ထွက်ပြေးရန် ကြံစည်ခြင်း
Vol. 46 Ch. 643
"ရှောင်ရိ ဂရုစိုက်နော်"
ဝမ်အာသည် ရှောင်ရိကို စိုးရိမ်တကြီးအော်ဟစ် သတိပေးနေသော်လည်း ဆက်တိုက်ရိုက်နှက်ခံနေရသော မြင်ကွင်းကြောင့် မျက်လုံးများနီရဲလာခဲ့သည်။ သာမန်သိုင်းပြိုင်ပွဲတစ်ခုတွင် နှစ်ဖက်လုံး အဆင်သင့်မဖြစ်ခင်အချိန်အထိ တိုက်ခိုက်ခွင့် မရှိပေ။ သို့သော် ရင်တန်းက စည်းကမ်းချိုးဖျက်၍ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သောကြောင့် ရှောင်ရိသည်လည်း ဒေါသူပုန်ထနေသည်။ ဤလူက ယဲ့ချန်ပြောဖူးသည့် လူဆိုးမျိုးဖြစ်ရမည်ဟု သတ်မှတ်ကာ တိုက်ခိုက်ရန်အတွက် ပြေးဝင်သွားခဲ့သည်။
"ဟား ဟား ရယ်ရလွန်းလို့ သေတော့မယ်။ ရွှမ်အဆင့်ကလေးတစ်ယောက်က ငါ့ကို တိုက်ခိုက်ချင်တယ်ပေါ့။ ငါများ အမြင်မှားနေတာလား"
ရင်တန်းက လှောင်ပြောင်ရယ်မော၍ လက်ပြန်ရိုက်ချလိုက်သောအခါ ရှောင်ရိမှာ ဘန်းခနဲ လွင့်ထွက်သွားပြန်သည်။ သူက တိုက်ပွဲကွင်းပြင်ကို ဖုံးအုပ်ထားသော အစီအရင်နှင့် ထိမှန်သွားသဖြင့် ပြန်ကန်ထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ငါ မင်းကို အနိုင်ယူမယ်"
ရှောင်ရိက ဒဏ်ရာများကို ဂရုမစိုက်ဘဲ နောက်တစ်ကြိမ် ပြန်ထလာသည်။ သူ၏မျက်လုံးများက သွေးရောင်တောက်ပနေပြီး တောင်ပံမြွေနဂါများ၏ ရက်စက်ကြမ်းကြုတ်သော ဗီဇ နိုးထလာခဲ့သည်။
"ဘန်း ဘန်း ဘန်း"
သူက ရင်တန်းထံ ထပ်ကာထပ်ကာပြေးဝင်နေသော်လည်း ဆက်တိုက်ရိုက်နှက်နေခံရသည်။ ရင်တန်းကမူ ကျင့်ကြံဆင့်နိမ့်သော ကလေးတစ်ယောက်ကို အနိုင်ကျင့်ရသည့်အပေါ် ကျေနပ်ဂုဏ်ယူနေခဲ့သည်။
"ရှောင်ရိ နင် သေသွားလိမ့်မယ်။ မြန်မြန်အရှုံးပေးလိုက်ပါတော့"
တိုက်ပွဲ စတင်ပြီဖြစ်သောကြောင့် အစီအရင် အသက်ဝင်နေသောအခါ ဝမ်အာက ငိုကြွေးနေရုံသာ တတ်နိုင်ခဲ့သည်။ ဒဏ်ရာများစွာ ရနေသော်လည်း သူက လက်မလျှော့ဘဲ ဆက်တိုက်ပြန်ထ၍ တိုက်ခိုက်နေသည်။ တိုက်ပွဲကို တောင်ထိပ်တစ်ခုမှ လန်လန်က စိုက်ကြည့်နေပြီး မျက်မှောင်ကြုတ်နေခဲ့သည်။
"ဒီခွေးကောင်လေးနှစ်ယောက်ရဲ့ စိတ်ခွန်အားနဲ့ ပါရမီက အရမ်းကောင်းမွန်တယ်။ ဒါပေမယ့် ယဲ့မျိုးနွယ်ဝင်တွေ ဖြစ်နေတဲ့အတွက် နတ်ဧကရာဇ်က သူတို့ကိုထိန်းချုပ်မှာ သေချာတယ်"
