စမ်းသပ်မှုတစ်ခု စတင်ခြင်း
Vol. 46 Ch. 640
ယဲ့တောင်ကြားနှင့် ကြယ်ခန်းမ၏ မြို့ဆယ်မြို့အတွင်း အလောင်းချင်းထပ်နေပြီး အရာရာပျက်သုဥ်းနေသော မြင်ကွင်းကို ကြည့်နေရင်း ယဲ့ချန်၏ရင်ထဲတွင် အလွန်နာကျင်လာပြီး မျက်လုံးများ နီရဲနေသည်။ ယဲ့မိုယွမ်ထံ လက်နက်သွန်းလုပ်ပေးရန် တောင်းဆိုခဲ့စဥ် သူ၏အပြုံးကို ယနေ့ထိတိုင် အမှတ်ရနေဆဲပင်ဖြစ်သည်။ ထိုဦးလေးက ပြင်ပကိစ္စရပ်များတွင် ကင်းကင်းရှင်းရှင်းနေသူဖြစ်ပြီး သာမန်ပန်းပဲဆရာတစ်ယောက်သာ ဖြစ်သော်လည်း ယဲ့မျိုးနွယ်အတွက် အရေးပါသူဖြစ်သည်။ ယဲ့ချန်သည် ယဲ့မိုယွမ်နှင့် အခြားလူများကို ကောင်းကင်မူလတိုက်ကြီးသို့ ခေါ်ဆောင်ချင်ခဲ့သော်လည်း သူတို့က အသက်ကြီးရင့်နေပြီဖြစ်၍ နေခဲ့ရန် အကြောင်းပြခဲ့ကြသည်။ သူတို့က နှစ်ပေါင်းများစွာ နေထိုင်လာသော မွေးရပ်မြေဖြစ်သည့် တုန်းလင်ပြည်နယ်ကို သံယောဇဥ်တွယ်ခဲ့ကြသည်။ ချီပင်လယ်အဆင့်နှစ်ဆယ်၏ စောင့်ကြပ်ပေးမှုဖြင့်ဆိုလျှင် ယဲ့မျိုးနွယ်၏လူအိုကြီးများ အန္တရာယ်ကင်းမည်ဟု ယဲ့ချန်က ထင်ထားသဖြင့် ဖိအားမပေးခဲ့ပေ။ သို့သော်လည်း ဤဆုံးဖြတ်ချက်ကြောင့် သူက ယဲ့မျိုးနွယ်ဝင်အချို့နှင့် ထာဝရ ခွဲခွာလိုက်ရပြီဖြစ်သည်။
ကောင်းကင်မူလတိုက်ကြီး၏ ဝင်ပေါက်ကိုသာ ပိတ်မထားလျှင် အရှေ့ပိုင်းတိုက်ကြီး၌ ဖြစ်ပျက်နေသမျှကို ယဲ့ချန်က ချက်ချင်းသိနိုင်သဖြင့် ဤအဖြစ်ဆိုးကြီးကို ရှောင်လွှဲနိုင်ပေလိမ့်မည်။ လင်းဖန်သာ ကောင်းကင်မူလတိုက်၏ဝင်ပေါက်ကို ပိတ်ဆို့ထားရန် အမိန့်မပေးခဲ့လျှင် ယဲ့မျိုးနွယ်ဝင်များ သေဆုံးမည်မဟုတ်ပေ။ ဤကိစ္စ၏နောက်ကွယ်၌ လင်းဖန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တာဝန်ခံရပေလိမ့်မည်။ နတ်ဧကရာဇ်အပြင် ဤကိစ္စ၌ ပါဝင်ပတ်သက်သမျှ ကျင့်ကြံသူတိုင်းကို သူက အလွတ်ပေးမည်မဟုတ်ပေ။ သူက အသက်ရှင်ကျန်ရစ်သူရှိလိုရှိငြား ဝိညာဥ်အသိစိတ်ကို ဖြန့်ကျက်၍ ထပ်ကာထပ်ကာရှာဖွေလိုက်သော်လည်း မည်သည့်အသက်အားကိုမှ ရှာမတွေ့ခဲ့ပေ။ သူ၏စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်ပေါ်လာပြီး အလောင်းများစွာကြားတွင် ကလေးငယ်များကိုပွေ့ဖက်၍ သေဆုံးသွားသော မိဘများကိုလည်း မြင်တွေ့ခဲ့ရသည်။ တရားခံများက အစွမ်းထက်လွန်းသဖြင့် ချီပင်လယ်အဆင့် ကျင့်ကြံသူများကိုပင် တစ်ချက်တည်း သတ်ပစ်ခဲ့သောကြောင့် သဲလွန်စများအရ တာအိုနတ်အဆင့် ကျင့်ကြံသူ အုပ်စုတစ်ခု ဖြစ်ပေလိမ့်မည်။
