ဝိညာဉ်များကို လမ်းညွှန်ခြင်း
Vol. 85 Ch. 1176
" စကားသံတစ်သံပါလား " ဝမ်ပေါင်လဲ့မှာ သူ၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားသည့် စကားသံကို ကြားလိုက်ရသည်နှင့် တုန်ရီသွား၏။ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်သွားပြီဖြစ်သည်။
အမှန်တွင် သူသည် အုတ်ဂူကျောက်စာတိုင်အား မြင်ခဲ့ရသည့် အချိန်ကတည်းက ဤ သင်္ချိုင်းဂူအား အမှောင်ဧကရာဇ်အတွက် မည်သူက ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သနည်းဟု သိချင်နေခဲ့သည်။
အမှောင်ဧကရာဇ်ကိုယ်တိုင် ဆောက်လုပ်ခဲ့ခြင်း မဖြစ်နိုင်ပါသော်လည်း ထိုဖြစ်နိုင်ခြေအား လုံးဝ လျစ်လျူရှုထား၍တော့ မရပေ။ သို့သော် ဝမ်ပေါင်လဲ့သည် အမှောင်ဧကရာဇ်၏ နောက်လိုက်များထဲမှ တစ်ယောက်မှာ ဤ သင်္ချိုင်းဂူကြီးအား ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။
ထို့ကြောင့် သူသည် ထိုစကားသံအားကြားလိုက်ရသည်နှင့် သူ၏ တာဝန်အား ပြီးမြောက်အောင် ဆောင်ရွက်နိုင်တော့မည်ဟု ပို၍ပင် ယုံကြည်သွားသည်။ ခဏအကြာတွင် သူသည် ထိုအတွေးများကို မေ့ပျောက်ထားလိုက်ပြီး အလင်းရောင်တံခါးပေါက်၏ ရှေ့တွင်ရပ်ကာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ ဦးညွှတ်လိုက်၏။ ထို့နောက် သူသည် အထဲသို့ဝင်ရောက်သွားတော့သည်။
သူ အထဲသို့ရောက်သွားသည်နှင့် သူ၏ အမြင်အာရုံမှာ မှုန်ဝါးဝါးဖြစ်သွား၏။ တစ်အောင့်ခန့်အကြာတွင် ဝမ်ပေါင်လဲ့၏ ရှေ့၌ ကမ္ဘာအသစ်ကြီးတစ်ခု ပေါ်ပေါက်လာသည်။ ကောင်းကင်ကြီးမှာ မှောင်မိုက်နေပြီး မြေပြင်ပေါ်တွင် မြူခိုးများ ဖုံးလွှမ်းနေ၏။ သူသည် မလှမ်းမကမ်းတွင် ပထမထပ်၌ ရှိနေသည့် အုတ်ဂူကျောက်စာတိုင်နှင့် တထေရာတည်းတူသော ကျောက်စာတိုင်တစ်တိုင်အား မြင်လိုက်ရသည်။ သို့သော် မြူခိုးများကြောင့် ၎င်းအား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။
သူ မြင်နေရသည့် တစ်ခုတည်းသောအရာမှာ အောက်ဘက်မြေပြင်ပေါ်ရှိ မြူခိုးများထဲ၌ ဦးတည်ရာမဲ့စွာ မျောလွင့်နေကြသည့် မရေမတွက်နိုင်လောက်အောင် များပြားသော ဝိညာဉ်များသာဖြစ်ပေသည်။ ၎င်းတို့မှာ တိတ်ဆိတ်နေကြခြင်း မရှိဘဲ ထို မြူခိုးများထဲ၌ တိုင်းပြည်များ တည်ထောင်ထားသကဲ့သို့ပင်။ ထိုကဲ့သို့သော တိုင်းပြည်မျိုး ခုနစ်ခန့် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ သူရှိနေသည့် နေရာမှနေ၍ ထို တိုင်းပြည်တစ်ခုချင်းစီတိုင်းမှာ ကိုယ်ပိုင်စနစ်တစ်ခုစီ ကျင့်သုံးကြပြီး ဝိညာဉ်ဧကရာဇ်တစ်ပါးစီကို ပိုင်ဆိုင်ထားကြကြောင်း မြင်နေရသည်။
လက်ရှိတွင် တိုင်းပြည်သုံးခုမှာ စစ်ဖြစ်နေကြ၏။ ထို့ကြောင့် မြူခိုးများမှာ လှုပ်လှုပ်ရွရွဖြစ်နေပြီး သနားစရာကောင်းသည့် အော်ဟစ်မြည်တမ်းသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်နေသည်။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွား၏။
