ယဲ့ပင်း၏ဆုံးဖြတ်ချက်
Vol. 46 Ch. 641
"ခေါင်းဆောင် ကျုပ်ဟာ မွေးကတည်းက မျိုးနွယ်အတွက် အသုံးမဝင်ခဲ့တဲ့ သာမန်လူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တည်းက ကျင့်ကြံခြင်းမှာ ပါရမီမရှိခဲ့တဲ့အတွက် ခေါင်းဆောင်ကျေးဇူးနဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော် ပိုင်ဆိုင်လာတာတောင်မှ လျှို့ဝှက်ကျင့်စဥ်တစ်ခုကိုတောင် နားမလည်နိုင်ခဲ့ဘူး။ ကျုပ်ကို ခေါင်းဆောင်နဲ့ မျိုးနွယ်က အမြဲတမ်းကာကွယ်ပေးခဲ့တဲ့အတွက် ဒီအချိန်မှာ မျိုးနွယ်အတွက် ပေးဆပ်ခွင့်ပြုပါ"
ယဲ့ပင်းက ရိုးသားစွာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ သူ၏လေသံအရ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး ဖြစ်ဟန်တူသည်။
"ယဲ့ပင်း မင်း ဒီလိုလုပ်စရာ မလိုပါဘူး။ မင်းက မျိုးနွယ်အတွက် အလုပ်လုပ်ပေးနေတာပဲ"
ယဲ့ချန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ခေါင်းဆောင် ကျေးဇူးပြုပြီး ခွင့်ပြုပေးပါ"
ယဲ့ပင်းက ရုတ်တရက် ဒူးတစ်ဖက်ထောက်ချလိုက်ပြီး အလေးအနက် တောင်းဆိုလိုက်သည်။
"ကောင်းပြီ။ ဒါက စမ်းသပ်မှုတစ်ခုဖြစ်တဲ့အတွက် ကျရှုံးသွားရင်လည်း မင်း စိတ်ဓာတ်ကျစရာ မလိုဘူး။ တကယ်လို့ မင်း ဆက်ပြီးမခုခံနိုင်တော့ဘူးဆိုရင် ငါ့ကို ပြောပါ။ ချက်ချင်းရပ်လိုက်မယ်"
နောက်ဆုံးတွင် ယဲ့ချန်က လေးနက်စွာစဥ်းစား၍ ခေါင်းညိတ်လိုက်သည်။ သူက ယဲ့ပင်းကို တင်ပျဥ်ခွေထိုင်စေပြီး ဒန်တန်အတွင်းရှိ ကြယ်များထံမှ ဝိညာဥ်တစ်ခုကို ထုတ်ယူလိုက်သည်။ ယဲ့ပင်းက မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို ကျင့်ကြံထားသောကြောင့် လိုက်ဖက်ညီစေရန် မိုးကြိုးဝိညာဥ်ကို ရွေးချယ်ခဲ့သည်။ ခဏအကြာတွင် မိုးတိမ်တစ်ခုသဏ္ဍာန်ရှိသော မိုးကြိုးဝိညာဥ်တစ်ကောင်က ယဲ့ချန်၏လက်ဖဝါးအတွင်း ထွက်ပေါ်လာကာ လျှပ်စီးများ တဖြတ်ဖြတ် လင်းလက်နေသည်။ ၎င်းက အသိစိတ်ရှိနေဟန်ဖြင့် လှည့်ပတ်ပျံသန်းနေသော်လည်း လက်ဖဝါးအတွင်းမှ ထွက်ခွာသွားခြင်း မရှိပေ။ ယဲ့ပင်းသည် ၎င်းကိုမြင်သောအခါ မည်သည့်အရာမှန်းမသိသော်လည်း ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ပါဝင်နေကြောင်း ခံစားလိုက်ရသဖြင့် မျက်လုံးပြူးသွားခဲ့သည်။
"မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို အသက်သွင်းလိုက်"
