အတူတူပင်
Vol. 134 Ch. 1860
နာရီနှစ်ဆယ်ကျော် ကြာပြီးနောက် တိုက်ပွဲပြီးဆုံးသွား၏။
နှစ်ဘက်စလုံး တမလွန်ဘုံမျိုးနွယ်ဝင် တစ်သန်းကျော်စီ ဆုံးရှုံးသွားသည်။ ရီမောင်နှင့် ရီလင်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြိမ်းမောင်းကာ သူတို့၏ တပ်ဖွဲ့များနှင့်အတူ ပြန်သွားကြသည်။ ကျန်းရီသည် တိုက်ပွဲကြောင့် အိပ်ချင်နေပြီဖြစ်၏။ ထို့ပြင် တမလွန်ဘုံ တော်ဝင်မိသားစုဝင်များက ကိုယ်တိုင်မတိုက်ခဲ့ရာ ကျန်းရီ သူတို့ကြား ရောဝင်ရန် အခွင့်အရေးလည်း မရခဲ့ပေ။
နေ့ဝက်ကြာ ပျံသန်းပြီးနောက် စစ်တပ်က မြို့အနီးသို့ ပြန်ရောက်လာ၏။ ရီလင်သည် တော်ဝင်မိသားစုဝင် ဆယ်ယောက်ကျော်ကို ဦးဆောင်၍ မြို့ထဲသို့ ပြန်ဝင်သွားသည်။ အခြားမျိုးနွယ်များမှာမူ ၎င်းတို့၏ ကိုယ်ပိုင် ပိုင်နက်များဆီ ပြန်သွားကြသည်။
ကျန်းရီလည်း ဂူထဲပြန်ဝင်၍ မြေပြင်ပေါ်တွင် လှဲကာ အိပ်ချင်ယောင် ဆောင်နေလိုက်၏။ ထို့နောက် သူ လျှပ်စီးအနှစ်သာရကို ဆက်လေ့လာလိုက်သည်။ တစ်ခဏမျှ လေ့လာနေပြီးနောက် သူ ချီဟုန်ထံ အသံပို့လွှတ်လိုက်လေသည်။
“အရှင်ချီဟုန်... ဒီအတိုင်းတော့ မဖြစ်တော့ဘူး”
ကျန်းရီ စိတ်ထဲ မချင့်မရဲ ဖြစ်နေပေပြီ။ တော်ဝင်မိသားစုဝင်များက မတိုက်ခိုက်လျှင် သူ သူတို့ထဲမှ တစ်ယောက်အဖြစ် ဟန်ဆောင်နိုင်ရန် အခွင့်အရေးရမည် မဟုတ်ပေ။ သို့ဆိုလျှင် သူ မြို့ထဲလည်း ဝင်ခွင့်ရမည် မဟုတ်ချေ။ သူက မိစ္ဆာညှို့ဓာတ်သားရဲအဖြစ် နှစ်အနည်းငယ်ကြာအောင် ဟန်ဆောင်နေပြီး အခွင့်အရေးတစ်ခုကို စောင့်နေရမည်လော။
တမလွန်ဘုံတွင် ပိုင်နက်များက ရှင်းရှင်းလင်းလင်း ရှိသည်။ ဒေသနှစ်ခုက တိုက်ခိုက်မည်ဆိုလျှင်ပင် ဒေါသဖြေရန်လောက်သာရှိမည်။ သူတို့က လက်အောက်ခံအချို့ကို စေလွှတ်၍ အချင်းချင်း သတ်စေခြင်းသာ။ တစ်ဘက်၏ ဒေသကို ကျန်တစ်ဘက်က ဖျက်ဆီးပစ်လိုစိတ် မရှိကြလောက်ပေ။ ထို့ကြောင့် ကျန်းရီသည် ကောင်းကင်ဝိညာဉ်မြို့ထဲသို့ မဆိုထားနှင့် မည်သည့်နေရာကိုမှ မသွားနိုင် ဖြစ်နေပေသည်။
ချီဟုန်သည် တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ အသံပြန်ပို့လွှတ်လိုက်၏။
“စိတ်မလာပါနဲ့။ နည်းနည်းလောက် ထပ်စောင့်ကြည့်လိုက်ပါ။ အခုက အချိန်ကောင်းမဟုတ်သေးဘူး”
“ကောင်းပါပြီ”
