← Chapters

အဆင့်ကိုးမှဆုလာဘ်

Vol. 46 Ch. 647

အဆင့်ကိုးမှဆုလာဘ်

Vol. 46 Ch. 647

မီးဧကရာဇ်က ယဲ့ချန်နှင့် ရှေးဦးဧကရာဇ်ကို ထားရစ်ကာ ရွှမ်လင်းထံ သွားရောက်ခဲ့ပြီး ခဏအကြာတွင် ပြန်ရောက်လာခဲ့သည်။

"အရှင်ရွှမ်က ခွင့်ပြုလိုက်တယ်။ ငါက မင်းအတွက် အစောင့်နည်းနည်း ထည့်ပေးချင်ပေမယ့် သူက တစ်ကိုယ်တော် သွားစေချင်တယ်။ ဒါမှ တစ်ခုခုဖြစ်သွားရင်လည်း မင်းက ကောင်းကင်မူလကြယ်ကို သတင်းပို့နိုင်မယ်တဲ့"

သူက ရွှမ်လင်းစကားများကို တဆင့်ပြန်ပြောလိုက်သည်။

"သူက နောက်ထပ်ရော ဘာပြောလိုက်သေးလဲ။ ကျုပ်အတွက် သတင်းစကားတစ်ခုခုများ ပြောလိုက်သေးလား"

ယဲ့ချန်က ခေါင်းညိတ်၍ ပြန်မေးလိုက်သည်။

"မပြောလိုက်ဘူး။ ငါ့အထင်တော့ ဘယ်နတ်အစေခံမှ ကျိယွမ်ကြယ်ကို ကာကွယ်ပေးဖို့ အလုပ်ရှုပ်ခံပြီး လာနေမှာမဟုတ်ဘူး။ ဒီနေရာကို ရောက်လာတဲ့ စစ်ဧကရာဇ်ဆယ်ယောက်လောက်အတွက်တော့ ဘယ်သူမှ စွန့်စားကြမယ် မထင်ဘူး"

ရွှမ်လင်းသည် ကောင်းကင်မူလကြယ်မှ စစ်ကူရရန်အတွက် မျှော်လင့်မထားကြောင်း မီးဧကရာဇ်က သုံးသပ်ပြလိုက်သည်။

"ဒါဆိုရင် ကျုပ် သွားတော့မယ်"

ယဲ့ချန်က စစ်ဧကရာဇ်နှစ်ယောက်ကို လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။

"ကောင်းပြီ။ မင်းက ဒီလိုဆုံးဖြတ်ထားမှတော့ ငါတို့လည်း ကန့်ကွက်မနေတော့ပါဘူး။ ဂရုစိုက်ပါ"

သူတို့က ခဏတာစဥ်းစား၍ ခေါင်းညိတ်ကာ ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

"အရှင်တို့နှစ်ယောက်လည်း သတိထားကြပါ"

ယဲ့ချန်က အဓိပ္ပါယ်ပါပါဖြင့် စကားတစ်ခွန်း​​ပြောကာ ကျိရန်၏လမ်းပြမှုဖြင့် ကျိယွမ်ကြယ်၏ မြေမျက်နှာပြင်ပေါ်သို့ ဦးတည်နေသော ဥမင်လမ်းကြောင်းအတွင်း ဝင်ရောက်သွားခဲ့သည်။

"ရှေးဦးဧကရာဇ် ယဲ့ချန်က ဘာကို သတိထားစေချင်တာလဲ။ သူက တစ်ခုခုကို ရှာတွေ့ထားလို့လား"

ထွက်ခွာသွားသော ပုံရိပ်များကို စိုက်ကြည့်နေရင်း မီးဧကရာဇ်က မေးလိုက်ခြင်းဖြစ်သည်။

"ဖြစ်နိုင်တယ်။ ငါတို့အနေနဲ့ လျှောက်ပြီး ခန့်မှန်းမနေသင့်ဘူး။ သူပြောသလို သတိထားနေကြတာပေါ့"

