ထန်တိုက်လင်အဆင့်တက်ခြင်း
Vol. 46 Ch. 645
မူလတွင် ထန်တိုက်လင်ကို သားဖြစ်သူနှင့် လက်ထပ်ပေးလိုသော ဧကရာဇ်ရော့၏ မျက်နှာထက်တွင် ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။ သူမ၏ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းက တိုးတက်လာပြီး ကျင့်ကြံဆင့်ကလည်း ခုန်ပေါက်တိုးတက်လာသောအခါ ကောင်းရန်ထက် အဆများစွာပို၍ သန်မာလာသည်။ ကောင်းရန်က တာအိုနတ်အဆင့်သုံး၌ရှိနေစဥ် သူမက ချီပင်လယ် အဆင့်တစ်ဆယ်သာဖြစ်သော်လည်း တစ်နှစ်အတွင်း၌ တာအိုနတ်အဆင့်တစ်ဆယ်အထိ ရောက်ရှိလာကာ လက်ရှိတွင် စစ်ဧကရာဇ်အဆင့်သို့ပင် တက်လှမ်းနေပြီဖြစ်သည်။ ဤကား သာမန်ပါရမီရှင်တစ်ယောက်နှင့် ထိပ်တန်းပါရမီရှင်တစ်ယောက်ကြားမှ ကွာခြားမှုဖြစ်နိုင်သည်။ အချက်အလက်များအရ ကောင်းရန်၏ကျင့်ကြံနှုန်းက မဆိုးလှသော်လည်း ထန်တိုက်လင်နှင့် နှိုင်းယှဥ်မိလျှင် ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်များပင် ဖြစ်ပေါ်လာလိမ့်မည်။
ရှင်းဟိုင်သိုင်းဒေသကြီး၏ ကျင့်ကြံသူများအားလုံးက သူမအဆင့်တက်နေသည်ကို စောင့်ကြည့်နေသည်။ သူတို့အားလုံးက အစစ်အမှန်ပါရမီရှင်ဖြစ်သော ထန်တိုက်လင်နှင့်ယှဥ်လျှင် ပမွှားများသာ ဖြစ်သည်။ ကောင်းရန်သည် ခါးသက်သက်ပြုံး၍ ကောင်းကင်ထက်မှ ချီအပြောင်းအလဲများကို စိုက်ကြည့်နေခဲ့သည်။ ၎င်းသည် ထန်တိုက်လင် စစ်ဧကရာဇ်အဆင့်သို့တက်ရာမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး တစ်နှစ်ဆိုသော အချိန်အတွင်း သူမက ဤအဆင့်အထိ ရောက်ရှိလာခြင်းဖြစ်သည်။
"ဧကရာဇ်ရော့ ထန်တိုက်လင်ကရော ကြယ်သခင် ဖြစ်လာနိုင်လား"
ရှင်းဟိုင်ဒေသ၏ အကြီးအကဲတစ်ယောက်ဖြစ်သော ဧကရာဇ်ချန်က မေးလိုက်ခြင်းဖြစ်သည်။
"ငါလည်း မသိဘူး။ လွန်ခဲ့တဲ့၂နှစ်အတွင်းမှာ ပါရမီရှင်တွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။ မြင့်မြတ်ဝိညာဥ်ဒေသက နန်းကုန်းဇီဆိုရင်လည်း ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း ရှစ်ဆယ်ကျော်ကို ပိုင်ဆိုင်ထားတယ်။ ထန်တိုက်လင်အပြင် နတ်ဘုရားနယ်မြေနှစ်ခုလုံးမှာ အဆင့်ကိုးအထိ ရောက်နေတဲ့ ပါရမီရှင်တွေလည်း ရှိနေတယ်။ သူတို့အားလုံးက ကြယ်သခင်ရာထူးအတွက် ယှဥ်ပြိုင်နိုင်စွမ်း ရှိတယ်"
ဧကရာဇ်ရော့က ခေါင်းယမ်း၍ ဖြစ်နိုင်ချေများကို တွက်ချက်ပြလိုက်၏။
"လူတိုင်းက အခွင့်အရေးရှိပေမယ့် တကယ်အရေးကြီးတာကတော့ ရှင်းဟွမ်ရဲ့သဘောထားပဲ။ ငါသိရသလောက်ဆိုရင် ကောင်းကင်မူလကြယ်ရဲ့ ရှင်းဟွမ်က အမ ဖြစ်တယ်တဲ့။ ထန်တိုက်လင်ကလည်း ပေါင်းစပ်နှုန်းရှစ်ဆယ်ကျော်တဲ့ တစ်ဦးတည်းသော အမျိုးသမီးဖြစ်တယ်ဆိုတော့ ပိုပြီးအခွင့်အရေးများတယ်"
