← Chapters

ရန်သူ၏ရန်သူနှင့် မဟာမိတ်ဖွဲ့ခြင်း

Vol. 46 Ch. 644

ရန်သူ၏ရန်သူနှင့် မဟာမိတ်ဖွဲ့ခြင်း

Vol. 46 Ch. 644

တန်းကုန်းကျောင်းတော်၏ လုံခြုံရေးက ပေါ့လျော့သော်လည်း စစ်ဧကရာဇ်တစ်ယောက်က ရှောင်ရိနှင့် ဝမ်အာကို စောင့်ကြည့်နေသည်။ ထို့ကြောင့် ယဲ့မြောင်တို့ရောက်ရှိလာသည်ကို လန်လန်က သိရှိထားပြီးဖြစ်ကာ ထောင်ချောက်ဆင်ဖမ်းဆီးခဲ့သည်။

"ရှောင်ရိ ဝမ်အာ ထွက်ပြေးကြတော့"

ယဲ့မြောင်က ရင်ထိတ်သွားပြီး အော်ဟစ်သတိပေးကာ ကျန်လေးယောက်နှင့်အတူ လန်လန်ကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။ သို့သော်လည်း ခွန်အားချင်းကွာခြားလွန်းသောကြောင့် သူမက လက်ဟန်များပြုလုပ်၍ စွမ်းအားတံဆိပ်တစ်ခု ဖန်တီးကာ ရိုက်ချလိုက်သောအခါ ငါးယောက်လုံး လွင့်ထွက်သွားကြသည်။

"မင်းတို့က ဘယ်ကို ထွက်ပြေးချင်နေတာလဲ"

လန်လန်က အဝေးသို့ပျံသန်း ထွက်ပြေးနေသော ကလေးနှစ်ယောက်ကို အလွယ်တကူဖမ်းဆီးလိုက်သည်။ စစ်ဧကရာဇ်တစ်​ယောက်၏ ခွန်အားကို တာအိုနတ်အဆင့်ခွန်အားက မယှဥ်နိုင်သောကြောင့် ကြက်ကလေးငှက်ကလေးများသဖွယ် ဖမ်းချုပ်ခံလိုက်ရသည်။

"ခွေးမကြီး ငါတို့ကို လွှတ်ပေးစမ်း"

သူတို့က အော်ဟစ်ရုန်းကန်နေသော်လည်း သူမ၏ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ခဲ့ပေ။

"သူတို့ကိုဖမ်းပြီး ငါ့နောက်က လိုက်ခဲ့စမ်း။ နတ်ဧကရာဇ်ကို သွားတွေ့ရမယ်"

လန်လန်က ကလေးနှစ်ယောက်ကိုဖမ်းဆီး၍ တာအိုအိမ်တော်၏ အဓိကခန်းမထံ ဦးတည်သွားခဲ့သည်။ ယဲ့မြောင်တို့ငါးယောက်ကို ဖမ်းဆီးလာရန်အတွက် သူမက နောက်လိုက်များကို အမိန့်ပေးထားခဲ့သည်။ ညအမှောင်က ပို၍သိပ်သည်းလာပြီး အရာအားလုံး ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။

ရက်အနည်းငယ်အကြာတွင် ယဲ့ချန်သည် ချန်းလိုင်၏ ဆေးဆိုင်ငယ်အတွင်း ရောက်ရှိနေခဲ့သည်။

"ဒီသတင်းက သေချာလား"

သူက မျက်မှောင်ကြုတ်၍ မေးလိုက်ခြင်းဖြစ်သည်။ ယဲ့မြောင်တို့ကို တာအိုအိမ်တော်မှ ဖမ်းဆီးသွားသည်ဟူသော သတင်းကို ချန်းလိုင်က ပြောပြခဲ့သည်။ ရှောင်ရိနှင့် ဝမ်အာမှာလည်း ထိန်းသိမ်းခံထားရသည်။ သူက ယဲ့မြောင်တို့ကို မလိုအပ်လျှင် မတိုက်ခိုက်ရန် အမိန့်ပေးထားခဲ့သော်လည်း ကလေးနှစ်ယောက်ကို မကယ်တင်နိုင်ခဲ့ပေ။