ယဲ့ချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။ တာအိုနတ်အဆင့်ကျင့်ကြံသူများက ကျင့်ကြံခြင်းမရှိသူများကိုပင် အလွတ်မပေးဘဲ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ နေရာတိုင်း အလောင်းများတောင်လိုပုံနေပြီး လေထဲတွင် သေခြင်းတရား၏အငွေ့အသက်များ ဖုံးလွှမ်းနေသဖြင့် မြင်ရသူတိုင်းကို ဝမ်းနည်းမင်သက်သွားစေနိုင်သည်။ အဝေးရှိ ဝိညာဥ်သားရဲများက သွေးနံ့ကိုရသောအခါ နေရာတိုင်းမှ ပြေးဝင်လာကြပြီး အလောင်းများကို စားသောက်ချင်နေကြသည်။ သူက လက်သီးတစ်ချက် ထုတ်ဖော်လိုက်ပြီး ထိုစွမ်းအားအောက်တွင် ဝိညာဥ်သားရဲများမှာ တဘုန်းဘုန်းပေါက်ကွဲ၍ အသားပြားများ ဖြစ်သွားကြသည်။
ထိုအချိန်၌ ပုံရိပ်တစ်ခုက အရှေ့ပိုင်းတိုက်ကြီးအတွင်း လှစ်ခနဲ ရောက်ရှိလာခဲ့သည်။ ယဲ့ချန်နှင့်အတူ လိုက်ပါလာခဲ့သော လင်ယုသည်လည်း ရက်စက်လှသော မြင်ကွင်းကြောင့် ကြက်သေသေနေခဲ့သည်။ သူက လေထဲတွင် မတ်တပ်ရပ်နေသော ယဲ့ချန်ကိုတလှည့်၊ မရေမတွက်နိုင်သော အလောင်းများကိုတလှည့် ကြည့်လိုက်မိသည်။ ယဲ့ချန်၏မျက်နှာက အလွန်တည်ငြိမ်နေသော်လည်း ပြင်းထန်သော လူသတ်လိုစိတ်တစ်ခုကို ထုတ်ဖော်နေသည်။ လင်ယုသည် ယဲ့ချန်၏မျက်နှာထက်တွင် ဒေါသအရိပ်အယောင်ကို မတွေ့မိသော်လည်း လက်ရှိအခြေအနေက ကြောက်စရာအကောင်းဆုံးဖြစ်ကြောင်း နားလည်ထားသည်။ သူ၏အစ်ကိုကြီးက အမှန်တကယ်ဒေါသထွက်နေပြီး ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမအပေါ်ထားသော ခံစားချက်များအရ တရားခံကို သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ သူက လူသတ်သမားများကို တစ်ယောက်ပြီးတစ်ယောက် လိုက်လံရှာဖွေ၍ ငရဲသို့ ပို့ပေးပေလိမ့်မည်။
"အစ်ကိုကြီး တစ်ခုခုခိုင်းချင်တာရှိရင် ငါ့ကို ပြောပါ"
လင်ယုသည် ယဲ့ချန်ကိုမော့ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။ လက်ရှိအခိုက်အတန့်တွင် ယဲ့ချန်က လက်စားချေချင်စိတ် အလွန်တရာပြင်းထန်နေသည်။
"လက်ရှိမှာ ယဲ့မျိုးနွယ်ရဲ့အင်အားအရ ဘယ်သူ့ကိုမှ သွားထိလို့မဖြစ်ဘူး။ ဒါပေမယ့် ဒီကိစ္စရဲ့တရားခံတွေ ပြန်ပေးဆပ်ရဖို့ အချိန်သိပ်ကြာမှာ မဟုတ်ဘူး"
