သားရဲနတ်ဘုရားနယ်မြေ
Vol. 46 Ch. 639
ယဲ့ချန်သည် အာရုံစိုက်၍ ကျင့်ကြံနေစဥ် သုံးလွှာကမ္ဘာ၏အတွင်းပိုင်း၌ ကြယ်သခင်နှစ်ယောက်၏ပုံရိပ်များ တည်ရှိနေသည်။
"နောက်ဆုံးတော့ အဆင့်ကိုးကို တတိယလူတစ်ယောက် ဝင်လာနိုင်ပြီပေါ့"
တျန်းယွမ်က ယဲ့ချန်ရှိရာသို့ ငေးကြည့်နေရင်း ပြောလိုက်ခြင်းဖြစ်သည်။ သူ၏အနက်ရောင်ဆံပင်များက လေမတိုက်ခတ်ပါဘဲ လွင့်ပျံနေပြီး ခန္ဓာကိုယ်က ပုံရိပ်ယောင်ပမာ တည်ရှိနေသည်။ ဤပုံရိပ်နှစ်ခုမှာ မျှော်စင်၏အဆင့်ကိုးတွင် ကြယ်သခင်နှစ်ယောက် ချန်ထားရစ်ခဲ့သော အတွေးပုံရိပ်နှစ်ခုမျှသာ ဖြစ်သည်။
"သုံးလွှာကမ္ဘာအထိ ရောက်လာနိုင်သူအားလုံးက စိတ်ဓာတ်ခိုင်မာကြတယ်။ ကျုပ်တို့ဝင်ရောက်ခဲ့စဥ်တုန်းက ပေါင်းစပ်နှုန်းရှစ်ဆယ်ကျော်စီ ပိုင်ဆိုင်ထားပေမယ့် ဒီကလေးကတော့ သုညပိုင်ရှင်ဖြစ်နေတယ်။ ဒါက ကျိန်စာလား၊ ကောင်းချီးလားဆိုတာ မပြောတတ်ဘူး"
ရှင်းရွှမ်က အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။ ခန္ဓာကိုယ်အတွင်း၌ အစွမ်းထက်စိတ်ဝိညာဥ်ကို ပိုင်ဆိုင်ထားသူများသာ အချိန်လေဟာနယ်တာအိုကို ဆင်ခြင်၍ ထိပ်တန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်သည်။ သို့သော် ကျန်တစ်ဖက်တွင်လည်း ကြောက်မက်ဖွယ်ကောင်းကင်နတ်ဆိုးတစ်ကောင် ဖြစ်သွားနိုင်ချေလည်း ရှိသည်။
"ငါတို့က ဒီကိစ္စကို စိုးရိမ်စရာမလိုပါဘူး။ သူက အဆင့်ကိုးအထိရောက်အောင် လာနိုင်တယ်ဆိုမှတော့ ရှင်းဟွမ်လည်း သိနေပါလိမ့်မယ်။ သူကိုယ်တိုင် အစီအစဥ်တွေ ချမှတ်ထားပြီးဖြစ်ပါလိမ့်မယ်။ ငါတို့က အကြွင်းအကျန်ပုံရိပ်လေးနှစ်ခုသာဖြစ်လို့ တာဝန်ကိုပြီးဆုံးအောင် ထမ်းဆောင်နိုင်ရင် လုံလောက်ပါတယ်။ သူက ငါတို့ချန်ထားရစ်ခဲ့တဲ့ တာအိုရုန်းတွေကို နားလည်နိုင်ပါ့မလား သိချင်မိတယ်။ ပြီးတော့ အရေအတွက်ဘယ်လောက်အထိ နားလည်နိုင်မှာလဲ"
တျန်းယွမ်က တည်ငြိမ်စွာဖြင့် တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။ သူတို့က လေထဲတွင် တိတ်ဆိတ်စွာမတ်တပ်ရပ်နေပြီး အဝေးတစ်နေရာတွင် တင်ပျဥ်ခွေထိုင်၍ ဉာဏ်အလင်းပွင့်သည့် အခြေအနေသို့ရောက်နေသော ယဲ့ချန်ကို စောင့်ကြည့်နေကြသည်။
