← Chapters

လူကောင်း

Vol. 85 Ch. 1175

လူကောင်း

Vol. 85 Ch. 1175

အမှောင်ဧကရာဇ်၏ စံအိမ်ဖြစ်သော အနက်ရောင် ဘုရားကျောင်းမှာ တောင်ခြေကိုပင် လှမ်းမမြင်နိုင်လောက်အောင် မြင့်မားလွန်းသည့် တောင်တစ်လုံး၏ ထိပ်တွင် တည်ရှိသည်။

အနီရောင်ဝတ်ရုံနှင့် အမျိုးသမီး ရှိနေခဲ့သည့်ကမ္ဘာကြီး ပျက်စီးသွားချိန်တွင် ထို အမျိုးသမီး၏ ရုပ်တုအား တည်ဆောက်ထားသည့် ဘုရားကျောင်း၏ အတွင်းပိုင်း ပေါ်ပေါက်လာသည်။ ၎င်းမှာ တမူထူးခြားနေခြင်းတော့ မရှိပေ။

သို့သော် ဝမ်ပေါင်လဲ့မှာ ဝင်ပေါက်ကို ဖြတ်၍ အခြား အထပ်တစ်ထပ်သို့ ရောက်ရှိသွားသောအခါ နှလုံးသားထဲ၌ တုန်ရီသွားရ၏။ ၎င်းမှာ ကမ္ဘာကြီးတစ်ခု ဖြစ်နေဆဲဖြစ်ပါသော်လည်း ပြင်ပကမ္ဘာကြီးနှင့် ချိတ်ဆက်နေခြင်းမရှိပေ။ ၎င်းမှာ ဖန်တီးထားသည့် ကမ္ဘာတစ်ခုနှင့် တူနေ၏။ ပို၍ တိတိကျကျဆိုရလျှင် ၎င်းမှာ အလုံပိတ်ထားသည့် လိုဏ်ဂူတစ်လုံး ဖြစ်ပေသည်။

ထို လိုဏ်ဂူ၏ ထိပ်တွင် သူ ကျော်ဖြတ်လာခဲ့သည့် ဝင်ပေါက်ရှိနေပြီး ၎င်းမှာ ထူးဆန်းသော နတ်ဘုရားစွမ်းရည်တစ်မျိုး၏ လွှမ်းခြုံခြင်းကို ခံထားရ၏။ ထို့ကြောင့် ၎င်းမှာ မိုးကောင်းကင်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ မျက်စိတစ်ဆုံး ကျယ်ပြောနေသည့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားတွင်မူ နယ်နိမိတ်ကန့်သတ်ချက်များ ရှိနေ၏။ ၎င်းတို့အား သာမန်မျက်လုံးဖြင့် မမြင်နိုင်ပါသော်လည်း နတ်ဘုရားအာရုံဖြင့် အကဲခတ်ကြည့်ရှုလိုက်မည်ဆိုလျှင်မူ ကီလိုမီတာ တစ်သိန်းအကျော်တွင် မျက်လုံးဖြင့်မမြင်နိုင်သည့် အကာအရံများရှိနေသည်ကို မြင်လိုက်ရမည်သာဖြစ်သည်။

အောက်တွင်... မြေပြင်ကြီးရှိနေ၏။ တောင်များမှာ တစ်လုံးပြီးတစ်လုံး စီတန်းနေကြသလို မြစ်များမှာလည်း တသွင်သွင်စီးဆင်းနေကြ၏။ သက်ရှိများမရှိသော အချက်မှလွဲ၍ အခြားအရာအားလုံးမှာ ပုံမှန်အတိုင်းပင်။

ထို ကမ္ဘာကြီးအလယ်တွင် ကျောက်ပြားတစ်ပြား ရှိနေ၏။ ထို ကျောက်ပြား၏ ထိပ်တွင် ဧရာမ စာလုံးကြီးများ ရှိနေသည်။

ထိုစာလုံးများမှာ " အမှောင်ကရာဇ်၏ သင်္ချိုင်းဂူ " ဖြစ်ပေသည်။

၎င်းမှာ အုတ်ဂူကျောက်စာတိုင်တစ်တိုင် ဖြစ်သည်။ ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေသည့် အရာမှာ ထို ကျောက်တိုင်ပေါ်ရှိ စာလုံးများ၏ နောက်ခံမြင်ကွင်းအဖြစ် ရှိနေသည့် ရုပ်ပုံများ ဖြစ်ပေသည်။ ထိုအမှတ်အသားမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေ၏။