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးမှ ယဲ့ချန်၏စကားသံ ပြန်လည်ထွက်ပေါ်လာသည်။ သူ၏မျက်လုံးများက ဓားသွားပမာထက်ရှနေပြီး ဆံပင်များက လေထဲတွင် တဖြတ်ဖြတ်လွင့်နေသည်။ ထို့နောက် ကောင်းကင်ချီဖြင့်ဖန်တီးထားသော လက်နှစ်ဖက်က လင်းယွန်တောင်တန်းရှိ တောင်တစ်လုံးကိုမယူကာ ယဲ့တောင်ကြားအထက်မှ မြေဖို့ပစ်လိုက်သည်။ ထို့နောက် သူက နောက်ထပ်တောင်ဆယ်လုံးကို ထပ်မံမယူကာ ကြယ်ခန်းမ၏မြို့တော်များကို တစ်မြို့ပြီးတစ်မြို့ မြေဖို့လိုက်သည်။ သူက ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမ၏တပည့်များကို သေဆုံးပြီးနောက် အလောင်းများအား ဝိညာဥ်သားရဲများ စားသောက်ခွင့်မပြုနိုင်ပေ။ မြင့်မားသောတောင်ကြီးများက အသတ်ခံလိုက်ရသူများအတွက် ကျောက်စာတိုင်များသဖွယ် နေရာချထားခံလိုက်ရသည်။
ထို့နောက် ယဲ့ချန်သည် လင်ယုနှင့်အတူ မြောက်ပင်လယ်သို့ထွက်ခွာလာခဲ့ပြီး ထန်တိုက်လင်၏မျိုးနွယ်လည်း ကြီးစွာပျက်စီးခဲ့ကြောင်း သိလိုက်ရသည်။ ကံကောင်းစွာဖြင့် မျိုးနွယ်ဝင်ထောင်ချီက ပင်လယ်မိစ္ဆာဘိုးဘေးနယ်မြေအတွင်း ပုန်းအောင်းနိုင်ခဲ့သဖြင့် ရှင်သန်လွတ်မြောက်သွားခဲ့ကြသည်။ ပင်လယ်မိစ္ဆာဘိုးဘေးနယ်မြေ၏ ကာကွယ်ရေးအစီအရင်ကို မည်သူခင်းကျင်းခဲ့မှန်း မပြောနိုင်သော်လည်း တာအိုနတ်အဆင့်များ၏ တိုက်ခိုက်မှုကို ခုခံပေးနိုင်ခဲ့သည်။ သူတို့က ထိုနေရာတွင်ပုန်းအောင်းနေခဲ့ကြပြီး ယဲ့ချန်ရောက်ရှိလာမှသာ အပြင်သို့ ထွက်လာခဲ့ကြသည်။ သူတို့၏အိမ် ဖျက်ဆီးခံလိုက်ရပြီး အလောင်းများစွာကို မြင်လိုက်သောအခါ အားလုံး၏စိတ်ထဲတွင် အမုန်းတရားများ ဖြစ်ပေါ်လာကြသည်။ ယဲ့ချန်က သူတို့ထံ တရားခံများ၏ပုံပန်းသွင်ပြင်အကြောင်း စုံစမ်းခဲ့သော်လည်း ကျေနပ်လောက်စရာအဖြေမျိုး မရခဲ့ပေ။ အသက်ရှင်သူများက ချီပင်လယ်အဆင့်သို့ပင် မရောက်သေးသဖြင့် ရန်သူများ၏ရုပ်သွင်ကို မမြင်နိုင်ခဲ့ကြပေ။
"ကျုပ်တို့က တရားခံတွေကို လုံးဝမမြင်နိုင်ခဲ့ဘူး။ သူတို့က ကောင်းကင်ချီနဲ့ ဝဲကြီးတွေဖန်တီးပြီး မရေမတွက်နိုင်တဲ့ မျိုးနွယ်ဝင်တွေကို သတ်ဖြတ်ခဲ့ကြတယ်"