ရန်ယွင်မြို့ရှိ ယဲ့မျိုးနွယ်ပိုင်နက်သို့ မရေမတွက်နိုင်သော ရထားလုံးများ တဖွဲဖွဲရောက်ရှိလာကာ ဧည့်သည်များစွာ လာရောက်လည်ပတ်နေကြသည်။ မျှော်စင်၏အဆင့်ကိုးသို့ ယဲ့ချန်ဝင်ရောက်နိုင်ခဲ့သော သတင်းက အံ့လောက်ဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်၏။ သူ၏ပေါင်းစပ်နှုန်းက သုညဖြစ်နေသော်လည်း ကြယ်သခင်နေရာက လစ်လပ်နေသဖြင့် အနာဂတ်တွင် သူက ကြယ်သခင်တစ်ယောက်ဖြစ်လာရန် အနီးစပ်ဆုံးဖြစ်နေခဲ့သည်။ တာအိုအိမ်တော်ကလည်း တိတ်ဆိတ်နေပြီး မျှော်စင်အတွင်းမှ ယဲ့ချန်၏ကိုယ်ပွား ထွက်လာမည့်အချိန်ကို လူတိုင်း စောင့်မျှော်နေကြသည်။ သို့သော်လည်း ရှင်းရွှမ်ပင် ထိုအဆင့်၌ ၂နှစ်တိတိနေထိုင်ခဲ့သောကြောင့် သူပြန်ထွက်လာရန် အနည်းဆုံး ၂နှစ် စောင့်ဆိုင်းရပေလိမ့်မည်။ ထို့နောက် သူက ကြယ်သခင်ဖြစ်နိုင်မဖြစ်နိုင်ကို အားလုံး သိရပေလိမ့်မည်။
ယဲ့ချန်တစ်ယောက်က ယဲ့မျိုးနွယ်၏ခြံဝန်းအတွင်း ရှိနေပြီး ကြယ်သလင်းကျောက်တစ်ခုမှ ထုတ်ဖော်ပြသနေသော မျှော်စင်၏မြင်ကွင်းကို စောင့်ကြည့်နေသည်။ အတိတ်တွင် ကြယ်သခင်နှစ်ယောက်သာ အဆင့်ကိုးအထိ ဝင်ရောက်နိုင်ခဲ့သောကြောင့် ထိုနေရာ၌ မည်သည့်လျှို့ဝှက်ချက်များရှိနေကြောင်း မည်သူမှမသိနိုင်ပေ။ သူက အတွေးနက်နေစဥ် နောက်ထပ်တုန်လှုပ်စရာ သတင်းတစ်ခု ကကောင်းကင်မူလတိုက်ကြီးကို ရိုက်ခတ်လာပြန်သည်။
လူသားများအတွက် လူသားနတ်ဘုရားနယ်မြေရှိသကဲ့သို့ သားရဲများအတွက်လည်း နတ်ဘုရားနယ်မြေတစ်ခု တည်ရှိသည်။ လက်ရှိတွင် ထိုမျှော်စင်၏အဆင့်ကိုးကလည်း လင်းလက်နေသောကြောင့် သားရဲတစ်ကောင်ကောင် တက်ရောက်နိုင်ခဲ့ကြောင်း ဖော်ပြနေသည်။ သားရဲနတ်ဘုရားနယ်မြေကိုလည်း ကြယ်သခင်နှစ်ပါးက တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး မှော်သားရဲနှင့် ကောင်းကင်သားရဲများ၏ အမွေအနှစ်များကို ထိန်းသိမ်းထားသည်။ ထိုမျှော်စင်၏အဆင့်ကိုးကလည်း သုံးလွှာကမ္ဘာတစ်ခုဖြစ်ပြီး ဝင်ရောက်နိုင်သူက မည်သည့်သားရဲဖြစ်ပါစေ၊ ကြယ်သခင်ရာထူးအတွက် ယှဥ်ပြိုင်ခွင့်ရှိပေသည်။ လူတိုင်းက ကောင်းကင်မူလကြယ် ပြန်လည်ထွန်းတောက်လာမည့် အချိန် နီးကပ်လာပြီဟု ခံစားရသောကြောင့် အလွန်ပျော်ရွှင်နေကြသည်။ မျှော်စင်နှစ်ခု၏အဆင့်ကိုးသို့ တက်ရောက်နိုင်သူများအနက် မည်သူက ကြယ်သခင်ဖြစ်လာပါစေ၊ ကြယ်သခင်အသစ်တစ်ယောက် ထွက်ပေါ်လာပေလိမ့်မည်။ သို့သော်လည်း သားရဲနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးသို့ ဝင်ရောက်နိုင်ခဲ့သော ကျင့်ကြံသူအကြောင်းကို မည်သူမှ မသိထားကြပေ။
