ရှောင်ရိနှင့်ဝမ်အာ၏ အခြေအနေ
Vol. 46 Ch. 642
"ခေါင်းဆောင်"
ယဲ့ပင်းက တစ်ရက်တွင် ခန်းမအတွင်းသို့ အလောတကြီး ပြေးဝင်လာခဲ့သည်။
"ဘာဖြစ်လို့လဲ"
ယဲ့ချန်က သူ့ကို တစ်ချက်ကြည့်၍ မေးလိုက်ခြင်းဖြစ်သည်။
"ကျုပ်ရဲ့ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စမ်းသပ်ခဲ့တယ်။ လက်ရှိမှာ ပေါင်းစပ်နှုန်းက ၆၃အထိ တိုးတက်သွားတယ်"
ယဲ့ပင်းသည် အလွန်အမင်း ပျော်ရွှင်နေသဖြင့် လျှာလိပ်မတတ်ဖြစ်နေပြီး မျက်လုံးများ တောက်ပနေသည်။ ဤပေါင်းစပ်နှုန်းဖြင့်ဆိုလျှင် သူက ကောင်းကင်မူလတိုက်ကြီး၏ ထိပ်တန်းပါရမီရှင်များအနက် တစ်ယောက် ဖြစ်လာပေလိမ့်မည်။
"ဝိညာဥ်တစ်ခုနဲ့ပေါင်းစပ်တာက ဒီလောက်အကျိုးသက်ရောက်မှု ရှိတာလား။ ဒါကလည်း ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ရဲ့ ထူးခြားမှုတစ်ခု ဖြစ်လိမ့်မယ်"
"မင်းက ဒီအချက်ကို လျှို့ဝှက်ထားရမယ်။ နားလည်လား"
ယဲ့ချန်က စိတ်ထဲမှ ခန့်မှန်းလိုက်ပြီးနောက် ယဲ့ပင်းကို လေးနက်စွာ သတိပေးလိုက်သည်။
"နားလည်ပါတယ် ခေါင်းဆောင်"
ယဲ့ပင်းက ပျော်ရွှင်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေရာမှ ခေါင်းညိတ်ပြလိုက်သည်။ ဝိညာဥ်ပေါင်းစပ်နည်းလမ်းက ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို များစွာတိုးတက်စေမည်ဆိုလျှင် အနာဂတ်၌ ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်လောင်းအရေအတွက်က ပိုများလာပေလိမ့်မည်။ လက်ရှိတွင် ယဲ့မျိုးနွယ်ကို မျက်လုံးပေါင်းများစွာ စောင့်ကြည့်နေသဖြင့် ဤကိစ္စကို လူသိရှင်ကြားထုတ်ဖော်၍ မဖြစ်ချေ။ ရန်သူများက ဤသတင်းကြောင့် ယဲ့မျိုးနွယ်ကို ချက်ချင်းရှင်းပစ်ချင်စိတ်များ ဖြစ်ပေါ်လာရန် အလွန်သေချာသည်။
"အနာဂတ်မှာ ကောင်းကင်မူလတိုက်ကြီးရဲ့ အာဏာအရှိဆုံးက တာအိုအိမ်တော်ဖြစ်မလား ယဲ့မျိုးနွယ်ဖြစ်မလားဆိုတာကို စောင့်ကြည့်နေစမ်း ခွေးကောင်"