"သေချာတယ်။ ဒီသတင်းက တာအိုအိမ်တော်အတွင်းပိုင်းက လာတာဖြစ်လို့ သံသယဝင်စရာ မရှိဘူး"

ချန်းလိုင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းက တာအိုအိမ်တော်ရဲ့လူဆိုရင် ဘာကြောင့် ငါ့ကို ဒီသတင်း ပြောပြနေတာလဲ"

ယဲ့ချန်က အချက်တစ်ချက်ကို ထောက်ပြလိုက်သည်။

"ရှင်းပါတယ်ကွာ။ ငါတို့ခေါင်းဆောင်က လင်းဖန် မဟုတ်လို့ပေါ့"

ချန်းလိုင်က တစ်ချက်ပြုံး၍ ဖြေလိုက်သည်။ ဤအချက်ကို ယဲ့ချန်ကလည်း ကြိုတင်မှန်းဆထားပြီးဖြစ်သည်။ အကယ်၍ တစ်ဖက်လူကသာ လင်းဖန်ဖြစ်နေလျှင် ချန်းလိုင်ခေါ်ယူထားသော ယဲ့မျိုးနွယ်ဝင်များမှာ ထိန်းချုပ်ခံရပေလိမ့်မည်။ လက်ရှိတွင် ချန်းလိုင်ကလည်း အတည်ပြုပေးခဲ့သဖြင့် သူက စိတ်အေးသွားရသည်။

"ခေါင်းဆောင်ကရော တာအိုအိမ်တော်သခင်ရာထူးအတွက် တိုက်ခိုက်ချင်နေတာလား"

သူက ချန်းလိုင်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ မေးလိုက်သည်။ တစ်ဖက်လူက စစ်ဧကရာဇ်လောင်းများစွာကို တပည့်အဖြစ် လက်ခံခဲ့သောကြောင့် အင်အားစုတစ်ခု ဖန်တီးနေကြောင်း သိသာသည်။ ထို့ကြောင့် ချန်းလိုင်နောက်ကွယ်ရှိ ဆန်းကျယ်သော ခေါင်းဆောင်မှာ တာအိုအိမ်တော်သခင်ရာထူးအတွက် လင်းဖန်ကိုယှဥ်နိုင်သူ ဖြစ်ပေလိမ့်မည်။

"ဒီအကြောင်းတော့ ငါလည်း မသိဘူး။ နောက်လိုက်တွေဖြစ်တဲ့အတွက် ခေါင်းဆောင် ဘာတွေစဥ်းစားနေလဲဆိုတာကို မခန့်မှန်းချင်ဘူး"

ချန်းလိုင်က ပခုံးတစ်ချက်တွန့်ပြ၍ ခေါင်းယမ်းလိုက်သည်။

"ခေါင်းဆောင်က ကလေးနှစ်ယောက်နဲ့ ယဲ့မြောင်တို့ကို ကာကွယ်ပေးနိုင်စွမ်းရှိလား"

ယဲ့ချန်က လမ်းစတစ်ခု ရှာတွေ့သွားသဖြင့် အလောတကြီး မေးလိုက်ခြင်းဖြစ်သည်။

"ဒီကိစ္စကို စိတ်ချထားလိုက်ပါ။ ခေါင်းဆောင်ကို ငါ မေးကြည့်ပြီးပြီ။ နတ်အစေခံဆယ်ယောက်ထဲက ဖီးနစ်ဘုရင်က ဝမ်အာကို သဘောကျနေတယ်။ သူမက ဖီးနစ်သွေးမျိုးဆက်ပိုင်ဆိုင်ထားတဲ့အပြင် ပါရမီလည်း ထူးချွန်တယ်။ ခေါင်းဆောင်က ဖီးနစ်ဘုရင်ကို ဒီအကြောင်းသတင်းပို့လိုက်ရင် ကလေးနှစ်ယောက်အတွက် စိတ်ပူစရာမလိုတော့ဘူး။ ယဲ့မြောင်တို့ငါးယောက်ကို ကာကွယ်ပေးဖို့လည်း သူ့အတွက် မခက်ခဲဘူး"