ယဲ့ချန်၏အမိန့်သံ ထွက်ပေါ်လာသောအခါ သူက စိတ်ကိုတည်ငြိမ်စေရန် ထိန်းသိမ်း၍ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို လည်ပတ်လိုက်သဖြင့် ခန္ဓာကိုယ်ပတ်လည်၌ လျှပ်စီးများ ထွက်ပေါ်လာသည်။
"ကောင်းပြီ။ အခု စတင်လိုက်တော့မယ်"
ယဲ့ချန်သည် ယဲ့ပင်းအသင့်ဖြစ်သည်ကို မြင်သောအခါ မိုးကြိုးဝိညာဥ်ကို သူ၏ရင်ဘတ်အတွင်း ဖြည်းညှင်းစွာ ထည့်သွင်းလိုက်၏။ ၎င်းဝင်ရောက်လာသောအခါ နာကျင်မှုကြောင့် ယဲ့ပင်းက မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းတွင် အလွန်အမင်းသန့်စင်သော မိုးကြိုးချီများစွာ ပါဝင်နေသဖြင့် သူက ချက်ချင်းမစုပ်ယူနိုင်ခဲ့ပေ။ ရုပ်ခန္ဓာက ဝိညာဥ်ကြောင့် ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရသော်လည်း သူက အံကိုတင်းတင်းကြိတ်၍ သည်းခံနေခဲ့သည်။ သူက ကိုယ့်ကိုကိုယ်တည်ငြိမ်စေရန် ထိန်းသိမ်းပြီး မိုးကြိုးဧကရာဇ်ကျင့်စဥ်အစွမ်းဖြင့် ချီများကို စုပ်ယူနေသည်။ ကံကောင်းစွာဖြင့် ဤကျင့်စဥ်နှင့် မိုးကြိုးဝိညာဥ်က လိုက်ဖက်ညီနေခဲ့သည်။ သို့မဟုတ်လျှင် ပမာဏများစွာသော မိုးကြိုးချီများက ယဲ့ပင်း၏ရုပ်ခန္ဓာကို ချက်ချင်း ဖောက်ခွဲပစ်လိုက်နိုင်သည်။
ယဲ့ချန်သည် ယဲ့ပင်း၏ရုပ်ခန္ဓာမှ ပြောင်းလဲမှုများကို ဆက်တိုက်လေ့လာနေရင်းဖြင့် ဝိညာဥ်၏ချီများနှင့် စတင်ပူးပေါင်းလာကြောင်း တွေ့ရှိလိုက်သည်။ ကံကောင်းစွာဖြင့် မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်မလာခဲ့ပေ။ ယဲ့ပင်းက အလွန်နာကျင်နေသော်လည်း အံကြိတ်၍ တင်းခံနေပြီး အသံတစ်ချက်ပင် မထွက်ခဲ့ချေ။ ယဲ့မျိုးနွယ်အကြီးအကဲများ၏ သင်ကြားပေးမှုဖြင့် ကြီးပြင်းလာရသော ယဲ့မျိုးနွယ်ဝင်များတွင် ငကြောက်တစ်ယောက်ပင် မရှိချေ။ နာရီဝက်က လျင်မြန်စွာကုန်ဆုံးသွားပြီး သူက မိုးကြိုးချီများကိုစုပ်ယူနေရင်း ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါလာသဖြင့် အကန့်အသတ်သို့ ရောက်ရှိသွားပုံပေါ်သည်။ မိုးကြိုးဝိညာဥ်နှင့် မိုးကြိုးဧကရာဇ်ကျင့်စဥ်က အချင်းချင်းသဟဇာတဖြစ်နေသောကြောင့် ဤစမ်းသပ်မှုအတွင်း ယဲ့ပင်း၏ကျင့်ကြံဆင့်က လျင်မြန်စွာ တိုးတက်လာခဲ့သည်။ စုပ်ယူနှုန်းမှာလည်း ယဲ့ချန်မျှော်လင့်ထားသကဲ့သို့ မြန်ဆန်နေသည်။ သို့သော် ထိုအချိန်တွင် ယဲ့ပင်းက ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လာခဲ့သည်။