ယဲ့ချန်သည် သူ့ကို ပလ္လင်ထက်မှ အထင်သေးစွာဆက်ဆံခဲ့သော တာအိုအိမ်တော်သခင် လင်းဖန်အကြောင်း တွေးမိသောအခါ မျက်လုံးများ အေးစက်တင်းမာလာသည်။ သူက ငယ်သားများ၏ကိုယ်တွင်းသို့ ဝိညာဥ်များပေါင်းစည်းပေးနေစဥ် ခန်းမအတွင်းသို့ ဝူဇီဝင်ရောက်လာပြီး တစ်ခုခုကိုလိုချင်နေဟန်ဖြင့် မျက်တောင်ဆက်တိုက်ခတ်ပြနေသည်။
"ဝူဇီ မင်းရော ဝိညာဥ်တစ်ကောင်လောက် လိုချင်တာလား"
ယဲ့ချန်က တစ်ချက်ပြုံး၍ မေးလိုက်သောအခါ ဝူဇီက ကြက်အစာကောက်သကဲ့သို့ ခေါင်းကို ဆက်တိုက်ညိတ်ပြနေခဲ့သည်။
"ကောင်းပြီ"
ယဲ့ချန်က ညာလက်ဝါးအတွင်း ရေဝိညာဥ်တစ်ကောင်ကိုထုတ်ဖော်၍ ဝူဇီ၏ကိုယ်တွင်းသို့ ထည့်သွင်းပေးလိုက်သည်။ သူက ဝိညာဥ်အသိစိတ်ကိုထုတ်ဖော်၍ ပေါင်းစည်းခြင်းကိုကူညီပေးရန် ပြင်လိုက်စဥ် ၎င်းက ဝူဇီ၏ကိုယ်အတွင်း လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
"ဟမ် ဘာဖြစ်သွားတာလဲ"
ယဲ့ချန်က အလွန်အံ့သြသွားပြီး စစ်ဆေးလိုက်သောအခါ ရေဝိညာဥ်ကို ဝူဇီက လျင်မြန်စွာစုပ်ယူလိုက်ကြောင်း သိလိုက်ရသည်။ ဝူဇီက ရွှမ်အဆင့်တစ်မှ သုံးအထိ တစ်ချက်တည်း မြင့်တက်သွားသော်လည်း ၎င်းက အစားကောင်းစားလိုက်ရသကဲ့သို့ ပျော်ရွှင်နေပြီး ယဲ့ချန်ကို နောက်ထပ်မော့ကြည့်လာခဲ့သည်။
"မင်းက ထပ်လိုချင်သေးတာလား"
ယဲ့ချန်က တအံ့တသြမေးလိုက်သောအခါ သူက လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်သည်။ အခြားကျင့်ကြံသူများဆိုလျှင် ဝိညာဥ်တစ်ကောင်ထက် ပို၍မစုပ်ယူနိုင်သော်လည်း ဝူဇီက နောက်ထပ်လိုချင်နေသဖြင့် အမှောင်ရေဘဝဲမျိုးနွယ်၏ အစွမ်းကြောင့် ဖြစ်နိုင်သည်။
"ကောင်းပြီ။ ဒါဆိုရင် နောက်ထပ်ဝိညာဥ်တစ်ကောင် ထပ်ပေးမယ်"
ယဲ့ချန်က နောက်ထပ်ရေဝိညာဥ်တစ်ကောင်ကို ထုတ်ယူကာ ဝူဇီ၏ကိုယ်တွင်းသို့ ပေါင်းစည်းပေးလိုက်သည်။ ၎င်းကလည်း လျင်မြန်စွာ စုပ်ယူခံလိုက်ရပြီး ဝူဇီက နေရာတွင် ပျော်ရွှင်စွာခုန်ပေါက်နေရင်း ယဲ့ချန်ကို မော့ကြည့်လိုက်ပြန်သည်။
"ဝူဇီက ဝိညာဥ်နှစ်ခုနဲ့တင် မကျေနပ်နိုင်ဘူးလား"
သူက ဝူဇီတစ်ခုခုဖြစ်မည်အား စိုးရိမ်သဖြင့် တစ်ကိုယ်လုံးကို ဝိညာဥ်အသိစိတ်ဖြင့် ဂရုတစိုက်စစ်ဆေးလိုက်သော်လည်း မည်သည့်ထိခိုက်ဒဏ်ရာကိုမှ မတွေ့ခဲ့ရပေ။
