ဒဏ္ဍာရီထဲက လောကသခင်ခန္ဓာ
Vol. 54 Ch. 724
ကျောက်စိမ်းမြို့တော်၏ ပထမကျောင်းဆောင်ကို စောင့်ရှောက်နေသော အမျိုးသမီးက ကျောက်စိမ်းမြို့တော်အတွင်းရှိ ကျောင်းဆောင်နောက်တစ်ခုဆီသို့ လျှောက်သွားသည်။ ထိုကျောင်းဆောင်စောင့် နတ်ဘုရားသည်လည်း တစ်ရွာတည်းသား လယ်သမားတစ်ဦး ဖြစ်၏။
“မိန်းမ” ကျောင်းဆောင်စောင့် နတ်ဘုရားက သူမ ရောက်လာသည်ကို မြင်လျှင် အသာအယာ ခေါင်းညိတ်ပြသည်။ လင်မယားနှစ်ယောက်သား ဘေးချင်းယှဉ် ရပ်ကာ ကျောင်းဆောင်ထဲ၌ အပြင်းအထန် တိုက်ခိုက်နေကြသော ချင်မူနှင့် ဟူပုကွေ့ကို ဆက်ကြည့်နေကြသည်။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ရှင်းလင်းသုတ်သင်ခံခဲ့ရစဉ်အခါက သိုင်းပညာကောင်းကင်ဆရာသခင်သည် သို့နျိုနန်းဆောင်၏ အဆင့်မြင့်သိုင်းသမားများကို ဦးဆောင်ကာ စစ်ကြီးတွင် ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ထိုစစ်ပွဲမှာ အပြောင်းအလဲများခဲ့သည့်အပြင် နားမလည်နိုင်သော အဖြစ်အပျက်များလည်း ပြည့်နှက်နေခဲ့သည်။
နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ကြပြီး မျက်စိရှေ့မှာတင် ပျက်သုဉ်းသွားသော ခိုင်ဧကရာဇ်နတ်ဘုရားနိုင်ငံတော်ကို ကြည့်ကာ စစ်နတ်ဘုရားများမှာ မျှော်လင့်ချက်များ သေဆုံးသွားခဲ့ကြသည်။ စစ်ကြီးပြီးနောက် သို့နျိုနန်းဆောင်၏ စစ်နတ်ဘုရားများစွာ ကျဆုံးခဲ့၍ အယောက်တစ်ရာခန့်သာ ကျန်ခဲ့သည်။
သိုင်းပညာကောင်းကင်ဆရာသခင်မှာ လွန်စွာစိတ်သောကရောက်ခဲ့ပြီး သူတို့ကို ခေါ်ကာ ကျန်နတ်ဘုရားမျိုးဆက်များအား လိုက်ရှာခဲ့၏။ ထို့နောက် မဟာမြို့ပျက်၏အတွင်းရှိ သို့နျိုနန်းဆောင်ထဲ၌ ဇာတ်မြုပ်နေထိုင်ခဲ့ပြီး စစ်နတ်ဘုရားများက လယ်သမားများ ဖြစ်လာခဲ့ချေသည်။
တချို့က မိသားစုများ ထူထောင်ခဲ့ကြသော်လည်း ကလေးယူသူ နည်းပါးကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ကလေးများအတွက် ကောင်းကင်တံတားအဆင့် မရှိတော့၍ပင်။ နတ်ဘုရားမဖြစ်နိုင်တော့သည့်အတွက် ကလေးများသည် သေဘေးမှ လွတ်လိမ့်မည်မဟုတ်။ သူတို့ကလေးများ သေဆုံးသွားမည်ကို မကြည့်ရက်သဖြင့် ကလေးယူသူ ရှားပါးခဲ့၏။
အတိတ်တုန်းက အောင်မြင်ခဲ့သော ဂုဏ်ကျက်သရေသည် သူတို့၏ဘဝစာအုပ်တွင် ညှိုးနွမ်းစုတ်ပြတ်နေသော စာရွက်တစ်ရွက်ပမာ ဖြစ်လာခဲ့ကြသည်။ ထိုအချိန်မှစပြီး အားလုံး အတိတ်ကို မေ့ဖျောက်၍ ကောက်စိုက်သမများ၊ လယ်သူမများ၊ လယ်သမားများအဖြစ်သာ ဝမ်းကျောင်းခဲ့ကြလေသည်။