သူမက ရှောင်ရိနှင့် ဝမ်အာကို ကျင့်ကြံခြင်း သင်ကြားပေးနေသူဖြစ်သော်လည်း နတ်ဧကရာဇ်၏ နောက်လိုက်ခွေးတစ်ကောင်ဖြစ်သောကြောင့် ဆရာတစ်ယောက်၏ စိတ်ထားမျိုး မရှိပေ။ ထို့ကြောင့် ရင်တန်းက ရှောင်ရိကိုနှိပ်စက်နေသည့် မြင်ကွင်းအား အရသာခံ၍ စောင့်ကြည့်နေခဲ့သည်။ ဝမ်အာတွင် ဖီးနစ်ဘုရင်၏ သွေးမျိုးဆက်ပိုင်ဆိုင်ထားသောကြောင့် သူမက မထိပါးရဲသော်လည်း ရှောင်ရိကမူ ကွဲပြားပေသည်။ ရှောင်ရိကို သူမနှင့်မသက်ဆိုင်သကဲ့သို့ မှတ်ယူထားပြီး ဖီးနစ်ဘုရင်မှ မေးခွန်းထုတ်လာလျှင်လည်း ရင်တန်းအပေါ် အပြစ်ပုံချလိုက်ရုံသာဖြစ်သည်။ တိုက်ပွဲကွင်းပြင်ပတ်လည်ရှိ လူတိုင်းက ရှောင်ရိကို လှောင်ပြောင်နေကြသည်။
ရင်တန်း၏နှိပ်စက်မှုကြောင့် ရှောင်ရိ၏တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ ပတ်ဝန်းကျင်၌ သွေးများ ပြန့်ကြဲနေသည်။ သူ၏မျက်လုံးများက စတင်ဝေဝါးလာသော်လည်း အရှုံးမပေးဘဲ ဆက်လက်တိုက်ခိုက်နေသည်။ ကလေးတစ်ယောက်ဖြစ်နေသောကြောင့် စိတ်ထားက ရိုးရှင်းသော်လည်း ဆုံးဖြတ်ချက် အလွန်ခိုင်မာသူဖြစ်သည်။
"ငါက ဘယ်တော့မှမရှုံးဘူး"
ရှောင်ရိက မည်သည်ကိုမှ မမြင်နိုင်တော့သော်လည်း အံကြိတ်၍ ကျင့်စဥ်များကို ထုတ်ဖော်နေသည်။ သူ၏ကိုယ်တွင်းရှိ သွေးကြောများက လက်ရှိအချိန်တွင် ပြင်းထန်စွာ ထိခိုက်နေပြီဖြစ်သည်။
"ဒါဆိုရင် သေစမ်း"
ရင်တန်းက စိတ်မရှည်တော့ဘဲ အလွန်ထက်ရှသော ဓားတစ်ချောင်းကိုထုတ်ယူ၍ ရှောင်ရိ၏နဖူးအား ထိုးစိုက်လိုက်သည်။ တာအိုနတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားပြည့်တိုက်ခိုက်မှု ဖြစ်သောကြောင့် အသတ်ခံရရန် သေချာနေသော်လည်း မည်သူမှ မတားမြစ်ခဲ့ကြပေ။
"ရှောင်ရိ ငါ တောင်းပန်ပါတယ်။ သူ့ကို မသတ်ပါနဲ့။ ဝမ်အာ့ကို တစ်ယောက်တည်း မထားခဲ့ကြပါနဲ့"
ဝမ်အာသည် နန်မန်တိုင်းပြည်စစ်တပ်၏ လက်ချက်ဖြင့် အဘိုးဖြစ်သူ သေဆုံးခဲ့ရသော ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။ သူမ၏မျက်လုံးများမှ ကျဆင်းလာသော မျက်ရည်စက်များက မြေပြင်ထက်တွင် အပြာရောင်မီးတောက်များအဖြစ် ပြောင်းလဲသွားကြသည်။ ရင်တန်း၏ဓားက ရှောင်ရိ၏ခေါင်းကို ထိုးဖောက်ကာနီးတွင် အနက်ရောင်ပုလဲတစ်လုံး ရုတ်တရက်ထွက်ပေါ်လာသဖြင့် တိုက်ပွဲကွင်းပြင်တစ်ခုလုံး အနက်ရောင် ဖုံးလွှမ်းသွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
ထိုပုလဲထံမှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်ကို ခံစားလိုက်ရသဖြင့် ရင်တန်းမှာ ကြောက်ဒူးတုန်သွားခဲ့သည်။
"ဒီခွေးကောင်လေးဆီမှာ ထိပ်တန်းတာအိုလက်နက်တစ်ခု ရှိနေမယ်လို့ မမျှော်လင့်ထားဘူး"
ဤအဖြစ်ကြောင့် တိုက်ပွဲကို စောင့်ကြည့်နေသော လန်လန်က မျက်မှောင်ကြုတ်ရင်း မကျေမနပ်ရေရွတ်လိုက်သည်။ တိုက်ပွဲကွင်းပြင်ကို အနက်ရောင်ဖုံးလွှမ်းနေသဖြင့် မည်သူမှ ထင်ထင်ရှားရှား မမြင်နိုင်တော့ပေ။ ထို့ကြောင့် သူတို့အားလုံးက ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားကြပြီး အဝေးမှသာ စောင့်ကြည့်နေကြသည်။