"ထူးဆန်းတယ်"
ယဲ့ချန်က ခဏတာတုံ့ဆိုင်းသွားသော်လည်း ဝူဇီ၏သနားစရာအသွင်အပြင်ကြောင့် နောက်ထပ်ရေဝိညာဥ်များ ဖန်တီးပေးလိုက်သည်။ ဤသို့ဖြင့် ဝိညာဥ်၁၆ကောင်တိတိ စုပ်ယူပြီးသောအခါတွင်မှ သူက ကျေနပ်သွားကာ ခန်းမအတွင်း ခဏတာလှည့်ပတ်ပျံသန်း၍ ကစားရန်အတွက် ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ သူ၏ပုံရိပ်ကို ယဲ့ချန်က တစ်ချက်လှမ်းကြည့်ရင်း စိတ်ရှုပ်နေခဲ့သည်။ ဝူဇီ၏ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက ခုနစ်ဆယ်ကျော်သောကြောင့် ဝိညာဥ်များနှင့် ပေါင်းစပ်လိုက်သောအခါ များစွာတိုးတက်သွားနိုင်သည်။ ကျင့်ကြံခြင်းတွင် ရွှမ်အဆင့်ရှစ်အထိ တိုးတက်သွားခဲ့သော်လည်း ဝူဇီက တိုက်ခိုက်ရာ၌ မထူးချွန်ပေ။ ထို့နောက် ယဲ့ချန်က သူ၏ငယ်သားများကို ပေါင်းစည်းခြင်းလုပ်ငန်း နောက်ထပ်စတင်လိုက်ပြန်သည်။
လူသားနတ်ဘုရားနယ်မြေမှ သတင်းကြောင့် ကောင်းကင်မူလတိုက်က ယာယီတည်ငြိမ်နေပြီး လူတိုင်းက အာရုံစိုက်၍ စောင့်ကြည့်နေကြသည်။ ရှေးဟောင်းတျန်းယွမ်မြို့တော်သို့လည်း ဤသတင်းရောက်သွားသောကြောင့် ကျွန်ပိုးကောင်စစ်တပ်ကြီးများ လာရောက်တိုက်ခိုက်သောအခါ ရွပ်ရွပ်ချွံချွံ တွန်းလှန်လိုက်ကြသည်။ လက်ရှိတွင် ကြယ်တစ်ခုလုံး ငြိမ်းချမ်းနေပြီး လူတိုင်းက တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။
တာအိုအိမ်တော်လက်အောက်ရှိ တန်းကုန်းကျောင်းတော်တွင် ရှောင်ရိနှင့်ဝမ်အာက ကျင့်ကြံနေပြီး ထူးချွန်သောပါရမီကြောင့် ကျင့်ကြံနှုန်းက အလွန်မြန်ဆန်သောအခါ သက်တူရွယ်တူများကို ကျော်ဖြတ်၍ ရွှမ်အဆင့်တစ်ဆယ်သို့ ရောက်ရှိလာခဲ့ကြသည်။ တန်းကုန်းကျောင်းတော်တွင် သာမန်နှင့် အထူးဒေသဟု ခွဲခြားထားပြီး ရွှမ်အဆင့်ခြောက်အထက်သို့ရောက်လျှင် အထူးဒေသသို့ ဝင်ခွင့်ရှိသည်။ ရှောင်ရိနှင့် ဝမ်အာမှာ ထိုနေရာတွင် အသက်အငယ်ဆုံးကျင့်ကြံသူများဖြစ်ပြီး အခြားလူများက အသက်နှစ်ဆယ်ပတ်ဝန်းကျင် ကျင့်ကြံသူများဖြစ်သော်လည်း