ရှေးဦးဧကရာဇ်ကလည်း ခေါင်းညိတ်၍ ယဲ့ချန်ထွက်သွားရာ ဥမင်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

နာရီအနည်းငယ်အကြာတွင် ယဲ့ချန်က မြေမျက်နှာပြင်ထက်သို့ ရောက်ရှိလာပြီး ကျိရန်ကိုနှုတ်ဆက်ကာ အရှေ့ဘက်သို့ တစ်ကိုယ်တော် ထွက်လာခဲ့သည်။ ကျိယွမ်ကြယ်ပေါ်တွင် လျှို့ဝှက်ချက်တစ်ခုရှိနေနိုင်ပြီး သူ၏လက်ချောင်းထိပ်တွင် တိတ်တဆိတ် တည်ရှိနေခဲ့သော တိမ်ပုလဲ ရုတ်တရက် အသက်ဝင်လာကာ တစ်နေရာရာသို့ ခေါ်သွားလိုနေသည်။ သို့သော် ထိုအချိန်တွင် သူ့ကို တစ်နေရာရာမှ စောင့်ကြည့်နေကြောင်း ခံစားလိုက်ရသည်။

"ငါ နောက်ယောင်ခံလိုက်တာ ခံနေရပြီ"

သူက ခေါင်းနားပန်းကြီးသွားကာ ဦးတည်ရာကို ချက်ချင်းပြောင်းလဲလိုက်သည်။ မည်သူက နောက်ယောင်ခံလိုက်နေကြောင်း မသိသဖြင့် သူက ကျိယွမ်ကြယ်ပေါ်တွင် ဦးတည်ရာမဲ့လှည့်ပတ် သွားလာနေသည်။ တစ်ဖက်လူက စောင့်ကြည့်နေသဖြင့် တိမ်ပုလဲမှညွှန်ပြသော နေရာသို့ သွားရောက်ရန် မသင့်တော်ပေ။ သူက နောက်ယောင်ခံလိုက်နေသူနှင့် ကျွန်ပိုးကောင်များကို ရှောင်ရှားရင်း သူ၏ခွန်အားက တစ်ဖက်လူအောက် နိမ့်ကျကြောင်း နားလည်လိုက်သည်။ မည်မျှမြန်မြန်ဆန်ဆန် လှုပ်ရှားနေပါစေ၊ ထိုလူက သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာနေခဲ့သည်။ ရက်အနည်းငယ်ကြာသည်အထိ သူက မြက်ခင်းပြင်များ၊ သဲကန္တာရများ၊ သစ်တောများကို ဖြတ်သန်းသွားလာနေခဲ့ပြီး အရာရာတိုင်းက ဖျက်ဆီးခံထားရကာ ခရမ်းရောင်ဖြစ်နေသည်။ ဤနေရာတွင် ကျွန်ပိုးကောင်များရှိနေသဖြင့် ဝိညာဥ်အသိစိတ်ကို စိတ်ရှိတိုင်း အသုံးပြု၍မဖြစ်ချေ။ သူက တောင်ကြားတစ်ခုအတွင်းသို့ ရောက်သောအခါ လက်ချောင်းထိပ်မှ တိမ်ပုလဲက ထွက်ပေါ်လာကာ ရုတ်တရက် စုပ်ယူသွားခဲ့သည်။ ထို့နောက် ၎င်းက အဝေးတစ်နေရာသို့ အလွန်လျင်မြန်စွာ ပျံသန်းသွားပြီး နောက်ယောက်ခံလိုက်လာသူကို မျက်ခြည်ဖြတ်ပစ်လိုက်သည်။

တိမ်ပုလဲအတွင်း ယဲ့ချန်က မြွေနီကြီးနှင့် နောက်တစ်ကြိမ် ပြန်တွေ့ခဲ့သည်။ ၎င်းက ရစ်ခွေနေရင်း သူ့ကို ဧရာမျက်လုံးကြီးများနှင့် စိုက်ကြည့်နေသည်။