"ဆရာ"
ပုလဲထံမှ အနက်ရောက်အလင်းများက ရှောင်ရိ၏ကိုယ်ပေါ်သို့ ဖြာကျလာကာ ဒဏ်ရာများကို ကုသပေးလိုက်သည်။
"ခွေးမသား ကောင်းကင်ဝါးမျိုနတ်ဆိုးသခင်ရဲ့ တပည့်ကို အနိုင်ကျင့်ရဲတယ်ပေါ့"
အကြီးအကဲထွင်ထျန်း၏ စကားသံက ပုလဲအတွင်းမှ ဒေါသတကြီး ထွက်ပေါ်လာသည်။ ထို့နောက် ရှောင်ရိက တောင်ပံခြောက်စုံပိုင်ဆိုင်ထားသော မြွေနဂါးကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဧရာမမျက်လုံးများကြီးက ရင်တန်းကို စိုက်ကြည့်နေပြီး ဝိညာဥ်ပုလဲ၏ အားဖြည့်ပေးမှုကြောင့် သူ၏အရှိန်အဝါက ဝုန်းခနဲ မြင့်တက်လာခဲ့သည်။ သူ၏ကိုယ်တွင်းမှ ကောင်းကင်ချီများက ဆူနာမီလှိုင်းလုံးကြီးများပမာ ထွက်ပေါ်လာကြပြီး ဦးနှောက်အတွင်း၌ တစ်စုံတစ်ခုကျိုးပျက်သွားသဖြင့် ခေါင်းကိုက်သွားခဲ့သည်။ ထို့နောက် ကျင့်စဥ်များ၊ သိုင်းပညာများနှင့် လျှို့ဝှက်ကျင့်စဥ်များက သူ၏စိတ်အတွင်း တဟုန်ထိုး ထွက်ပေါ်လာခဲ့သည်။ ဤကား တောင်ပံမြွေနဂါးမျိုးနွယ်စု၏ အမွေအနှစ်များ ဖြစ်သည်။ ဤမျိုးနွယ်က ကျင့်ကြံခြင်းအတွက် အခြားလူများထံမှသင်ယူရန် မလိုအပ်ဘဲ အခြေအနေတစ်ခုသို့ရောက်လျှင် စိတ်အတွင်း၌ အလိုလျောက်ထွက်ပေါ်လာကာ အမွေဆက်ခံနိုင်စွမ်း ရှိသည်။ မျိုးနွယ်အမွေအနှစ်ကိုရရှိပြီးနောက် ရှောင်ရိ၏ကျင့်ကြံဆင့်က တရစပ်မြင့်တက်လာကာ တာအိုနတ်အဆင့်တစ်သို့ ချိုးဖျက်တက်ရောက်သွားခဲ့သည်။
ရင်တန်းမှာ နေရာတွင် ကြောက်စိတ်ကြောင့် မင်သက်နေပြီး ကောင်းကင်ထက်ရှိ ဧရာမမြွေနဂါးကြီးကို စိုက်ကြည့်နေမိသည်။ ရှောင်ရိသည် ကလေးတစ်ယောက်အဖြစ်မှ ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင်ဖြစ်လာပြီး သူ့ကို စိုက်ကြည့်နေသဖြင့် တစ်ကိုယ်လုံး တုန်ခါနေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ ဒီကောင်က တာအိုနတ်အဆင့်တစ် မဟုတ်ဘူးလား"
ရင်တန်းသည် တာအိုနတ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ဖြစ်သောကြောင့် အဆင့်တစ်ကျင့်ကြံသူကို ကြောက်စရာမလိုသော်လည်း ရှောင်ရိ၏အကြည့်ကြောင့် တစ်လက်မပင် နေရာမရွေ့ရဲတော့ပေ။
"သေစမ်း ဘုန်း ဘုန်း ဘုန်း"