လူသားနတ်ဘုရားနယ်မြေအတွင်း ယဲ့ချန်ဝင်ရောက်သွားစဥ်က လိုက်လံသတ်ဖြတ်ရန်အတွက် ရွှမ်အဆင့်ကျင့်ကြံသူများစွာ ဝင်ရောက်သွားခဲ့ကြသည်။ သို့သော် အားလုံးကို သူက အဆင့်နှစ်တွင်သတ်ဖြတ်ခဲ့ပြီး အချို့သာ ထွက်ပြေးလွတ်မြောက်သွားသောကြောင့် မျှော်စင်၏အဆင့်ကိုးသို့ ရောက်နေသူမှာ ယဲ့ချန်ဖြစ်ကြောင်း အားလုံးက အတည်ပြုနိုင်သည်။ သို့သော်လည်း ကျန်တစ်ဖက်တွင် အခြေအနေက ခြားနားနေသည်။ ယဲ့ချန်၏သတင်း ထွက်ပေါ်လာသောအခါ ရွှမ်အဆင့်သားရဲများစွာက ကျင့်ကြံခြင်းကိုရပ်တန့်၍ နတ်ဘုရားနယ်မြေထံ ဝင်ရောက်ခဲ့ကြသည်။ အရေအတွက်သုံးရာကျော်သော ပါရမီရှင်များ ဝင်ရောက်ခဲ့ကြပြီး ၁၆ယောက်က အဆင့်ခြောက်နှင့်အထက်သို့ တက်လာနိုင်ခဲ့သည့်အပြင် အဆင့်ခုနစ်၊ ရှစ်နှင့် ကိုးတွင်လည်း အလင်းရောင်များ တောက်ပလာသည်။ သားရဲနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးသို့ တက်ရောက်နိုင်ခဲ့သော အရေအတွက်ကို မည်သူမှမသိထားသော်လည်း တစ်ယောက်တည်းဖြစ်ရန် ရာခိုင်နှုန်းအလွန်များသည်။ မျှော်စင်၏အဆင့်ကိုးက ကျင့်ကြံသူများ အလွယ်တကူဝင်ရောက်နိုင်သော နေရာမျိုး မဟုတ်ပေ။
တာအိုအိမ်တော်နှင့် စစ်ဧကရာဇ်များ၏စုံစမ်းချက်အရ သိုင်းဒေသကြီးများသည် အနည်းဆုံး ပါရမီရှင်တစ်ယောက်စီကို သားရဲနတ်ဘုရားနယ်မြေထံ စေလွှတ်ခဲ့ကြောင်း သိလိုက်ရသည်။ အများစုက ပေါင်းစပ်နှုန်းခြောက်ဆယ်အထက် ကျင့်ကြံသူများဖြစ်ကြပြီး တစ်ဝက်ကျော်ခန့်က ယဲ့မျိုးနွယ်နှင့် ဆက်စပ်နေသည်။ ယဲ့ချန်၏သတင်းကြောင့် အားဖန်ကိုးကောင်၊ နင်အာ၊ ချင်ယုစသူတို့ကလည်း မျှော်စင်အတွင်း ဝင်ရောက်ခဲ့ကြပြီး အခြားမျိုးနွယ်ပေါင်းစုံမှ သားရဲကျင့်ကြံသူများလည်း ပါဝင်နေကြသည်။ ထို့ကြောင့် မျှော်စင်၏အဆင့်ကိုးသို့ တက်ရောက်နိုင်သူက မည်သူဖြစ်ကြောင်း ထုတ်ဖော်ရန် မလွယ်ကူပေ။ မည်သို့ပင်ဖြစ်စေ သားရဲနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးသို့ ရောက်နေသူမှာလည်း ယဲ့မျိုးနွယ်နှင့် တစ်နည်းတဖုံ ဆက်စပ်နေနိုင်သည်။
