← Chapters

တုံးအတာလား၊ ရိုးလွန်းတာလား

Vol. 9 Ch. 6

တုံးအတာလား၊ ရိုးလွန်းတာလား

Vol. 9 Ch. 6

မှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ အရက်ဘားတစ်ခု။ အရက်ဘားက ခမ်းနားလွန်းတဲ့ဘားတစ်ခု မဟုတ်ဘဲ သာမန်ရပ်ကွက်တွေထဲမှာ တွေ့နေကျ ဘားတန်တာအတွက် ကောင်တာတစ်ခုနဲ့ ထိုင်ခုံအနည်းငယ်သာရှိတဲ့ ဘားတစ်ခုပါ။ ဘားရဲ့တံခါးကို သော့ခတ်ထားတာကြောင့် ပိတ်ထားမှန်းသိနိုင်ပါတယ်။ ဒါပေမဲ့ပိတ်ထားတဲ့ ဘားတစ်ခုရဲ့ကောင်တာမှာ ထိုင်နေတဲ့ လူနှစ်ယောက်ရှိနေပြီး ဘားတန်တာကိုပါ ထည့်ရေတွက်ရင် သုံးယောက်ရှိပါတယ်။

"မာဂရာတီရပါပြီရှင့်။" ရင်ဘတ်မှာ အနက်ရောင်ဖဲပြားကို တပ်ဆင်ထားပြီး အနီရောင်ဘားတန်တာဝတ်စုံကို ဝတ်ဆင်ထားတဲ့ ဆံပင်အညိုနဲ့အမျိုးသမီးက ထိုင်နေတဲ့ အမျိုးသမီးဆီကို ဖန်ခွက်ပုလေးတစ်ခွက် ကမ်းပေးလိုက်တယ်။ ခွက်ထဲမှာတော့ အဖြူရောင်နောက်နောက် ယမကာအရည်ရှိနေပြီး သံပုရာစိတ်တစ်စိတ်ကို အလှတပ်ပေးထားတာတွေ့နိုင်မှာပါ။

မီးခိုးရောင်မျက်လုံးနဲ့တွန့်ခေါက်နေတဲ့ မဟူရာဆံသားတွေရဲ့ပိုင်ရှင် အိုလီက အဲဒီဘားတန်တာကို ပြောလိုက်တယ်။ "ငါနင့်ကို ဘရာဇီးလွှတ်လိုက်တာ တကယ်မှန်သွားတယ်။ နင်ငါတို့ကို ပြောပြချင်တဲ့သတင်းဆိုတာ ဘာများလဲ။"

ဘားတန်တာက ညင်သာစွာ ပြုံးလိုက်ပါပြီ။ ဘားတန်တာက ဒီဘားရဲ့ပိုင်ရှင်ဖြစ်ပြီးတော့ အိုလီရဲ့ငယ်သားတစ်ယောက်ပါ။ S rankအဆင့် ပျစားပိုးမျိုးကွဲခေါင်းဆောင်တစ်ကောင်ဖြစ်ပြီး ဘာရွန်ဆီက အမိန့်ရကတည်းက ကြိုတင်စေလွှတ်ပြီး သတင်းစုစည်းခိုင်းထားသူလည်းဖြစ်ပါတယ်။

"ရေဂင်က တကယ်ပဲ ဘရာဇီးမှာ ခြေလှမ်းစိပ်စိပ် လှုပ်ရှားနေပါတယ်။ ဘရာဇီးနယ်မြေတွင်းမှာ သာမန်ပိုးကောင်တွေအုပ်စုလိုက် ပျောက်သွားတဲ့အမှုမျိုးရှိတယ်။ ဒေသခေါင်းဆောင်တွေက လူသားတွေရှင်းပစ်တယ်လို့ပဲ နဂိုကထင်ကြပေမဲ့ ဘရာဇီးကျူးကျော်မှုကို ဦးစီးနေတဲ့ ထိပ်တန်းခေါင်းဆောင်တစ်ယောက် မနေ့ကပဲ ပျောက်ကွယ်သွားခဲ့တယ်လေ။"

ဒေါက်... ဒေါက်... ဒေါက်....