အမှန်တွင် အမှောင်ဧကရာဇ်၏ သင်္ချိုင်းဂူကြီးမှာ သူ့အတွက် အလွန်အင်မတန်မှ ထူးဆန်းလွန်းနေသည်။ ၎င်းမှာ သာမန် သင်္ချိုင်းတစ်ခု မဖြစ်နိုင်ပေ။
" ဘုရားကျောင်းထဲမှာတုန်းက လူတစ်ယောက်ရဲ့မှတ်ဉာဏ်တွေကို ပြန်လည်ဖန်တီးပေးနိုင်တဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး ရှိနေခဲ့တာ... ပထမထပ်က စမ်းသပ်မှုက လူကောင်းနဲ့လူဆိုးကို ခွဲခြားပေးတာ "
" အမှောင်ဧကရာဇ်ရဲ့ သင်္ချိုင်းဂူကို ဘာလို့ အခုလို တည်ဆောက်ထားရတာလဲ " အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် သဲလွန်စ လုံလုံလောက်လောက် ရှာမတွေ့သေးပါသော်လည်း မည်မျှပင် စဉ်းစားကြည့်စေကာမူ နှလုံးသားထဲ၌ ထင်မြင်ချက်တစ်ခု ပေါ်ပေါက်လာဆဲပင်။
" ဒီနေရာကြီးကို အခုလို ဖြစ်အောင် တမင် တည်ဆောကထားတာပဲ ဖြစ်မယ် " ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် သူ၏ အောက်ဘက်ရှိ မြူခိုးများထဲတွင် ရှိနေသော ဝိညာဉ်တိုင်းပြည်များအား သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်သည်။ ဤနေရာကြီး ဖြစ်တည်နေသည်မှာ အချိန်အကြာကြီး ရှိနေပြီဖြစ်သလို ဝိညာဉ်တိုင်းပြည်များ၏ ကြားမှ တိုက်ပွဲများမှာလည်း လူသားများ၏ တိုက်ပွဲများကဲ့သို့ အဆုံးမရှိသည့်အလားပင်။ ထို့အပြင် ထိုမြူခိုးများမှာ ဝမ်ပေါင်လဲ့၏ အမြင်အာရုံအား ဟန့်တားနိုင်စွမ်း မရှိပါသော်လည်း ဤနေရာတွင် ရှိနေသည့် ဝိညာဉ်များ၏ အမြင်အာရုံများကိုမူ ဟန့်တားနိုင်စွမ်း ရှိနေသည့်ပုံပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာမှာ ထို ဝိညာဉ်များနှင့် တသီးတခြားစီ ဖြစ်နေပြီး သူသည် နတ်ဘုရားတစ်ပါးကဲ့သို့ ၎င်းတို့အား ငုံ့ကြည့်နေ၏။ သူသည် ထိုသို့ ငုံ့ကြည့်နေရင်း နောက်ထပ်တစ်ကြိမ် ထပ်၍ မျက်မှောင်ကြုတ်သွားရပြန်သည်။ သူသည် ဤ ပြဿနာအား ဖြေရှင်းနိုင်မည့် နည်းလမ်းကို မဖော်ထုတ်နိုင်သေးပေ။ ထို့ကြောင့် ခဏအကြာတွင် သူသည် လှစ်ခနဲလှုပ်ရှားကာ မြူခိုးများထဲသို့ ဝင်ရောက်သွားလိုက်ပြီး ဝိညာဉ်များ၏ တိုင်းပြည်ခုနစ်ခုဆီသို့ ဦးတည်သွားလိုက်တော့သည်။
သူ ရောက်သွားသည့် နေရာတိုင်းရှိ ဝိညာဉ်များမှာ သူ၏ အငွေ့အသက်များကို အာရုံခံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ဝိညာဉ်ကမ္ဘာထဲ၌ သွားလာလှုပ်ရှားနေသည့် ဝမ်ပေါင်လဲ့မှာ အပြင်လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
သူသည် ဝင်ပေါက်အား လိုက်လံရှာဖွေနေသလို ဝိညာဉ်ကမ္ဘာကြီးကိုလည်း အကဲခတ်ကြည့်ရှုနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်နေစိတ်ထားအား ပြောင်းလဲနေစရာမလိုပေ။ သူသည် နတ်ဘုရားတစ်ပါး၏ စိတ်ဆန္ဒအား ပိုင်ဆိုင်ထားပြီးဖြစ်သည်။