ချီဟုန်ပင် ယခု မလှုပ်ရှားဝံ့သေးရာ ကျန်းရီအနေဖြင့် ဆက်စောင့်နေရန်သာ ရှိသည်။ ဤတစ်ခေါက်တွင် အေးချမ်းမှုက အတော်ကြာကြာ ခံခဲ့သည်။ နှစ်လကြာပြီးမှ စူးရှသော အော်သံတစ်သံကြောင့် ကျန်းရီ နိုးလာသည်။ ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။
“အခု မင်းရဲ့အခွင့်အရေး ရောက်လာပြီ။ ကြည့်ရတာ ဒီတစ်ခေါက်တော့ တိုက်ပွဲကြီးတစ်ပွဲ ဖြစ်တော့မဲ့ပုံပဲ။ တော်ဝင်မိသားစုက မိသားစုဝင် တစ်သောင်းကျော် စေလွှတ်လိုက်တယ်။ မင်း မြို့ထဲ ခိုးဝင်ဖို့ အခွင့်အရေးရမှာပါ”
“ဟုတ်ကဲ့”
ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွား၏။ နောက်ဆုံးတွင် အခွင့်အရေးတစ်ခု ရလာပေပြီ။ သူ ဤနေရာတွင် တစ်ရက်ပင် ပို၍ မနေလိုတော့ပေ။
ကျန်းရီ ဂူပြင်သို့ လျင်မြန်စွာ ပျံထွက်လိုက်ပြီး မိစ္ဆာညှို့ဓာတ်သားရဲများနှင့်အတူ မြို့အပြင်တွင် စုဝေးလိုက်သည်။ မြို့ပြင်တွင် အမှန်ပင် တော်ဝင်မိသားစုဝင် တစ်သောင်းကျော် စုဝေးနေသည်။ အခြားတမလွန်ဘုံမျိုးနွယ်ဝင်များကလည်း ဆယ်သန်းလောက် ရှိနေကြသည်။
‘တမလွန်ဘုံမျိုးနွယ်မှာ တပ်ဖွဲ့တွေ ဘယ်နှစ်ဖွဲ့လောက် ရှိတာလဲ။ ဘာလို့ သူတို့က သန်းချီတဲ့ မျိုးနွယ်ဝင်တွေကို အလွယ်လေး အသေခံခိုင်းနေရတာလဲ။ ပြီးတော့ ဒါက ဒီတစ်ဘုံပဲ ရှိသေးတယ်။ ကပ်လောကတစ်ခုလုံးမှာဆို ဘယ်လောက်တောင် များလိုက်မလဲ’
ကျန်းရီ ထိုအကြောင်းကို တွေးတောရင်း ကျောစိမ့်သွား၏။ လူသားမျိုးနွယ်ထံတွင် စစ်တပ်ခြောက်တပ်သာ ရှိသည်။ တစ်တပ်လျှင်လည်း တပ်သား သန်းဆယ်ဂဏန်းသာရှိသည်။ ထို့ကြောင့် စုစုပေါင်းမှ လူသားတပ်သား သန်းရာကျော်သာ ရှိပေသည်။ ဘုံတစ်ဘုံလျှင်မူ တပ်သားဆယ်သန်းနီးပါးလောက်သာ စုစည်းနိုင်သည်။ ထို့ကြောင့် အင်အားကွာခြားမှုက လုံးဝမမျှတပေ။
‘စိတ်ဓာတ်ကျနေဖို့ မလိုပါဘူး’
ချီဟုန်က အသံပို့လွှတ်လာသည်။
“ကောင်းကင်ဝိညာဉ်ဘုံက ရှေ့တန်းမို့လို့ ဒီမှာ တမလွန်ဘုံမျိုးနွယ်ဝင်တွေ များနေတာပါ။ ပြီးတော့ လူသားမျိုးနွယ် အကုန်လုံးကို စုစည်းမယ်ဆိုရင် သူတို့စစ်တပ်က အင်အားဆယ်ဆလောက် ပိုများမှာပါ။ ဓာတုဘုံခုနစ်ဘုံလုံးက စွမ်းအားကြီး သိုင်းသမားတွေ အကုန်လုံးကို စုစည်းနိုင်မယ်ဆိုရင် တမလွန်ဘုံကို ယှဉ်တိုက်နိုင်မှာပါ။ ခက်တာက... လူသားမျိုးနွယ် တစ်ခုလုံးကို စုစည်းပြီး တစ်လောကလုံးကို အမိန့်ပေးနိုင်လောက်အောင် ဩဇာအာဏာရှိတဲ့သူ မရှိဘူး ဖြစ်နေတာပဲ။ ကောင်လေး... မင်း အဝေးကြီး ဆက်လျှောက်ရဦးမယ်”