အများစုက သူတို့အောက် နိမ့်ကျပေသည်။ အသက်ကွာခြားမှုအပြင် ယဲ့မျိုးနွယ်ဝင်များဖြစ်နေသောကြောင့် တန်းကုန်းကျောင်းတော်တပည့်များက သူတို့နှစ်ယောက်ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးခဲ့သောကြောင့် မိတ်ဆွေတစ်ယောက်ပင် မရှိခဲ့ပေ။ ထို့ကြောင့် ကလေးငယ်နှစ်ယောက်မှာ သူတို့ကို မိသားစုအရင်းသဖွယ် သဘောထား၍ စိုးရိမ်ကြောင့်ကြမရှိ နေထိုင်ခဲ့နိုင်သော ယဲ့မျိုးနွယ်မှနေ့ရက်များကို သတိရနေကြသည်။
"ဝမ်အာ ငါ အစ်ကိုကြီးနဲ့ အိမ်ကို လွမ်းတယ်။ ဒီနေရာမှာ ဆက်မနေချင်တော့ဘူး"
ရှောင်ရိက ပြောလိုက်ခြင်းဖြစ်သည်။
"ငါလည်း အိမ်ကို ပြန်ချင်တယ်"
ဝမ်အာ၏ မျက်ဝန်းလေးများတွင်လည်း မျက်ရည်ဝိုင်းနေသည်။ သူတို့က တန်းကုန်းကျောင်းတော်ရှိ အရာရာတိုင်းကိုမုန်းတီးပြီး အစ်ကိုကြီးနှင့် ယဲ့မျိုးနွယ်ထံ ပြန်ပြေးချင်နေခဲ့သည်။ ထိုအချိန်တွင် ဆိုးယုတ်သော မျက်နှာထားဖြင့် အသက်ဆယ့်ခုနစ်အရွယ် လူငယ်တစ်ယောက် ရောက်ရှိလာသည်။ သူက အထူးဒေသတွင် အသန်မာဆုံးပါရမီရှင်ဖြစ်ကာ ရင်တန်းဟုခေါ်တွင်ပြီး ပေါင်းစပ်နှုန်းခြောက်ဆယ်ကျော် ပိုင်ဆိုင်သည့် တာအိုနတ်အဆင့်သုံး ကျင့်ကြံသူဖြစ်သည်။ သူ့ကို အနာဂတ်တွင် အဆင့်တစ်ဆယ် စစ်ဧကရာဇ်တစ်ယောက် ဖြစ်လာပေလိမ့်မည်ဟု အကြီးအကဲများက သတ်မှတ်ထားကြသည်။
"မင်းတို့က ယဲ့မျိုးနွယ်ရဲ့ ခွေးကောင်လေးတွေလား"
ရင်တန်းက လက်နှစ်ဖက်ကိုနောက်ပစ်၍ အထင်သေးစွာဖြင့် မေးလိုက်သည်။
"မင်းက ဘာလုပ်ချင်လို့လဲ"
ရှောင်ရိက သူ့ကိုမော့ကြည့်၍ လက်သီးကို ခပ်တင်းတင်းဆုပ်ကာ ပြန်ပြောလိုက်၏။
"ယဲ့မျိုးနွယ်က ကောင်းကင်လိုမျိုး နတ်ဧကရာဇ်ကို စော်ကားခဲ့တယ်။ ဒါကိုတောင်မှ မင်းတို့နှစ်ယောက်က တန်းကုန်းကျောင်းတော်မှာ အရှက်မရှိ ဆက်နေရဲသေးတယ်ပေါ့"
ရင်တန်း၏မျက်နှာက ဒေါသကြောင့် မည်းနက်နေသကဲ့သို့ မျက်လုံးများတွင်လည်း မနာလိုဝန်တိုစိတ်များ အထင်းသားထွက်ပေါ်နေသည်။
"ငါတို့က ဘာကြောင့်နေချင်ရမှာလဲ"
ဝမ်အာက ဒေါသတကြီး ပြန်အော်လိုက်ခြင်းဖြစ်သည်။