"ခင်ဗျားက ကျုပ်ကို ဘယ်ခေါ်သွားမလို့လဲ"

သူက မြွေနီကြီးကို မေးလိုက်ခြင်းဖြစ်သည်။ ၎င်းက မကောင်းသော ရည်ရွယ်ချက်မရှိဟု ခံစားနေရသည်။ သို့မဟုတ်လျှင် သူက ၎င်းအတွက် တစ်လုတ်စာသာ ဖြစ်ပေလိမ့်မည်။

"ရွှီး ရွှီး"

မြွေနီကြီးက အသံတစ်ခုပြုလုပ်၍ ဖြေကြားလိုက်သော်လည်း သူက နားမလည်နိုင်ခဲ့ပေ။ မရေမတွက်နိုင်အောင် ကြိုးစားခဲ့သော်လည်း မြွေနီကြီးနှင့် မဆက်သွယ်နိုင်သဖြင့် သူက ကြမ်းပြင်တွင် တင်ပျဥ်ခွေထိုင်ချလိုက်ပြီး စောင့်ဆိုင်းနေရုံသာ တတ်နိုင်သည်။ နောက်ယောင်ခံလိုက်သူလည်း နောက်တွင် ကျန်ရစ်နေခဲ့ပြီး မြွေနီကြီးကလည်း မည်သည့်နေရာသို့ ခေါ်ဆောင်သွားကြောင်း မသိရပေ။ ၎င်းက ရွှမ်လင်းကဲ့သို့ နတ်အစေခံအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ကျိယွမ်ကြယ်၏နယ်ခံများက မသိကြပေ။ တိမ်ပုလဲက လျင်မြန်စွာဖြင့် ခရီးဆက်နေပြီး ဦးတည်ရာကို မသိရသောကြောင့် သူက စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။

လူသားနတ်ဘုရားနယ်မြေ၏ အဆင့်ကိုးတွင် ယဲ့ချန်တစ်ယောက်က သုံးလွှာကမ္ဘာအတွင်း ကြိုးကြိုးစားစား ကျင့်ကြံနေသည်။ ဤနေရာတွင် တစ်မိနစ်က တစ်နှစ်ခန့်ကြာမြင့်နေပြီး အချိန်က မရေမတွက်နိုင်လောက်အောင် ကြာမြင့်နေသည်ဟု ထင်မှတ်ရသည်။ ဤအရာက ကြယ်သခင်နှစ်ယောက် ထားရစ်ခဲ့သော အချိန်လေဟာနယ်ရုန်းများ၏ အကျိုးသက်ရောက်မှုဖြစ်ပြီး အပြင်ကမ္ဘာနှင့် လုံးဝကွာခြားနေသည်။ တစ်နှစ်အတွင်း သူက ရွှမ်အဆင့် တစ်ဆယ်အထိရောက်အောင် ကျင့်ကြံနိုင်ခဲ့ပြီး အချိန်လေဟာနယ်စွမ်းအားအချို့ကို နားလည်နိုင်ခဲ့သည်။ ၎င်းစွမ်းအားများက သူ၏ခန္ဓာကိုယ်ပတ်လည်တွင် ထက်ရှသော ဓားသွားများသဏ္ဍာန်ဖြင့် လှည့်ပတ်နေကြသည်။ ၎င်းကို နားလည်နိုင်ရန်အတွက် စကြဝဠာကြီးနှင့် ဆက်သွယ်ရမည်ဖြစ်သော်လည်း အကြောင်းအရင်းအချို့ကြောင့် သူက များစွာနားလည်ရန် မလိုအပ်ဘဲ အလိုလိုဆင်ခြင်နိုင်နေခဲ့သည်။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်က အကြောင်းအရင်းဖြစ်နိုင်ပြီး သူ၏ကိုယ်တွင်းရှိ နယ်မြေမှ အချိန်လေဟာနယ်စွမ်းအားတစ်ခု ဖြစ်ပေါ်လာကြောင်း ခံစားနေရသည်။ ၎င်းက ကြယ်သခင်နှစ်ပါး ချန်ထားရစ်ခဲ့သော တာအိုရုန်းများမဟုတ်ဘဲ သူ၏ကိုယ်ပိုင် အချိန်လေဟာနယ်စွမ်းအင် ဖြစ်ပေသည်။

