← Chapters

သူလျှိုများ

Vol. 46 Ch. 646

သူလျှိုများ

Vol. 46 Ch. 646

ထန်တိုက်လင်၏ စကားများက လူတိုင်း၏နားအတွင်း မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဝင်ရောက်သွားခဲ့သည်။

"သူမက တကယ်ပဲ ယဲ့ချန်ရဲ့ဇနီးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ထန်တိုက်လင်လို ပါရမီရှင်တစ်ယောက်က ယဲ့ချန်နဲ့ ပတ်သက်နေတယ်ပေါ့။ သူမက လာပိုပန်းသူတိုင်းအပေါ်မှာ အေးစက်စက် ဆက်ဆံနေတာ မဟုတ်ဘူးလား"

လူတိုင်းကိုလျစ်လျူရှု၍ ထွက်ခွာသွားသော ထန်တိုက်လင်ကို ကြည့်နေသည့် ကောင်းရန်မှာ စိတ်ဓာတ်ကျသွားခဲ့သည်။ သူမက တစ်ချိန်လုံး အခြားလူတစ်ယောက်၏ဇနီး ဖြစ်နေသောကြောင့် သူ့ကိုအရေးမစိုက်ခြင်းက မထူးဆန်းတော့ပေ။ သူမက စစ်ဧကရာဇ်တစ်ယောက်ဖြစ်လာပြီးနောက် ဤသတင်းကို လူသိရှင်ကြားထုတ်ဖော်လိုက်သောအခါ စစ်ဧကရာဇ်များကြားတွင် ကြီးမားစွာ လှုပ်ခတ်သွားခဲ့သည်။ သူမက သာမန်စစ်ဧကရာဇ်တစ်ယောက်မဟုတ်ဘဲ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း၈၉ ပိုင်ဆိုင်ထားကာ ချီပင်လယ်အဆင့်မှ စစ်ဧကရာဇ်အဆင့်သို့ တစ်နှစ်ခွဲအတွင်း တက်ရောက်နိုင်ခဲ့သူဖြစ်သည်။ မည်သူမှ ဤသို့ပါရမီရှင်မျိုး၏စကားကို လျစ်လျူမရှုရဲကြပေ။ အနာဂတ်တွင် မည်သို့ဖြစ်ပျက်လာပါစေ၊ သူမက ယဲ့ချန်ဘက်တွင် ရပ်တည်မည်ဖြစ်သောကြောင့် နောက်ဆုံးတွင် ယဲ့မျိုးနွယ်၌ ကျောထောက်နောက်ခံတစ်ခု ရှိလာပြီဖြစ်သည်။

တာအိုအိမ်တော်၏ခန်းမအတွင်း လင်းဖန်မှာ ဤသတင်းကြောင့် ဒေါသပေါက်ကွဲနေသည်။ ယဲ့မျိုးနွယ်မြင့်တက်လာမှုက တာအိုအိမ်တော်ကို ခြိမ်းခြောက်လာနေပြီး ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ၎င်းက သူ၏အာဏာစက်အောက်မှ လွတ်မြောက်သွားပေလိမ့်မည်။ ဝမ်အာနှင့် ရှောင်ရိကို ထိန်းသိမ်းထားသော်လည်း ဤအချိန်အတွင်း ကလေးနှစ်ယောက်က တာအိုနတ်အဆင့်တစ်ဆယ်သို့ ရောက်ရှိလာခဲ့ကြသည်။ ဤအမြန်နှုန်းကလည်း လင်းဖန်ကို အလွန်တရာ ထိတ်လန့်စေခဲ့သည်။ ပေါင်းစပ်နှုန်းခုနစ်ဆယ်ကျော်သူများက ကျင့်ကြံရာတွင် အလွန်မြန်ဆန်ပြီး ယဲ့မျိုးနွယ်တွင် ပါရမီရှင်များစွာရှိနေရသော အကြောင်းအရင်း၏ နောက်ကွယ်၌ လျှို့ဝှက်ချက်များ ရှိနေနိုင်သည်။

"ထန်တိုက်လင် မင်းက ဘယ်လောက်အစွမ်းထက်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

လင်းဖန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ခြင်းဖြစ်သည်။ သူက ယဲ့မျိုးနွယ်ကို စောင့်ကြည့်ရန်အတွက် သူလျှိုများစေလွှတ်ထားပြီး လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ရန် စေခိုင်းထားသည်။