၎င်းမှာ ဇောက်ထိုးမိုးမျှော်ဖြစ်နေပြီး တောင်တစ်လုံးထဲသို့ စိုက်ဝင်နေသည့် မျှော်စင်တစ်ခု၏ ရုပ်ပုံတစ်ခု ဖြစ်သည်။ ထို မျှော်စင်၏ ထိပ်တွင် ဘုရားကျောင်းတစ်ကျောင်း၏ ရုပ်ပုံတစ်ခုရှိပြီး ထိုဘုရားကျောင်းပေါ်တွင် ရုပ်တုများရှိနေကြ၏။ ထိုရုပ်တုများမှာ တထေရာတည်းနည်းပါး ဆင်တူကြပေသည်။

ဇောက်ထိုးမိုးမျှော်ဖြစ်နေသည့် မျှော်စင်ကြီးမှာမူ တောင်၏ အတွင်းပိုင်းထဲသို့ စိုက်ဝင်နေ၏။ ထို မျှော်စင်၏ အောက်ခြေတွင် ခေါင်းတလားတစ်လုံး၏ ရုပ်ပုံတစ်ခုရှိနေသည်။

ထို ခေါင်းတလားပေါ်တွင် မျက်လုံးတစ်လုံးပုံစံ အမှတ်အသားတစ်ခုအား ရေးထွင်းထား၏။ ဝမ်ပေါင်လဲ့တစ်ယောက် ထို မျက်လုံးအား ကြည့်မိလိုက်သည်နှင့် သူ အာရုံခံမိနေသည့် ဆင့်ခေါ်သံများမှာ ပို၍ပင်အားကောင်းလာသည်။ သို့သော် ဝမ်ပေါင်လဲ့ ရင်ခုန်နှုန်းများ မြန်ဆန်နေရခြင်းမှာ ထိုအချက်ကြောင့် မဟုတ်ပေ။

သူသည် ဇောက်ထိုးမိုးမျှော်ဖြစ်နေသည့် မျှော်စင်၏ ပထမအထပ်အား အသေးစိတ်မြင်လိုက်ရသဖြင့် ရင်ခုန်နှုန်းများ အမြန်ဆန်သွားရခြင်းဖြစ်သည်။ သူသည် ထို အထပ်ပေါ်တွင် တောင်တန်းများနှင့် မြစ်များကို ရေးဆွဲပုံဖော်ထားရုံသာမက ကျောက်ပြားတစ်ပြား၏ ရုပ်ပုံတစ်ခုကိုလည်း မြင်နေရသည်။

ထို့အပြင် ထို ကျောက်ပြား၏ မျက်နှာပြင်ပေါ်တွင် လူတစ်ယောက်ပုံစံ အသေးစားရုပ်ပုံလေးတစ်ခုလည်း ရှိနေသေးသည်။ ထို လူပုံစံ ရုပ်ပုံလေး၏ နောက်တွင် အနက်ရောင်လက်ဖဝါးကြီးတစ်ခု ရှိနေ၏။ ၎င်းမှာ အနည်းငယ် ကွာဝေးနေသေးသည့်တိုင်အောင် လှမ်း၍ ဖမ်းဆုပ်တော့မည်ပုံ ပေါက်နေသည်။

ဝမ်ပေါင်လဲ့မှာ ထို လူတစ်ယောက်ပုံစံ အသေးစားရုပ်ပုံလေးအား မြင်လိုက်ရသည်နှင့် သူ ရပ်နေသည့်နေရာမှ ထွက်ခွာလာ၏။ သူသည် ကမ္ဘာကြီးတစ်ခုလုံးအား နောက်ထပ်တစ်ကြိမ်ထပ်၍ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပို၍ပင် အံ့သြတုန်လှုပ်သွားရသည်။ ထို့နောက် သူသည် အုတ်ဂူကျောက်စာတိုင်အား ပြန်ကြည့်လိုက်သည်။

သူသည် ထို အုတ်ဂူကျောက်တိုင်ပေါ်မှ ရုပ်ပုံများမှာ အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ တည်ဆောက်ပုံကို ဖော်ပြထားခြင်းဖြစ်ကြောင်း နားလည်သွားသည်။ ယခုတွင် သူသည် ဇောက်ထိုးမိုးမျှော်ဖြစ်နေသည့် မျှော်စင်ကြီး၏ ပထမအထပ်တွင် ရှိနေခြင်းဖြစ်၏။