ချင်မူနှင့် ဟူပုကွေ့က မရပ်မနား တိုက်ခိုက်နေကြပြီး သူတို့၏သိုင်းကွက်များက မြန်သထက် မြန်လာသည်။ ကြမ်းသထက် ကြမ်းလာသည်။ သူတို့နှစ်ယောက်သည် ‘သိုင်းတိုက်ပွဲ’ ဆိုသည့် အဓိပ္ပါယ်ကို ထုတ်ဖော်ပြသနေကြ၏။
သူတို့၏ရုပ်ခန္ဓာ ကြွက်သားများ၊ အရွတ်များ၊ ချီစွမ်းအင်နှင့် မူလဝိညာဉ်အားလုံး တစ်သားတည်း ပေါင်းစည်းလှုပ်ရှားနေကြသည်။ နှစ်ယောက်လုံးတွင် မတူညီသော ကျင့်စဉ်သိုင်းကွက်များ ပိုင်ဆိုင်ထားသလို၊ ခွန်အားထုတ်လွှတ်ပုံကလည်း မတူညီပေ။
သိုင်းလမ်းစဉ် ကောင်းကင်နတ်သိုင်းများသည် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများသာ ဖြစ်ပြီး သိုင်းကွက်အသားပေးလမ်းစဉ်နှင့် သက်ဆိုင်၏။ ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းက ရုပ်ခန္ဓာ၏ ခွန်အားဖြင့် အားကုန်ပေါက်ကွဲသည်။ ရုပ်ခန္ဓာဆီမှ ခွန်အားသည် မှော်အစီအရင်တို့၏ စွမ်းအားထက်ပင် အားကောင်းပြင်းထန်၏။
ထို့အပြင် သိုင်းလမ်းစဉ်ကောင်းကင်နတ်သိုင်းကို ထုတ်လွှတ်နိုင်ရန် သိုင်းသမားသည် သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် ရောက်ရှိနေရန် လိုအပ်၏။ လက်ရှိကမ္ဘာတွင် ထိုအဆင့်သို့ တက်လှမ်းနိုင်သူ များများစားစား မရှိပေ။
ချင်မူ၏ဖိအားအောက်တွင် ဟူပုကွေ့သည် သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့်သို့ တက်နိုင်ရန် တဖြည်းဖြည်း နီးစပ်လာနေ၏။
ဟူပုကွေ့၏ သိုင်းကွက်များက အားကောင်းပြင်းထန်သည်ထက် ပြင်းထန်လာသည်။ ချင်မူကလည်း သူ၏သိုင်းကွက်များတွင် ဖြည်းဖြည်းချင်း အားထည့်ကာ သူ့ကို တိုက်ခိုက်နေသည်။
“ဒီလောက်သန်မာတဲ့ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက်ကို ထုတ်လွှတ်နိုင်တာ ကြည့်ရင် သူလည်း အမှန်အကန် ကျင့်ကြံထားတာပဲ”
အမျိုးသမီးက ပြောသည်။ “သူက ကောင်းကင်နတ်ဘုံမှာ ရှိခဲ့ဖူးတဲ့ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားအများစုထက် အများကြီး ပိုသန်မာတယ်... ဒါပေမဲ့ သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် မတက်ရောက်ထားရင် သူ့အနေနဲ့ ဟူပုကွေ့ကို ရင်ဆိုင်ဖို့ ခက်လိမ့်မယ်”
သူမဘေးရှိ လယ်သမားက ပြော၏။ “ဟူပုကွေ့က ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ရဲ့ သိုင်းကွက်တွေကို ခုခံနိုင်တာ တကယ် သန်မာအားကောင်းတာပဲ... ဒီ့အပြင် သူ့သိုင်းကွက်တွေက ပိုပြီး ပိုပြီး အားကောင်းပြင်းထန်လာတယ်... သူ့အစွမ်းအစနဲ့ တွေးခေါ်နိုင်စွမ်းက သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့်တက်တဲ့ အခြေအနေကို ရောက်နေပြီ.... တိုးတက်တာ သိပ်မြန်တယ်”