ရန်ယွင်မြို့ရှိ ယဲ့မျိုးနွယ်တွင် ယဲ့ချန်သည် ထန်တိုက်လင်၏လုပ်ရပ်ကို သတင်းရလိုက်သောအခါ ကျေနပ်သွားခဲ့သည်။ သူမက သူရင်ဆိုင်နေရသော ဖိအားများကို ဆိုးတူကောင်းဘက် မျှဝေပေးရန် ဆုံးဖြတ်ခဲ့သည်။ ဤနှစ်များအတွင်း ယဲ့မျိုးနွယ်က လိပ်တစ်ကောင်ကဲ့သို့ အခွံအတွင်းပုန်းအောင်းနေကာ စီးပွားရေးလုပ်ကိုင်ရန်အတွက် လင်မျိုးနွယ်မှလွဲလျှင် မည်သည့်အပြင်လူနှင့်မှ အဆက်အဆံမလုပ်ချေ။ လူတိုင်းက ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားပြီး နှစ်အနည်းငယ်အတွင်း စစ်ဧကရာဇ်များထွက်ပေါ်လာလျှင် လင်းဖန်ကိုယ်တိုင်ပင် ယဲ့မျိုးနွယ်ကို ထိပါးနိုင်တော့မည်မဟုတ်ပေ။ သူက ယဲ့မျိုးနွယ်ဝင်များကို ဝိညာဥ်များနှင့် ပေါင်းစည်းပေးနေစဥ် ယဲ့ပင်းက အလောတကြီး ဝင်ရောက်လာခဲ့သည်။

"ခေါင်းဆောင်"

"ဘာကိစ္စလဲ"

"ဒီနှစ်တွေအတွင်း ယဲ့မျိုးနွယ်ကိုပူးပေါင်းလာတဲ့ အပြင်လူခြောက်ယောက်ကို ခေါ်ဆောင်လာခဲ့ပါပြီ"

ယဲ့ပင်းက သတင်းပို့လိုက်ပြီးနောက် လူခြောက်ယောက်ကို ယဲ့မျိုးနွယ်ဝင်များက ခေါ်ဆောင်လာကြသည်။

"ငါတို့ကို ဘာကြောင့်ဖမ်းဆီးလာတာလဲ"

"ငါတို့က ယဲ့မျိုးနွယ်အတွက် အလုပ်ကြိုးစားပေးခဲ့တယ်။ ဘာကြောင့် ဒီလိုဆက်ဆံရတာလဲ။ လက်မခံနိုင်စရာပဲ"

လူခြောက်ယောက်က ရုန်းကန်ရင်း စောဒကတက်လိုက်ကြသည်။ ယဲ့ချန်သည် လင်းဖန်မှ သူလျှိုများ ပို့လာနိုင်သောကြောင့် အရာရာကို သတိကြီးကြီးထားရန် တစ်မျိုးနွယ်လုံးကို တပ်လှန့်ထားခဲ့သည်။ သူက လူခြောက်ယောက်ကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဆေးဆရာ အဘိုးအိုတစ်ယောက်ထံ အကြည့်ရောက်သွားခဲ့သည်။

"ငါက မင်းရဲ့နာမည်ကို သိခွင့်ရှိမလား"

"ငါက ရှရန်ပါ"

ရှရန်က ယဲ့ချန်ကို စူးရဲစွာဖြင့် ပြန်ကြည့်လာခဲ့သည်။

"မင်းက ဆေးဆရာအဆင့် ဘယ်လောက်လဲ"

"ကြယ်သုံးပွင့်"

"ဒီကိစ္စကို ငါ နားမလည်ဘူး။ ကြယ်သုံးပွင့်ဆေးဆရာတစ်ယောက်က ဘာကြောင့် ယဲ့မျိုးနွယ်အတွက် အလုပ်လုပ်ပေးချင်နေရတာလဲ"

ယဲ့ချန်က တစ်ချက်ပြုံး၍ မေးလိုက်သည်။

"ဒါက ရိုးရှင်းပါတယ်။ ဆေးစံအိမ်အတွက် အလုပ်လုပ်ပေးရင် တစ်နှစ်ဝင်ငွေ အများဆုံး ဆည်းဆာရွေသန်းတစ်ရာသာ ရနိုင်တယ်။ ယဲ့မျိုးနွယ်ပေးတဲ့ စျေးနှုန်းက သုံးဆပိုများနေတယ်"

ရှရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ယဲ့ချန်က ထိုလူခြောက်ယောက်အကြောင်း မှတ်တမ်းတင်ထားသော အချက်အလက်များကို စစ်ဆေးလိုက်သည်။ သူတို့၏နောက်ခံများက ရိုးရှင်းလွန်းနေပြီး ယဲ့မျိုးနွယ်က အပြင်လူများကို လက်မခံသော်လည်း ဤခြောက်ယောက်ကိုလက်ခံရန် ယဲ့ချန်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုပေးခဲ့သည်။ ရှရန်၏ကျင့်ကြံဆင့်က ချီပင်လယ်အဆင့်ဟု ဖော်ပြထားသော်လည်း အမှန်တကယ်၌ တာအိုနတ်အဆင့်ကျင့်ကြံသူတစ်​ယောက် ဖြစ်နေခဲ့သည်။ သူသည် လျှို့ဝှက်ကျင့်စဥ်တစ်ခုသုံး၍ ယဲ့မျိုးနွယ်ဝင်အားလုံးကို လှည့်စားနိုင်သော်လည်း ယဲ့ချန်၏ကိုယ်တွင်းရှိ ခြင်္သေ့ကြီးကမူ အမှန်တရားကို ထုတ်ဖော်နိုင်ခဲ့သည်။

"ငါက မင်းတို့ကို ဆင့်ခေါ်လိုက်တဲ့အတွက် စိုးရိမ်စရာမရှိပါဘူး"

"ဒါဆိုရင် ဘာကြောင့် မျိုးနွယ်ခေါင်းဆောင်က ကျုပ်တို့ကို ဆင့်ခေါ်ရတာလဲ"

ရှရန်သည် ယဲ့ချန်ကို မခိုးမခန့်ပြန်မေးလိုက်သည်။ သူက ယဲ့မျိုးနွယ်အတွက် အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးသာ ရှိသောကြောင့် တာအိုအိမ်တော်၏ ဥပဒေများအရ ယဲ့ချန်က သတ်ဖြတ်ခွင့်မရှိပေ။ ထို့ကြောင့် အကြောက်အလန့် ကင်းမဲ့နေခြင်းဖြစ်သည်။

"ငါ့မှာ မင်းကို ကြယ်လေးပွင့်ဆေးဆရာဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်။ စိတ်ဝင်စားကြလား"

"အပြန်အလှန်အနေနဲ့ ဘာလုပ်ပေးရမလဲ"

ရှရန်၏မျက်လုံးများက တောက်ပလာပြီး ခဏတာတုံ့ဆိုင်းသွားကာ မေးခွန်းပြန်ထုတ်လိုက်၏။

"ယဲ့မျိုးနွယ်ကို ထာဝရသစ္စာရှိပြီး ဆေးလုံးတွေ ဖော်စပ်ပေးပါမယ်ဆိုတဲ့ စာချုပ်ချုပ်ရမယ်"

"ကျုပ်မှာ အခြားသွားစရာ မရှိဘူး။ သဘောတူပါတယ်"

ယဲ့မျိုးနွယ်၏ လျှို့ဝှ​က်ချက်အချို့ကို သိရတော့မည်ဖြစ်သောကြောင့် ရှရန်က ချက်ချင်းခေါင်းညိတ်လိုက်သည်။

"မင်းတို့ကို ယဲ့မျိုးနွယ်ရဲ့ကျင့်စဥ် လက်ဆင့်ကမ်းပေးလိုက်မယ်။ ဆယ်ရက်ကျင့်ကြံပြီးရင် ငါ့ကို ပြန်လာတွေ့ရမယ်"

ယဲ့ချန်က တောက်လောင်မီးလျှံကျင့်စဥ်ကို သူလျှိုခြောက်ယောက်ထံ ပေးအပ်လိုက်သည်။ ထိုကျင့်စဥ်ကိုဖတ်ရှုပြီးနောက် ရှရန်၏မျက်လုံးများက တောက်ပလာသည်။ သူက ယဲ့မျိုးနွယ်၏အလုပ်သမား ဖြစ်လာချိန်မှစတင်၍ မျိုးနွယ်ဝင်တိုင်း အစွမ်းထက်ကျင့်စဥ်များ ကျင့်ကြံထားကြောင်း သိခဲ့ရသည်။ သို့သော်လည်း မည်သည့်နည်းလမ်းကို အသုံးပြုပါစေ၊ သူက ထိုကျင့်စဥ်များအကြောင်း မသိခဲ့ရသောကြောင့် ယဲ့ချန်ကိုယ်တိုင် ပေးအပ်လာမည်ဟု မျှော်လင့်မထားပေ။