ထို လူတစ်ယောက်ပုံစံ အသေးစားရုပ်ပုံလေးမှာမူ ဝမ်ပေါင်လဲ့အား ကိုယ်စားပြုနေသည့်ပုံပင်။

အကယ်၍ ၎င်းမှာ ဝမ်ပေါင်လဲ့အား အမှန်တကယ် ကိုယ်စားပြုနေပါက ၎င်း၏ နောက်တွင်ရှိနေသည့် လက်ဖဝါးကြီးမှာ မည်သည့်နေရာတွင် ရှိနေမည်နည်း။

" တစ်ခုခုတော့ လွဲနေပြီ " ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထား၍ ဘေးဘီဝဲယာကို အကဲခတ်နေရင်း ဤ ကမ္ဘာကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်ကိုလည်း သတိထားမိလိုက်သည်။ သူ စတင်ရောက်ရှိလာခဲ့စဉ်ကတည်းက ထိုနေရာ၌ အသံတစ်သံမှ ထွက်ပေါ်လာခဲ့ခြင်းမရှိပေ။

မြေပြင်ပေါ်၌ စီးဆင်းနေသည့် ရေများပင်လျှင် တိတ်ဆိတ်နေ၏။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရသည်။ သူသည် ထိုနေရာ၌ နတ်ဘုရားအာရုံ အမျှင်အတန်းတစ်ခု ချန်ရစ်ထားခဲ့ပြီးနောက် အလျင်အမြန် ထွက်ခွာသွား၏။ ထို့နောက် သူသည် ထိုကမ္ဘာကြီးထဲ၌ နောက်ထပ်တစ်ထပ်သို့ သွားနိုင်မည့် ဝင်ပေါက်အား လိုက်လံရှာဖွေနေလိုက်သည်။ သို့သော် သူ မည်မျှပင် ရှာဖွေစေကာမူ မည်သည့်အရာကိုမှ ရှာမတွေ့ဘဲဖြစ်နေရ၏။

သို့သော် သူသည် ထူးဆန်းသော မြေမျက်နှာသွင်ပြင် ပုံစံအချို့အား မြင်ခဲ့ရသည်။

၎င်းတို့မှာ လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးများ ဖြစ်ကြ၏။ ဤကမ္ဘာကြီးထဲရှိ မြေပြင်ပေါ်တွင် ထိုကဲ့သို့သော ချိုင့်ခွက်ကြီးသုံးခု ရှိနေသည်။ ထိုချိုင့်ခွက်ကြီးများမှာ မီတာသုံးသောင်းကျော် ကျယ်ဝန်းပြီး ၎င်းတို့၏ အလယ်တွင် ရုပ်အလောင်း တစ်ခုစီ ရှိနေ၏။

ထို ရုပ်အလောင်းများမှာ အလွန်အင်မတန်မှ ပိန်လှီနေကြသဖြင့် သူတို့၏ အသက်စွမ်းအားများ၊ ချီများနှင့် အသွေးအသားများအားလုံးမှာ စုပ်ယူခံထားရသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ သူတို့၏ မျက်နှာများကို မမှတ်မိပါသော်လည်း သူတို့၏ အဝတ်အစားများနှင့် အငွေ့အသက်များမှတစ်ဆင့် သူတို့သုံးယောက်မှာ အမှောင်ဂိုဏ်းသားများ ဖြစ်ကြကြောင်း ရိပ်မိလိုက်သည်။

သူတို့မှာ အမည်မသိ နည်းလမ်းတစ်မျိုးမျိုးဖြင့် အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီး ရှိနေခဲ့သည့် ပုံရိပ်ယောင်ကမ္ဘာကြီးအား ကျော်ဖြတ်လာနိုင်ခဲ့သည့် အမှောင်ဂိုဏ်းသားများ ဖြစ်ရပေမည်။ သို့သော်လည်း သူတို့မှာ ဤအထပ်သို့ ရောက်ရှိလာချိန်တွင် အသေဆိုးနှင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထား၍ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် သူတို့ သေဆုံးသွားရသည့် အကြောင်းရင်းမှာ သူတို့၏ ဝိညာဉ်များ တစ်စုံတစ်ခု၏ ဝါးမျိုးခြင်းကို ခံလိုက်ရသည့် အချက်ကြောင့်ဖြစ်ကြောင်း နားလည်သွားသည်။ သူတို့၏ အသွေးအသားများမှာမူ သူတို့၏ ဝိညာဉ်များ ပျောက်ကွယ်သွားကြပြီးမှ စုပ်ယူခံလိုက်ရခြင်းဖြစ်၏။