"တစ်ခုခု မှားနေပြီ"
ယဲ့ချန်က ထိတ်လန့်သွားပြီး ချက်ချင်းစစ်ဆေးလိုက်သည်။ မိုးကြိုးချီများက ယဲ့ပင်းခန္ဓာကိုယ်အတွင်း အပြည့်အဝပေါင်းစပ်ကာနီးတွင် မိုးကြိုးဝိညာဥ်က စတင်၍ ပြင်းထန်စွာ ဆန့်ကျင်လာခြင်းဖြစ်သည်။ ပေါင်းစပ်ခြင်းမစတင်ခင်ကဆိုလျှင် သူက ယဲ့ပင်း၏ကိုယ်တွင်းမှ ၎င်းကို ပြန်လည်ထုတ်ယူနိုင်သော်လည်း လက်ရှိအချိန်၌ နောက်ကျလွန်းသွားပြီဖြစ်သည်။
"ဘုန်း ဘုန်း ဘုန်း"
လျှပ်စီးကြောင်းများက ယဲ့ပင်း၏ကိုယ်ပေါ်တွင် ဖြတ်သန်းသွားလာနေပြီး ခန်းမအတွင်းရှိ စားပွဲကုလားထိုင်များမှာ ၎င်းတို့၏ပေါက်ကွဲမှုကြောင့် ချက်ချင်းလွင့်ထွက်ကုန်သည်။ ယဲ့ချန်က သူ၏ကောင်းကင်ချီကို အသုံးပြု၍ ယဲ့ပင်း၏ပတ်လည်တွင် အတားအဆီးတစ်ခု ဖန်တီးလိုက်သည်။ အရာရာက ယဲ့ပင်းအပေါ် မူတည်နေပြီး ဤဖြစ်စဥ်ကိုမကျော်ဖြတ်နိုင်ခဲ့လျှင် ပေါက်ကွဲသေဆုံးသွားနိုင်သောကြောင့် သူက စိုးရိမ်စွာ စောင့်ကြည့်နေခဲ့သည်။ ဤကား လူတစ်ယောက်၏စိတ်ဓာတ်ကို စမ်းသပ်ခြင်းမျိုးဖြစ်ပြီး လူမဆန်သော နာကျင်မှုအောက်တွင် သူက တောင့်ခံနေသော်လည်း မြေပြင်သို့ လဲကျသွားခဲ့သည်။ သူ၏ကိုယ်တွင်းရှိ မိုးကြိုးချီများက ထိန်းချုပ်မှုလွတ်သွားသောကြောင့် မျက်နှာတစ်ခုလုံး ခရမ်းရောင်သန်းနေသည်။ သူက အားတင်း၍ မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို လည်ပတ်လိုက်သောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေသည်။
နာရီအနည်းငယ်ကြာသည်အထိ ယဲ့ပင်း၏အခြေအနေက ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ယဲ့ချန်သည် သူ၏အသက်အားများ လျင်မြန်စွာကျဆင်းနေ၍ ချီစွမ်းအင်များ အားနည်းလာကြောင်း အာရုံခံမိလိုက်သည်။
"ငါ ဘာလုပ်ရမလဲ"
ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ယဲ့ပင်း သေဆုံးသွားမည်ဖြစ်သောကြောင့် သူက မျက်မှောင်ကြုတ်၍ အလေးအနက် စဥ်းစားနေသည်။ သူက ယဲ့ပင်းအား ဤမျှအန္တရာယ်များသော စမ်းသပ်မှုကို ခွင့်ပြုပေးခဲ့သဖြင့် ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်။ အချိန်တစ်ခုကြာ စဥ်းစားပြီးနောက် သူက အကြံတစ်ခု ရုတ်တရက်ပေါ်လာသဖြင့် ဝိညာဥ်အသိစိတ်ကို ယဲ့ပင်းကိုယ်တွင်းသို့ ပို့ဆောင်လိုက်သည်။ ၎င်းက တုန်ခါနေပြီး ယဲ့ပင်း၏စိတ်ဆန္ဒကို ဆန့်ကျင်နေသော ဝိညာဥ်ကို ချက်ချင်းရှာတွေ့ခဲ့သည်။ အကယ်၍ ယဲ့ပင်းသာ စိတ်ဓာတ်ခိုင်မာစွာဖြင့် ရုန်းကန်နေခြင်းမရှိလျှင် သေဆုံးပြီးဖြစ်ပေလိမ့်မည်။ သူက ဝိညာဥ်အသိစိတ်ဖြင့် မိုးကြိုးဝိညာဥ်ကို လွှမ်းခြုံလိုက်သောအခါ ၎င်းက ချက်ချင်းတည်ငြိမ်သွားခဲ့သည်။ ၎င်းက သူ့အပေါ် ရာနှုန်းပြည့်နာခံမှုရှိကြောင်း ယဲ့ချန်က ခံစားလိုက်ရသဖြင့် ယဲ့ပင်း၏အသက်ကို ကယ်တင်နိုင်ပြီဖြစ်သောကြောင့် သက်ပြင်းချလိုက်မိသည်။
သူက မိုးကြိုးဝိညာဥ်ကို စတင်ဖိနှိပ်လိုက်ပြီး ၎င်းက ဆန့်ကျင်မနေတော့ဘဲ လုံးဝငြိမ်သက်သွားခဲ့သည်။ ယဲ့ပင်း၏အရှိန်အဝါက လျင်မြန်စွာ မြင့်တက်လာပြီး ငရဲတံခါးဝသို့ ခြေချခဲ့သောအဖြစ်မှ နောက်ဆုံးတွင် လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သည်။
"ဒီဝိညာဥ်တွေက ငါ့အမိန့်ကို နာခံတယ်"
ယဲ့ချန်က ဤအကြောင်းကို သိလိုက်ရသဖြင့် စိတ်အေးသွားခဲ့ပြီး ဝိညာဥ်အသိစိတ်ဖြင့် မိုးကြိုးဝိညာဥ်ကို ဆက်တိုက်ဖိနှိပ်လိုက်သည်။ ယဲ့ပင်းသည်လည်း မိုးကြိုးဧကရာဇ်ကျင့်စဥ်ကို လည်ပတ်၍ ၎င်း၏စွမ်းအင်များကို ကိုယ်ပိုင်အဖြစ် ပြောင်းလဲစုပ်ယူလိုက်သဖြင့် ကျင့်ကြံဆင့်က ချက်ချင်းမြင့်တက်လာသည်။ နာရီဝက်အကြာတွင် သူ၏အသက်အားများ လုံးဝကောင်းမွန်သွားကာ ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည်။ သူက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော် ပိုင်ဆိုင်ထားသော်လည်း ချီပင်လယ်အဆင့်သုံး ကျင့်ကြံသူသာဖြစ်သည်။ သူက မိုးကြိုးဝိညာဥ်တစ်ကောင်၏ စွမ်းအင်ကို စုပ်ယူနိုင်ရုံမျှဖြင့် ရွှမ်အဆင့်သို့ တစ်ချက်တည်း ချိုးဖျက်သွားခဲ့သောကြောင့် အကျိုးသက်ရောက်မှုက သိသာလွန်းသည်။ ကျင့်ကြံဆင့်အပြင် ရုပ်ခန္ဓာကလည်း ကြီးမားစွာပြောင်းလဲသွားပြီး တစ်ကိုယ်လုံး သန့်စင်ခံလိုက်ရသဖြင့် ဒဏ္ဍာရီလာ သန့်စင်မိုးကြိုးခန္ဓာအဖြစ် တိုးတက်လာခဲ့သည်။ ၎င်းက အဆင့်သုံးမျိုးနွယ်တစ်ခုအတွက် အသန့်စင်ဆုံး ရုပ်ခန္ဓာတစ်ခု ဖြစ်သည်။ ဤရုပ်ခန္ဓာကြောင့် ယဲ့ပင်း၏အနာဂတ်က ပိုမိုချောမွေ့လာမည်ဖြစ်ကာ ကျင့်ကြုံနှုန်းကလည်း သာမန်လူများ မယှဥ်နိုင်လောက်အောင် မြန်ဆန်လာပေလိမ့်မည်။
"ကျေးဇူးအများကြီးတင်ပါတယ် ခေါင်းဆောင်။ ကျုပ်က ရွှမ်အဆင့်ကို ရောက်ရှိသွားပါပြီ"