အိုလီက ကောင်တာစားပွဲကို လက်ချောင်းတွေနဲ့ တတောက်တောက်တီးခေါက်ရင်း ဘေးမှာထိုင်နေတဲ့ အရပ်မြင့်မြင့်လူကြီးကို ကြည့်လိုက်တယ်။

"ဂျက်စပါ၊ ဒီနေ့ငါတို့ ငွေရောင်စစ်သည်ကို နောက်ယောင်ခံလိုက်ရင်း ကျိုင်းကောင်မျိုးစိတ်ခွဲခေါင်းဆောင်တစ်ကောင် တွေ့ခဲ့သေးတယ်မဟုတ်လား။"

"အေး။" ဂျက်စပါက သူ့ခေါင်းကို ခပ်လေးလေးညိတ်ပြရင်း အတည်ပြုလိုက်တယ်။ သူ့လှုပ်ရှားပုံက လေးပင်နေလို့ ဘေးလူတွေအတွက် တစ်နည်းတစ်ဖုံနဲ့ တုံးအတယ်လို့ထင်ရစေတယ်။

"ဘရာဇီးမှာပျောက်နေတဲ့ ပိုးကောင်က ကျိုင်းအနီလား။" အိုလီက တည့်တိုးမေးတော့ ဘားတန်တာက ခေါင်းညိတ်ပြလေရဲ့။

"ဟုတ်ပါတယ်၊ ကျိုင်းအနီက ကျွန်မအပါအဝင် ဘရာဇီးထဲမှာရှိနေတဲ့ S rank ပိုးကောင်သုံးကောင်ထဲက တစ်ယောက်ပါ။"

အိုလီက သက်ပြင်းချလိုက်ပြီး အသက်ရှုသံအောက်ကနေ 'သေချာပါပြီ'လို့ ရေရွတ်လိုက်တယ်။ အဲဒီနောက်မှာတော့ သူက ဂျက်စပါကို ငြီးငွေ့နေတဲ့ပုံစံနဲ့ ကြည့်လိုက်ပြီး

"ဂျက်စပါ၊ ကြည့်ရတာ ရေဂင်က ယာမီရဲ့အစွမ်းကိုသုံးပြီး ပိုးကောင်အသေတွေနဲ့ဖုတ်ကောင်စစ်တပ်ဖွဲ့ဖို့ ကြံနေတဲ့ပုံပဲ။ သူပုန်ကန်တော့မယ်လို့ထင်လား။"

"အင်း..." ဂျက်စပါက ပျင်းရိပျင်းတွဲပုံစံနဲ့ ခေါင်းကိုညိတ်ပြပါတယ်။ အိုလီကတော့ ဂျက်စပါရဲ့ပုံစံကြောင့် စိတ်ပျက်ပျက်နဲ့ပါးစပ်ကိုဟပြီး တမင်သန်းဝေပြလိုက်တယ်။ အဲဒီနောက် မာဂရာတီကို တစ်ခါတည်း မော့ချလိုက်ပြီး

"တစ်နည်းအားဖြင့် ငါတို့အဲဒီကောင်ကို ရှာပြီးရှင်းပစ်ရတော့မယ်ဆိုတာပဲ။" အိုလီက ကောက်ချက်ချလိုက်တယ်။ အိုလီရဲ့စကားကိုကြားတော့ ဂျက်စပါက ခေါင်းထောင်လာပြီး အိုလီကိုကြည့်တယ်။ အဲဒီနောက် သူ့မျက်လုံးတွေက ပြူးကျယ်သွားပြီး ကလေးတစ်ယောက်လိုမျိုး ထိုင်ခုံပေါ်ကနေ ခုန်ဆင်းပြီး အိုလီရဲ့ခြေသလုံးကိုဖက် တောင်းပန်တော့တာပဲ။

"အိုလီ၊ ငါတို့ဘယ်လိုပဲဖြစ်ဖြစ် အဲဒီကောင်နဲ့ရင်ဆိုင်လိုက်လို့မဖြစ်ဘူး။ ငါမင်းကို သူနဲ့မရင်ဆိုင်စေချင်ဘူး။ မဟုတ်ဘူး၊ မင်းသူနဲ့ လုံးဝမရင်ဆိုင်ရဘူး။"

တစ်ချိန်လုံးပျင်းရိစရာကောင်းပြီး အေးစက်လွန်းတဲ့ဂျက်စပါက ရုတ်တရက်ကြီး အိုလီရဲ့ခြေထောက်ကို ဖက်ပြီး အရူးတစ်ယောက်လိုအော်ဟစ်နေတယ်။ အိုလီကိုယ်တိုင်လည်း ဒီကိစ္စကိုမျှော်လင့်မထားပုံပဲ။

"ရွံစရာကောင်းလိုက်တာ။" အိုလီက ဂျက်စပါရဲ့မျက်နှာကို တခြားခြေတစ်ဖက်နဲ့နင်းပြီး ဂျက်စပါလက်ထဲက သူ့ခြေထောက်ကို ပြန်ဆွဲထုတ်လိုက်တယ်။ အဲဒီနောက် ဝတ်ထားတဲ့ စတော့ကင်အရှည်ကို ဆွဲချွတ်ပြီး ရွံစရာကောင်းတဲ့အမှိုက်တစ်ခုလိုမျိုး အဝေးကိုပစ်ထုတ်လိုက်တယ်။