ဆွဲဆောင်အားပြင်းသော အမျိုးသမီးစစ်ဧကရာဇ်ဖြစ်သူ ဧကရာဇ်ယုက ပြောလိုက်ခြင်းဖြစ်သည်။
"ရှင်းဟွမ် မဆုံးဖြတ်ခင်အထိ အဓိပ္ပါယ်မရှိတာတွေ မပြောကြပါနဲ့"
ဧကရာဇ်ရော့က သူမကို တစ်ချက်ဟန့်လိုက်သည်။
ကောင်းကင်မူလတိုက်ကြီးတွင် အဆင့်တက်ကပ်ဘေးများ ဖြစ်ပေါ်မလာစေရန် အစီအရင်ဖြင့် ကာကွယ်ထားသော်လည်း စစ်ဧကရာဇ်အဆင့်သို့တက်ရာတွင် ကောင်းကင်၌ ချီများ ဖြစ်ပေါ်လာတတ်သည်။ အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်း၊ အညိုနှင့် အနက်ဟူသည့် အရောင်ကိုးမျိုးရှိသော ချီများက ထူးဆန်းစွာ ဖြစ်ပေါ်လာသည်။ အရောင်တစ်မျိုးချင်းစီက ချီတစ်မျိုးကိုကိုယ်စားပြု၍ အလင်းတန်းများ ဖြာကျလာခဲ့သည်။ ဤမြင်ကွင်းက မြင်ရသူတိုင်းကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့ပြီး ကောင်းကင်မှ ကောင်းချီးပေးနေသော မြင်ကွင်းတစ်ခုနှင့် ဆင်တူနေသည်။ နန်းတော်အတွင်း ထိုင်၍ဆွေးနွေးနေကြသော စစ်ဧကရာဇ်များအားလုံးက အလွန်အံ့သြသော မျက်နှာထားများနှင့် ချက်ချင်းထရပ်လိုက်ကြသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ချီကိုးမျိုးတောင် ထွက်ပေါ်လာတာလဲ"
"စစ်ဧကရာဇ်အဆင့်ကိုတက်စဥ်မှာ ဘယ်သူ ကဒီလိုမျိုး ဖြစ်ပေါ်စေခဲ့ဖူးလဲ"
"ကြယ်သခင်ရှင်း စစ်ဧကရာဇ်အဆင့်ကိုတက်တုန်းကတောင် ချီခြောက်မျိုးပဲ ထွက်ပေါ်လာတာ မဟုတ်လား"
"ဘာတွေဖြစ်နေတာလဲ။ ထန်တိုက်လင်က ကြယ်သခင်တစ်ယောက် ဖြစ်လာတော့မှာလား။ သူမက ကြယ်သခင်ရှင်းထက်တောင် ပိုပြီးစွမ်းအားကြီးနိုင်တာလား"
စစ်ဧကရာဇ်များအားလုံးက ကောင်းကင်ထက်ရှိ အရောင်ကိုးမျိုးရှိသော အလင်းတန်းများကြောင့် တုန်လှုပ်နေကြသည်။ ကောင်းကင်မူလကြယ်တွင် ကြယ်သခင်ရာထူး လစ်လပ်နေခဲ့သည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ကာ ကောင်းကင်နတ်ဆိုးများ၏ ခြိမ်းခြောက်ခြင်းခံနေရသည်။ ရက်စက်သော စစ်ပွဲများအတွင်း စစ်ဧကရာဇ်များသာမက အချို့နတ်အစေခံများပင် အမိမြေကို ကာကွယ်ရန်အတွက် အသက်စွန့်သွားခဲ့ရသည်။
"ဘုန်း"
လောကတစ်ခွင် တုန်ယင်သွားပြီး ကောင်းကင်ထက်မှ အလင်းတန်းများက ရှေးမှတ်တမ်းများအတွင်း ရေးသားထားသော ကြယ်သခင်ရှင်း၏ အဖြစ်အပျက်ထက် ပို၍တောက်ပနေသည်။
"ထန်တိုက်လင်က ကြယ်သခင် ဖြစ်လာမှာလား"