“တစ်လောကလုံးကို အမိန့်ပေးရမှာလား”
ကျန်းရီ ခေါင်းငုံ့လိုက်၏။ သူ့မျက်ဝန်းများထဲတွင် သရော်သည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ယခုတွင် သူက လူသားမျိုးနွယ်နှင့် တစ်လောကလုံး၏ ဘုံရန်သူဖြစ်နေသည်။ သူသာ ကမ္ဘာဦးကောင်းကင်ဘုံသို့ သွားလိုက်မည်ဆိုလျှင် လမ်းပေါ်မှ ကြွက်စုတ်တစ်ကောင်ကဲ့သို့ အားလုံး၏ မုန်းတီးမှုကို ခံရပေလိမ့်မည်။ သူ ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်၏ အစိတ်အပိုင်းအားလုံးကို စုနိုင်လျှင်ပင်၊ သူက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်ကြောင်း ဖော်ထုတ်လိုက်လျှင်ပင် လူများစွာသည် သူ့အမိန့်ကို နာခံလိုလိမ့်ဦးမည် မဟုတ်ပေ။
“သွားကြစို့”
ရီလင်က ပျံထွက်လာကာ အော်ပြောလိုက်၏။ ထို့နောက် စစ်တပ်တစ်ခုလုံး ချီတက်ကြလေသည်။ ထိုအခါမှ ကျန်းရီ သတိကပ်လာပြီး စစ်တပ်နောက်သို့ ခပ်သွက်သွက်လိုက်ကာ တောင်ဘက်သို့ ပျံသန်းသွားလိုက်သည်။ လမ်းတစ်လျှောက်တွင် သူ တမလွန်ဘုံ တော်ဝင်မိသားစုဝင် တစ်သောင်းကျော်ကို မသိမသာ စောင့်ကြည့်နေပေသည်။
နေ့ဝက်ကြာ ပျံသန်းပြီးနောက် စစ်တပ်သည် ရေကန်သို့ ရောက်သွား၏။ ရီမောင်ကလည်း တော်ဝင်မိသားစုဝင် အယောက်တစ်သောင်းကျော်နှင့် တပ်သားဆယ်သန်းနီးပါး ခေါ်လာသည်။ နှစ်ဘက်သည် အချင်းချင်း ကြိမ်းမောင်းကြကာ တစ်ခဏနေပြီးနောက် စတင် တိုက်ခိုက်ကြသည်။ ဤတစ်ကြိမ်တွင် တော်ဝင်မိသားစုဝင်များလည်း ဝင်တိုက်ကြပေသည်။
ထိုစဉ် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အရာတစ်ခု ဖြစ်ပျက်လာ၏။ တော်ဝင်မိသားစုဝင်များသည် တော်ဝင်မိသားစုဝင်အချင်းချင်းသာ တိုက်ခိုက်ကြသည်။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကို လုံးဝ မတိုက်ခိုက်ကြပေ။ ထို့ပြင် မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်ကမှလည်း တော်ဝင်မိသားစုဝင်များကို မတိုက်ခိုက်ဝံ့ကြချေ။ သူတို့ကြားမှ အဆင့်အတန်းက အလွန်ကွာခြားသည် မဟုတ်ပါလား။
ဝုန်း...ဝုန်း...ဝုန်း...