ဂျက်စပါကတော့ ကျပ်မပြည့်တဲ့ အရူးတစ်ယောက်လိုမျိုး ဗလုံးဗထွေးအော်ဟစ်နေဆဲဖြစ်ပြီး ပါးစပ်ထဲကနေပါ သွားရည်တွေစိမ့်ကျနေတယ်။ အိုလီရွံရင်လဲရွံစရာပါ။ သူ့စတော့ကင်မှာ ဂျက်စပါရဲ့တံထွေးတွေ စွန်းထင်းကုန်ပြီကိုး။

"နင်တို့သစ်ကိုင်းပိုးကောင်တွေအကုန်လုံးက အခုလိုပဲတုံးကြတာလား။ အဲဒီလိုလုပ်တာ ရွံဖို့ကောင်းတယ်ဟဲ့။" အိုလီက ဂျက်စပါကို နိမ့်ကျတဲ့ သက်ရှိတစ်ကောင်ကို ကြည့်သလိုမျိုးကြည့်လိုက်တယ်။ ဂျက်စပါကတော့ အိုလီရဲ့အကြည့်ကို ရင်မဆိုင်ရဲတာကြောင့် သူ့ဗလကြီးကိုမှအားမနာ ကိုယ်ကိုကျုံထားတယ်။

"ထားတော့၊ နင်တို့သစ်ကိုင်းပိုးကောင်တွေက အန္တရာယ်ကို အာရုံခံနိုင်စွမ်းကောင်းတယ်မဟုတ်လား။ နင်တစ်ခုခုအာရုံခံမိတာလား။"

အိုလီက စက္ကန့်အနည်းငယ်လောက်နေတော့ စိတ်ကိုပြန်ထိန်းနိုင်သွားပြီး မေးလိုက်တယ်။ ဂျက်စပါကလည်း ခေါင်းကိုညိတ်ပြပြီး ဖြည်းဖြည်းချင်းရှင်းပြတယ်။ ဒါပေမဲ့ သူ့စကားတွေက ဗလုံးဗထွေးဖြစ်ပြီး နားထောင်ရအလွန်ခက်ပါတယ်။

"ရေဂင်ကို... ရေဂင်ကို... သေခြင်းတရားက လွှမ်းခြုံထားတယ်... အိုလီနဲ့ငါ... ငါတို့မနိုင်နိုင်ဘူး။"

အိုလီက ခေါင်းကိုကုတ်လိုက်တယ်။ ဂျက်စပါပြောတာတွေက ကပေါက်တိကပေါက်ချာနိုင်လွန်းတယ်ဆိုပေမဲ့ အဓိပ္ပါယ်ဖော်ဖို့မဖြစ်နိုင်တာတော့ မဟုတ်ဘူး။

"သူက ငါတို့နှစ်ယောက်ပေါင်းတာထက်တောင် အစွမ်းထက်တယ်လို့ ပြောချင်တာလား။" အိုလီမေးတော့ ဂျက်စပါက ခေါင်းကိုအကြိမ်ကြိမ်ညိတ်ပြတယ်။ သူ့ခေါင်းက ဆံပင်တွေက အဲဒါကြောင့်ရှုပ်ပွကုန်ပြီ။

အိုလီက မေးပေါ်ကို လက်သီးဆုပ်နဲ့ထောက်ပြီး သေချာပြန်စဥ်းစားကြည့်တယ်။ အိုလီက ရေဂင်ကို လူချင်းမတွေ့ဖူးတဲ့အတွက်ကြောင့် အကြောင်းစုံမသိပါဘူး။ ဒါပေမဲ့ သစ်ကိုင်းပိုးတစ်ကောင်ရဲ့စွမ်းအားကိုတော့ အိုလီနားလည်ပါတယ်။ ဒါကြောင့်ရေဂင်နဲ့ ပတ်သက်ပြီး သူသိဖို့လိုတာရှိမရှိ အတည်ပြုဖို့ဆုံးဖြတ်လိုက်တယ်။

"ကောင်မလေး၊ နင်ရေဂင်နဲ့ပတ်သက်ပြီး ဘာတွေသိထားလဲ။" အိုလီက ဘားတန်တာကိုမေးလိုက်တယ်။ ဘားတန်တာက ခေါင်းညိတ်လိုက်ပြီး စရှင်းပြပါတယ်။