ရှောင်ရိက ဒေါသတကြီးကြုံးဝါး၍ ဧရာမအမြှီးကြီးဖြင့် ရင်တန်းကို ဆက်တိုက်ရိုက်ချလိုက်သည်။ တာအိုနတ်အဆင့်များ၏ တိုက်ပွဲကြောင့် တိုက်ပွဲကွင်းပြင်တစ်ခုလုံး တဝုန်းဝုန်း လှုပ်ခါနေသည်။ ရင်တန်းမှာ ဝဋ်လည်နေခဲ့ပြီး ဆက်တိုက်လွင့်ပျံနေကာ ပါးစပ်အတွင်းမှ သွေးများ မရပ်မနား အန်ထွက်လာခဲ့သည်။ တာအိုနတ်အဆင့်သုံး ကျင့်ကြံသူတစ်ယောက်က ရှောင်ရိ၏ခွန်အားရှေ့မှောက်တွင် တစ်ချက်ပင် မခုခံနိုင်ခဲ့ပေ။ ဤအဖြစ်ကြောင့် လန်လန်မှာလည်း တုန်လှုပ်သွားခဲ့ပြီး ရှောင်ရိ၏အမွေအနှစ်က အလွန်အစွမ်းထက်ကြောင်းမှလွဲ၍ မည်သည်ကိုမှ နားမလည်နိုင်တော့ပေ။ ထိုအချိန်တွင် သူမ၏မျက်နှာကို အပူလှိုင်းတစ်ခုဟပ်လာသဖြင့် အလန့်တကြား စစ်ဆေးလိုက်သောအခါ ဝမ်အာကို အပြာရောင်မီးလျှံများ လွှမ်းခြုံနေပြီး ဖီးနစ်သဏ္ဍာန်တစ်ခု ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရသည်။ အသက်ခုနစ်အရွယ် ကလေးနှစ်ယောက်က တာအိုနတ်အဆင့်သို့ တပြိုင်နက် ချိုးဖျက်ခဲ့သောကြောင့် ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် သူတို့က အနာဂတ်တွင် ကြောက်မက်ဖွယ်တည်ရှိမှုများ ဖြစ်လာပေလိမ့်မည်။
တိုက်ပွဲကိုကြည့်ရှုရင်း လှောင်ပြောင်နေကြသူများမှာလည်း အမြှီးကုပ်၍ ထွက်ပြေးသွားခဲ့ကြသည်။ ဝမ်အာ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အပူလှိုင်းများကြောင့် ပြာကျသွားမည်ကို သူတို့က ကြောက်လန့်နေခြင်းဖြစ်သည်။ တိုက်ပွဲကွင်းပြင်အတွင်း၌ ရင်တန်းက ဆက်တိုက်ရိုက်နှက်ခံနေရပြီး အခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် ရင်တန်းက မြေပြင်တွင် ခွေးသေတစ်ကောင်ပမာ စုတ်ပြတ်နေအောင် တိုက်ခိုက်ခံခဲ့ရသဖြင့် ထပင်မထနိုင်တော့ချေ။ အားနည်းသူကိုသာ အနိုင်ကျင့်တတ်သူပီပီ သူရဲဘောကြောင်စွာဖြင့် ဒူးထောက်တောင်းပန်နေခဲ့သဖြင့် ရှောင်ရိက သတ်ဖြတ်ခြင်းမပြုဘဲ တိုက်ပွဲကွင်းပြင်အတွင်းမှ ထွက်ခွာလာခဲ့သည်။
"ရှောင်ရိ"
မျက်ရည်များဖုံးလွှမ်းနေသော ဝမ်အာက သူ့ထံပြေးဝင်လာပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ဝမ်အာ ငါ အဆင်ပြေပါတယ်။ မင်းကို အမြဲတမ်း ကာကွယ်ပေးမယ်"
ရှောင်ရိက သူမ၏ကျောပြင်ကို လက်တစ်ဖက်နှင့်ပွတ်သပ်၍ နှစ်သိမ့်ပေးလိုက်သည်။ သူ၏မျက်နှာထက်တွင် ယုံကြည်မှုရှိသော အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့သည်။
"ဟုတ်"
ငိုကြွေးနေသော ဝမ်အာ၏ မျက်နှာထက်တွင်လည်း လှပသောအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ဤဖြစ်ရပ်ကို အဝေးမှစောင့်ကြည့်နေသော စစ်ဧကရာဇ်လန်လန်ကမူ စိုးရိမ်တကြီးဖြစ်နေပြီး သူတို့ကို ကြီးပြင်းမလာခင် ထိန်းချုပ်ရန် နည်းလမ်းများ ဆက်တိုက်စဥ်းစားနေခဲ့သည်။
ညအချိန်တွင် ရှောင်ရိနှင့် ဝမ်အာက မီးပုံတစ်ခုဘေးတွင် ဝမ်းနည်းစွာဖြင့် ထိုင်နေကြသည်။