ကောင်းရန်သည် ထန်တိုက်လင်အပေါ် ပိုးပန်းခဲ့သော်လည်း ဆက်တိုက်ငြင်းပယ်ခံခဲ့ရသည်။ သူက မျှော်လင့်ချက်ကို အလျှော့မပေးဘဲ ဆုပ်ကိုင်ထားသော်လည်း သူမသာ ကြယ်သခင်ဖြစ်လာလျှင် လုံးဝလက်လျှော့လိုက်ရပေလိမ့်မည်။ ကောင်းကင်မူလကြယ်တွင် ကြယ်သခင်တစ်ယောက်ကို လူတိုင်းက မော့ကြည့်ရပေလိမ့်မည်။ ထန်တိုက်လင်ကဲ့သို့ ပါရမီရှင်မျိုးနှင့် နန်းကုန်းဇီကသာ ထိုက်တန်သည်ဟု သူက တွေးနေရင်း ယဲ့ချန်အကြောင်း ရုတ်တရက် စဥ်းစားလိုက်မိသည်။ အကယ်၍ နန်းကုန်းဇီကသာ ထန်တိုက်လင်ကို ပိုင်ဆိုင်သွားလျှင် အကြောင်းမဟုတ်သော်လည်း ယဲ့ချန်သာဖြစ်နေလျှင် သူ့အတွက် စိတ်ဓာတ်ကျစရာ ဖြစ်သည်။
ကောင်းကင်ထက်မှ အလင်းတန်းကြီးများ ကျဆင်းလာကာ ရှင်းဟိုင်သိုင်းဒေသကြီး၏ အဆောက်အအုံများအားလုံးကို လွှမ်းခြုံသွားခဲ့သည်။ ထိုအလင်းတန်းများနှင့် ထိတွေ့မိလိုက်သူတိုင်းမှာ ကျင့်ကြံခြင်းတွင် တစ်ဆို့နေသည်များ ပျောက်ကွယ်၍ တိုးတက်လာကြသည်။ ထိုအချိန်တွင် ကောင်းကင်မူလတိုက်ကြီးရှိ စစ်ဧကရာဇ်များအားလုံးက ဤအဖြစ်အပျက်ကို ကြယ်သလင်းကျောက်များမှတဆင့် စောင့်ကြည့်နေကြသည်။ ဤနေရာတွင် ကောင်းကင်ချီများကို ကန့်သတ်ထားသောကြောင့် ဤသို့ဖြစ်ရပ်မျိုး ထွက်ပေါ်လာရန်အတွက် ထန်တိုက်လင်က အလွန်အစွမ်းထက်နေရပေလိမ့်မည်။ အတိတ်တွင် ကြယ်သခင်ရှင်း စစ်ဧကရာဇ်အဆင့်သို့တက်စဥ်က အလင်းတန်းခြောက်ရောင်သာ ထွက်ပေါ်လာသော်လည်း ထန်တိုက်လင်အတွက် အလင်းတန်းကိုးရောင် သက်ဆင်းလာခဲ့သည်။ ထို့ကြောင့် သူမက ကြယ်သခင်ဖြစ်ပေလိမ့်မည်ဟု လူတိုင်းနီးပါး ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။
နန်းတော်အတွင်း ထန်တိုက်လင်ကို ကိုးရောင်ခြယ်အလင်းက လွှမ်းခြုံထားသဖြင့် သူမ၏ အပြစ်ကင်းစင်၍ လှပသော မျက်နှာလေးက ထင်ထင်ရှားရှား ထွက်ပေါ်နေသည်။ သူမက မိခင်မေတ္တာအပြည့်နှင့် ဝမ်းဗိုက်ကိုပွတ်သပ်ရင်း သန်မာသော နှလုံးခုန်သံကို အာရုံခံနေခဲ့သည်။ လက်ရှိအချိန်တွင် ယဲ့ချန်ကို လွမ်းဆွတ်နေမိသောကြောင့် အဝေးတစ်နေရာသို့ ငေးမောကြည့်ရှုနေခဲ့မိသည်။ နောက်ဆုံးတွင် အလင်းတန်းများက ဖြည်းဖြည်းချင်းငြိမ်သက်သွားကာ သူမက စစ်ဧကရာဇ်အဆင့်သို့ ရောက်ရှိသွားခဲ့သည့်အပြင် အချိန်လေဟာနယ်ရုန်းတစ်ခုကိုလည်း ဆင်ခြင်နိုင်ခဲ့သည်။ အချိန်လေဟာနယ်စွမ်းအားများက သူမ၏ကိုယ်တွင်း၌ လည်ပတ်နေကာ ၎င်းကို ကြယ်သခင်များသာ နားလည်နိုင်စွမ်းရှိပေသည်။ လက်ရှိအချိန်အထိ သူမက ကောင်းစွာဖုံးကွယ်ထားသဖြင့် ရှင်းဟိုင်သိုင်းဒေသကြီးရှိ မည်သူမှ ကိုယ်ဝန်အကြောင်း မသိထားခဲ့ကြပေ။