အမျိုးသမီးလည်း အလားတူ ခံစားမိသည်။ “ဟူပုကွေ့ရဲ့ တိုးတက်မှုက မြန်လွန်းတယ်... သူ သို့နျိုကမ္ဘာဆီ ပြန်လာတုန်းက ဝိညာဉ်သန္ဓေသားအတားအဆီးနံရံ ချိုးဖျက်ပြီးနေပြီဆိုတော့ ဘယ်သူမှ သူ့ကို အထင်မကြီးခဲ့ကြဘူး... သို့နျိုကမ္ဘာသားတွေက သူ သိုင်းဝိညာဉ်ကို မဖွဲ့တည်နိုင်တဲ့ အသုံးမကျတဲ့ကောင် ဖြစ်လာမယ် ထင်ခဲ့ကြတာ”
သို့တိုင်အောင် ဟူပုကွေ့သည် မည်သူမျှ မလုပ်ပြနိုင်သောအရာကို လုပ်နိုင်ခဲ့၏။
သူက သိုင်းဝိညာဉ် ဖွဲ့တည်နိုင်ရုံသာမက ဆယ်နှစ်ကြာသည့်အခါ သိုင်းလမ်းစဉ် မူလဝိညာဉ်ကိုပင် ဖွဲ့တည်နိုင်ခဲ့သည်။
ထို့အပြင် သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့်သို့ တက်နိုင်သူ ဖြစ်လာတော့မည်။
ထိုကဲ့သို့အထုံပါရမီ၊ အရည်အချင်းနှင့် ဇွဲလုံ့လသည် ကမ္ဘာပေါ်တွင် ရှားပါးပေ၏။
ချင်မူနှင့် ဟူပုကွေ့က နန်းဆောင်အပြင်သို့ ထွက်သွားသဖြင့် အနောက်တံခါးမှာ အစိတ်စိတ်အမြွှာြမွှာ ကြေမွကျန်ခဲ့သည်။ လင်မယားနှစ်ယောက် ပြောစရာစကား ရှာမရတော့ပေ။ “မိန်းမရဲ့ ကျောင်းဆောင်အနောက်တံခါးလည်း ရစရာမရှိဘူး.. နောက်ကျောင်းဆောင်ဆီ သွားရအောင်... အဲဒီမှာ အစ်ကိုကြီးတျန်း စောင့်နေတယ်.... သူက နဂိုကတည်းက စိတ်ကြီးပါဘိ... တော်ကြာ ဟူပုကွေ့ကို တိုက်ခိုက်နေဦးမယ်”
လင်မယားနှစ်ယောက် နောက်ကျောင်းဆောင်ဆီသို့ အပြေးအလွှား သွားလိုက်ကြသည်။ ချင်မူနှင့် ဟူပုကွေ့က ထိုနေရာထဲ ဝင်သွားပြီဖြစ်သော်လည်း စောင့်နေသော နတ်ဘုရားက တန်းမတိုက်ခိုက်ပေ။ သူက ကျောင်းဆောင်ထဲ၌ အပြင်းအထန် တိုက်ခိုက်နေသည့် သူတို့နှစ်ယောက်အား တိတ်ဆိတ်စွာ ကြည့်နေသည်။
“သို့နျိုကမ္ဘာမှာ သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်နိုင်တဲ့ လူငယ်တစ်ယောက် ပေါ်ထွန်းမလာခဲ့တာ ကြာခဲ့ပြီ”
တျန်းမျိုးရိုးနတ်ဘုရားတွင် အံ့အားသင့်သော အမူအရာရှိနေပြီး သူက လင်မယားနှစ်ယောက်နှင့်အတူ နန်းဆောင်အပြင် ထွက်လိုက်သည်။ ချင်မူနှင့် ဟူပုကွေ့နောက် လိုက်သွားရင်း သူသည် ခပ်တိုးတိုး ရေရွတ်နေ၏။ “သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် ဝင်ရောက်ဖို့ ခက်တယ်... တခြားနည်းလမ်းတွေနဲ့ လမ်းစဉ်အဆင့် တက်တာထက် အများကြီး ပိုခက်တယ်... အခုတော့ ငါတို့မှာ အဲဒီလိုလူငယ်တစ်ယောက် ပေါ်ထွန်းလာခဲ့ပြီ”
ချင်မူက ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် ဟူပုကွေ့ကို တိုက်ခိုက်နေမှန်း အားလုံး မြင်ကြသည်။ ထိုသို့ တရစပ် တိုက်ခိုက်နေမှသာ ဟူပုကွေ့အနေဖြင့် အတွေးစျာန်ယဉ်ကြောထဲ ဆက်လက်နစ်မျောနေမည်ဖြစ်သည့်အတွက် သူတို့ ဝင်မနှောင့်ယှက်ကြပေ။