ချန်းလိုင်က ခေါင်းညိတ်၍ ဖြေလိုက်သည်။

"ဒါဆိုရင် အပြန်အလှန်အနေနဲ့ ခေါင်းဆောင်က ဘာလိုချင်တာလဲ။ လင်းဖန်လိုမျိုး ယဲ့မျိုးနွယ်ကို ထိန်းချုပ်ချင်တာကလွဲရင် ကျန်တာအကုန် အဆင်ပြေတယ်"

ယဲ့ချန်က ဆီပေးမှဆန်ရမည့် သဘောတရားကို နားလည်ထားသဖြင့် သူ့ဘက်မှ စတင်မေးမြန်းလိုက်သည်။

"ခေါင်းဆောင်က လင်းဖန်လိုမျိုး အောက်တန်းမကျပါဘူး။ သူက ယဲ့မျိုးနွယ်ကို မထိန်းချုပ်ချင်ဘူး။ သူက မဟာမိတ်ဖွဲ့ချင်တာသာ ဖြစ်တယ်။ ငါတို့က မင်းအတွက် ကလေးနှစ်ယောက်နဲ့ ယဲ့မြောင်တို့လူစုကို ကာကွယ်ပေးမယ်"

ချန်းလိုင်က အာမခံလိုက်ခြင်းဖြစ်သည်။

"ဘယ်လိုမဟာမိတ်မျိုးလဲ"

"လိုအပ်လာရင် ယဲ့မျိုးနွယ်က သူ့ကို ထောက်ခံပေးရမယ်"

ချန်းလိုင်က တစ်လုံးချင်းဖြေလိုက်သည်။ သူ၏စကားကြောင့် ခေါင်းဆောင်မှာ တာအိုအိမ်တော်သခင်ရာထူးကို လုယူရာတွင် ယဲ့မျိုးနွယ်ကို နောက်ခံအဖြစ်လိုချင်နေကြောင်း ယဲ့ချန်က နားလည်လိုက်သည်။ အကယ်၍ ခေါင်းဆောင်သာ တာအိုအိမ်တော်သခင်ဖြစ်လာလျှင် လင်းဖန်ထက် ပို၍ကောင်းမွန်ပေလိမ့်မည်ဟု သူက ခံစားနေရသည်။

"လောလောဆယ်မှာ ငါတို့က အရမ်းအားနည်းပြီး စစ်ဧကရာဇ်တစ်​ယောက်တောင် မရှိဘူး။ ခေါင်းဆောင်ကို ဘယ်လိုထောက်ပံ့ပေးနိုင်မှာလဲ"

ယဲ့ချန်က သက်ပြင်းတစ်ချက်ချ၍ ပြောလိုက်သည်။

"ဟား ဟား ညီလေးယဲ့က ကိုယ့်ကိုကိုယ် အထင်သေးမနေစမ်းပါနဲ့။ ယဲ့မျိုးနွယ်မှာ စစ်ဧကရာဇ်တစ်ယောက်တောင် မရှိပေမယ့် နတ်အစေခံဆယ်ယောက်လုံး အာရုံစိုက်တာ ခံနေရတယ်။ ပြီးတော့ မင်းရဲ့ကိုယ်ပွားတစ်ခုက လူသားနတ်ဘုရားနယ်မြေရဲ့ အဆင့်ကိုးကို တက်ရောက်နိုင်ခဲ့တယ်။ သားရဲနတ်ဘုရားနယ်မြေရဲ့ အဆင့်ကိုးကိုရောက်နေတဲ့ ပါရမီရှင်ကလည်း မင်းနဲ့ဆက်စပ်နေဖို့ များတယ်။ မင်းသာ မျှော်စင်ကနေပြန်ထွက်လာရင် ယဲ့မျိုးနွယ်ရဲ့အဆင့်အတန်းက လုံးဝကွာခြားသွားပြီလေ"