"ဒါဆိုရင် ချက်ချင်းထွက်သွားစမ်း"
အမှန်တကယ်၌ ရင်တန်းသည် ရှောင်ရိနှင့် ဝမ်အာ၏ပါရမီအပေါ် အလွန်အားကျကာ မနာလိုနေခဲ့သည်။ သူတို့က အလွန်ငယ်ရွယ်သော်လည်း ရွှမ်အဆင့်တစ်ဆယ်သို့ ရောက်ရှိနေခဲ့သည်။ သူက မွေးမွေးချင်း ချီပင်လယ်အဆင့်နှင့် မွေးဖွားလာသော်လည်း အသက်ခုနစ်အရွယ်၌ ချီပင်လယ်အဆင့်ငါးအထိသာ ရောက်နိုင်ခဲ့သည်။
"ငါတို့ထွက်သွားချင်ရင်တောင် သူတို့က ခွင့်မပြုဘူး"
ရှောင်ရိကလည်း တစ်ဖက်လူ၏ရန်လိုမှုကြောင့် ဒေါသတကြီး ဖြစ်လာခဲ့သည်။ ရှောင်ရိ၏စကားကို ကြားသောအခါ ရင်တန်း၏မျက်လုံးများ အေးစက်သွားပြီး တာအိုအိမ်တော်၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်လိုက်သည်။ သို့သော် သူ၏နေရာကို ဤကလေးနှစ်ယောက်က လုယူသွားခွင့်မပြုနိုင်သောကြောင့် ယုတ်မာစွာကြံစည်ရန် ဆုံးဖြတ်လိုက်သည်။
"ယဲ့မျိုးနွယ်က သူ့ကို စော်ကားထားတယ်ဆိုတော့ ဒီခွေးကလေးနှစ်ကောင်ကို သင်ခန်းစာပေးလိုက်ရင်တောင် နတ်ဧကရာဇ်က ငါ့ကိုအပြစ်တင်မှာ မဟုတ်ဘူး"
"မင်းက ငါနဲ့ တိုက်ပွဲကွင်းပြင်မှာ တိုက်ခိုက်ရဲလား။ ငါ့ကိုအနိုင်ယူနိုင်ရင် ဒီနေရာက သွားခွင့်ပေးမယ်"
ရင်တန်းက ရိုးသားဖြူစင်သော ကလေးများ၏စိတ်ထားကို အရှက်မဲ့စွာဖြင့် အရူးလုပ်လိုခြင်းဖြစ်သည်။
"ငါ မင်းနဲ့ တိုက်ခိုက်မယ်"
ရှောင်ရိက ချက်ချင်းသဘောတူလိုက်သည်။
"ရှောင်ရိ နင် သူ့ကို နိုင်ပါ့မလား"
ဝမ်အာက ရှောင်ရိ၏လက်ကိုဆွဲ၍ စိုးရိမ်တကြီး မေးလိုက်သည်။
"မစိုးရိမ်ပါနဲ့ ဝမ်အာ။ ငါက မင်းကိုကာကွယ်ပေးမယ်လို့ အစ်ကိုကြီးကို ကတိပေးထားတယ်။ သူ့ကို အနိုင်ယူနိုင်ရင် ငါတို့ အိမ်ပြန်နိုင်ပြီ"
ရှောင်ရိက အိမ်ကို ပြန်ချင်ဇောအားကြီးနေသဖြင့် ကလေးပီပီ များစွာမတွေးနိုင်ခဲ့ပေ။
"ကောင်းပြီ။ ဂရုစိုက်နော်"
ခဏအကြာတွင် ဝမ်အာကလည်း ခေါင်းညိတ်၍ သဘောတူလိုက်သည်။ သူတို့နှစ်ယောက်လုံးက ငယ်ရွယ်ဖြူစင်သော ကလေးများဖြစ်သဖြင့် အိမ်ပြန်ချင်စိတ်က လွှမ်းမိုးသွားသောအခါ တာအိုနတ်အဆင့်နှင့် ရွှမ်အဆင့်ကြားမှ ခွန်အားကွာခြားချက်ကို သတိမပြုမိခဲ့ပေ။ ရှောင်ရိက ဝမ်အာ၏ခေါင်းကိုပုတ်၍ နှစ်သိမ့်ကာ ရင်တန်းနှင့်တိုက်ခိုက်ရန် လိုက်ပါလာခဲ့သည်။ တိုက်ပွဲကွင်းပြင်အတွင်း ပုံရိပ်နှစ်ခု ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများက တိုက်ပွဲကြည့်ရှုရန် စုဝေးလာကြသည်။