စစ်ဧကရာဇ်ကိုးယောက်နှင့် ရှင်းဟိုင်ဒေသ၏ ပါရမီရှင်များစွာက တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကာ သူမအနီးတွင် စုဝေးလိုက်ကြသည်။
"ထန်တိုက်လင် စစ်ဧကရာဇ်အဆင့်ကို ရောက်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်"
ဧကရာဇ်ယုက ရိုးသားဖြူစင်စွာပြုံး၍ ချီးကျူးလိုက်ခြင်းဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
သူမ၏သဘောထားကြောင့် ထန်တိုက်လင်ကလည်း ခေါင်းညိတ်၍ ပြန်လည်အသိအမှတ်ပြုလိုက်သည်။ စစ်ဧကရာဇ်များက သူမထံမှ အချိန်လေဟာနယ်စွမ်းအားကို အာရုံခံမိသဖြင့် မျက်နှာထားများ ပြောင်းလဲသွားကြသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိပြီး မျက်နှာထက်တွင် အပျော်များကူးစက်ဖြစ်ပေါ်လာသည်။ အချိန်လေဟာနယ်စွမ်းအားကို ကြယ်သခင်များသာ ဆင်ခြင်နားလည်နိုင်သည် မဟုတ်ပါလော။
"ကြယ်ပုလဲတစ်လုံး မြန်မြန်ယူလာစမ်း"
ဧကရာဇ်ချန်က လက်အောက်ငယ်သားများကို အလောတကြီး အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ ခဏအကြာတွင် ပုလဲတစ်လုံး ရောက်ရှိလာခဲ့သည်။
"ထန်တိုက်လင် မင်းရဲ့ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စမ်းသပ်ခွင့် ပေးနိုင်မလား"
ဧကရာဇ်ချန်က ခွင့်တောင်းလိုက်သောအခါ သူမက ခဏတာစဥ်းစား၍ ခေါင်းညိတ်ပြလိုက်သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်းကို စမ်းသပ်ရုံသာဖြစ်သောကြောင့် ပြဿနာမရှိပေ။ လူတိုင်းက သူမကို မျှော်လင့်တကြီး စိုက်ကြည့်နေပြီး ရလဒ်က ကြယ်သခင်ဖြစ်မဖြစ်ကို အဖြေထုတ်ပေးနိုင်သဖြင့် စစ်ဧကရာဇ်များပင် စိုးရိမ်စိတ်ကြောင့် ချွေးစို့နေသည်။ ကြယ်ပုလဲက ထန်တိုက်လင်ရှေ့တွင် ပျံသန်းလိုက်ပြီး နေလုံးအငယ်စားလေးကဲ့သို့ ထွန်းလင်းတောက်ပလာခဲ့သည်။ ဤကား သူတို့အားလုံးအတွက် ကြယ်ပုလဲက ဤမျှတောက်ပနေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"ရလဒ်က ဘာလဲ"
စစ်ဧကရာဇ်များက ဧကရာဇ်ချန်ကို မေးမြန်းလိုက်ကြသည်။
"၈၉"
ခဏအကြာတွင် ဧကရာဇ်ချန်က အဖြေပြန်ပေးလာသည်။ သူက ဤကိစ္စအတွက် ဝမ်းသာရမည်လား ဝမ်းနည်းရမည်လားပင် ဝေခွဲမရချေ။ ထန်တိုက်လင်၏ ပေါင်းစပ်နှုန်း တိုးလာသည့်အတွက် ဝမ်းသာရမည်ဖြစ်သော်လည်း ဝမ်းနည်းစရာက တစ်ရာ ဖြစ်မနေခဲ့ခြင်းပင်။
"ဘယ်လိုဖြစ်သွားတာလဲ"
"ယေဘူယျသဘောပြောရရင် ထန်တိုက်လင်က အချိန်လေဟာနယ်ကို ဆင်ခြင်နိုင်တဲ့အတွက် ကြယ်သခင်လောင်း ဖြစ်လာရမှာပဲ။ ဒါပေမယ့် ကြယ်သခင်ရှင်း စစ်ဧကရာဇ်အဆင့်ကို ရောက်တဲ့အချိန်မှာ ပေါင်းစပ်နှုန်းက တစ်ရာရှိခဲ့တယ်"