တဖြည်းဖြည်း ချင်မူနှင့် ဟူပုကွေ့ သည် ကျောက်စိမ်းမြို့တော်ရှိ ကျောင်းဆောင် ၃၆ ဆောင်လုံးနီးပါး ဖောက်ထွက်သွားပေတော့မည်။ နတ်ဘုရားများက သူတို့နောက်မှ လိုက်လာပြီး တိုက်ပွဲအား စိုးရိမ်စွာ ကြည့်နေကြ၏။
ရုတ်တရက် ဟူပုကွေ့၏ အရှိန်အဝါ ကြောက်ခမန်းလိလိ မြင့်တက်လာသဖြင့် အားလုံး၏မျက်လုံးများ အရောင်တောက်သွားကြသည်။ သူတို့၏အမူအရာများက စိတ်ပူနေသောဟန်ပန်များ ဖြစ်လာကြ၏။
ဤအခိုက်အတန့်က ဟူပုကွေ့အတွက် အရေးကြီးဆုံးအချိန် ဖြစ်သည်။
သူ ထိုအဆင့်သို့ တက်ရောက်နိုင်ခြင်း၊ မတက်ရောက်နိုင်ခြင်းသည် ဤအခိုက်အတန့်အပေါ် မူတည်၏။
ထိုအချိန်မှာပဲ ဟူပုကွေ့၏ ပုံရိပ်အားလုံး ပျောက်ကွယ်သွားသည်။ ထိုပုံရိပ်များက ပျောက်ကွယ်သွားသော အခိုက်အတန့်တွင် မတူကွဲပြားသော ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းတစ်ခုစီ ထုတ်လွှတ်သွားခဲ့ကြ၏။ သိုင်းကွက်တိုင်းက တစ်ကွက်နှင့်တစ်ကွက် မတူပေ။
ထို့နောက် ပုံရိပ်များသည် ဟူပုကွေ့၏ ခန္ဓာနှင့် ထပ်သွားသည်။
တိုက်ပွဲကို စောင့်ကြည့်နေသော နတ်ဘုရားအားလုံး ကြက်သီးမွေးညင်း ထကုန်ကြသည်။ ဤသည်မှာ သူတို့၏ခန္ဓာကိုယ်မှ အလိုအလျောက် တုံ့ပြန်မှု၊ သိုင်းသမားတိုင်း၏ သဘာဝအလျောက် တုံ့ပြန်မှုသာ ဖြစ်၏။
ဤနတ်ဘုရားအားလုံးသည် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများတွင် အံ့အားသင့်ဖွယ်ရာ ထူးချွန်ကြပြီး နက်နဲသော သိုင်းကွက်ကျင့်စဉ်များကို ကျင့်ကြံခဲ့ကြသော်လည်း သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့်သို့ မတက်ရောက်ခဲ့ဖူးကြပေ။
သူတို့၏အထုံပါရမီနှင့် တွေးခေါ်နိုင်စွမ်းတို့မှာ အကန့်အသတ်တစ်ခု ရှိနေကြ၍ တက်ရောက်နိုင်သော အရည်အချင်း ကင်းမဲ့နေသည်။ သူတို့၏အရှေ့တည့်တည့်တွင် သိုင်းလမ်းစဉ်ကို ခံစားခဲ့ရသော်လည်း ရှေ့သို့ လှမ်းကာ လမ်းထဲ မဝင်နိုင်ခဲ့ကြပေ။
ဟူပုကွေ့ သိုင်းလမ်းစဉ်တံခါးဝထဲ ဝင်သွားသောအခိုက်အတန့်၌ သူတို့၏ချီနှင့် သွေးတို့လည်း အလိုအလျောက် ထကြလာကြခြင်း ဖြစ်သည်။
ဟူပုကွေ့က ဒူးကို အနည်းငယ်ကွေး၍ ထိုင်လိုက်သည့်အခါ သူ၏ချီနှင့်သွေးတို့က တရှိန်ထိုး ထွက်လာပြီး ချင်မူ့သွေးများအား အေးစက်သွားစေသည်။ ကြောက်လန့်ဖွယ်ရာ ချီလှိုင်းဂယက်တို့က သူ့အသက်ကို နုတ်ယူသွားတော့မလို ခံစားလိုက်ရ၏။