"ငတုံးကောင် မင်းကများ ငါနဲ့ တိုက်ခိုက်ချင်သေးတယ်ပေါ့။ ကိုယ့်နေရာကို မသိတဲ့ကောင်ပါလား ဟား ဟား"
ရင်တန်းက လှောင်ရယ်လိုက်ပြီး ကွင်းပြင်အတွင်း ရှောင်ရိဝင်ရောက်လာချိန်တွင် အောက်တန်းကျစွာဖြင့် ချောင်းမြောင်းတိုက်ခိုက်လိုက်သည်။ တိုက်ပွဲစတင်ရန် အချက်ပြခြင်းမရှိသောကြောင့် ရှောင်ရိမှာ အငိုက်မိသွားပြီး အဝေးသို့ ဘန်းခနဲလွင့်ထွက်သွားကာ သွေးတစ်လုတ် အန်ချလိုက်ရသည်။ ထိုအချိန်တွင် ကွင်းပြင်၏ပတ်လည်၌ တန်းကုန်းကျောင်းတော်သားများစွာ ရောက်ရှိနေကြပြီဖြစ်သည်။
"ဟား ဟား ရွှမ်အဆင့်တစ်ယောက်က တာအိုနတ်အဆင့်နဲ့ တိုက်ခိုက်ချင်နေတာလား"
"ရင်တန်းက အထူးဒေသရဲ့ နံပတ်တစ်ပါရမီရှင်ပဲ"
လှောင်ရယ်သံများကြားတွင် ရှောင်ရိက မြေပြင်ပေါ်မှ ကုန်းရုန်းထလာခဲ့သည်။
"လူလိမ် တိုက်ပွဲ မစရသေးဘူး"
သူက ရင်တန်းကို အေးစက်စက်စိုက်ကြည့်၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"တိုက်ပွဲစမယ် ဟုတ်လား။ မင်းက ဟာသလုပ်နေတာလား။ တာအိုနတ်အဆင့်တစ်ယောက်ကို မင်းက တကယ်ကြီး အနိုင်ယူနိုင်မယ် ထင်နေတာလား"
ရင်တန်းက လက်နှစ်ဖက်နောက်ပစ်၍ အထက်စီးမှ လှောင်ပြောင်လိုက်ပြန်သည်။ သူက ဤတိုက်ပွဲကို ကျင့်ကြံသူများကြားမှ တရားဝင်တိုက်ပွဲတစ်ခုဟုပင် သတ်မှတ်မထားခဲ့ပေ။
"ယဲ့မျိုးနွယ်ဝင်တွေက ငါတို့ကျောင်းတော်မှာ လာမောက်မာရဲတယ်ပေါ့။ ဂိုဏ်းတူအစ်ကိုရင် ဒီကောင့်ကို သေချာရိုက်နှက်ပေးစမ်း"
တန်းကုန်းကျောင်းတော် အကြီးအကဲများ၏ ကလေးများက လှောင်ပြောင်ရယ်မောနေကြသည်။ သူတို့က ဤနေရာတွင် ထင်ရာစိုင်းခွင့်ရှိသော်လည်း သက်တူရွယ်တူဖြစ်သော ရှောင်ရိနှင့် ဝမ်အာအောက် ကျင့်ကြံဆင့်နိမ့်ကျနေသောအခါ အငုံ့စိတ်များ ဖြစ်ပေါ်လာကာ ရန်လိုနေခြင်းဖြစ်လေသည်။