တော်ဝင်မိသားစုဝင်များကြားမှ တိုက်ပွဲက အလွန်ပြင်းထန်၏။ သူတို့၏ တိုက်ခိုက်စွမ်းရည်များကလည်း အလွန်ခက်ထန်ကြသည်။ သူတို့၏ ဆန်းကြယ်းစွမ်းရည်များက လူသားများ၏ ဆန်းကြယ်စွမ်းရည်များနှင့် ဆင်တူနေ၍ ကျန်းရီ အံ့ဩရသေးသည်။ သို့သော် သူတို့ ပစ်လွှတ်သည့် အလင်းတန်းများမှာမူ အနက်ရောင်အလင်းတန်းများသာ။ ကျန်းရီသည် ထိုအလင်းတန်းများထဲရှိ အနှစ်သာရအမျိုးမျိုးကို ခံစားနေရသည်။ အနှစ်သာရများမှာ အဖျက်၊ သေခြင်း၊ ဓာတ်သဘောများဟူ၍ စုံလှသည်။ တိုက်ခိုက်မှုများမှ ထွက်လာသည့် သိပ်သည်းသော တမလွန်ဘုံအရှိန်အဝါကြောင့်သာ မဟုတ်လျှင် ကျန်းရီသည် သူတို့က လူသားများဟု ထင်မိပေလိမ့်မည်။
“မဟာတာအိုသုံးထောင်စလုံးက တူညီတဲ့ပန်းတိုင်ကိုပဲ ဦးတည်တယ်”
ချီဟုန်က ကျန်းရီ၏ အတွေးများကို ဖြေရှင်းပေးလိုက်သည်။
“မိစ္ဆာမျိုးနွယ်၊ တမလွန်ဘုံမျိုးနွယ်၊ လူသားမျိုးနွယ်နဲ့ တခြားထူးဆန်းတဲ့မျိုးနွယ်တွေ အကုန်လုံးက နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ပြီး မသေမျိုးဖြစ်ချင်တယ်ဆိုရင်၊ ထာဝရရှင်သန်ချင်တယ်ဆိုရင် ကောင်းကင်တာအိုစည်းမျဉ်းတွေရဲ့ အနှစ်သာရကို နားလည်ဖို့လိုတယ်.. အဲ့ဒါက တစ်ခုတည်းသော နည်းလမ်းပဲ။ အကောင်းဆုံးနည်းလမ်းဆိုလည်း ဟုတ်တယ်...”
“ငါတို့က ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ ဘယ်လောက် ထူးဆန်း ထူးဆန်း၊ ငါတို့က မိုးမြေကနေ မွေးဖွားလာပြီး မိုးမြေရဲ့ ပျိုးထောင်မှုကို ခံရတဲ့သူတွေပဲ။ အဲ့တော့ ငါတို့ ပိုသန်မာလာချင်ရင်၊ ကောင်းကင်ကို ဆန့်ကျင်ချင်ရင် ဒီလောကထဲကနေ လွတ်မြောက်ပြီး ဓာတ်ငါးပါးကို လွန်မြောက်ချင်ရင် မိုးမြေအနှစ်သာရကို နားလည်ဖို့လိုအပ်တယ်...”