ထို အသွေးအသားများအား စုပ်ယူခဲ့သည့်အရာမှာ ဤ မြေပြင်ကြီးဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အနီးကပ် အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ထို ရုပ်အလောင်းသုံးခု ရှိနေသည့် မြေပြင်ကြီးဆီမှ သွေးညှီနံ့တစ်မျိုး ထွက်ပေါ်နေသည်ဖြစ်ကြောင်း အာရုံခံမိလိုက်သည်။

ထို့ကြောင့် သူ၏လအမြင်တွင် ထိုကမ္ဘာကြီးမှာ ပို၍ပင် ကျောချမ်းစရာကောင်းလာတော့သည်။

ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားပြီး သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းကာ နောက်ထပ် တစ်ထပ်သို့ သွားနိုင်မည့် ဝင်ပေါက်အား ဆက်လက်ရှာဖွေရန် ပြင်လိုက်၏။ သို့သော် ခဏအကြာတွင် သူ၏ မျက်နှာအမူအရာမှာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားတော့သည်။ သူ ကျောက်ပြားပေါ်၌ ချန်ရစ်ထားခဲ့သည့် နတ်ဘုရားအာရုံ အမျှင်အတန်းမှာ ထို ကျောက်ပြားပေါ်ရှိ ရုပ်ပုံ ပြောင်းလဲသွားသည်ကို မြင်လိုက်ရခြင်းဖြစ်၏။

ထိုရုပ်ပုံထဲတွင် ဝမ်ပေါင်လဲ့အား ကိုယ်စားပြုနေသည့် ပထမထပ်ရှိ လူပုံစံ အသေးစား ရုပ်ပုံလေးမှာ ၎င်း ရှိနေခဲ့သည့်နေရာမှ ထွက်ခွာသွားပြီဖြစ်သည်။ ယခုတွင် ၎င်းမှာ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ ရောက်နေ၏။ တစ်ချိန်ထဲမှာပင် ၎င်း၏ နောက်တွင်ရှိနေသည့် အနက်ရောင်လက်ဖဝါးကြီးမှာလည်း ၎င်းနှင့် ပို၍ နီးကပ်လာသည်။

ထို့အပြင် ထိုကဲ့သို့သော လက်ဖဝါးကြီး တစ်ခုတည်း ရှိနေခြင်းမဟုတ်တော့ဘဲ ဆယ်ခုတိတိ ရှိနေပြီဖြစ်သည်။ ၎င်းတို့မှာ သူ့အား ဝန်းရံထားကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာအား သတိထားမိလိုက်သည်နှင့် မျက်မှောင်ကြုတ်သွားသည်။

" အပေါစားလှည့်ကွက်တွေ " သူ ထိုသို့ရေရွတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် မျက်ဝန်းများတောက်ပသွားပြီး သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်ကာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား ကြည့်ရှုစစ်ဆေးလိုက်တော့သည်။

သို့သော် မည်သည့်အရာမှ မရှိပေ။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး သူရှိနေသည့် နေရာ၌ မလှုပ်မယှက် ရပ်နေလိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေးမှာ ဖြည်းညင်းစွာ လည်ပတ်သွားသည်။ ထိုအခါ အားကောင်းသည့် ဓားချီတစ်မျိုးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် အေးစက်စက် အမူအရာဖြင့် သူ၏ ဘေးပတ်ဝန်းကျင်အား နောက်ထပ်တစ်ကြိမ်ထပ်၍ ကြည့်ရှုစစ်ဆေးလိုက်ပြန်သည်။

သို့သော်.... ယခုအကြိမ်တွင်လည်း သူသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ သို့သော် သူ ကျောက်ပြားပေါ်၌ ချန်ရစ်ထားခဲ့သည့် နတ်ဘုရားအာရုံမှာမူ ထို ကျောက်ပြားပေါ်ရှိ ရုပ်ပုံထဲတွင် အံ့သြတုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုအား မြင်လိုက်ရတော့သည်။

ထိုရုပ်ပုံထဲတွင် ဝမ်ပေါင်လဲ့အား ကိုယ်စားပြုနေသည့် လူပုံစံ အသေးစားရုပ်ပုံလေး၏ ပတ်ပတ်လည်၌ ရှိနေသည့် အနက်ရောင်လက်ဖဝါး အရေအတွက်မှာ ဆယ်ခုပင် မကတော့ပေ။ ၎င်းတို့၏ အရေအတွက်မှာ တစ်သိန်းကျော်အထိ ရှိနေပြီဖြစ်သည်။