ယဲ့မျိုးနွယ်သည် ကောင်းကင်မူလတိုက်ကြီးသို့ ပြောင်းရွှေ့လာစဥ်မှစတင်၍ တုန်လှုပ်ဖွယ်ပြောင်းလဲမှုကြီးများကို ဖော်ဆောင်ခဲ့သည်။ ထိုမျိုးနွယ်၏တိုးတက်မှုက ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ကြယ်သခင်တစ်ယောက်ကို မွေးဖွားပေးနိုင်စွမ်းရှိမရှိကို မည်သူမှ အတပ်မပြောနိုင်ပေ။ တာအိုအိမ်တော်ပင် ယဲ့မျိုးနွယ်ကိုဖိနှိပ်ရန် ကျရှုံးခဲ့သဖြင့် သူတို့က ကောင်းကင်မူလကြယ်၏ အနာဂတ်မျှော်လင့်ချက် ဖြစ်လာခဲ့သည်။ တာအိုအိမ်တော်ပင် ယဲ့မျိုးနွယ်ကို မရှင်းပစ်နိုင်ခဲ့သောကြောင့် ယဲ့မျိုးနွယ်၏ရန်သူများမှာ တစ်ယောက်ပြီးတစ်ယောက် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကြသည်။ ယဲ့မျိုးနွယ်ဘက်မှ သူတို့ကိုရန်ရှာမလာခဲ့လျှင်ပင် ကျေးဇူးများစွာ တင်နေရပေလိမ့်မည်။ ဤကြယ်က ကြယ်သခင်တစ်ယောက်ကို စောင့်မျှော်နေသည်မှာ အချိန်ကြာမြင့်နေပြီ မဟုတ်ပါလော။
သားရဲနတ်ဘုရားနယ်မြေမျှော်စင်၏ အဆင့်ရှစ်အတွင်း၌ နင်အာသည် ပြင်းထန်ကြမ်းတမ်းသော ကောင်းကင်ချီများကြောင့် နာကျင်မှုကို သည်းခံနေရသည်။ ကံကောင်းစွာဖြင့် သူမက မြေခွေးမျိုးနွယ်၏ အသက်ဆယ်သက်နတ်ခန္ဓာကို ကျင့်ကြံထားသဖြင့် ကြောက်မက်ဖွယ်စွမ်းအားကို ခုခံနိုင်နေခြင်းဖြစ်သည်။
"နင်အာ မင်း ဒီလောက်ပဲ သွားနိုင်တော့မယ်။ မင်း ပြန်ထွက်သင့်ပြီ"
"အပြင်ပြန်ထွက်ပြီး ကျင့်ကြံဆင့်ကို အာရုံစိုက်ပါ။ မင်းမှာ သားရဲနတ်ဘုရားနယ်မြေကိုဝင်ရောက်ဖို့ နောက်ထပ်အခွင့်အရေးနှစ်ခု ရှိတယ်"
ပုံရိပ်ယောင်ပုလဲအတွင်းမှ သူမ၏ဘိုးဘေးများက ဖြောင်းဖျရန် ဆက်တိုက်ကြိုးစားနေကြသည်။ လက်ရှိတွင် နင်အာ၏အခြေအနေမှာ ဆိုးရွားနေပြီး ဆံပင်များရှုပ်ပွနေသော်လည်း လှပသောမျက်နှာလေးက ထင်ရှားနေသည်။ သူမက အဖြူရောင်ပိုးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ထက်မှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် ဆင်တူနေသည်။ သူမ၏လှပနူးညံ့သော အသားအရေက ကျောက်စိမ်းရောင်ကဲ့သို့ တဖိတ်ဖိတ်တောက်ပနေသည်။
"ကျွန်မ ပြန်မသွားနိုင်ဘူး ဘိုးဘေး။ မျှော်စင်ရဲ့ အဆင့်ကိုးကို သေချာပေါက်ဝင်နိုင်ရမယ်။ အစ်ကိုကြီးက လူသားနယ်မြေရဲ့အဆင့်ကိုးအထိ ရောက်နေပြီဆိုတော့ သူ့အောက်နိမ့်နေလို့ မဖြစ်ဘူး။ သားရဲမျှော်စင်ရဲ့အဆင့်ကိုးကို ရောက်နေတဲ့သူက အစ်ကိုကြီးနဲ့ ကြယ်သခင်ရာထူးအတွက် ယှဥ်ပြိုင်မှာ သေချာတယ်။ သူက အစ်ကိုကြီးဆီက ကြယ်သခင်ရာထူးကို လုယူချင်ရင် ကျွန်မကို အရင်ဆုံး ကျော်ဖြတ်ရလိမ့်မယ်"