ပင်လယ်မိစ္ဆာတစ်ယောက်က အားနည်းစွာ ဖြေလိုက်သည်။ သူမက ရန်သူများ၏စွမ်းအားကို တွေးမိလိုက်သောအခါ မျက်နှာတစ်ခုလုံး ကြောက်စိတ်ကြောင့် ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ရန်သူများက ပင်လယ်မိစ္ဆာမျိုးနွယ်ကို သတ်ဖြတ်ရာတွင် အပေါ်ယံသာ ဆောင်ရွက်ခဲ့သောကြောင့် အရေအတွက်ထောင်ချီ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူတို့၏စွမ်းအားဖြင့် တစ်ဦးတစ်ယောက်မှ အသက်ရှင်လျက် လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ယဲ့ချန်က တိတ်ဆိတ်စွာဖြင့် အသက်ရှင်သူများကို ကောင်းကင်မူလတိုက်ကြီးထံ ခေါ်ဆောင်သွားခဲ့သည်။ သူက ဝင်ပေါက်မှတဆင့် အရှေ့ပိုင်းတိုက်ကြီးသို့ လည်ပြန်ကြည့်ရှုရင်း အံကြိတ်ထားမိသည်။
"အစ်ကိုကြီး ဒီကိစ္စရဲ့တရားခံက နတ်ဧကရာဇ်တော့ မဖြစ်နိုင်ဘူး။ သူ့ခွန်အားအရ ဒီလိုလုပ်ရပ်မျိုး လုပ်စရာမလိုဘူး ထင်တယ်"
ယဲ့ချန်၏ဘေးတွင် ရှိနေသည့် လင်ယုက အချိန်ကြာမြင့်စွာစဥ်းစားပြီးနောက် ပြောလိုက်ခြင်းဖြစ်သည်။ သူက ယဲ့ချန်တစ်ယောက် လက်စားချေချင်စိတ်ကြောင့် ဆင်ခြင်တုံတရား ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
"တရားခံက ဒီကောင်မဟုတ်ဘူးဆိုရင်တောင် သူလည်း တာဝန်ခံရလိမ့်မယ်။ ဘယ်သူက တရားခံဆိုတာ မသိရသေးတဲ့အပြင် ငါ့ဦးလေးနှစ်ယောက်လည်း ပျောက်နေကြတယ်။ တရားခံက ငါ့ကိုပြဿနာလာရှာဖို့ သိပ်ကြာနေမှာ မဟုတ်ဘူး။ သေချာပေါက် လက်စားချေရမယ်"
ယဲ့ချန်သည် အရှေ့ပိုင်းတိုက်ကြီးသို့ နက်ရှိုင်းသော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေရင်း အလွန်အမင်းအေးစက်သော လေသံနှင့် ပြန်ဖြေလာခဲ့သည်။ လင်းယွန်တောင်တန်းသည် သူနေထိုင်ကြီးပြင်းခဲ့သော နေရာဖြစ်သော်လည်း လက်ရှိတွင် ဖျက်ဆီးခံလိုက်ရသည်။ အတိတ်မှ အမှတ်တရတိုင်း ပျက်စီးသွားကာ လူပေါင်းများစွာသေဆုံးခဲ့ရသည့်အတွက် လင်းဖန်က တရားခံဟုတ်ဟုတ်မဟုတ်ဟုတ် ပြန်လည်ပေးဆပ်ရပေလိမ့်မည်။ သူက တစ်ကိုယ်ကောင်းဆန်စွာဖြင့် ယဲ့မျိုးနွယ်ကိုဖိနှိပ်ရန် မကြိုးစားခဲ့လျှင် ဤဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားစရာအကြောင်း လုံးဝမရှိပေ။ လက်ရှိတွင် သူက နတ်ဧကရာဇ်ကို မယှဥ်နိုင်သေးသော်လည်း သေချာပေါက်လက်စားချေရန် ဆုံးဖြတ်လိုက်သည်။
"နတ်ဧကရာဇ်လည်း ဒီကိစ္စအတွက် တာဝန်ရှိတယ်။ တကယ်လို့ အစ်ကိုကြီးသာ လူသားနတ်ဘုရားနယ်မြေရဲ့ အဆင့်ကိုးကိုသာ မတက်နိုင်ခဲ့ဘူးဆိုရင် ယဲ့မျိုးနွယ်ကို တာအိုအိမ်တော်က ထိန်းချုပ်နေလောက်ပြီ"