"အခြေခံကနေစပြီးပြောရရင် ရေဂင်က ပထမဆုံးမွေးဖွားလာတဲ့ ပိုးကောင်ဗိုလ်ချုပ်လို့ပြောနိုင်တယ်။ ပြီးတော့ အစောပိုင်းပိုးကောင်အင်ပါယာရဲ့မစ်ရှင်တွေကို ဦးဆောင်ခဲ့တဲ့သူ။ ငြိမ်းချမ်းရေးမဟာမိတ်နဲ့ အကြိမ်ကြိမ်တိုက်ပြီးတာတောင် မသေဘဲကျန်နေရစ်တဲ့သူပဲ။"

ဘားတန်တာက အိုလီကို ထပ်ပြီးတော့ ရေဂင်ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေအကြောင်းနဲ့ ရန်သူဖြစ်တဲ့ငြိမ်းချမ်းရေးမဟာမိတ်အကြောင်းတွေကိုပါ ဆက်ပြီးရှင်းပြပါတယ်။ နှစ်နာရီလောက် ကြာတဲ့အချိန်မှာတော့ အိုလီက ခေါင်းကိုညိတ်ပြီး ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါပြီ။

"နားလည်ပြီ၊ ဒီတော့ ရေဂင်ဆိုတာက အတိုင်းအဆမဲ့အောင် ဉာဏ်များပြီးတော့ ကိုယ့်ကိုယ်ကိုယ်မသေအောင်နေတတ်တဲ့ မြေခွေးအိုကြီးပေါ့။ ပြီးတော့ ယာမီရဲ့အစွမ်းနဲ့ အယ်ဖာအဆင့်တွေအများကြီးပါဝင်တဲ့ တိုက်ပွဲကနေ လွတ်အောင်ထွက်ပြေးနိုင်ခဲ့တယ်။"

အိုလီက ရေဂင်အကြောင်းကို နားထောင်နေရင်းကနေ စိတ်လည်းလှုပ်ရှားမိသလို စိုးရိမ်စိတ်လည်းဝင်မိနေပြန်တယ်။ အိုလီကိုယ်တိုင်တောင်မှ မဟာမိတ်မစ်ရှင်အဖွဲ့ကနေ ထွက်ပြေးနိုင်မယ်လို့ ယုံကြည်ချက်မရှိဘူး။ ရေဂင်ကတော့ လုပ်နိုင်ခဲ့ရုံတင်မက တချို့အဖွဲ့ဝင်တွေကို အနိုင်ယူခဲ့ဖူးတယ်။

အဟက်....

အိုလီက ပြုံးပြီးအသံထွက်အောင် ရယ်မောလိုက်တယ်။ အဲဒီနောက် ဂျက်စပါကို ကြည့်လိုက်ပြီးတော့

"ကောင်းပြီလေ၊ ဂျက်စပါပြောသလိုပဲ။ ရေဂင်ကို ငါတို့ကိုယ်တိုင် ရင်မဆိုင်တော့ဘူး။" အိုလီဆီကနေပြီး ဒီစကားကိုကြားရတော့မှ ဂျက်စပါစိတ်သက်သာရာရသွားပြီး ခါတိုင်းလိုပဲ ထိုင်းထိုင်းမှိုင်းမှိုင်းပြန်ဖြစ်သွားတယ်။

"အဲဒီအစား ရေဂင်ရဲ့အကြီးမားဆုံးသော ရန်သူတော်ကြီးကို လမ်းညွန်ပေးကြရအောင်။" အိုလီက ပြောပြောဆိုဆိုနဲ့ သူ့ပိုက်ဆံအိတ်ထဲမှာ သိမ်းထားတဲ့ ရွှေရောင်ပိုးတောင်မာဦးမျှင်တစ်ချောင်းကို ထုတ်ယူလိုက်တယ်။

....

အထုပ်အပိုးတွေကို နေရာတကျထားပြီးတဲ့နောက်မှာတော့ လင်ဒါက ရုံးခန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။ ကွင်းမြို့ရဲစခန်းမှူးရုံးခန်းက သိပ်မပြောင်းလဲသွားဘူး။ ဒါပေမဲ့ သူသက်ပြင်းချလိုက်မိတယ်။ မစ်ရှင်အဖွဲ့ဝင်ဖြစ်လာကတည်းက ဒီနေရာကို သူခြေမချခဲ့တာ ကြာပါပြီ။

"ကယ်ဗင်နဲ့ကလောက်၊ တိုက်ဆန်ဘယ်ရောက်သွားတာလဲ။" လင်ဒါက သူ့ရှေ့မှာရောက်နေတဲ့ ရဲသားနှစ်ယောက်ကို ကြည့်ပြီးမေးလိုက်တယ်။ သူတို့နှစ်ယောက်လုံးက လင်ဒါရဲစခန်းကိုပြန်ရောက်လာတဲ့အတွက် အံ့ဩနေကြတုန်းပဲ။