၎င်းတို့မှာ ပြွတ်သိပ်နေကြပြီး ဝမ်ပေါင်လဲ့အား ဝန်းရံထားကြ၏။ ထို့အပြင် ၎င်းတို့မှာ အတူတကွ ပူးပေါင်းသွားကြပြီး အရွယ်အစားကြီးမားသည့် လက်ဖဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားသည့်ပုံလည်း ပေါက်နေသေးသည်။ ဝမ်ပေါင်လဲ့မှာမူ... လက်ရှိတွင် ထိုလက်ဖဝါးကြီး၏ အလယ်ဗဟို၌ ရှိနေ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ မည်သည့်အန္တရာယ်ကိုမှ အာရုံမခံမိသေးပေ။ အကယ်၍ သူ သူ၏ နတ်ဘုရားအာရုံကိုသာ ကျောက်ပြားပေါ်၌ ချန်ရစ်ခဲ့ခြင်းမရှိပါက မည်သည့်ပြောင်းလဲမှုကိုမှ သတိထားမိမည် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ သူ၏ ပတ်ပတ်လည်ရှိ လက်ဖဝါးများ အတူတကွ ပေါင်းစည်းသွားရာမှ ပေါ်ပေါက်လာသည့် ဧရာမလက်ဖဝါးကြီးအား သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် မြင်လိုက်ရသည်နှင့် မကြာသေးမီတုန်းက သူရှာတွေ့ခဲ့သည့် လက်ဖဝါးပုံစံ ချိုင့်ခွက်ကြီးများနှင့် အမှောင်ဂိုဏ်းသားများ၏ ရုပ်အလောင်းများအား ချက်ချင်း ပြန်၍သတိရသွားသည်။

" တစ်ခုခုတော့လွဲနေပြီ " ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ကျောက်ပြားရှိနေသည့် အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏ နှလုံးသားထဲတွင် သံသယစိတ်များ ပေါ်ပေါက်လာသည်။ အကယ်၍ ဤနေရာကြီးသာ အမှန်တကယ် အန္တရာယ်ရှိနေမည်ဆိုပါက အဘယ်ကြောင့် ထို ကျောက်ပြားပေါ်တွင် သတိပေးချက်တစ်ခု ရှိနေရပါသနည်း။

" ဒါက အမှောင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူဖြစ်နေပြီး ငါက အမှောင်ကလေးငယ် ဖြစ်နေတာလေ။ ဒီနေရာကို ရောက်လာကြတဲ့ လူတွေကလည်း အမှောင်ဂိုဏ်းသားတွေပဲ။ သူတို့တွေဆီမှာလည်း အမှောင်ဂိုဏ်းရဲ့ မိုးကောင်းကင်တာအို အငွေ့အသက်တွေ ရှိနေကြတာ။ အဲတာမလို့ သေချာစဉ်းစားကြည့်မယ်ဆိုရင် ငါတို့တွေ အကုန်လုံးက အဖွဲ့အစည်းတစ်ခုထဲက ကျင့်ကြံသူတွေပဲမလို့ ဘာအန္တရာယ်နဲ့မှ ကြုံတွေ့ရစရာအကြောင်း မရှိဘူး "