လင်ယုက ခေါင်းညိတ်လိုက်သည်။ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်နေပြီးနောက် ယဲ့ချန်၏မျက်လုံးများတွင် သွေးဆာသော အရိပ်အယောင်အချို့ ဖြစ်ပေါ်လာကာ ကောင်းကင်မူလတိုက်ကြီးထံ ချာခနဲ လှည့်ထွက်သွားခဲ့သည်။ လင်ယုသည် ယဲ့ချန်၏ရင်ထဲမှ နာကျင်မှုနှင့် အပြစ်ရှိစိတ်ကို ကိုယ်ချင်းစာနိုင်ခဲ့သည်။ ယဲ့ချန်သည် ယဲ့မျိုးနွယ်ဝင်များ၊ ကြယ်ခန်းမတပည့်များနှင့် ပင်လယ်မိစ္ဆာများ အသတ်ခံရမှုအတွက် ကိုယ့်ကိုကိုယ်အပြစ်တင်နေသော်လည်း သူ၏အမြင်တွင် ယဲ့ချန်ကြောင့်သာမဟုတ်လျှင် ထိုကျင့်ကြံသူများက သေရမည့်ကံပါလာပြီးဖြစ်သည်။ သူ၏အစ်ကိုကြီးက လုံလောက်သော အရေအတွက်တစ်ခုအထိ ကယ်တင်ပေးနိုင်ခဲ့သည်။ အရှေ့ပိုင်းတိုက်ကြီးတွင် ကျောက်စိမ်းနန်းတော်မှလွဲလျှင် ပြန်လာစရာ အကြောင်းအရင်းမရှိတော့သဖြင့် ယဲ့ချန်က ဝမ်းနည်းမှုများ ပြည့်နှက်နေသော ထိုနေရာသို့ အချိန်ကြာမြင့်သည်အထိ ပြန်သွားမည်မဟုတ်ပေ။
ရန်ယွင်မြို့သို့ ထိုသတင်းရောက်ရှိလာသောအခါ ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမတပည့်အားလုံးမှာ ဒေါသတကြီး ဖြစ်သွားကြသည်။ သူတို့က ဤဖြစ်ရပ်အတွက် အဓိကတာဝန်ရှိသူမှာ နတ်ဧကရာဇ်ဖြစ်သည်ဟု ယုံကြည်နေကြပြီး ဘုံရန်သူအဖြစ် သတ်မှတ်လိုက်ကြသည်။ ဤမျှဆုံးရှုံးပျက်စီးခဲ့ရသော အကြောင်းအရင်းမှာ ယဲ့မျိုးနွယ်တွင် ကျောထောက်နောက်ခံမရှိသောကြောင့်ဖြစ်၍ အနည်းဆုံး ယဲ့မျိုးနွယ်ဝင် စစ်ဧကရာဇ်တစ်ယောက် ထွက်ပေါ်လာရန် အလွန်အရေးကြီးနေသည်။ လူတိုင်းက ဝမ်းနည်းပူဆွေးနေကြပြီး သူတို့၏ဆွေမျိုးရင်းချာများနှင့် မိတ်ဆွေများက ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်သည်။ လက်ရှိတွင် သူတို့အားလုံးက နေရာမှ တစ်ဖဝါးပင်မခွာတော့ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြသည်။
မျက်တောင်တစ်ခတ်အတွင်း ငါးလခန့် ကုန်ဆုံးသွားသော်လည်း ယဲ့ချန်သည် ဦးလေးနှစ်ယောက်၏ သတင်းအစအနကိုပင် မရခဲ့ပေ။ ယဲ့မျိုးနွယ်နယ်မြေ၏ခန်းမအတွင်း သူက တင်ပျဥ်ခွေထိုင်နေရင်း ဝိညာဥ်အသိစိတ်ကို အဆုံးစွန်အထိ ထုတ်ဖော်ကာ ထောင်ချီသော လက်အောက်ငယ်သားများကို လေ့ကျင့်ပေးနေသည်။ သူ၏ဝိညာဥ်အသိစိတ် ပို၍သန်မာလာသည်နှင့်အမျှ ကောင်းကင်မူလတိုက်ကြီး၏ ကန့်သတ်မှုအောက်မှ လွတ်မြောက်နိုင်ခဲ့ပြီး ချီပင်လယ်ကိုသာ ဖိနှိပ်ထားခြင်းခံခဲ့ရသည်။