"ဟို... ကပ္ပတိန်တိုက်ဆန်က ဒုရဲမှူးအဖြစ်ရာထူးတက်သွားပြီး ဌာနချုပ်ရောက်သွားပါပြီ။"

"ဟမ်..." မမျှော်လင့်ထားတဲ့စကားကို ကြားရလို့ လင်ဒါအံ့ဩတကြီး မျက်ခုံးပင့်လိုက်မိတယ်။ နောက်မှ 'ဟုတ်တာပဲလေ။'ဆိုပြီး သက်ပြင်းချလိုက်မိပါလေရောလား။ သူမစ်ရှင်အဖွဲ့ကနေထွက်လာပြီး ရဲစခန်းကို ပြန်သွားမယ်အတင်းလုပ်တော့ မဟာမိတ်ကိုယ်စားလှယ်ရုံးအလုပ်ရှုပ်သွားတယ်။ လင်ဒါက ဒီလောက်နာမည်ကြီးတဲ့သူမဟုတ်ပေမဲ့ မစ်ရှင်အဖွဲ့က မဟာမိတ်စစ်တပ်ရဲ့အဆင့်အမြင့်ဆုံးတပ်ဖွဲ့ပါ။ ဒါကြောင့် သူတို့ကမငြင်းနိုင်ဘဲ လက်ခံလိုက်ကြတာ။

"ဒီတော့ ငါထွက်သွားပြီးပြီးချင်း တိုက်ဆန်က စခန်းမှူးဖြစ်သွားပြီး ငါပြန်လာတော့ ဒုရဲမှူးဖြစ်သွားတာပေါ့။"

ကလောက်က ခေါင်းညိတ်လိုက်ပြီး "ဟုတ်ပါတယ်၊ ကပ္ပတိန်လင်ဒါ။ ဒါပေမဲ့ တိုက်ဆန်က အခုလိုရာထူးတက်သွားတဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်မယ်လို့မထင်ပါဘူး။"

"ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒီကောင် မျက်နှာကြီးကို ဖြီးလို့ရယ်။" ကလောက်စကားကို ဘေးမှာရှိနေတဲ့ ကယ်ဗင်ကလည်း ဝင်ထောက်ခံလိုက်လေရဲ့။

လင်ဒါလည်း ပြုံးလိုက်မိတယ်။ ဒီနှစ်ယောက်ရဲ့စနောက်တတ်တဲ့အကျင့်က အခုထိရှိနေသေးပုံပဲ။ သူတို့တွေရဲ့ရာထူးက ပြောင်းလဲသွားပေမဲ့ပေါ့။ အခုနှစ်ယောက်လုံးက ရဲတပ်ကြပ်တွေ ဖြစ်နေကြပါပြီ။ လင်ဒါကက စားပွဲပေါ်မှာပုံခံနေတဲ့ ရဲမှတ်တမ်းဖိုင်တွေကို ကြည့်လိုက်ပြီးပြောလိုက်ပါတယ်။

"ကြည့်ရတာ အခုလပိုင်းလုပ်စရာအလုပ်များတယ်နဲ့တူတယ်။ အခြေအနေကရော..."

"ဟုတ်၊ အမှုကြီးကတော့ သိပ်မရှိပါဘူး။ စီးပွားရေးမကောင်းကြလို့ မိသားစုဝင်တွေ ခနခနရန်ဖြစ်တာမျိုးနဲ့အလစ်သုတ်မှုလိုကိစ္စတွေ တိုးလာတာမျိုးပဲရှိတာပါ။" ကလောက်က ပြောလိုက်ပြီးမှ တစ်ခုခုသတိရသွားဟန်နဲ့

"ဟုတ်သားပဲ၊ ရဲအရာရှိက ခုမှပြန်ရောက်လာတာဆိုတော့ မရင်းနှီးတဲ့အမှုတွဲတွေအများကြီးကို မှတ်တမ်းသွင်းနေရတော့မှာပဲ။ ကျွန်တော်တို့ဆီမှာ အကူလာလုပ်နေတဲ့ ကောင်လေးတစ်ယောက်ကို ရုံးအလုပ်တွေ လာကူလုပ်ခိုင်းလိုက်မယ်လေ။"

လင်ဒါက ကလောက်ရဲ့ကမ်းလှမ်းချက်ကို နားထောင်ပြီးတဲ့နောက် ငြင်းစရာအကြောင်းမရှိတာကြောင့် လက်ခံလိုက်ပါတယ်။ "ကောင်းပြီလေ၊ သူ့ကိုလွှတ်လိုက်ပါ။ နင်တို့လုပ်စရာရှိသေးတယ်မဟုတ်လား၊ သွားကြတော့လေ။"