ယဲ့ပင်းသည် မျက်လုံးများကိုဖွင့်လိုက်ပြီး ယဲ့ချန်ကို မြင်သောအခါ ချက်ချင်းဒူးထောက်ချလိုက်သည်။ ဝမ်းသာလွန်းသဖြင့် သူ၏စကားသံပင် တုန်ခါနေခဲ့သည်။ ချီပင်လယ်အဆင့်သုံးမှ ရွှမ်အဆင့်သို့ တိုက်ရိုက်ချိုးဖျက်နိုင်ခဲ့သဖြင့် ယဲ့ပင်းတစ်ယောက် အပျော်လွန်နေခြင်းက အဆန်းမဟုတ်ပေ။ သူက ယဲ့ချန်အပေါ် ကျေးဇူးတင်နေသည့်အပြင် စိတ်၏အနက်ရှိုင်ဆုံးအပိုင်း၌ မျက်စိစုံမှိတ်ကိုးကွယ်လိုသော သဘောထားမျိုး ဖြစ်တည်လာခဲ့သည်။ ဤစိတ်ထားက မျိုးနွယ်ခေါင်းဆောင်တစ်ယောက်အပေါ် မျိုးနွယ်ဝင်တစ်ယောက်ထားသော လေးစားမှုထက် များစွာသာလွန်နေသည်။ ယဲ့ချန်က သူ့ကိုသေပေးရန် တောင်းဆိုလျှင်ပင် မျက်တောင်တစ်ချက်မခတ်ဘဲ သေပေးပေလိမ့်မည်။ ယဲ့ပင်းနှင့်ပေါင်းစပ်သွားသော မိုးကြိုးဝိညာဥ်က ကျင့်ကြံဆင့်ကိုသာမက စိတ်ထားကိုပါ မသိမာသာ ပြောင်းလဲစေခဲ့သည်။
"ထပါ ယဲ့ပင်း။ လုပ်တာ ကောင်းတယ်။ မင်းသာ နာကျင်မှုကို သည်းမခံနိုင်ခဲ့ရင် ငါလည်း အချိန်မီ ကယ်တင်နိုင်မှာ မဟုတ်ဘူး"
ယဲ့ချန်က တစ်ချက်ပြုံး၍ ယဲ့ပင်းကို ဆွဲထူလိုက်သည်။ စမ်းသပ်မှု အောင်မြင်သွားသဖြင့် သူ၏ယုံကြည်မှုများ တိုးပွားလာကာ ယဲ့မျိုးနွယ်ဝင်များနှင့် ကြယ်ခန်းမတပည့်များကိုပါ ဝိညာဥ်များနှင့် ပေါင်းစည်းပေးရန် ဆုံးဖြတ်လိုက်သည်။
"ကျုပ်က မျိုးနွယ်ခေါင်းဆောင်အတွက် သေချာပေါက် ကြိုးစားပါမယ်"
ယဲ့ပင်းက အတိတ်ကထက် ပို၍ယုံကြည်မှုရှိလာသဖြင့် လေးနက်စွာ ကတိပြုလိုက်သည်။
"ယဲ့ပင်း မင်းလိုမျိုး ပေါင်းစည်းခြင်းလုပ်ဖို့ စိတ်ဝင်စားတဲ့ ယဲ့မျိုးနွယ်ဝင်တွေနဲ့ ကြယ်ခန်းမတပည့်တွေကို ခေါ်ဆောင်လာခဲ့ပါ"
ယဲ့ချန်က ညွှန်ကြားလိုက်သည်။ သူ၏ကိုယ်တွင်းရှိ ဝိညာဥ်အရေအတွက်က အလွန်များပြားသောကြောင့် ငယ်သားတိုင်းနှင့် ပေါင်းစည်းပေးနိုင်သည်။ သူက အဝေးသို့ငေးကြည့်နေရင်း ယနေ့မှစတင်၍ ယဲ့မျိုးနွယ်ကို ဖိနှိပ်ချင်သူများအား ပြန်လည်ပေးဆပ်စေရမည်ဟု စိတ်ထဲမှ ကြုံးဝါးလိုက်သည်။ ငယ်သားများ၏ခန္ဓာကိုယ်အတွင်း ဝိညာဥ်များနှင့် ပေါင်းစပ်ပေးခြင်း စတင်သောအခါ တစ်ယောက်ချင်းစီအတွက် နာရီအနည်းငယ်စီကြာမြင့်သော်လည်း သူက လုံးဝအနားယူခြင်း မရှိခဲ့ပေ။