ချန်းလိုင်က ခေါင်းယမ်း၍ ကျေနပ်စွာ ရယ်မောလိုက်သည်။

"ဒါဆိုရင် အစ်ကိုချန်းကပဲ ကျုပ်ကိုယ်စား ခေါင်းဆောင်ကို ကျေးဇူးတင်စကားပြောပေးပါ။ ယဲ့မျိုးနွယ်က ဒီကျေးဇူးကြွေးကို ပြန်လည်ပေးဆပ်ပါမယ်"

ယဲ့ချန်က လေးနက်စွာ ကတိပေးလိုက်သည်။

"ညီလေးယဲ့ကိုယ်တိုင် ဒီလိုပြောမှတော့ စိတ်ချပါပြီ။ ခေါင်းဆောင်ကိုယ်တိုင်က မင်းကို သစ္စာရှိပြီး ကိုယ်ကျင့်တရားကောင်းတဲ့လူလို့ သတ်မှတ်ထားတယ်။ ဒါကြောင့် ငါတို့က လုံးဝယုံကြည်ပါတယ်။ ငါ့ဘဝမှာ ခေါင်းဆောင်က လူတစ်ယောက်ကို ဒီလောက်အထိချီးကျူးတာ ပထမဆုံး ကြားဖူးတာပဲ"

ချန်းလိုင်က ယဲ့ချန်ကို ချီးကျူးလိုက်သည်။ တစ်ဖက်လူက ကောင်းကင်မူလတိုက်သို့ ယဲ့ချန်ရောက်လာချိန်မှစတင်၍ စောင့်ကြည့်နေခဲ့ပုံပေါ်သည်။ ခေါင်းဆောင်က တာအိုအိမ်တော်သခင်ရာထူးအတွက် လင်းဖန်နှင့်ယှဥ်ပြိုင်မည်ဆိုလျှင် ရန်သူ၏ရန်သူဖြစ်သောကြောင့် ယဲ့မျိုးနွယ်၏မိတ်ဆွေဟု သတ်မှတ်နိုင်သည်။ ထို့အပြင် ခေါင်းဆောင်က အဆင့်အတန်းမြင့်မားပြီး အာဏာတစ်ခုပိုင်ဆိုင်ထားသောကြောင့် သူနှင့်မဟာမိတ်ဖွဲ့ခြင်းက အကျိုးမယုတ်ပေ။

"အစ်ကိုချန်း ဒါဆိုရင် ကျုပ်ကို ခွင့်ပြုပါဦး"

"ကောင်းပြီ"