ယဲ့ချန်က ရွှမ်အဆင့်တစ်ဆယ် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သာမန်တာအိုနတ်အဆင့်သုံးတစ်ယောက်ကို အနိုင်ယူနိုင်စွမ်းရှိလာသည်။ သူက တစ်ခုခုကို အာရုံခံမိသဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ကြယ်သခင်နှစ်ယောက်ကို မြင်လိုက်ရသည်။

"ကြယ်သခင်များ"

ယဲ့ချန်က အလျင်အမြန်ထရပ်၍ အရိုအသေပေးလိုက်၏။

"ကြည့်ရတာ မင်းက ငါတို့ကို တစ်နေရာရာမှာ မြင်တွေ့ဖူးမယ် ထင်တယ်"

တျန်းယွမ်က ကြင်နာစွာပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ဘေးတွင် ရှင်းရွှမ်က တည်ငြိမ်စွာ ရပ်နေခဲ့သည်။ ဤကား ကြယ်သခင်နှစ်ယောက် ချန်ထားရစ်ခဲ့သော ဝိညာဥ်အသိစိတ် တစ်ပိုင်းတစ်စသာဖြစ်၍ အခြားနေရာများရှိ ပုံရိပ်များနှင့် သီးခြားဖြစ်နေသောကြောင့် ယဲ့ချန်ကို မသိကြပေ။

"မင်းက အချိန်လေဟာနယ် တာအိုရုန်းတစ်ခုကို နားလည်နိုင်မယ်လို့ မထင်ထားဘူး။ ဒါက အပေါ်ယံသာဖြစ်ပေမယ့် ရွှမ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်တော့ ထူးချွန်တယ်။ မင်းရဲ့ပေါင်းစပ်နှုန်းကို ပြောပါဦး"

ရှင်းရွှမ်က ယဲ့ချန်ကို ချီးကျူးလိုက်ခြင်းဖြစ်သည်။

"သုညပါ"

ယဲ့ချန်က ကြယ်သခင်များကို လေးစားသောကြောင့် အမှန်တရားကို ဖုံးကွယ်မထားခဲ့ပေ။

"သုညဖြစ်နေတာ နှမြောစရာပဲ။ မဟုတ်ရင် မင်းရဲ့အရည်အချင်းနဲ့ဆိုရင် ကြယ်သခင်အမွေအနှစ်အတွက် ယှဥ်ပြိုင်နိုင်မယ်။ ကြည့်ရတာ မင်းက ရှင်းဟွမ်ရဲ့ရွေးချယ်ခံ မဖြစ်နိုင်ဘူး"

တျန်းယွမ်က မျက်မှောင်ကြုတ်၍ ခေါင်းယမ်းလိုက်သည်။

"မင်းရဲ့အရှိန်အဝါက အစွမ်းထက်တယ်ဆိုတာကို အာရုံခံမိတယ်။ ငါတို့ချန်ထားရစ်တဲ့ အချိန်လေဟာနယ်စွမ်းအင်မဟုတ်ဘဲ မင်းကိုယ်တိုင် ဖန်တီးထားနိုင်တယ်။ ငါဟာ အတိတ်တုန်းက အခြားကြယ်သခင်တွေဆီကနေ လျှို့ဝှက်ကျင့်စဥ်ထောင်ချီ ဝယ်လာခဲ့တယ်။ တစ်ခုချင်းစီက အစွမ်းထက်ပြီး ဒီမျှော်စင်မှာ ထိန်းသိမ်းထားတယ်။ မင်းက အဆင့်ကိုးအထိ ရောက်လာနိုင်တယ်ဆိုမှတော့ လက်ဗလာနဲ့ မပြန်စေရဘူး"