ချင်မူ ထွေထွေထူးထူး တွေးမနေဘဲ ကပ်ဘေးဓား၏ ပထမဓားကွက်ကို ထုတ်လွှတ်ကာ ခုခံလိုက်သည်။ သို့သော် ဓားစွမ်းအားကို သူ ထိန်းထား၏။ ကပ်ဘေးဓားသည် အလွန်အားကောင်းလွန်းသည် မဟုတ်ပါ၏လော။ စွမ်းအားအပြည့်ဖြင့်ဆိုလျှင် ဟူပုကွေ့အား မုချအသက်နုတ်ပစ်လိမ့်မည်။
သူ၏ရည်ရွယ်ချက်က သိုင်းပညာကောင်းကင်ဆရာသခင်၏ စမ်းသပ်မှုကို ကျော်ဖြတ်ကာ တန်ခိုးရှင်သစ်ခုတ်သမားအား ကယ်တင်ရန်သာ ဖြစ်သည်။
‘ငါက ဆရာသစ်ခုတ်သမားရဲ့ တပည့်... သိုင်းပညာကောင်းကင်ဆရာသခင်က ဆရာသစ်ခုတ်သမားကို အထင်သေးတယ်... တပည့်အနေနဲ့ ငါ သူ့ရဲ့သိက္ခာအတွက် တိုက်ခိုက်ရမယ်’
သူ့အတွေး ဤနေရာသို့ ရောက်သည့်အချိန်တွင် ဟူပုကွေ့၏ ခွန်အားကား ပေါက်ကွဲထွက်ပေါ်လာခဲ့ချေပြီ။ သိုင်းလမ်းစဉ် မဟာကောင်းကင်နတ်သိုင်း၏ အမြန်နှုန်းသည် အံ့အားသင့်ဖွယ်ရာ မြန်ပြီး ချင်မူ၏ ကပ်ဘေးဖွင့်ဓားနှင့်ပင် ယှဉ်နိုင်၏။
ထိုကောင်းကင်နတ်သိုင်း၏ ပေါက်ကွဲနှုန်းက ချီကျုံရီ၏ မဟာကောင်းကင်နတ်သိုင်းထက်သော်လည်းကောင်း၊ ကျဲ့ဟွလီ၏ မိစ္ဆာဓားမထက်သော်လည်းကောင်း မြန်သည်။ မည်သူမှ အချိန်မှီမတုံ့ပြန်နိုင်လောက်အောင် မြန်သည်။
ထင်းရှူးပင်များကြားမှ ဖြတ်တိုက်၍ တောင်ကြားများတစ်လျှောက် လှုပ်ယမ်းသွားသော လေလှိုင်း
သူ၏လက်သီးချက်က ရိုးရှင်းသော်လည်း လက်သီးချက် ထွက်ပေါ်လာသည်နှင့် သူ့လက်သီး၏စိတ်တန်ခိုးမှ ဖွဲ့တည်နေသော လူရိပ်များအား ချင်မူ မြင်လိုက်ရသည်။ လူရိပ်များ၏ သိုင်းကွက်များက မတူညီပေ။
ချင်မူက လောကသခင်ခန္ဓာ အမြုတေသုံးသွယ်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ၏လက်တစ်ဖက်စီသည် ကောင်းကင်နတ်သိုင်းတစ်ခုစီကို ထုတ်လွှတ်လျက် ခုခံလိုက်၏။ ဟူပုကွေ့ဆီမှ အားလှိုင်းနှင့် ဝင်တိုက်သွားသောအခါ ချင်မူမှာ ဧရာမလှိုင်းလုံးကြီးဖြင့် အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲရှိ ခွန်အားအားလုံး တမုဟုတ်ချင်း နင်းချေဖျက်စီးခံလိုက်ရတော့သည်။
သူ၏လက်မောင်းသည် တုန်ခါသွားပြီး ထုံကျင်မှုက လက်မောင်းတစ်လျှောက် ပျံ့နှံ့လာသည်။ သူ၏မူလဝိညာဉ်လည်း တုန်ခါနေရာ ချီစွမ်းအင်အား အနည်းငယ်မျှပင် မစုစည်းနိုင်တော့ပေ။
ဟူပုကွေ့၏ လက်သီးချက်ဆီမှ စိတ်တန်ခိုးအားလှိုင်းက သူ့ဆီတည့်တည့် ပြေးဝင်လာရင်း သိုင်းကွက်အားလုံး ဖြိုခွင်းပစ်နေသည်။ လက်သီးတစ်ချက်တည်းဖြင့် မည်သည့်သိုင်းကွက်ကိုမဆို ထိုးဖောက်လာနေသော မြင်ကွင်းမှာ ခမ်းနားကြီးကျယ်လွန်းပေ၏။ မည်သူမှ သူ့အား ယှဉ်နိုင်မည်မဟုတ်ပေ။