၎င်းမှာ လောကီရေးရာများကို ဥပေက္ခာပြုကာ၊ ခံစားချက်များအားလုံး ကင်းမဲ့နေပြီး ပြင်ပကမ္ဘာကြီးနှင့် လုံးဝအဆက်အသွယ်ဖြတ်ထားသည့် စိတ်နေစိတ်ထားမျိုး ဖြစ်ပေသည်။ ၎င်းအား စကားလုံးများဖြင့်ဖော်ပြရသည်မှာ လွယ်ကူပါသော်လည်း ရရှိပိုင်ဆိုင်နိုင်ရန် ခက်ခဲပေသည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ကံကြမ္မာဂြိုဟ်ပေါ်၌ သူ၏ အတိတ်ဘဝများအား နားလည်အောင်လုပ်နိုင်ခဲ့သဖြင့် သူ၏ စိတ်နေစိတ်ထားမှာလည်း ထိုအဆင့်အထိ ရောက်သွားပြီ ဖြစ်သည်။ အကယ်၍ ထိုစဉ်တုန်းက သူသာ အရာအားလုံးကို စွန့်လွှတ်နိုင်ခဲ့မည်ဆိုပါက ကံကြမ္မာဂြိုဟ်ပေါ်တွင်သာ ဆက်၍ နေထိုင်ကာ တာအိုနယ်မြေကြီးတစ်ခုလုံး ပျက်စီးသွားသည်ကို ခံစားချက်ကင်းမဲ့စွာ စောင့်ကြည့်နေရမည်ဖြစ်သည်။
သူသည် အရာအားလုံးကို စောင့်ကြည့်ကာ မှတ်တမ်းတင်ရမည်ဖြစ်သည်။
သူ ကံကြမ္မာဂြိုဟ်ပေါ်မှ ထွက်ခွာလာခဲ့သည့်တိုင်အောင် သူ၏ စိတ်နေစိတ်ထားမှာ အချိန်တိုလေးအတွင်း ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ သို့သော် သူသည် ၎င်းအား ယခုအချိန်အထိ ဖိနှိပ်ချုပ်တည်းထားခဲ့သဖြင့် တဖြည်းဖြည်းနှင့် ပုံမှန်အနေအထားသို့ ပြန်ရောက်သွားခဲ့၏။ ယခုတွင် သူသည် နတ်ဘုရားတစ်ပါးအဖြစ်မှ သာမန်လူသားတစ်ယောက်အဖြစ်သို့ ပြန်ရောက်သွားပြီဟု ဆိုနိုင်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်နေစိတ်ထားအား အလွယ်တကူပြောင်းလဲနိုင်စွမ်း ရှိနေ၏။ သူသည် ထိုသို့ပြောင်းလဲလိုက်သည်နှင့် ဤကမ္ဘာကြီးထဲရှိ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲတွင်သာမက ဝိညာဉ်များဖြင့် ပြည့်နှက်နေသည့် အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသည့် မြူခိုးများထဲတွင်... ငိုကြွေးသံများ ရှိနေသည်ကို အာရုံခံမိတော့သည်။
၎င်းမှာ နာကျင်လွန်းလှသဖြင့် သနားညှာတာပေးရန် တောင်းဆိုနေသည့် ငိုကြွေးသံမျိုး ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများအား မော့ကြည့်လိုက်၏။ သူသည် ဤနေရာရှိ ဝိညာဉ်များ၏ အငွေ့အသက်များကို အာရုံခံမိလိုက်ပြီးနောက် တဖြည်းဖြည်းနှင့် အပြည့်အဝ နားလည်သွားတော့သည်။
" ဒီ ငိုကြွေးသံတွေက သံသရာစက်ဝန်းထဲကို မဝင်နိုင်လို့ ပေါ်ပေါက်လာတဲ့ ငိုကြွေးသံတွေပဲ။ ဒီအထပ်မှာရှိတဲ့ စမ်းသပ်မှုက အမှောင်ဂိုဏ်းသားတွေ သူတို့ရဲ့ တာဝန်အတိုင်း ဒီ ဝိညာဉ်တွေကို သံသရာစက်ဝန်းထဲရောက်အောင် ပြန်ပို့ပေးဖို့ပဲ "
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တင်ပျဉ်ခွေ ထိုင်ချလိုက်၏ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲရှိ အမှောင်မီးတောက်မှာ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
" မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ် "
သူထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည့် အမှောင်မီးတောက်မှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းမှာ ဝိညာဉ်ကမ္ဘာတစ်ခုလုံးထဲ၌ ပြည့်နှက်သွား၏။ ကောင်းကင်ယံထဲတွင်မူ ထိုမီးတောက်မှာ မြူခိုးများနှင့် တစ်သားတည်းပေါင်းစီးသွားသည်။ ထိုအခါ ဧရာမ ပုံရိပ်ကြီးတစ်ခု ဖြည်းဖြည်းချင်း ပေါ်ပေါက်လာတော့သည်။
ထို ပုံရိပ်ကြီးအား ရှင်းလင်းပြတ်သားစွာ မမြင်နိုင်ပေ။ ၎င်းမှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း ခမ်းနားထည်ဝါမှုအပြည့် ရှိနေပြီး အရာအားလုံးကို ဖိနှိပ်ချုပ်တည်းကာ သံသရာစက်ဝန်း၏ နေရာတွင် အစားထိုးဝင်ရောက်နိုင်စွမ်း ရှိသည့်ပုံပေါက်နေသည်။
ထို ပုံရိပ်ကြီး ပေါ်ပေါက်လာမှုကြောင့် ဝိညာဉ်ကမ္ဘာကြီးထဲ၌ တိုက်ခိုက်နေကြသည့် ဝိညာဉ်များအားလုံးမှာ တုန်ရီသွားကြသည်။ ၎င်းတို့မှာ နားမလည်နိုင်လောက်အောင် ဖြစ်နေသည့် အမူအရာများဖြင့် ကောင်းကင်ကြီးအား မော့ကြည့်နေကြ၏။ ဝိညာဉ်တိုင်းပြည်ခုနစ်ခုထဲရှိ ဝိညာဉ်ဧကရာဇ်များနှင့် အခြား ဝိညာဉ်များအားလုံးမှာ တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြသည်သာဖြစ်သည်။
အထူးသဖြင့် ဝိညာဉ်ဧကရာဇ် ခုနစ်ပါးမှာဆိုလျှင် ခန္ဓာကိုယ်များ အပြင်းအထန် တုန်ရီသွားကြပြီး မျက်ဝန်းများထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ တောက်ပလာ၏။
ထို ဝိညာဉ်များအားလုံး ကောင်းကင်ကြီးအား မော့ကြည့်နေကြစဉ် တင်ပျဉ်ခွေထိုင်နေသည့် ဝမ်ပေါင်လဲ့မှာ နောက်ထပ်စာကြောင်းတစ်ကြောင်းကို ရေရွတ်လိုက်၏။
" ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့သူက အတိတ်ကအကြောင်းကို သိလိမ့်မယ် "
သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် ဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးမှာ တုန်ရီသွားသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ သိုလှောင်အိတ်မှာ အလိုလိုပွင့်သွားပြီး အနက်ရောင်ဝတ်ရုံတစ်ခု၊ အမှောင်သမ္ဗန်တစ်စင်းနှင့် မီးအိမ်လှော်တက်တစ်ချောင်း ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ ဝင်းလက်တောက်ပနေကြ၏။
ထို ဝတ်ရုံမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျလာပြီး သူ၏ မျက်နှာအား လွှမ်းခြုံသွား၏။ အမှောင်သမ္ဗန်မှာ သူ၏ ခြေထောက်အောက်တွင် ပေါ်ပေါက်လာသဖြင့် သူသည် လေထဲသို့ ရောက်သွားသည်။ မီးအိမ်လှော်တက်မှာမူ သူ၏ ရှေ့တွင် ပေါ်ပေါက်လာပြီး အလိုလို လှော်ခတ်နေတော့သည်။
ဝိညာဉ်များအားလုံး လှမ်းကြည့်နေကြသည့် ကောင်းကင်ယံထဲရှိ ပုံရိပ်ကြီးမှာလည်း ထိုနည်းတူပင်။ ၎င်း၏ အနီးတွင်လည်း အနက်ရောင်ဝတ်ရုံတစ်ခု၊ အမှောင်သမ္ဗန်တစ်စင်းနှင့် မီးအိမ်လှော်တက် တစ်ချောင်း ပေါ်ပေါက်လာ၏။ ၎င်းမှာ အစတွင် မှုန်ဝါးဝါး ဖြစ်နေပါသော်လည်း ယခုတွင်မူ အနည်းငယ် ကြည်လင်ပြတ်သားလာပြီဖြစ်သည်။
