလျှင် မတုံ့ပြန်နိုင်ခင် အပိုင်းပိုင်းအစစဖြစ်သွားနိုင်သော်လည်း အချိန်လေဟာနယ်ကို ဆင်ခြင်နိုင်လောက်အောင် ထူးချွန်သူများအတွက် အကောင်းဆုံး ကျင့်ကြံရေးနယ်မြေတစ်ခု ဖြစ်သည်။ ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းက အခြားနေရာများတွင် တစ်နှစ်ကျင့်ကြံခြင်းနှင့် အကျိုးရလဒ်ချင်းတူညီသောကြောင့် ကြယ်သခင်များ၏ကျင့်ကြံနှုန်းက အခြားကျင့်ကြံသူများထက် ပို၍လျင်မြန်နေသည်မှာ အဆန်းမဟုတ်တော့ပေ။ သုံးလွှာကမ္ဘာက ဤအချက်တွင် အဓိကနေရာမှ ပါဝင်နေပေလိမ့်မည်။
ယဲ့ချန်က ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာသည် အချိန်လေဟာနယ်ချီကို စုပ်ယူရာတွင် အထောက်အကူဖြစ်နိုင်သည်ဟု ခံစားလိုက်ရသဖြင့် နတ်သစ်သီးကို ထုတ်ယူအသုံးချလိုက်သည်။ အကယ်၍ သူသာ တာအိုရုန်းတစ်ခုကိုစုပ်ယူနိုင်လျှင် ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူဖြစ်ပေလိမ့်မည်။ သုံးလွှာကမ္ဘာတွင် ကျင့်ကြံခြင်းက အလွန်အကျိုးရှိသောကြောင့် သူက လက်ရှိတွင် အပြင်သို့ပြန်ထွက်ရန် အလျင်မလိုနေခဲ့ပေ။ သူ၏ကျင့်ကြံဆင့် လုံလောက်အောင် အစွမ်းထက်သောအခါတွင်မှ ထွက်ခွာရန် စဥ်းစားမိပေလိမ့်မည်။