"မင်းတို့အားလုံးက လျှို့ဝှက်အခန်းထဲမှာ ဆယ်ရက်တိတိ ကျင့်ကြံရမယ်။ အပြင်ထွက်ခွင့် မရှိဘူး"

ယဲ့ချန်က တင်းတင်းကြပ်ကြပ် သတိပေးလိုက်သည်။ ထို့နောက် ရှရန်တို့အုပ်စုကို ယဲ့မျိုးနွယ်ဝင်များက ပြန်လည်ခေါ်ဆောင်သွားကြသည်။

"ခေါင်းဆောင် ဒီလူတွေနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ် မဟုတ်ဘူးလား။ ဘာကြောင့် ကျင့်စဥ်ကို ပေးအပ်လိုက်တာပါလဲ"

ယဲ့ပင်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။

"ယဲ့ပင်း သေချာစဥ်းစားကြည့်စမ်း။ ငါတို့က လုံးဝတံခါးပိတ်နေမယ်ဆိုရင် အပြင်လူတွေက ငါတို့ဘာလုပ်နေတယ်ဆိုတာ သေချာပေါက် သိချင်လာလိမ့်မယ်။ လင်းဖန်ကလည်း ငါတို့ကို သံသယဝင်လာပြီး နည်းလမ်းပေါင်းစုံ အသုံးပြုလာနိုင်တယ်။ ဒီသူလျှိုခြောက်ယောက်ကို အသုံးချပြီး လင်းဖန်ဆီကို အသုံးမဝင်တဲ့ သတင်းအမှားတွေပို့ပေးလိုက်ရင် ဒီကောင် ကျေနပ်နေလိမ့်မယ်။ ငါတို့သာ ဂရုတစိုက်နဲ့ အရေးကြီးအချက်အလက်တွေကို လျှို့ဝှက်ထားမယ်ဆိုရင် ပြဿနာမရှိဘူး"

ယဲ့ချန်က တစ်ချက်ပြုံး၍ သူ၏အကြံကို ရှင်းပြလိုက်သည်။

"ဒါပေမယ့် တောက်လောင်မီးလျှံကျင့်စဥ်အစစ်ကို ပေးလိုက်တဲ့ အကြောင်းအရင်းကိုတော့ ကျုပ် နားမလည်ဘူး"

ယဲ့ပင်းက ခေါင်းကုတ်၍ ထပ်မေးလိုက်ပြန်သည်။

"ငါ့မှာ နည်းလမ်းတစ်ခု ရှိပါတယ်ကွာ ဟား ဟား"

ယဲ့ချန်က ဆန်းကျယ်စွာ ရယ်မောလိုက်သည်။ သူက သူလျှိုများကို တောက်လောင်မီးလျှံကျင့်စဥ် သင်ပေးရုံသာမက ဝိညာဥ်များနှင့်ပေါင်းစည်းရန် ကြံစည်ထားသည်။ ဆယ်ရက်အကြာတွင် ထိုကျင့်စဥ်ကို အောင်မြင်စွာကျင့်ကြံနိုင်ခဲ့သော ရှရန်နှင့် လူငါးယောက်၏ကိုယ်တွင်းသို့ ဝိညာဥ်များ ပေါင်းစည်းဝင်ရောက်သွားကြသည်။

"ရှရန် လင်းဖန်ဆီကို သတင်းတစ်ခု ပို့လိုက်စမ်း။ ဒါက ငါတို့ယဲ့မျိုးနွယ်ရဲ့ ကျင့်စဥ်ဖြစ်တယ်ဆိုတာကို ယုံအောင်​ ပြောလိုက်စမ်း"

လျှို့ဝှက်ခန်းမအတွင်း ယဲ့ချန်က ရှရန်ထံ စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။ ၎င်းအတွင်း တောက်လောင်မီးလျှံကျင့်စဥ်ကို ရေးသားထားသော်လည်း သူက အဓိကအချက်များစွာကို ပြောင်းလဲထားသည်။ သာမန်လူများသတိထားနိုင်ရန် မလွယ်ကူသောကြောင့် ၎င်းကိုကျင့်ကြံလိုက်လျှင် ကျင့်ကြံဆင့် မြင့်တက်လာရမည့်အစား ယဲ့ချန်တစ်ယောက်တည်းသာ ဖြေရှင်းနိုင်မည့် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာပေလိမ့်မည်။