အမှောင်မီးတောက်မှာလည်း ပို၍ပင် တောက်ပစွာ လောင်ကျွမ်းနေ၏။ ကောင်းကင်ယံထဲရှိ ပုံရိပ်ကြီးမှာမူ ကမ္ဘာကြီးတစ်ခုလုံးအား တုန်ရီသွားအောင် လုပ်နေသည့် ဝဲကြီးတစ်ခုအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားနေသကဲ့သို့ပင်။ ဝိညာဉ်များ၏ မျက်ဝန်းများထဲတွင်မူ လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေကြ၏။
ဝိညာဉ်ဧကရာဇ် ခုနစ်ပါးမှာဆိုလျှင် ဒူးထောက်ကာ ရှိခိုးဦးချလိုက်ကြ၏။ ခဏအကြာတွင် အခြား ဝိညာဉ်များမှာလည်း ထိုနည်းတူပင် ပြုမူလိုက်ကြသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တတိယစာကြောင်းအား ရေရွတ်လိုက်သဖြင့် သူ၏ စကားသံမှာ ဝိညာဉ်များအားလုံး၏ နှလုံးများသားထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
" ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့သူက အနာဂတ်အကြောင်းကို သိလိမ့်မယ် "
" ဝိညာဉ်များ၊ လမ်းညွှန်ခြင်း "
ထိုအခါ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး အရပ်မျက်နှာအနှံ့တွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်သွား၏။ ကောင်းကင်ယံထဲတွင်မူ ဝမ်ပေါင်လဲ့တစ်ယောက် ရုပ်လုံးပေါ်လာသည့်အလား သူ၏ လူရိပ်မှာ တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာသည်။ သူသည် ဧရာမ အမှောင်သမ္ဗန်ကြီးပေါ်တွင် ထိုင်နေပြီး သူ၏ ညာဘက်လက်ကိုမြှောက်ကာ မြေပြင်ပေါ်ရှိ ဝိညာဉ်ကမ္ဘာရှိရာဘက်သို့ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သူ၏ အမှောင်သမ္ဗန်ထဲမှ ထွက်ပေါ်လာသည့် အမှောင်မီးတောက်မှာ တဟုန်းဟုန်းတောက်လောင်ကာ အမှောင်မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွားတော့သည်။
ပြင်ပကမ္ဘာကြီးထဲရှိ အမှောင်မြစ်နှင့် ယှဉ်လိုက်ပါက ဝမ်ပေါင်လဲ့၏ အမှောင်မြစ်မှာ အလွန်အင်မတန်မှ အရွယ်အစားသေးငယ်၏။ သို့သော် ၎င်းဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အတူတူပင်ဖြစ်သည်။ ထို အမှောင်မြစ် ပေါ်ပေါက်လာသည်နှင့် ဆွဲငင်အားတစ်မျိုး ထွက်ပေါ်လာပြီး ဝိညာဉ်ကမ္ဘာထဲရှိ ဝိညာဉ်များအားလုံးမှာ လွတ်မြောက်သွားသကဲ့သို့ပင်။ ၎င်းတို့မှာ တစ်ခုပြီးတစ်ခု အမှောင်မြစ်ထဲသို့ ပျံသန်းဝင်ရောက်သွားကြ၏။
၎င်းတို့ အမှောင်မြစ်ထဲသို့ ရောက်သွားချိန်တွင် ၎င်းတို့၏ မျက်နှာများမှာ မှုန်ဝါးဝါးဖြစ်သွားပြီး ပျောက်ကွယ်သွား၏။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ ဝိညာဉ်အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့မှာ အမှောင်မြစ်ထဲ၌ ကြယ်များအဖြစ် ပြောင်းလဲသွားကြသဖြင့် ထို အမှောင်မြစ်ကြီးမှာ ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် မြစ်ကြီးတစ်စင်းနှင့် တူသွားတော့သည်။
ထိုသို့ဖြင့် သိပ်မကြာခင်တွင် ဝိညာဉ်တိုင်းပြည်တစ်ခုထဲမှ ဝိညာဉ်များအားလုံးမှာ အမှောင်မြစ်ထဲသို့ ဆွဲငင်ခံလိုက်ရ၏။ ထို့နောက် အခြား ဝိညာဥ်တိုင်းပြည်များထဲမှ ဝိညာဉ်များမှာလည်း ထိုနည်းတူပင်...