"ဟုတ်ကဲ့ပါ၊ ရဲအရာရှိ။" ကယ်ဗင်နဲ့ကလောက်တို့က လင်ဒါကို နှုတ်ဆက်ပြီးနောက် ရုံးခန်းထဲကနေ ထွက်သွားတယ်။

လင်ဒါကတော့ ရုံးထိုင်ခုံမှာ နောက်မှီထိုင်လိုက်ပြီးတဲ့နောက် ပုံနေတဲ့ အမှုတွဲဖိုင်တွေထဲက တစ်ခုကိုဖွင့်လိုက်ပါတယ်။ အမှုကတော့ သာမန်အမှုတစ်ခုပါပဲ။ ကွင်းမြို့ခံတစ်ယောက်က စားသောက်ဆိုင်မှာစားပြီး ပိုက်ဆံမရှင်းရာကနေ ဆိုင်ရှင်နဲ့ရန်ဖြစ်ပြီး ထိုးကြနှက်ကြတာ။

"ဟင်း၊ အခုလိုအမှုဖိုင်မျိုးကို မတွေ့ရတာ ဘယ်လောက်တောင်ကြာပြီလဲမသိဘူး။" လင်ဒါက သက်ပြင်းချပြီး ခေါင်းကိုခါယမ်းလိုက်တယ်။ အဲဒီအချိန်မှာပဲ ရုံးခန်းတံခါးပွင့်သွားတယ်။

"သတင်းပို့ပါတယ်၊ ကျွန်တော်က အရံရဲတပ်သား ဆိုင်းရပ် အလီဇင်တာပါ။ ရဲအရာရှိကို ကူညီပေးဖို့ ရောက်လာတာပါ။"

ဆိုင်းရပ်ဆိုတဲ့ အတော်လေးငယ်သေးပေမဲ့ ရုပ်ရည်သန့်တဲ့ လူငယ်လေးက ရုံးခန်းထဲဝင်လာပြီး လင်ဒါကို အလေးပြုသတိဆွဲပြီး သတင်းပို့တယ်။ လင်ဒါက လူငယ်လေးဆိုင်းရပ်ကို မော့ကြည့်လိုက်ပြီးနောက် ချက်ချင်းမှတ်မိသွားတယ်။ လူငယ်လေးကလည်း အလားတူပါပဲ။

"ဟို... ဟို... မြို့တော်ခန်းမမှာတုန်းက ကျွန်မကို မေးခွန်းမေးတဲ့ တစ်ယောက်မဟုတ်လား။"

"အ... အသစ်ပြောင်းလာတဲ့ ရဲ... ရဲအရာရှိက... အရာရှိလင်ဒါလား။"

နှစ်ယောက်လုံး အံ့ဩလို့မဆုံးနိုင်အောင် ဖြစ်သွားတော့တာပဲ။

....

"ကျွန်တော်က ဆိုင်းရပ် အလီဇင်တာပါ။ တက္ကသိုလ်တစ်ခုကနေ ဂုဏ်ထူးတန်းနဲ့ဘွဲ့ရခါစပဲရှိသေးတာ။ ငယ်ငယ်ကတည်းက ပြည်သူ့ဝန်ထမ်းအလုပ်တွေကို စိတ်ဝင်စားပေမဲ့ အဖေက စီးပွားရေးတစ်ယောက်မလို့ ကျွန်တော့်ရည်မှန်းချက်ကို သဘောမတူခဲ့ဘူးလေ။ ဒါပေမဲ့ တက္ကသိုလ်မှာလည်း လေ့ကျင့်ရေးတပ်ထဲ ပါခဲ့ဖူးတာဆိုတော့ လုပ်ငန်းခွင်မဝင်ခင် ရဲတပ်ဖွဲ့မှာ စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလေ။"

ဆိုင်းရပ်က သူ့ဇာတ်ကြောင်းကို ရှင်းပြတယ်။ လင်ဒါက နားထောင်နေရင်းကနေပြီး ခေါင်းညိတ်လိုက်တယ်။ အလီဇင်တာမိသားစုက သိပ်ပြီးမကျော်ကြားဘူးဆိုပေမဲ့ အောင်မြင်တဲ့မီလျံနာရင်းနှီးမြုပ်နှံသူတွေထဲမှာပါတယ်။

"ဒီတော့ နင့်လိုသူဌေးသားလေးက လခရှိရုံလေးပဲရှိတဲ့ အရံရဲအလုပ်ကို လာလုပ်တယ်ပေါ့။ အံ့ဩစရာပဲ။" လင်ဒါက မှတ်ချက်ချလိုက်တယ်။