"ရှောင်ရိ အစ်ကိုကြီးကို လွမ်းလိုက်တာဟယ်"
"ဝမ်အာ ငါလည်း အစ်ကိုကြီးကို သတိရတယ်"
ရှောင်ရိက ရင်တန်းကို အနိုင်ယူနိုင်ခဲ့သော်လည်း လူယုတ်မာများ ပြည့်နှက်နေသည့် ဤနေရာတွင် ဆက်လက်နေထိုင်လိုစိတ် မရှိတော့ပေ။
"ထွက်ပြေးရအောင်"
ဝမ်အာက မီးပုံကို အချိန်ကြာမြင့်စွာ ငေးကြည့်နေရင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။ ထိုအချိန်တွင် လူရိပ်ငါးခုက သူတို့နှင့်မနီးမဝေးရှိ ကျောက်တုံးများကြားမှ ထွက်ပေါ်လာခဲ့သည်။
"ဘယ်သူတွေလဲ"
ရှောင်ရိက ချက်ချင်းမတ်တပ်ထရပ်၍ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
"ရှောင်ရိ ဦးလေးတို့ပါ"
အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်ငါးယောက်က ထွက်ပေါ်လာပြီး ယဲ့ချန်က ရှောင်ရိနှင့်ဝမ်အာကို ကယ်တင်ရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။ သူတို့အားလုံးကို ရှောင်ရိက ယဲ့တောင်ကြားတွင် မြင်ဖူးထားခဲ့သည်။ ယဲ့ချန်က သူတို့နှစ်ယောက်ကို ပစ်မထားသောကြောင့် အလွန်ပျော်ရွှင်နေခဲ့သည်။
"ခေါင်းဆောင်က မင်းတို့ကိုပြန်ခေါ်လာဖို့ အမိန့်ပေးလိုက်တယ်။ ထွက်ပြေးကြရအောင်"
အုပ်စုကို ခေါင်းဆောင်လာသော ယဲ့မြောင်က လေသံတိုးတိုးနှင့် ပြောလိုက်ခြင်းဖြစ်သည်။ တန်းကုန်းကျောင်းတော်အတွင်း ခိုးဝင်နိုင်ရန်အတွက် သူက များစွာအားထုတ်ခဲ့ရပြီး အစောင့်များကို လာဘ်ထိုးခဲ့သည်။ ကံကောင်းစွာဖြင့် လုံခြုံရေးက များစွာမတင်းကျပ်သောကြောင့် သူတို့က အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။ နတ်ဧကရာဇ်လင်းဖန်၏ သဘောထားကို သိလိုက်ရသောအချိန်မှစတင်၍ ယဲ့ချန်သည် ရှောင်ရိနှင့်ဝမ်အာကို တန်းကုန်းကျောင်းတော်ထံ ပို့ဆောင်ခဲ့မိခြင်းအပေါ် နေ့တိုင်း နောင်တရနေခဲ့သည်။ သူက တာအိုအိမ်တော်မှ လွတ်မြောက်လာပြီးနောက် ရှောင်ရိနှင့် ဝမ်အာကို ကယ်တင်ရန်အတွက် နောက်လိုက်အချို့ကို တာဝန်ပေးခဲ့သည်။ ရှောင်ရိနှင့် ဝမ်အာက ယဲ့မျိုးနွယ်သို့ ပြန်ရတော့မည်ဖြစ်သောကြောင့် ယဲ့မြောင်နှင့်အတူ ပျော်ရွှင်စွာ လိုက်ပါလာခဲ့ကြသည်။
"တန်းကုန်းကျောင်းတော်ကို လူတိုင်းကြိုက်သလို ဝင်ထွက်နိုင်တဲ့နေရာများ ထင်နေတာလား"
သို့သော်လည်း ကံတရားက ရက်စက်လွန်းသောကြောင့် ထိုအုပ်စု၏ရှေ့တွင် စစ်ဧကရာဇ်လန်လန်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူမက စစ်ဧကရာဇ်အဆင့် အရှိန်အဝါကို ထုတ်ဖော်ကာ အေးစက်စက်မေးခွန်းထုတ်၍ နှာခေါင်းရှုံ့လိုက်လေသည်။