"စိတ်ချပါ ခေါင်းဆောင်"

ယဲ့ချန်၏ သစ္စာရှိနောက်လိုက်တစ်ယောက် ဖြစ်လာခဲ့သော ရှရန်က ရိုသေစွာ အမိန့်နာခံခဲ့သည်။ သူက ယဲ့ချန်၏ညွှန်ကြားချက်အတိုင်း တာအိုအိမ်တော်သို့ ထိုစာအုပ်ကို လျှို့ဝှက်ပို့ဆောင်လိုက်သည်။

"ဒီကျင့်စဥ်ကိုရပြီဆိုရင် လင်းဖန် ကျင့်ကြံမလားဆိုတာ သိချင်မိတယ်"

ယဲ့ချန်အနေဖြင့် လင်းဖန်က ဤကျင့်စဥ်ကို မည်သို့စီမံပါစေ၊ ဂရုစိုက်စရာမလိုပေ။ လက်ရှိတွင် ယဲ့မျိုးနွယ်က သံမဏိနံရံတစ်ခုဖြစ်နေသောကြောင့် သူလျှိုများစိမ့်ဝင်လာရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ယဲ့မျိုးနွယ်ဝင်များက ကျင့်ကြံခြင်းကို အာရုံစိုက်ထားပြီး ခွန်အားတိုးတက်လာစေရန် စိတ်အေးလက်အေး လေ့ကျင့်နိုင်ပေသည်။

ထိုအချိန်၌ ကျိယွမ်ကြယ်၏မြေအောက်ရှိ ခြံဝန်းတစ်ခုအတွင်း ယဲ့ချန်တစ်ယောက် ရှိနေခဲ့သည်။ လွန်ခဲ့သောတစ်နှစ်အတွင်း ကျွန်ပိုးကောင်ကြီးများ၏ တိုက်ခိုက်မှုက ရံဖန်ရံခါ ဖြစ်ပျက်နေခဲ့သည်။ သို့သော် ရွှမ်လင်းက ယဲ့ချန်ကို ကောင်းကင်မူလကြယ်သို့ သတင်းပြန်ပို့ရန် မညွှန်ကြားခဲ့ပေ။ သူ၏အစီအစဥ်ကို မည်သူတစ်ဦးတစ်ယောက်မှ ခန့်မှန်းနိုင်ခြင်း မရှိပေ။ မြေအောက်နယ်မြေတွင် ငြိမ်းချမ်းနေပြီး မျိုးနွယ်ပေါင်းစုံမှ ကျင့်ကြံသူများက ကျင့်ကြံနေကြသည်။ ထို့အပြင် သူတို့က အသက်ရှင်သူများကို ရှာဖွေကယ်တင်ရန်အတွက် မြေမျက်နှာပြင်ပေါ်သို့ တက်ရောက်ခဲ့ကြသည်။ ယဲ့ချန်သည်လည်း ကျင့်ကြံခြင်းကို အာရုံစိုက်ထားသဖြင့် ရွှမ်အဆင့်တစ်ဆယ်သို့ ရောက်ရှိလာပြီး တာအိုနတ်အဆင့်နှင့် နီးကပ်လာခဲ့သည်။ ပေါင်းစပ်နှုန်းသုညကြောင့် သူ၏ကျင့်ကြံနှုန်းက ထိပ်တန်းပါရမီရှင်များအောက် နိမ့်ကျသော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း ရှိနေခဲ့သည်။ သူက ဖြည်းဖြည်းမှန်မှန် တိုးတက်လာနေပြီး တာအိုနတ်အဆင့်နှင့် ခြေတစ်လှမ်းအကွာသို့ ရောက်ရှိလာခဲ့သည်။

"မီးဧကရာဇ် ရှေးဦးဧကရာဇ် အရှင်ရွှမ်က ဘာကြောင့် ကောင်းကင်မူလကြယ်ဆီကို သတင်းမပို့ခိုင်းရတာလဲ"

ယဲ့ချန်က စစ်ဧကရာဇ်နှစ်ယောက်ကို မေးလိုက်ခြင်းဖြစ်သည်။

"မင်းအနေနဲ့ သတင်းပို့ဖို့ဆိုရင် ဒီကိုယ်ပွားက သေရမယ် မဟုတ်လား"