ဝမ်ပေါင်လဲ့မှာမူ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီနေပြီ ဖြစ်သည်။ သူ၏ အမှောင်မီးတောက်မှာ လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေပြီး သူသည်လည်း ဝိညာဉ်တိုင်းပြည် ခုနစ်ခုစလုံး လွတ်မြောက်သွားသည့်အထိ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သည့်ပုံပင်။ သို့သော် သူသည် သူ အမှောင်ဧကရာဇ်၏ ရုပ်ကလာပ်အား အောင်မြင်စွာ ရယူနိုင်ခြင်း ရှိမရှိဆိုသည့် အချက်မှာ သူ၏ လက်ရှိလုပ်ရပ်အပေါ်တွင် မူတည်နေလိမ့်မည်ဟု ခံစားနေရ၏။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ သူသည် မျက်လုံးများပွင့်လာခြင်း မရှိပါသော်လည်း သူ၏ အမှောင်ဝတ်ရုံမှာ တလက်လက်တောက်ပလာပြီး သူ၏ အမှောင်သမ္ဗန်၏ အငွေ့အသက်များမှာ ပေါက်ကွဲထွက်ပေါ်လာ၏။ သူ၏ မီးအိမ်လှော်တက်မှာလည်း ထိုနည်းတူပင်။ နောက်ဆုံးတွင် ထို အငွေ့အသက်များ အားလုံးမှာ မီးအိမ်လှော်တက်ပေါ်၌ ချိတ်ထားသည့် မီးအိမ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားတော့သည်။
ထိုအခါ ထို မီးအိမ်လေး၏ မီးစာမှာ အရောင် မှေးမှိန်နေရာမှ ရုတ်တရက်ဆိုသလို မီးပွားတစ်ပွင့်အား ထုတ်လွှတ်လိုက်၏။ ခဏအကြာတွင် ၎င်းမှာ မီးစွဲသွားပြီး ၎င်းဆီမှ ထွက်ပေါ်လာသည့် အလင်းရောင်များမှာ ကျန်ရှိနေသည့် ဆဋ္ဌမဝိညာဉ်တိုင်းပြည်နှင့် သတ္တမဝိညာဉ်တိုင်းပြည်တို့ကိုပါ ဖုံးလွှမ်းသွားတော့သည်။ ထိုအခါ ထိုတိုင်းပြည်နှစ်ခုထဲရှိ ဝိညာဉ်များအားလုံးမှာလည်း အမှောင်မြစ်ထဲသို့ ဆွဲငင်ခံလိုက်၏။
ဝိညာဉ်ကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်သလင်းခါသွားပြီဖြစ်သည်။
ထိုအချိန်တွင် အလင်းရောင်တံခါးပေါက်မှာလည်း ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာမူ တဖြည်းဖြည်းနှင့် မျက်လုံးများပွင့်လာသည်။ ထို့နောက် သူသည် ရှေ့သို့ ခြေတစ်လှမ်းလှမ်းကာ အမှောင်မြစ်နှင့် ဝိညာဉ်တိုင်းပြည်ခုနစ်ခုထဲမှ ဝိညာဉ်များအား ဦးဆောင်၍ အလင်းရောင်တံခါးပေါက်အား ကျော်ဖြတ်သွားလိုက်တော့သည်။