သဘောတူညီမှုပြုလုပ်ပြီးနောက် ယဲ့ချန်က ဆေးဆိုင်ငယ်အတွင်းမှ ထွက်ခွာသွားခဲ့သည်။ ရက်အနည်းငယ်အကြာတွင် ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မျိုးနွယ်ဝင်ငါးယောက်၏အသက်ကို ကယ်တင်နိုင်ခဲ့ကြောင်း ချန်းလိုင်မှ သတင်းပို့လာသည်။ သို့သော် သူတို့က တန်းကုန်းကျောင်းတော်မှ ထွက်ပြေးရန် ကြိုးစားခဲ့သဖြင့် အပြစ်ပေးခံရခြင်းမှ မလွတ်မြောက်နိုင်ပေ။ ရှောင်ရိနှင့် ဝမ်အာက အကျယ်ချုပ်၂နှစ် ထိန်းသိမ်းခံရမည်ဖြစ်ပြီး ယဲ့မျိုးနွယ်ဝင်ငါးယောက်က ၂၀နှစ် အကျဥ်းကျခံရပေလိမ့်မည်။ ဤသတင်းကြောင့် ယဲ့ချန်မှာ စိတ်အေးသွားခဲ့ရပြီး အသက်ကသာ အရေးအကြီးဆုံးဖြစ်သောကြောင့် နှစ်အနည်းငယ်ဖမ်းဆီးခံရခြင်းက ပြဿနာမဟုတ်ပေ။ ကျင့်ကြံသူများအတွက် တံခါးပိတ်ကျင့်စဥ်ဝင်ခြင်းနှင့်ပင် ဆင်တူပေသည်။ လက်ရှိတွင် ယဲ့မျိုးနွယ်က လင်းဖန်ကို မဆန့်ကျင်နိုင်သောကြောင့် သည်းခံနေရုံသာတတ်နိုင်ပြီး အစွမ်းထက်လာသော တစ်နေ့မှသာ ပြန်လည်စိန်ခေါ် လက်စားချေရပေလိမ့်မည်။ ဤစီရင်ချက်က ရှောင်ရိ၊ ဝမ်အာနှင့် ယဲ့မျိုးနွယ်ဝင်ငါးယောက်အတွက် တရားမျှတမှုမရှိသော်လည်း ယဲ့မျိုးနွယ်အနေဖြင့် တတ်နိုင်သောအရာ များစွာမရှိချေ။

ရှောင်ရိနှင့်ဝမ်အာကို တာအိုအိမ်တော်မှ ဖမ်း​ဆီးထားသည်ဟူသော သတင်းကို ယဲ့မျိုးနွယ်ဝင်များ သိသွားသောအခါ ယမ်းပုံမီးကျ ဒေါသထွက်ကုန်သည်။ သူတို့က ဤကလေးနှစ်ယောက်ကို သွေးသားရင်းချာများသဖွယ် သဘောထားသောကြောင့် လက်ရှိတွင် မကယ်တင်နိုင်သောအခါ ကျင့်ကြံရာ၌ ပိုမိုအားစိုက်ထုတ်လာကြသည်။ ကောင်းကင်မူလတိုက်ကြီးတွင် ချီပင်လယ်များကို ဖိနှိပ်ထားသောကြောင့် အချိန်ကုန်မြန်ဆန်နေပြီး တစ်နှစ်ဆိုသော အချိန်က မသိလိုက်ဖာသာဖြင့် ကျော်လွန်သွားခဲ့သည်။

ယဲ့ချန်သုံးယောက်တွင် နံပတ်နှစ်က ကျိယွမ်ကြယ်ပေါ်တွင် ရောက်ရှိနေပြီး နံပတ်သုံးက လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးအတွင်း ကျင့်ကြံနေသည်။ နံပတ်တစ်ကမူ ယဲ့မျိုးနွယ်ဝင်များ၏ ကျင့်ကြံရေးအတွက် ဦးဆောင်နေသည်။ ကျင့်ကြံသူများအတွက် အချိန်တစ်နှစ်က မျက်တောင်တစ်ခတ်စာသာဖြစ်၍ ယဲ့ချန်က ရှောင်ရိနှင့်ဝမ်အာ၏ သတင်းကို စုံစမ်းရန်အတွက် လူများစွာ စေလွှတ်ခဲ့သော်လည်း မည်သည့်နေရာ၌ ဖမ်းချုပ်ထားကြောင်း မသိခဲ့ရပေ။ သူက ရှင်းဟိုင်ကြယ်သို့ သွားရောက်လည်ပတ်၍ ထန်တိုက်လင်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။ သူမ၏ဝမ်းဗိုက်က အနည်းငယ်ဖောင်းကားနေသဖြင့် သူက မွေးဖွားလာမည့် ရင်သွေးလေး၏ပုံသဏ္ဍာန်ကို တွေးကြည့်​နေမိသည်။ ထန်တိုက်လင်က ၎င်းကို ကောင်းစွာဖုံးကွယ်ထားနိုင်သဖြင့် ရှင်းဟိုင်ဒေသရှိ မည်သူမှ သူတို့၏နံပတ်တစ်ပါရမီရှင်မှာ ယဲ့ချန်၏ကိုယ်ဝန်ကို လွယ်ထားရကြောင်း မသိခဲ့ကြပေ။