နင်အာက နာကျင်မှုကို အံကြိတ်၍သည်းခံပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။ ပုံရိပ်ယောင်ပုလဲအတွင်းရှိ သူမ၏ဘိုးဘေးများမှာ စိတ်ညစ်စွာဖြင့် ခေါင်းယမ်းလိုက်ကြသည်။ နင်အာသည် ယဲ့ချန်အပေါ် ခံစားချက်များ နက်ရှိုင်းစွာရှိနေသူဖြစ်သည်။ သူမက အပေါ်ယံတွင် သိမ်မွေ့ညှင်သာသူဖြစ်သော်လည်း အလွန်အင်မတန်ခေါင်းမာပြီး တစ်ခုခုကိုဆုံးဖြတ်ထားပြီးလျှင် မည်သို့မှလက်လျှော့မည့်သူ မဟုတ်ချေ။ အဆင့်ရှစ်၏ ကြောက်မက်ဖွယ်စမ်းသပ်မှုများကို သူမက ကြံ့ကြံ့ခံရင်း အဆင့်ကိုး၏ဝင်ပေါက်ထံ တစ်လှမ်းချင်း ဦးတည်နေသည်။ သူမက လူသားအသွင်ပြောင်းထားသောကြောင့် အလွန်လှပနေသည်ဖြစ်ကာ တစ်ချက်ကြည့်မိရုံဖြင့် တိုင်းပြည်တစ်ခုလုံး ပျက်စီးသွားနိုင်သည်။ သူမက ပြတ်သားစွာဖြင့် ရှေ့သို့ဆက်လက်ဦးတည်နေသဖြင့် အဆင့်ကိုး၏ဝင်ပေါက်က မြင်ကွင်းအတွင်း ဝင်ရောက်လာခဲ့သည်။ သူမထက်အရင် အဆင့်ကိုးသို့ဝင်ရောက်သွားသူမှာ မည်သူဖြစ်ကြောင်း မသိသော်လည်း နင်အာက တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်သွားလေသည်။
မျှော်စင်နှစ်ခုလုံး၏အဆင့်ကိုးသို့ ဝင်ရောက်နိုင်သူများမှာ အချိန်ကြာမြင့်စွာနေထိုင်၍ ကြယ်သခင်နှစ်ယောက် ချန်ထားရစ်ခဲ့သော အချိန်လေဟာနယ်တာအိုရုန်းများကို ဆင်ခြင်ရပေလိမ့်မည်။ အဆင့်ကိုးသို့ ဝင်ရောက်နိုင်သူတိုင်းတွင် ကြယ်သခင်အမွေအနှစ်ကို ဆက်ခံနိုင်ခွင့်ရှိသောကြောင့် ကောင်းကင်မူလကြယ်၏ ကြယ်သခင် ဖြစ်လာနိုင်သည်။ ယဲ့ချန်နှင့် ပါရမီရှင်များ၏ထူးချွန်မှုကြောင့် နတ်ဘုရားနယ်မြေများသို့ ကျင့်ကြံသူများစွာ ဝင်ရောက်လာခဲ့သည်။ သူတို့က အမြင့်ဆုံးရောက်နိုင်သော အဆင့်ကို ကြိုးစားချင်နေခဲ့ပြီး အများစုမှာ အဆင့်ငါးမရောက်ခင် လက်လျှော့ခဲ့ကြရသည်။ သို့သော်လည်း မျှော်စင်များမှ လျှို့ဝှက်ကျင့်စဥ်အမွေအနှစ်များ ရရှိခဲ့သူများလည်း မရှားချေ။