“မင်းတစ်ခုခုကို ဖြတ်ကျော်ချင်ရင် ကိုယ်ဖြတ်ကျော်မဲ့အရာကို အရင်နားလည်ထားဖို့ လိုတယ် မဟုတ်လား။ တမလွန်ဘုံမျိုးနွယ်ရဲ့ ပုံစံတွေက ကြောက်စရာကောင်းပေမဲ့ တကယ်တော့ သူတို့က ထူးဆန်းတဲ့ သက်ရှိတစ်မျိုးပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ နည်းလမ်းတွေကတော့ နည်းနည်း မကောင်းတဲ့ဘက်ကို ရောက်တာပေါ့။ သူတို့က လူသားတွေနဲ့ မိစ္ဆာတွေရဲ့ အလောင်းတွေကို သန့်စင်ပြီး ဖုတ်ကောင်တပ်သားတွေ၊ တမလွန်ဘုံစစ်သူကြီးတွေ ဖြစ်သွားအောင် လုပ်နိုင်တယ်။ ပြီးတော့ လူသားတွေနဲ့ မိစ္ဆာတွေရဲ့ ဝိညာဉ်တွေကိုလည်း မကောင်းတဲ့ သရဲတစ္ဆေတွေဖြစ်သွားအောင် လုပ်နိုင်တယ်။ အဲ့ဒါကြောင့် သူတို့က အရမ်းကြောက်ဖို့ကောင်းတယ်လို့ ခံစားရတာပဲ။ တကယ်တော့ မင်း သူတို့ကို နားလည်သွားရင် သူတို့က အဲ့လောက်ကြောက်စရာကောင်းတယ်လို့ ခံစားရတော့မှာ မဟုတ်ဘူး။ အဲ့ တမလွန်ဘုံ တော်ဝင်မိသားစုဝင်တွေကလည်း မိုးမြေအနှစ်သာရတွေကို ကျင့်ကြံကြတယ်။ သူတို့ ဆန်းကြယ်စွမ်းရည်အမျိုးမျိုးကို သုံးနိုင်တာကလည်း မထူးဆန်းပါဘူး”
“ဪ... ကျွန်တော် နားလည်ပါပြီ”
ကျန်းရီ နားလည်သွားသည်။ သူ ဉာဏ်အလင်းလည်းပွင့်သွားကာ တမလွန်ဘုံမျိုးနွယ်ကို သိပ်၍ ကြောက်မနေတော့ပေ။
ချီဟုန်၏ စကားများက မှန်ပေသည်။
ဖြစ်တည်မှုမှာ အမှန်တရားဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်က ဤလောကထဲတွင် ဖြစ်တည်နေရာ သူတို့ကလည်း ဤလောကမှ မွေးဖွားလာသော သက်ရှိတစ်မျိုးသာ ဖြစ်သည်။ သူတို့က အတန်ငယ် ထူးဆန်းကာ မကောင်းသည့်ဘက် ရောက်နေခြင်းသာရှိသည်။ လူသားနှင့် မိစ္ဆာကြားတွင် ကွဲပြားမှု မရှိပေ။ သူတို့၏ အခြေခံက အတူတူသာဖြစ်သည်။ လူသားများက တမလွန်ဘုံမျိုးနွယ်ကို ကြောက်ရွံ့ခြင်းမှာ မိမိမသိသည်ကို ကြောက်ရွံ့တတ်သော သဘာဝကြောင့်ပင်။ ထိုသဘာဝမှာ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သောအရာ ဖြစ်သည်။ ထို့ကြောင့် လူသားများသည် တမလွန်ဘုံမျိုးနွယ်အပေါ် ကြောက်တတ်သော သဘာဝနှင့် မွေးဖွားလာကြသည်။
တမလွန်ဘုံမျိုးနွယ်ဝင်များတွင်လည်း စိတ်ဝိညာဉ်ရှိသည်၊ သူတို့ သေနိုင်သည်၊ ကျင့်ကြံနိုင်သည်။ သူတို့နှင့် လူသားများ၊ မိစ္ဆာများကြားမှ ကွဲပြားမှုမှာ အဘယ်နည်း။ သူတို့ထံတွင် လူသားများနှင့် မိစ္ဆာများကို တမလွန်ဘုံရုပ်သေးရုပ်များအဖြစ် ပြောင်းလဲပစ်နိုင်သော၊ အလောင်းများကို ထိန်းချုပ်နိုင်သော အတတ်များ ရှိနေခြင်းသာ။ လူသားများထံတွင်လည်း ထိုသို့သော မကောင်းသည့် အတတ်များ ရှိသည်။ လက်ရှိတွင် ကျန်းရီထံ၌ပင် ဝိညာဉ်ကျွန်အနည်းငယ် ရှိနေသည် မဟုတ်ပါလား။ ယင်းတို့မှာ အတူတူပင် မဟုတ်ပါလော။
ကျန်းရီသည် ထိုသို့တွေးတောပြီးနောက် အတော်လေး စိတ်အားတက်သွား၏။ တိုက်ခိုက်နေကြသော တော်ဝင်မိသားစုဝင်များကို သူ မသိမသာ လှမ်းကြည့်လိုက်သည်။ သူ အခွင့်အရေးတစ်ခုရှာ၍ တော်ဝင်မိသားစုဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်ကာ သူတို့ကြားထဲ ဝင်ရောတော့မည်ဖြစ်သည်။
ဝုန်း...