ယဲ့မျိုးနွယ်၏နယ်မြေအတွင်း လူတိုင်းက ကျင့်ကြံခြင်းကို အာရုံစိုက်နေကြပြီး ယဲ့ချန်၏လုပ်ရပ်ကို နားမလည်ကြသော်လည်း မဆင့်ခေါ်ခင်အချိန်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသော်လည်း သူတို့၏စိတ်ထဲတွင် ယဲ့ချန်ကို နတ်ဘုရားပမာ မှတ်ယူထားသောကြောင့် မည်သူမှစောဒကမတက်ခဲ့ပေ။ ယဲ့ချန်မသိသည်မှာ ကြယ်ခန်းမ၏တပည့်များအတွင်း လှိုင်းလုံးတစ်ခုဖြစ်ပေါ်လာကာ အများစုက ယဲ့မျိုးနွယ်အမည်နာမကို ခံယူလိုက်ကြသဖြင့် ယဲ့မျိုးနွယ်၏ လက်အောက်ခံမျိုးနွယ်တစ်ခုနှင့် မခြားတော့ပေ။ ဤမျှစည်းလုံးညီညွတ်သော မျိုးနွယ်တစ်ခု၏ စွမ်းအားမျိုးကို မည်သူမှ အတိအကျ ခန့်မှန်းနိုင်မည် မဟုတ်ပေ။
အချိန်ကြာလာသည်နှင့်အမျှ ဝိညာဥ်များနှင့် ပေါင်းစည်းရာတွင် ယဲ့ချန်က ပိုမိုမြန်ဆန်လာသည်။ မူလတွင် သူက တစ်ကြိမ်လျှင် တစ်ယောက်သာ ဝိညာဥ်နှင့် ပေါင်းစည်းပေးနိုင်သော်လည်း ဝိညာဥ်အသိစိတ်က တစ်ချိန်တည်းတွင် လေးငါးယောက်အထိ ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ဤသို့ဖြင့် ပေါင်းစည်းခြင်းဖြစ်စဥ်က ပိုမိုမြန်ဆန်လာသည်။ မိုးကြိုးချီကို ကျင့်ကြံသူများအား မိုးကြိုးဝိညာဥ်နှင့်သာ ပေါင်းစပ်ပေးနိုင်ပြီး မီးချီကိုကျင့်ကြံသူများအတွက် မီးဝိညာဥ်များကသာ အကောင်းဆုံးဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် သူက ကြယ်တာရာဘုံကိုးလွှာ၏ ကျင့်စဥ်ခြောက်မျိုးကို ငယ်သားများထံ ဖြန့်ဝေပေးခဲ့ပြီး ဝိညာဥ်များနှင့် ဆက်လက်ပေါင်းစည်းခဲ့သည်။
ယဲ့ချန်က နောက်ဆုံးကျင့်စဥ်သုံးမျိုးကို အပြင်လူများထံ လက်ဆင့်မကမ်းရသော အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်မှ မကောင်းသောရည်ရွယ်ချက်ဖြင့် ကျင့်စဥ်ကိုးမျိုးလုံးကို စုစည်းနိုင်သောကြောင့် ဖြစ်သည်။ ကြီးကျယ်ခမ်းနား၍ အစွမ်းထက်လှသော ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က လူသိရှင်ကြားထွက်ပေါ်လာ၍ မဖြစ်ပေ။ ဝိညာဥ်များနှင့် ပေါင်းစည်းခံလိုက်ရသော ကျင့်ကြံသူတိုင်းက အလွန်အမင်းပျော်ရွှင် ဝမ်းမြောက်နေကြသည်။ သူတို့၏ကျင့်ကြံဆင့်များက များစွာမြင့်တက်လာကြပြီး အများစုက ရွှမ်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားကြသည်။ ထို့အပြင် သူတို့၏ရုပ်ခန္ဓာများကလည်း ကြီးကြီးမားမားတိုးတက် ပြောင်းလဲသွားသဖြင့် အနာဂတ် ကျင့်ကြံရေးလမ်းကြောင်းတွင် ပိုမိုချောမွေ့လာပြီဖြစ်လေသည်။