"ဖြစ်နိုင်တာက ထန်တိုက်လင်ဟာ ကြယ်သခင်လောင်း မဟုတ်ဘူး"
ဧကရာဇ်ရော့က တည်ငြိမ်စွာသုံးသပ်ပြလိုက်သဖြင့် ကျန်ဧကရာဇ်များလည်း သက်ပြင်းကိုယ်စီချမိလိုက်သည်။ ထန်တိုက်လင်ထံမှ အချိန်လေဟာနယ်စွမ်းအားကို အာရုံခံမိသဖြင့် နောက်တက်မည့် ကြယ်သခင်ဟု သူတို့က သေချာပေါက်မှတ်ယူထားသော်လည်း မှားယွင်းနေခဲ့သည်။ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း တစ်ရာမရှိလျှင် ကြယ်သခင် မဖြစ်နိုင်ပေ။ သို့သော်လည်း သူမက အနည်းဆုံး အလွန်အစွမ်းထက်သည့် နတ်အစေခံတစ်ယောက် ဖြစ်လာနိုင်သည်။
"ဘယ်သူက ကြယ်သခင်ဖြစ်လာမှာလဲ။ ဘယ်အချိန်မှာ ထွက်ပေါ်လာမှာလဲ"
လူတိုင်း၏ရင်ထဲတွင် ဤမေးခွန်းများ ဖြစ်ပေါ်လာပြီး ကြယ်သလင်းကျောက်မှတဆင့် စောင့်ကြည့်နေသော စစ်ဧကရာဇ်များလည်း ထန်တိုက်လင်၏ ပေါင်းစပ်နှုန်းကြောင့် ရှုပ်ထွေးသွားကြသည်။ ထန်တိုက်လင်ကဲ့သို့ ပါရမီရှင်မျိုးပင် ကြယ်သခင်ဖြစ်လာရန် မထိုက်တန်ခြင်း ဖြစ်နေနိုင်သည်။ သူမက ကြယ်သခင်ဖြစ်လာရန် အရည်အချင်းပြည့်မီနေပြီဖြစ်ကာ လျှို့ဝှက်ကျင့်စဥ်အချို့ အသုံးပြုလိုက်လျှင် ပေါင်းစပ်နှုန်းက တစ်ရာအထိ ရောက်ရှိလာပေလိမ့်မည်။ သို့သော် ရှင်းဟွမ်က မရွေးချယ်ခဲ့သောကြောင့် သူမထက် ပို၍ထူးချွန်သော ကြယ်သခင်တစ်ယောက် ရှိနေနိုင်သည်။
"ငါက ဒီနေရာမှာ ကြေညာစရာရှိတယ်။ ငါက ရန်ယွင်မြို့ ယဲ့မျိုးနွယ်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ။ တစ်ယောက်ယောက်က ယဲ့မျိုးနွယ်ကို ထိပါးချင်တယ်ဆိုရင် ငါ့ကို အရင်ဆုံးကျော်ဖြတ်ရမယ်"
ထန်တိုက်လင်က လူတိုင်းကို စိုက်ကြည့်လိုက်ပြီးနောက် အေးစက်စက် ပြောလိုက်ခြင်းဖြစ်သည်။ ယဲ့မျိုးနွယ်တွင် စစ်ဧကရာဇ်ဟူသော ထောက်တိုင်မျိုး လစ်လပ်နေသောကြောင့် သူမက ဤသို့လူသိရှင်ကြား ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာပြီးနောက် တာအိုအိမ်တော်၏ဥပဒေက သူမအပေါ် မသက်ရောက်တော့ပေ။
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဟာသလုပ်နေတာလား"
ကောင်းရန်က မယုံနိုင်ဟန်ဖြင့် ရေရွတ်လိုက်မိသည်။
"ငါက ယဲ့မျိုးနွယ်ခေါင်းဆောင် ယဲ့ချန်ရဲ့ဇနီးပဲ"
သူမက ကောင်းရန်ကို အေးစက်စက်စိုက်ကြည့်၍ တစ်လုံးချင်းပြောကာ လှည့်ထွက်သွားခဲ့သည်။ သူမ၏လက်က ဝမ်းဗိုက်ကိုပွတ်သပ်နေပြီး ရင်သွေး၏ သန်မာသော အသက်အားကို အာရုံခံနေခဲ့သည်။ စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာပြီးနောက် သူမနှင့် ယဲ့ချန်၏ ပတ်သက်ဆက်နွယ်မှုကို ထုတ်ပြနိုင်ခဲ့လေသည်။