မီးဧကရာဇ်က ပြန်ဖြေလိုက်သည်။

"ဒါပေမယ့် ကိုယ်ပွားတစ်ခုသေသွားတာက အချိန်ဖြုန်းနေတာထက်စာရင် တော်ပါသေးတယ်"

"အရှင်ရွှမ်က ကောင်းကင်မူလကြယ်ရဲ့ လမ်းကြောင်းကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတာ ဖြစ်ရမယ်"

ရှေးဦးဧကရာဇ်က ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခန့်မှန်းလိုက်သည်။

"ဒါပေမယ့် ကောင်းကင်နတ်ဆိုးတွေက ကျိယွမ်ကြယ်ကို တိုက်ခိုက်လာနိုင်တယ်။ သူတို့ တကယ်တိုက်ခိုက်လာတဲ့အချိန်မှ စပြီးသတင်းပို့ရင် နောက်ကျသွားနိုင်တယ်"

ယဲ့ချန်က စောဒကတက်လိုက်သည်။

"အရှင်ရွှမ်မှာ သူ့ကိုယ်ပိုင်အစီအစဥ်တွေ ရှိမှာပါ။ အများကြီး စိုးရိမ်မနေပါနဲ့"

ရှေးဦးဧကရာဇ်က ယဲ့ချန်၏စိုးရိမ်စိတ်ကို နှစ်သိမ့်လိုက်သည်။ ယဲ့ချန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သော်လည်း ရင်ထဲတွင် သံသယအတွေးများ ဖြစ်ပေါ်နေသည်။

"အရှင်ရွှမ်က ကျိယွမ်ကြယ်ရဲ့ ရှင်းဟွမ်နဲ့ ဆက်သွယ်ချင်နေပေမယ့် သူက ထွက်ပေါ်မလာခဲ့ဘူးလို့ ပြောတယ်"

မီးဧကရာဇ်၏စကားသံ ထွက်ပေါ်လာခဲ့သည်။

"ဒီအဘိုးကြီးက ဘယ်လိုလုပ် ရှင်းဟွမ်ကို ဆက်သွယ်မှာလဲ"

"ကျုပ် အပြင်ကို ခဏထွက်ပြီး အခြေအနေကို စနည်းနာလိုက်ဦးမယ်"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏အတွေးကို ထုတ်မပြောခဲ့ပေ။

"ဘယ်ကို သွားမလို့လဲ"

စစ်ဧကရာဇ်နှစ်ယောက်က သူ့ကို ပြိုင်တူစိုက်ကြည့်လာကြသည်။

"ကျိယွမ်ကြယ်ပေါ်မှာ နည်းနည်းလောက် စူးစမ်းလိုက်ဦးမယ်"

"ယဲ့ချန် နေရာတိုင်းမှာ ကျွန်ပိုးကောင်တွေရှိနေလို့ အန္တရာယ်များလွန်းတယ်။ မင်းအနေနဲ့ မစွန့်စားတာ ကောင်းလိမ့်မယ်"

မီးဧကရာဇ်က အကြံပေးလိုက်သည်။

"ဒီကိစ္စက ပြဿနာမရှိပါဘူး။ ခင်ဗျားတို့က စစ်ဧကရာဇ်တွေဆိုတော့ ကောင်းကင်နတ်ဆိုးက အလွယ်တကူ သတိထားမိနိုင်တဲ့အတွက် အသက်နဲ့ရင်းပြီး မစွန့်စားသင့်ဘူး။ ဒါပေမယ့် ကျုပ်ကတော့ ရွှမ်အဆင့်တစ်ယောက်ဖြစ်နေလို့ ကောင်းကင်နတ်ဆိုးက သတိထားမိရင်တောင် ဂရုစိုက်နေမှာ မဟုတ်ဘူး။ ကျွန်ပိုးကောင်တွေနဲ့တွေ့ရင်လည်း ကျုပ်က လွတ်အောင် ထွက်​ပြေးနိုင်ပါတယ်"

ယဲ့ချန်က ယုံကြည်မှုရှိစွာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒါဆိုရင် အရှင်ရွှမ်ဆီကနေ ခွင့်ပြုချက်တောင်းကြတာပေါ့"

မီးဧကရာဇ်က ခဏတာစဥ်းစားပြီးနောက် ခေါင်းညိတ်လိုက်လေသည်။

All Chapters