အချိန်နှစ်လ ထပ်မံကုန်ဆုံးသွားပြီး ရွှမ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော ယဲ့မျိုးနွယ်ဝင်များအားလုံးက နတ်ဘုရားနယ်မြေသို့ ဦးတည်လိုက်ကြသည်။ ရန်ယွင်မြို့တွင်ရှိနေသော ယဲ့ချန်က သူ၏ဝိညာဥ်အသိစိတ်ကို အသုံးပြု၍ စစ်ဧကရာဇ်လောင်းများကို ဖန်တီးနေခဲ့သည်။ သူ၏ကြိုးစားမှုဖြင့် အချိန်တစ်ခုကြာတိုင်း ယဲ့မျိုးနွယ်တွင် ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ တစ်ယောက်စနှစ်ယောက်စ ထွက်ပေါ်လာနေသည်။ အချိန်နှစ်လကုန်ဆုံးသွားသဖြင့် ကောင်းကင်မူလတိုက်၏ဝင်ပေါက်က ပြန်လည်ဖွင့်လှစ်ခံလိုက်ရသည်။ နတ်ဧကရာဇ်သည်လည်း ယဲ့မျိုးနွယ်ကို ဖိနှိပ်ခြင်းက အကျိုးမရှိဟုနား လည်သွားပုံပေါ်သောကြောင့် မကန့်ကွက်ခဲ့ပေ။
ကောင်းကင်မူလတိုက်၏ဝင်ပေါက် ပွင့်သွားချိန်တွင် ယဲ့ချန်က အရှေ့ပိုင်းတိုက်ကြီးထံ လူကယ်ရန်အတွက် ဆည်းဆာရွှေများစွာယူဆောင်၍ ချက်ချင်းထွက်လာခဲ့သည်။ သို့သော် သူက ယဲ့တောင်ကြားတစ်ခုလုံးကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ ဒေါသတကြီးဖြစ်သွားခဲ့သည်။ တောင်ကြားအတွင်း သွေးများက ချောင်းစီးနေပြီး ပတ်ဝန်းကျင်တွင် အလောင်းများစွာပုံနေသည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ကျန်ရစ်ခဲ့သော ယဲ့မိုယွမ်နှင့် ယဲ့မျိုးနွယ်ဝင်အားလုံး အသတ်ခံလိုက်ရပြီး သူငှားရမ်းထားသော ချီပင်လယ်အဆင့် ကျင့်ကြံသူနှစ်ဆယ်လည်း သေဆုံးနေကြသည်။ ထို့အပြင် ကြယ်ခန်းမ၏ပိုင်နက်တွင် တည်ဆောက်ထားသော မြို့ပေါင်းဆယ်မြို့အတွင်း၌ နေထိုင်သူအားလုံးလည်း အသတ်ခံထားရသဖြင့် ငရဲဘုံတစ်ခုပမာ ထင်မှတ်ရသည်။
ယဲ့ကျန့်လုံနှင့် ယဲ့ကျန့်ရင်းကိုမူ ယဲ့ချန်က မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့သောကြောင့် သေလားရှင်လားပင် မသိရချေ။
"ဘယ်ကောင်က ငါ့လူတွေကို ဒီလောက်ရက်ရက်စက်စက် သတ်သွားတာလဲ"
ယဲ့ချန်၏စိတ်ထဲတွင် နတ်ဧကရာဇ်၏ပုံရိပ် ဝင်ရောက်လာခဲ့သည်။ တရားခံဖြစ်နိုင်ချေအရှိဆုံးက လင်းဖန်ဖြစ်ပြီး သူ၏နောက်လိုက်များသာ ဝင်ပေါက်ကို ပိတ်ဆို့ထားချိန်တွင် ခိုးဝင်နိုင်မည်ဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း။ ဒီကိစ္စကို လက်စားမချေရရင် ငါ ယဲ့ချန် လူမဟုတ်ဘူးကွ"
ယဲ့ချန်က နာကျင်စွာ အော်ဟစ်ကြုံးဝါးနေရင်း လင်းယွန်တောင်တန်းကြီးကို လက်သီးဖြင့်ထိုးနေသောအခါ တောင်နံရံများ တဝုန်းဝုန်းပြိုကျသွားသည်။ သူ၏မျက်လုံးများကလည်း သွေးနီရောင် တောက်ပနေခဲ့လေသည်။