အရံရဲဆိုတာက လင်ဒါတို့လို ရဲအရာရှိတွေနဲ့မတူသလို ကယ်ဗင်တို့၊ ကလောက်တို့လိုမျိုး သာမန်ရဲဝန်ထမ်းနဲ့လည်း မတူညီပါဘူး။ ရဲဌာနက ဌာနဆိုင်ရာလုပ်ငန်းတွေကို အချိန်ပိုင်းကူညီပေးတဲ့ သာမန်အရပ်သားတွေဖြစ်ပြီး ရဲအစစ်တွေမှာပိုင်ဆိုင်တဲ့ အာဏာအခွင့်အရေးမျိုးမရှိပါဘူး။ များသောအားဖြင့် ရုံးလုပ်ငန်းတွေကိုပဲ ကူညီကြတာဖြစ်ပြီး မစ်ရှင်တွေမှာ ပါဝင်တာမျိုးမရှိသလောက်ပါပဲ။

"ကော်ဖီရပါပြီ။" ဆိုင်းရပ်က လင်ဒါအတွက် ဖျော်ပေးနေတဲ့ ကော်ဖီကို လက်စသတ်လိုက်ပြီး စားပွဲပေါ်တင်ပေးလိုက်တယ်။ အဲဒီနောက် သူက နောက်ပြန်ဆုတ်လိုက်ပြီး ထင်မှတ်မထားတဲ့ နောက်ထပ်ကိစ္စတစ်ခုကို ပြောလိုက်လေရဲ့။

"တကယ်တော့ ကျွန်တော်အရံရဲတစ်ယောက်ဖြစ်လာတာ အရာရှိလင်ဒါကြောင့်လဲပါပါတယ်။"

လင်ဒါက ဆိုင်းရပ်ရဲ့စကားကြောင့် သူ့ကိုယ်သူလက်ညိုးညွန်ပြလိုက်ပြီး ဆိုင်းရပ်ကို မေးခွန်းထုတ်တဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

"ငါကလား..."

ဆိုင်းရပ်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ရဲ့အရံရဲဖြစ်လာရတဲ့ ခရီးစဥ်ကို စပြီးပြောတယ်။ "အဲဒီတုန်းက ကျွန်တော့်သူငယ်ချင်းတွေကောင်းမှုနဲ့ မြို့တော်ဝန်ကြားနာပွဲမှာ ပညာရှင်အဖြစ်တက်ရောက်ဖို့ ဖြစ်လာခဲ့တာလေ။"

ဆိုင်းရပ်ရဲ့အတွေးစိတ်ကူးက မြို့တော်ဝန်ရွေးပွဲနေ့ကို ပြန်ရောက်သွားတယ်။ အဲဒီတုန်းက လင်ဒါက မဟာမိတ်အရာရှိဝတ်စုံကို ဝတ်ထားတာဖြစ်ပြီးတော့သူမြင်ဖူးသမျှ မိန်းကလေးတွေထဲမှာ အလှဆုံးပါပဲ။ ဒါပေါ့၊ ဖလေရာကလည်းလှပေမဲ့ ဆိုင်းရပ်ဦးနောက်ထဲက နျူထွန်ဆဲလ်တွေက ဖလေရာရဲ့အလှကိုမမြင်နိုင်တော့အောင် တားမြစ်ထားလိုက်လို့ လင်ဒါကိုပဲ မြင်ရတော့တာလေ။

"ကျွန်တော်က အရာရှိလင်ဒါပြောသလိုပဲ အရင်က ပြည့်သူ့ဝန်ထမ်းတစ်ယောက်ဖြစ်ဖို့က လွယ်တယ်လို့တွေးပြီး ကိုယ့်ကိုယ်ကိုယ်လက်ရှိပြည်သူ့ဝန်ထမ်းတွေထက် ပိုပြီးသာလွန်အောင်လုပ်နိုင်တယ်လို့ ထင်နေခဲ့တာလေ။ ဒါပေမဲ့ အရံရဲဝင်လုပ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီလောက်မလွယ်မှန်း သိလိုက်ရတယ်။"

"ပထမဆုံးနေ့မှာတင် အရာရှိကလောက်နဲ့လိုက်သွားပြီး အမူးသမားတစ်ယောက်နဲ့ဆိုင်ပိုင်ရှင်ရန်ဖြစ်နေတာကို ကျွန်တော်တို့ဝင်ဖြန်ဖြေရတာ။ ရဲတွေအတွက် နေ့တိုင်းလုပ်နေကျကိစ္စတစ်ခုဆိုပေမဲ့ ကျွန်တော့်လိုအပြင်လူတစ်ယောက် လုပ်ဖို့အတွက်ကျတော့ အတော်ခက်ခဲခဲ့တာပဲ။"