သူ၏ကိုယ်ဟန်အနေအထားက မူလအနေအထားသို့ ပြန်ပြောင်းသွားသည်။ ထို့နောက် သူ လေ့လာသင်ယူထားသမျှ သိုင်းကွက်အားလုံးသည် အဆိုပါလက်သီးတစ်ချက်အတွင်း၌ စုဝေးလာ၏။ လက်သီးမှာ တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ရိုးရှင်းနေသော်လည်း စိတ်ကူးဖြင့်ပင် မှန်းဆမကြည့်နိုင်သည့် အပြောင်းအလဲများစွာ ကိန်းဝပ်နေသည်။
ချင်မူက နောက်ဆုတ်ပြီး အဆက်မပြတ် ကြွေးကြော်ဟိန်းဟောက်ကာ သူ သင်ထားသမျှ သိုင်းကွက်အလုံးစုံ ထုတ်လွှတ်နေသည်။ မြင်းမိုရ်တောင်တမျှ လေးလံလှသည့် အဘိုးကြီးမာ၏ လက်သီးချက်များ၊ ကောင်းကင်အတုကို လှီးဖွင့်နိုင်သော သားသတ်သမား၏ ဓားမ၊ လျှပ်စီးလို မြန်သော ထော့ကျိုး၏ ခြေထောက်များ၊ လူသားဧကရာဇ်ဟောင်းတို့၏ သိုင်းကွက်များ၊ ပထမလူသားဧကရာဇ်၏ ကောင်းကင်မြေပြင်မုဒြာ၊ သိကြားဗုဒ္ဓ၏ ဗုဒ္ဓသိုင်း... တစ်ခုမကျန် သူ ထုတ်လွှတ်နေ၏။
သူက ဟူပုကွေ့၏ ပထမဆုံးအရိပ်ကို ဖြိုခွင်းနိုင်လိုက်သော်လည်း ဒုတိယအရိပ်က အနီးကပ် လိုက်ပါလာသည်။ ချင်မူ တရစပ် နောက်ဆုတ်နေရသဖြင့် သူ့ခြေထောက်အောက်ရှိ ကျောက်ပြားများ ကွဲထွက်ကုန်သည်။ သူသည် ယခုလေးတင် သိုင်းကျင့်ထားသော သိုင်းသမားအသစ်လေးသဖွယ် ရှိသမျှခွန်အားအလုံးစုံဖြင့် ဟူပုကွေ့အား ခုခံနေသည်။
ရုပ်ခန္ဓာသိုင်းကွက်များ ထွက်ပေါ်လာသည့် အမြန်နှုန်းသည် အစကတည်းက မှော်အစီအရင်များထက် မြန်သည်။ ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အတူ ချင်မူ၏အမြန်နှုန်းက သာမန်လူတစ်ယောက်ထက် သုံးဆမြန်နေ၏။
ထို့အပြင် ချင်မူ့ခြေလှမ်းခြေကွက်များက ပြောင်းလဲနေသည်။ သူက ခြေတစ်လှမ်း လှမ်း၍ ခန္ဓာကိုယ်ကို သုံးပုံတစ်ပုံ လှည့်လိုက်ကာ ကျန်လက်များဖြင့် ဟူပုကွေ့၏ ကောင်းကင်နတ်သိုင်းကို ခုခံလိုက်သည်။
သူ့မှာ ဂျင်တစ်လုံးလို နောက်လည်ထွက်သွား၏။ တခဏအတွင်း ဆယ်မိုင်ကျော် ရောက်သွားပြီး ကျောင်းဆောင်တစ်ခု၏ အနောက်တံခါးကို ဝင်တိုက်ကာ ကျောင်းဆောင်တစ်ဆောင်ပြီးတစ်ဆောင် ဖောက်ထွက်သွားတော့သည်။
သူ၏လက်ခြောက်ဖက်သည် တမုဟုတ်ချင်း ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းပေါင်း မရေမတွက်နိုင်အောင် ထုတ်ဖော်သွားခဲ့၏။ ချင်မူ၏အစွမ်းအစများက အမြင့်ဆုံးသို့ မြင့်တက်လာသည်။ စောစောက သူ၏ချီနှင့်သွေးသည် သက်တံ့တစ်စင်းပမာ သွယ်တန်းနေခဲ့သော်လည်း ဤအခိုက်အတန့်၌ ကောင်းကင်ယံသို့ တဟုန်းဟုန်း ရိုက်ခတ်နေသော မီးတောက်မီးလျှံပမာ ဖြစ်လာ၏။
အခြားတစ်ဖက်တွင် ဟူပုကွေ့က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည့် ကိုယ်ဟန်အနေအထားဖြင့်သာ ရပ်နေဆဲဖြစ်သည်။ သူ့အရှေ့၌မူ ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းမျိုးစုံ ထုတ်လွှတ်နေသော ပုံရိပ်များစွာ ဖွဲ့တည်နေ၏။ သူတို့က လက်သီးချက်များ၊ ကန်ချက်များ အစရှိသဖြင့် ထုတ်ဖော်နေပြီး သိုင်းကွက်များသည် တစ်ကွက်နှင့်တစ်ကွက် မတူပေ။