"မင်းက သူ့ကို အဲ့ဒီအရာ ပေးလိုက်မလို့လား"

ရှင်းရွှမ်၏စကားကို ကြားသောအခါ တျန်းယွမ်လည်း အံ့သြသွားခဲ့သည်။

"သူက ထိန်းချုပ်နိုင်ပါ့မလား"

ရှင်းရွှမ်က ခေါင်းညိတ်ပြလိုက်သောအခါ တျန်းယွမ်က သံသယဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"သူ့ကံတရားအပေါ်မှာ မူတည်တယ်။ အတိတ်တုန်းက တျန်းယွမ်ကြယ်ပေါ်မှာ ကောင်းကင်ဖျက်ဆီးရေး နတ်သစ်သီးတစ်လုံး ကျန်ရစ်ခဲ့တယ်။ နှစ်ပေါင်းများစွာအကြာမှာ ဒီကလေးက ဒါကိုရှာတွေ့ပြီး ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို စတင်ကျင့်ကြံနိုင်လာတယ်။ သူကသာ ဒီအရာကို မထိန်းချုပ်နိုင်ဘူးဆိုရင် ဘယ်သူမှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။ မင်းက ဒီအရာကို လိုချင်တယ်ဆိုရင် လိုက်လာခဲ့ပါ"

ရှင်းရွှမ်က ယဲ့ချန်ကို အဓိပ္ပါယ်ပါပါစိုက်ကြည့်၍ တစ်နေရာသို့ ထွက်ခွာသွားခဲ့သည်။ သူက ခဏတာ တုံ့ဆိုင်းနေသော်လည်း ကြယ်သခင်နှစ်ယောက်ပြောသည့် ရတနာအကြောင်း သိလိုသဖြင့် စပ်စုစွာနှင့် လိုက်ပါသွားခဲ့သည်။

"စီနီယာ ခင်ဗျား​ပြောတဲ့ ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို ဘယ်နေရာက ရရှိလာတာလဲ။ အခြားတစ်နေရာရာမှာ နတ်သစ်ပင်တစ်ပင် ရှိနေလို့လား"

ယဲ့ချန်က ကြယ်သခင်နှစ်ပါးနှင့်အတူ လိုက်ပါလာရင်း မေးမြန်းလိုက်ခြင်းဖြစ်သည်။

"ဟုတ်တယ်။ ကျိယွမ်ကြယ်လို့ခေါ်တဲ့ ကြယ်တစ်လုံးမှာ ကောင်းကင်ဖျက်ဆီးရေး နတ်သစ်ပင်တစ်ပင် ရှိတယ်။ စီနီယာတျန်းက နတ်သစ်သီးကို အဲ့ဒီကယူလာတာပဲ။ ဒါပေမယ့် သူက ဒီရတနာအတွက် ပိုင်ရှင်မရှာပေးခင်မှာပဲ ဆန်းကျယ်စွာ ပျောက်ဆုံးသွားခဲ့ပြီး နတ်သစ်သီးလည်း ပျောက်ကွယ်သွားခဲ့တယ်"

ရှင်းရွှမ်က ရှင်းပြလိုက်သည်။

"ကျိယွမ်ကြယ်လား"