ယဲ့ချန်က ယဲ့လော့နှင့် နင်အာကို သွားရောက်တွေ့ဆုံခဲ့သော်လည်း လက်မှိုင်ချ၍ ပြန်လာရသည်။ နင်အာက သားရဲနတ်ဘုရားမျှော်စင်မှ ပြန်ထွက်မလာသေးသည့်အပြင် ယဲ့လော့ကလည်း ကောင်းကင်ဘုံများအတွင်း သွားရောက်ကျင့်ကြံနေသည်။

"မျှော်စင်ရဲ့အဆင့်ကိုးကို ရောက်နေတာက နင်အာများလား"

ယဲ့ချန်က စိတ်ထဲတွင် ဤသို့တွေးမိလိုက်သည်။ သူက ထိုမိန်းကလေးနှစ်ယောက်ကို စောစောစီးစီးသွားမတွေ့မိခဲ့ခြင်းအတွက် နောင်တအနည်းငယ်ရနေသည်။ အချိန်ကြာမြင့်လာသောအခါ လင်ယုသည်လည်း သူတော်စင်သစ်သီးများ ရိတ်သိမ်း၍ စီးပွားရေး ပြန်လည်စတင်ခဲ့သည်။ ဝိညာဥ်များနှင့်ပေါင်းစပ်ထားသော ယဲ့မျိုးနွယ်ဝင်များ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စမ်းသပ်စစ်ဆေးရန် ယဲ့ပင်းက တာဝန်ယူထားသည်။ လက်ရှိတွင် ယဲ့မျိုးနွယ်နှင့် ကြယ်ခန်းမတွင် ပေါင်းစပ်နှုန်းငါးဆယ်ကျော်သူ ၁၁၆၀ယောက် ၊ခြောက်ဆယ်ကျော်သူ ၃၁၀ယောက်နှင့် ခုနစ်ဆယ်ကျော်သူ ၁၆ယောက် ပိုင်ဆိုင်ထားသည်။ ဤအကြောင်းကိုသာ လူသိရှင်ကြားထုတ်ဖော်လိုက်လျှင် ကောင်းကင်မူလတိုက်တစ်ခွင် တုန်ခါသွားပေလိမ့်မည်။ ဤအရေအတွက်က ကြယ်သခင်ရှင်း၏ခေတ်မှ စွမ်းအားမျိုးနှင့် ယှဥ်ပြိုင်နိုင်သည်။ အတိတ်တွင် ကြယ်သခင်ရှင်း၏လက်အောက်၌ စစ်ဧကရာဇ်အယောက်ရှစ်ရာကျော် ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်မူလကြယ်၏ အင်အားအကြီးဆုံး ခေတ်ကာလဖြစ်သည်။ ယဲ့ချန်သည်လည်း ကောင်းကင်မူလကြယ်သို့ ဤဂုဏ်သရေမျိုး ပြန်လည်ယူဆောင်ပေးနိုင်တော့မည်ဖြစ်သည်။

ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ငါးဆယ်ကျော်သူတိုင်းကို ဝိညာဥ်များနှင့် ပေါင်းစည်းခဲ့သောကြောင့် တစ်နှစ်အတွင်း သူတို့၏ကျင့်ကြံဆင့်က ခုန်ပေါက်တိုးတက်လာသည်။ တာအိုနတ်အဆင့်သို့ ကျင့်ကြံသူရှစ်ရာကျော် ချိုးဖျက်တက်ရောက်နိုင်ခဲ့ပြီး အယောက်သုံးဆယ်ကျော်က တာအိုနတ်အဆင့်တစ်ဆယ်အထိ ရောက်ရှိနေကြသည်။ ဤကျင့်ကြံနှုန်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်အောင် ​မြန်ဆန်နေပြီး သာမန်ကျင့်ကြံသူများအနေဖြင့် စိတ်ကူးကြည့်၍ပင် ရမည်မဟုတ်ချေ။ ယဲ့ချန်၏ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးပေါ်တွင် ပေါက်ဖွားလာသော ဝိညာဥ်များနှင့် ပေါင်းစပ်ပြီးနောက် ယဲ့မျိုးနွယ်ဝင်များမှာ စကြဝဠာ၏ အဆင့်သုံးမျိုးနွယ်များအကြားတွင် အသန်မာဆုံးနီးပါး ဖြစ်လာခဲ့သည်။

လက်ရှိတွင် ယဲ့မျိုးနွယ်အတွက် စစ်ဧကရာဇ်များ အရေးတကြီးလိုအပ်နေသောကြောင့် ယဲ့ချန်က တာအိုနတ်အဆင့်တစ်ဆယ် ကျင့်ကြံသူများအတွက် အရင်းအမြစ်များစွာ ထောက်ပံ့ပေးခဲ့သည်။ သို့သော်လည်း တာအိုနတ်အဆင့်နှင့် စစ်ဧကရာဇ်အဆင့်ကြားတွင် အတားအဆီးက အလွန်ခိုင်မာပြီး ချိုးဖျက်နိုင်ရန် အခွင့်အလမ်းအချို့ လိုအပ်နေဆဲပင်ဖြစ်သည်။

"ဒါက ပေါင်းစပ်နှုန်းရှစ်ဆယ်ကျော်တဲ့ ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းအားလား။ တစ်နှစ်အတွင်းမှာတင် သူမက ချီပင်လယ်အဆင့်ကနေ လက်ရှိကျင့်ကြံဆင့်အထိ ရောက်လာခဲ့တယ်။ နောက်ထပ်နှစ်ဝက်အတွင်းမှာတင် စစ်ဧကရာဇ်အဆင့်ကို ချိုးဖျက်နိုင်တော့မယ်"

"ထန်တိုက်လင်က တာအိုနတ်အဆင့်တစ်ဆယ်မှာ သုံးလကြာအောင် ပိတ်မိနေခဲ့တယ်။ လက်ရှိမှာ သူမရဲ့ခွန်အားက ပြည့်စုံသွားပြီဖြစ်လို့ စစ်ဧကရာဇ်အဆင့်ကို တက်နိုင်အောင် ကြိုးစားတာက အဆန်းမဟုတ်ပါဘူး"

"မြင့်မြတ်ဝိညာဥ်ဒေသရဲ့ နန်းကုန်းဇီက လွန်ခဲ့တဲ့တစ်လမှာ စစ်ဧကရာဇ်အဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ သူက ထန်တိုက်လင်ထက်တောင် ပိုပြီးမြန်နေသေးတယ်"

ရှင်းဟိုင်သိုင်းဒေသကြီး၏ နန်းတော်အတွင်း အစည်းအဝေးတစ်ခု ကျင်းပနေကာ ဧကရာဇ်ရော့နှင့် စစ်ဧကရာဇ်ရှစ်ယောက် စုဝေးနေကြသည်။ သူတို့အားလုံးက အဝေးရှိ နန်းဆောင်တစ်ခု၏ထိပ်ပိုင်းသို့ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြလေသည်။

All Chapters