" လူကောင်းနဲ့လူဆိုးကို ခွဲခြားနေတာများလား " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။ သူသည် ဤ ဖြစ်စဉ်ကြီးတစ်ခုလုံးမှာ လူကောင်းနှင့်လူဆိုးအား ခွဲခြားရန် ကြိုးစားနေခြင်း ဖြစ်နိုင်သည်ဟု ခံစားလိုက်ရ၏။ အကယ်၍ မိမိ၏ နှလုံးသားထဲတွင် ရိုသေလေးစားမှုများနှင့် စိတ်ကောင်းစေတနာများသာ ရှိနေမည်ဆိုပါက ဤနေရာကြီးမှာ မိမိအား အန္တရာယ်ပြုမည်မဟုတ်ကြောင်း ယုံကြည်နေမည်ဖြစ်ရာ မိမိတို့၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာမည့် အနက်ရောင် လက်ဖဝါးကြီးများကိုလည်း ကြောက်ရွံ့နေမည် မဟုတ်ပေ။ သို့သော် နှလုံးသားထဲ၌ မကောင်းသည့် အကြံအစည်များဖြင့် ပြည့်နှက်နေလျှင်မူ ထိုလက်ကြီးများကြောင့် ထိတ်လန့်တုန်လှုပ်ကာ ဂနာမငြိမ် ဖြစ်နေမည်သာဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်နေပြီး သူ၏ နတ်ဘုရားအာရုံဖြင့် ထိုမြင်ကွင်းအား စိုက်ကြည့်နေလိုက်၏။ သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အနက်ရောင် လက်ဖဝါးများမှာ ဧရာမ လက်ဖဝါးကြီးတစ်ခုအဖြစ်သို့ အပြီးတိုင်ပြောင်းလဲသွားရန် ဆံချည်မျှင် တစ်မျှင်စာမျှသာ လိုတော့သည်။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်ဝန်းများ အရောင်တောက်ပသွားပြီး သူနှင့် သူ၏ နတ်ဘုရားအာရုံကြားရှိ အချိတ်အဆက်အား ဖြတ်တောက်ပစ်လိုက်၏။ ထို့နောက် သူသည် ကျောက်ပြားအား ဂရုစိုက်မနေတော့ဘဲ ၎င်း ရှိနေသည့်ဘက်သို့ ဦးညွှတ်အရိုသေပေးကာ လျှောက်တင်လိုက်သည်။

" အမှောင်ဧကရာဇ်ခင်ဗျား။ တပည့်ဝမ်ပေါင်လဲ့က မိုးကောင်းကင်တာအိုကိုယ်စား ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို လာယူတာပါ။ အဲဒီလုပ်ရပ်က မလေးစားရာကျပေမဲ့ မိုးကောင်းကင်တာအို အပြည့်အဝ ပြန်လည်နိုးထလာနိုင်ဖို့နဲ့ လော့ပေးအပ်ထားခဲ့တဲ့ တာဝန်အတွက် အမှောင်ဧကရာဇ် ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးနိုင်ဖို့ မျှော်လင့်ပါတယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ လျှောက်တင်လိုက်ပြီးနောက် အချိန်အနည်းငယ်ကုန်ဆုံးသွားပြီးမှ တဖြည်းဖြည်းနှင့် ခါးပြန်မတ်လာ၏။ သူသည် သူ၏ ပတ်ပတ်လည်တွင် မျက်လုံးဖြင့် မမြင်နိုင်သည့် အနက်ရောင်လက်ဖဝါးကြီးများ ရှိနေသည့်အချက်ကို မသိချင်ယောင်ဆောင်နေလိုက်သည်။ ထို့အပြင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကိုပါ ပြန်လည်ရုပ်သိမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ဓားအိမ်လေး၏ ဓားချီများကိုလည်း ပြန်လည် ချုပ်တည်းလိုက်သေးသည်။ ထို့နောက် သူသည် တည်ကြည်မှု အပြည့်ရှိသောအမူအရာဖြင့် ရှေ့သို့ လျှောက်လှမ်းသွား၏။

တစ်လှမ်း၊ နှစ်လှမ်း၊ အလှမ်းတစ်ရာ၊ အလှမ်းတစ်ထောင်...

မီတာသုံးဆယ်၊ မီတာသုံးရာ၊ မီတာသုံးထောင်၊ မီတာသုံးသောင်း....

ဝမ်ပေါင်လဲ့မှာ လက်ဖဝါးကြီး၏ ဖုံးလွှမ်းခြင်းကိုခံထားရသော နေရာ၏ အပြင်ဘက်သို့ ရောက်သွားသည့်အထိ ဆက်လက်လျှောက်လှမ်းသွား၏။ သူသည် မည်သည့်အန္တရာယ်နှင့်မှ မကြုံတွေ့ခဲ့ရပေ။ သူ ရှေ့သို့ လျှောက်လှမ်းသွားနေစဉ် သူနှင့် မလှမ်းမကမ်းရှိ လေထုထဲတွင် တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး အလင်းရောင် တံခါးပေါက်တစ်ပေါက် ပေါ်ပေါက်လာသည်။

ထို အလင်းရောင်တံခါးပေါက် ပေါ်ပေါက်လာမှသာ ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားပြီး သက်ပြင်းချနိုင်သွား၏။ ထိုအချိန်တွင် သူသည် စကားသံတစ်သံ မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည်ကို မသဲမကွဲကြားလိုက်ရသည်။ ၎င်းမှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။

" လူကောင်း “

All Chapters