တော်ဝင်မိသားစုဝင်တစ်ယောက် လွင့်ပျံထွက်လာပြီး မြေပေါ် ပြုတ်ကျကာ အပြင်းအထန် ဒဏ်ရာရသွား၏။ ထိုအခိုက်တွင် ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် သူထံဝင်လာသည့် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်၏ တိုက်ခိုက်မှုကို မရှောင်တော့ဘဲ ထိမှန်ခံလိုက်သည်။ သူလည်း လွင့်ထွက်သွားကာ “တိုက်တိုက်ဆိုင်ဆိုင်” ထိုတော်ဝင်မိသားစုဝင်ဘေးသို့ ပြုတ်ကျသွားလေသည်။
“မြန်မြန်... ငါ မင်းကို ကာပေးထားမယ်”
ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်သည်။ ကျန်းရီသည် ထိုတော်ဝင်မိသားစုဝင်အနီးသို့ ကပ်၍ သူ့ကို ရုတ်ခြည်း သတ်ပစ်လိုက်သည်။ ထို့နောက် အလောင်းကို သူ၏ သိုလှောင်လက်စွပ်ထဲ ထည့်လိုက်လေသည်။
ကျန်းရီသည် ထိုတော်ဝင်မိသားစုဝင်အဖြစ် ပုံစံပြောင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကြိုတင်ပြင်ဆင်ထားသော မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်၏ အလောင်းကို ဘေးတွင် ချလိုက်သည်။ သူ အောင်အောင်မြင်မြင် ဇာတ်ရုပ် ပြောင်းလဲပြီးသွားပေပြီ။
‘ဟုတ်ပြီ...’
ကျန်းရီသည် ရုပ်ပြောင်းပြီးနောက် ပတ်ဝန်းကျင်ကို လှည့်ပတ်အကဲခတ်လိုက်၏။ မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်၊ မည်သည့်တော်ဝင်မိသားစုဝင်ကမှ သူ့ကို အာရုံစိုက်မနေပေ။ သူ သက်ပြင်းရှည်ကြီး ချလိုက်သည်။ နောက်ဆုံးတွင် ပထမခြေလှမ်းကို လှမ်းနိုင်လိုက်ပြီဖြစ်သည်။ ယခု သူ တော်ဝင်မိသားစုဝင်တစ်ယောက်အနေနှင့် မည်သို့ ကောင်းကင်ဝိညာဉ်မြို့ထဲ သွားရမည်ကိုသာ စဉ်းစားရန် လိုတော့ပေသည်။
ကောင်းကင်ဝိညာဉ်ဘုံတွင် တမလွန်ဘုံဘုရင်များစွာ ရှိသည်။ ထို့ပြင် ကျန်းရီက မီးနဂါးဓား၏ အစိတ်အပိုင်း၏ တည်နေရာအတိအကျကို မသိသေးပေ။ သူ အစိတ်အပိုင်းကို ချက်ချင်းယူ၊ ချက်ချင်းထွက်ပြေးနိုင်လိမ့်မည်ဟု ယုံကြည်မှု မရှိသေးသ၍ အလျင်စလို လုပ်ဆောင်၍ မဖြစ်ချေ။ မဟုတ်လျှင် သူ တမလွန်ဘုံမျိုးနွယ်ကို အဖော်ပြုကာ ကောင်းကင်ဝိညာဉ်ဘုံတွင် ထာဝရ နေသွားရပေလိမ့်မည်။
***