ဆိုင်းရပ်က လင်ဒါရဲ့မိန့်ခွန်းတွေကို ပြန်စဥ်းစားပြီး သူရခဲ့တဲ့ အတွေ့အကြုံတွေနဲ့ယှဥ်ပြီးပြောနေတာ။ လင်ဒါက နားထောင်နေရင်း ပထမတော့ ဒီကောင်လေးတော်လိုက်တာလို့ထင်မိပေမဲ့...

"ပြီးတော့ ရုံးလုပ်ငန်းတွေကလည်း တော်တော်ခက်တာပဲနော်။ ရဲအရာရှိတိုက်ဆန်မပြောင်းခင်က ကျွန်တော့်ကို ရဲလုပ်ငန်းတွေနားလည်အောင်ဆိုပြီး တစ်နေ့ အစီရင်ခံစာအစောင်နှစ်ဆယ် ပြီးအောင်ရေးခိုင်းခဲ့တယ်လေ။ ဒီတော့မှ အရာရှိလင်ဒါပြောတဲ့ အလုပ်ဖိအားဆိုတာကို စနားလည်လာတော့တာပဲ။"

လင်ဒါက ကောင်လေးဆိုင်းရပ်ကို ပြုံးပြနေပေမဲ့ ရင်ထဲမှာတော့ တိုက်ဆန်ဆိုတဲ့ကောင်ကို ရိုက်သတ်ချင်စိတ်ပေါက်နေပြီ။ 'အောင်မလေး၊ လူသစ်လေးကို အစီရင်ခံစာ အစောင်နှစ်ဆယ်တစ်ခါတည်းရေးခိုင်းတယ်တဲ့။ ဟိုကောင်သာ သာမန်လူတစ်ယောက်ရဲ့အသိရှိနေရင် ချက်ချင်းစခန်းကနေ ထွက်ပြေးနေလောက်ပြီ။'

"အလုပ်တွေလုပ်ရလွန်းလို့ တကယ်ပဲပင်ပန်းခဲ့ပေမဲ့ အရာရှိလင်ဒါပြောသလိုပဲ သည်းခံစိတ်နဲ့ရှေ့ဆက်ခဲ့တာ အခုဆိုရင် ကျွန်တော် ဒီကအလုပ်တွေနဲ့အသားကျနေပါပြီ။ နောက်ကိုလည်း အများကြီးကြိုးစားမှာမလို့ ခိုင်းချင်သလောက်သာ ခိုင်းပါခင်ဗျ။"

ဆိုင်းရပ်က တက်ကြွမှုအပြည့်နဲ့ ပြောလိုက်တာကိုကြည့်ပြီ။ လင်ဒါက ဘယ်လိုတုံ့ပြန်ရမှန်းကို မသိတော့ဘူး။ 'ဒီကောင်လေး ငါပြောတာတွေအကုန်လုံးကို ကျမ်းစာလိုမျိုး ကျင့်သုံးနေတာတော့ မဟုတ်ပါဘူးနော်'လို့ သူတွေးမိပြီးတော့ ပါးစပ်ထဲစုပြုံနေတဲ့ တံထွေးတွေကို ပြန်မျိုချလိုက်တယ်။

ဆိုင်းရပ်ကတော့ လင်ဒါသူ့ကို အကြာကြီးစိုက်ကြည့်နေတဲ့အတွက် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး မနေတတ်ဖြစ်လာပြီ။ နောက်ဆုံးတော့ သူက လင်ဒါကို ဆက်ကြည့်မနေနိုင်တော့ဘဲ အခန်းထောင့်က နံရံတစ်နေရာကို အကြည့်လွှဲလိုက်တယ်။ လင်ဒါကတော့ သက်ပြင်းချလိုက်ပြီး

"ဟုတ်ပြီ၊ ဒါဆိုရင် ရုံးလုပ်ငန်းတွေနဲ့ ရင်းနှီးနေပြီပေါ့။ ငါဒီနေ့ အစီအရင်ခံစာတချို့ရေးစရာရှိတယ်။ တချို့အမှုတွေမှာ နင်ကိုယ်တိုင်ပါခဲ့တာဆိုတော့ ငါသိချင်တာရှိရင် နင့်ကိုမေးမယ်။ နင်လည်းတချို့အပိုင်းတွေ ကူရေးပေါ့။ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ပါ၊ အရာရှိလင်ဒါ။"

All Chapters