အရိပ်များက ရှေ့သို့ဆက်လက် ပျံ့နှံ့လာပြီး အမြန်နှုန်းက ကြောက်စရာကောင်းသည်။ တခဏအတွင်း နှစ်ယောက်လုံး တိုက်ခိုက်နေသည့်အမြန်နှုန်းက မခန့်မှန်းနိုင်လောက်အောင် ဖြစ်လာတော့သည်။
ထိုစဉ် ဂျိန်းခနဲ မြည်ဟည်းသံကြီး ထွက်ပေါ်လာပြီး ချင်မူ ကျောက်စိမ်းမြို့တော်၏အပြင် ရောက်သွားသည်။
ဟူပုကွေ့၏ လက်သီး ပေါက်ကွဲသွားသည့်နေရာမှ ချင်မူ ရောက်သွားသောနေရာအထိ ဆယ်မိုင်ကျော် ကွာဝေးသည်။ ဂျိန်းခနဲ မြည်ဟည်းသွားသည့် တခဏလေးအတွင်း ချင်မူကား ထိုမျှအကွာအဝေးအထိ ရွေ့လျားသွားခြင်း ဖြစ်၏။ သူ ထုတ်လွှတ်သွားခဲ့သော ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းများမှာလည်း ရေတွက်၍ပင် မရပေ။
ချင်မူ ကျောက်စိမ်းမြို့တော်အပြင် ရောက်သွားမှ သူ နင်းခဲ့သော မြေကြီးများမှာ ပေါက်ကွဲကုန်သည်။ ကျောက်တုံးအစအနများသည် သူ၏ခြေရာများနှင့်အတူ တဖွားဖွား ဖြာထွက်ပေါက်ကွဲနေရာ ၊ မီးရှူးမီးပန်းများ ဖောက်နေသည့်အလား ထင်ရ၏။
ဘုန်း ဘုန်း ဘုန်း
ကျောက်တုံးများက ချင်မူ့ခြေထောက်အောက်သို့ ရောက်လာသည်အထိ တောက်လျှောက် ပေါက်ကွဲသွားသည်။
ထိုအချိန်တွင် ဟူပုကွေ့၏ အရိပ်များသည် ထပ်သွားပြီး ချင်မူ့အရှေ့တွင် ပေါ်လာ၏။ သူ၏လက်သီးအားလှိုင်းက တစ်ပြိုင်တည်း ပေါက်ကွဲထွက်လာသည်။
ဤသည်မှာ ‘ထင်းရှူးပင်များကြားမှ ဖြတ်တိုက်၍ တောင်ကြားများတစ်လျှောက် လှုပ်ယမ်းသွားသော လေလှိုင်း’ သိုင်းကွက်၏ အနှစ်သာရ ဖြစ်၏။ သိုင်းသမားတစ်ယောက်အနေဖြင့် ပြောင်းလဲနေသော အရိပ်များကို ရင်ဆိုင်နိုင်လျှင်ပင် တစ်သားတည်း ထပ်သွားသော အရိပ်အားလုံး၏ ခွန်အားကို ခုခံရန် ခဲယဉ်းလိမ့်မည်။
လမ်းစဉ်အဆင့် မဟာကောင်းကင်နတ်သိုင်းသည် အင်အားကြီးမားလွန်း၏။ ချင်မူ တတ်နိုင်သည့်အရာ မရှိပေ။
သိုင်းဝိညာဉ်ဖြင့် လမ်းစဉ်အဆင့် တက်ခြင်းသည် အမှန်တကယ် ခက်ခဲ၏။ သိုင်းပညာကောင်းကင်ဆရာသခင်၏ အောက်ရှိ နတ်ဘုရားများပင် ထိုကဲ့သို့ မတက်လှမ်းနိုင်ခဲ့ပေ။ လမ်းစဉ်အဆင့်သို့ ဝင်ရောက်သွားသည်နှင့် သိုင်းအခြေခံသည် ကမ္ဘာခြားသလို ခြားနားပြောင်းလဲသွားလိမ့်မည်။
ချင်မူ့တွင် တခြားအတွေးများ မရှိတော့။ သူ့မျက်လုံးထဲတွင်လည်း ဟူပုကွေ့၏ လက်သီးသာ ကြီးစိုးနေသည်။ သူ၏ချီနှင့်သွေးတို့က တပွက်ပွက် ဆူလာပြီး ထိုတခဏတွင် သူ့မှာ သိုင်းဝိညာဉ်၏ ပုးကပ်ခြင်းခံလိုက်ရသလို၊ သူ၏မူလဝိညာဉ်မှာလည်း လျှို့ဝှက်ဆန်းကြယ်သော အခြေအနေတစ်ရပ်ထဲ ဝင်ရောက်သွားတော့သည်။