ကျိယွမ်ကြယ်မှ ကိုယ်ပွားနှင့် ဆက်သွယ်နိုင်စွမ်းမရှိသောကြောင့် မျှော်စင်အတွင်းမှ ယဲ့ချန်သည် ၎င်းမှာ ခရမ်းရောင်အလင်းကြယ်ဖြစ်ကြောင်း မသိထားခဲ့ပေ။ ကျောက်စိမ်းနန်းတော်အတွင်း ကောင်းကင်ဖျက်ဆီးရေးနတ်သစ်သီးကို ငွေရောင်ချပ်ဝတ်၊ စီမုတို့နှင့်အတူ တွေ့ခဲ့ရသောကြောင့် တျန်းယွမ်မှာ ၎င်းတို့ကိုသိမ်းဆည်းပြီး ပျောက်ကွယ်သွားပုံပေါ်သည်။ သူ ပျောက်ကွယ်သွားရသော အကြောင်းအရင်းကို မည်သူမှ မသိနိုင်ခဲ့ပေ။

"စီနီယာက ဘယ်ကိုရောက်သွားတာလဲ"

ယဲ့ချန်က တျန်းယွမ်ကို လှည့်ကြည့်လိုက်သော်လည်း သူက နောက်ချန်ပုံရိပ်တစ်ခုသာ ဖြစ်သောကြောင့် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အဖြေမပေးနိုင်သဖြင့် ခေါင်းယမ်းပြနေခဲ့သည်။

"စီနီယာ့ကို ကျုပ် မေးခွန်းနည်းနည်း မေးလို့ရမလား"

"မေးပါ"

"ကျုပ်က နတ်သစ်သီးကို ငွေရောင်ချပ်ဝတ်၊ စီမုသံလိုက်အိမ်မြှောင်နဲ့အတူ ကျောက်စိမ်းနန်းတော်ထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ငွေရောင်ချပ်ဝတ်က ဘယ်လိုရတနာမျိုးပါလဲ"

"မင်းက စီမုကိုရော တကယ်ရှာတွေ့ခဲ့တာလား။ မင်းရှာတွေ့ခဲ့တာက ငါ့ရဲ့ကာကွယ်ရေးရတနာ ကောင်းကင်ချပ်ဝတ် ဖြစ်လိမ့်မယ်။ ဒါကို ချွတ်ထားလိုက်ပြီဆိုရင် ငါ သေသွားဖို့များတယ် "

တျန်းယွမ်က အနည်းငယ် အံ့သြသွားပုံပေါ်သည်။ ယဲ့ချန်က ကောင်းကင်ချပ်ဝတ်ကို ရှာတွေ့ခဲ့ချိန်တွင် ၎င်း၌ ထိခိုက်ဒဏ်ရာများ ပြည့်နှက်နေသည်။ ထို့ကြောင့် တျန်းယွမ်က ခက်ခဲကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ကျော်ဖြတ်ခဲ့ရပြီး အပြင်းအထန် ဒဏ်ရာရသွားပုံပေါ်သည်။ သူက အသက်ဆက်ရှင်ရန်အတွက် မျှော်လင့်ချက်မရှိတော့သောကြောင့် ရတနာများကို ကျောက်စိမ်းနန်းတော်အတွင်း သိမ်းဆည်းထားခဲ့ခြင်း ဖြစ်နိုင်သည်။

"အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။ ဘယ်လိုကျင့်ကြံသူကများ ကြယ်သခင်တစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့တာလဲ"

ယဲ့ချန်၏စိတ်ထဲတွင် သံသယအတွေးများ ဖြစ်ပေါ်လာသည်။

"ငါနဲ့အတူ လိုက်လာခဲ့ကြ"

ထိုအချိန်တွင် ရှင်းရွှမ်၏စကားသံ ထွက်ပေါ်လာသဖြင့် သူက ခေါင်းညိတ်လိုက်သည်။ လက်ရှိတွင် လျှို့ဝှက်ချက်များကို မဆက်စပ်နိုင်သေးသဖြင့် ကျောက်စိမ်းနန်းတော်သို့ ပြန်သွားရမည့်ပုံပေါ်သည်။ သူ့အတွက် အတိတ်မှအရာရာကို သိနိုင်ရန်အတွက် သဲလွန်စများ ထပ်မံလိုအပ်နေခဲ့လေသည်။

All Chapters