ယဲ့ချန်က ကျင့်ကြံနေရင်း ဝိညာဥ်များ၏အသုံးဝင်ပုံကို လေ့လာနေပြီး ၎င်းတို့တွင် အထူးအသုံးဝင်မှုများ ထပ်မံရှိနေနိုင်သည်ဟု ခံစားနေရသည်။ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးပေါ်တွင် ရှင်သန်ပေါက်ဖွားလာသော ဝိညာဥ်တစ်ကောင်ချင်းစီတွင် အစွမ်းထက်အသက်အားများ ပိုင်ဆိုင်ထားကြသည်။ ယဲ့ပင်းသည် ခန်းမအတွင်း ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စမ်းသပ်စစ်ဆေးလျက်ရှိသည်။
"ပေါင်းစပ်နှုန်း၅၁၊ လူတော်လေး မင်းက စစ်ဧကရာဇ်လောင်းတစ်ယောက်ပဲ"
သူက အသက်၁၂နှစ်အရွယ် ယဲ့မျိုးနွယ်ဝင်ကလေးတစ်ယောက်၏ ခေါင်းကိုပုတ်၍ ချီးကျူးလိုက်သည်။ သူက ကောင်းကင်မူလတိုက်သို့ ရောက်ခဲ့ချိန်မှစ၍ ယဲ့ချန်လက်အောက်တွင် ကြိုးကြိုးစားစား အမှုထမ်းခဲ့သည်။ ကြယ်ဝိညာဥ်စမ်းသပ်စစ်ဆေးရာတွင် အသက်ပို၍ငယ်ရွယ်လေ ၊ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ပို၍တိုးမြင့်နိုင်လေဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ကလေးတစ်ယောက်၏ရုပ်ခန္ဓာက အကြောင်းအရင်းဖြစ်နိုင်ပြီး အသက်ငယ်ရွယ်ချိန်တွင် ပြုပြင်ပြောင်းလဲလွယ်သော ဗီဇကြောင့်ဖြစ်သည်။ လက်ရှိအချိန်တွင် ယဲ့ပင်းကိုယ်တိုင်လည်း ယဲ့ချန်၏ကူညီမှုဖြင့် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သည်အထိ တိုးတက်လာခဲ့သည်။
"ယဲ့ပင်း ဒီကိုလာခဲ့ဦး"
ယဲ့ချန်က မျက်လုံးများရု တ်တရက်ပွင့်လာပြီး မနီးမဝေးရှိ ယဲ့ပင်းကို လှမ်းခေါ်လိုက်သည်။
"ခေါင်းဆောင် ဘာများလိုအပ်ပါသလဲ"
ယဲ့ပင်းက အလျင်အမြန်ရောက်ရှိလာပြီး အရိုအသေပေးလိုက်သည်။
"ငါက လူတစ်ယောက်ရဲ့ကျင့်ကြံဆင့်ကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှာတွေ့ထားတယ်။ ဒီနည်းလမ်းကို စမ်းသပ်ဖို့အတွက် အစမ်းသပ်ခံတစ်ယောက် ရှာဖွေပေးဦး။ ဒါပေမယ့် ကြီးကြီးမားမား စွန့်စားရမှာဖြစ်တဲ့အတွက် စမ်းသပ်ခံကို အတင်းအကျပ် စေခိုင်းလို့မရဘူး။ သူကိုယ်တိုင် စိတ်ပါမှဖြစ်လိမ့်မယ်"
ယဲ့ချန်က လေးနက်စွာ ညွှန်ကြားလိုက်သည်။
"ခေါင်းဆောင် ကျုပ် လိုလိုလားလားနဲ့ အစမ်းသပ်ခံပါမယ်"
ယဲ့ပင်းက ခဏတာတိတ်ဆိတ်သွားပြီးနောက် ပြတ်ပြတ်သားသား ပြောလာခဲ့သည်။
"ယဲ့ပင်း ဒါက အရမ်းအန္တရာယ်များတယ်။ အကျိုးဆက်က ဘယ်လောက်ပြင်းထန်မလဲဆိုတာကို ငါတောင် မသေချာဘူး။ မင်းစွန့်စားချင်တာ သေချာရဲ့လား"
ယဲ့ချန်သည် ယဲ့ပင်းကို တစ်ချက်စိုက်ကြည့်၍ လေးနက်စွာ မေးလိုက်လေသည်။