ယင်းအခြေအနေကား သိုင်းလမ်းစဉ် မူလဝိညာဉ် အခြေအနေ ဟု ခေါ်သည်။
သိုင်းလမ်းစဉ်အဆင့်သို့ ဝင်ရောက်ရာတွင် အဆင့်သုံးဆင့် ရှိသည်။ ပထမအဆင့်က သိုင်းဝိညာဉ် နိုးထခြင်း၊ ဒုတိယအဆင့်က သိုင်းလမ်းစဉ် မူလဝိညာဉ် နိုးထခြင်းနှင့် တတိယအဆင့်က သိုင်းလမ်းစဉ်သို့ ဝင်ရောက်ပြီး သိုင်းလမ်းစဉ်၏ ကိုယ်ပိုင် မဟာကောင်းကင်နတ်သိုင်းကို တီထွင်ဖန်တီးခြင်း ဖြစ်၏။
ချင်မူသည် သိုင်းဝိညာဉ် ဖွဲ့တည်ရန် အချိန်ဆယ်ရက် ယူခဲ့ပြီး ယခုတွင် ဟူပုကွေ့၏ မဟာကောင်းကင်နတ်သိုင်းရှေ့မှောက်တွင် သူ၏အစွမ်းအစများ လှုံ့ဆော်ခံလိုက်ကာ သိုင်းလမ်းစဉ် မူလဝိညာဉ် နိုးထလာတော့သည်။
နတ်ဘုရားများက ဟူပုကွေ့၏ လက်သီးချက်ဆီမှ ချင်မူ့အား ကာကွယ်ပေးရန် ပြင်လိုက်ကြစဉ် နတ်ကောင်းကင်ခန်းမအရှေ့မှ ခပ်ဩဩအသံတစ်သံ ထွက်လာသည်။ “ဝင်မပါကြနဲ့”
နတ်ဘုရားများ ကပျာကယာ ရပ်၍ အသံလာရာသို့ ကြည့်လိုက်သည့်အခါ တစ်ကိုယ်လုံး မီးတောက်မီးလျှံများ တောက်လောင်နေသော နွားခေါင်းလူခန္ဓာ နတ်ဘုရားတစ်ပါးအား မြင်လိုက်ရသည်။ သူသည် နတ်ဘုရားတို့၏ဘုရင်တစ်ပါးသဖွယ် နတ်ကောင်းကင်ခန်းမအရှေ့၌ ရပ်နေပြီး အလွန်ရှိန်စဖွယ်ကောင်း၏။ သူကား လယ်သမားအဘိုးအို၏ နွားအိုကြီးအပြင် တခြားမဟုတ်ပေ။
နွားအိုကြီးသည် လယ်ထွန်နေတုန်းက ပုံစံနှင့် လားလားမျှ မတူ။ သူ၏မျက်လုံးများက လင်းလက်တောက်ပနေသည်။ “သူ သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်နေတာ... သွားမနှောင့်ယှက်နဲ့... အခုအချိန်က သူ့အတွက် အရေးကြီးဆုံးအချိန်ပဲ”
“သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်နေတယ်ဟုတ်လား”
အားလံး စိတ်ရှုပ်ထွေးသွားကြပြီး အမျိုးသမီးတစ်ယောက်က ခပ်တိုးတိုး ရေရွတ်သည်။ “ဟူပုကွေ့က သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်ရောက်သွားပြီမဟုတ်လား... မကြာခင် ပြန်တောင် နိုးလာတော့မယ်.... ဒါဆို ...”
နတ်ဘုရားများမှာ မယုံနိုင်သောအမူအရာများဖြင့် ချင်မူ ဟူပုကွေ့အား ဝင်တိုက်လိုက်သော နေရာဆီသို့ လှမ်းကြည့်မိကြသည်။
ထိုနေရာတွင် ချင်မူသည် လက်တစ်ထောင် ထွက်လာသကဲ့သို့ သိုင်းကွက်ပေါင်းစုံ ထုတ်လွှတ်နေ၏။
နွားအိုကြီး ပြောခဲ့သည့် ‘သူ’ ဆိုသည်မှာ ဟူပုကွေ့မဟုတ်ကြောင်း ထင်ရှားသည်။
“ဒါက ကောင်းကင်ဆရာသခင်ကြီး သစ်ခုတ်သမား ပြောခဲ့တဲ့ ဒဏ္ဍာရီထဲက လောကသခင်ခန္ဓာဆိုတာလား” နွားအိုကြီး ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။
၎
င
၎
၎