← Chapters

ရှင်က ကျွန်မယောက်ျား မဟုတ်ဘူး

Vol. 134 Ch. 1861

ရှင်က ကျွန်မယောက်ျား မဟုတ်ဘူး

Vol. 134 Ch. 1861

ဇာတ်ရုပ်ပြောင်းခြင်းမှာ ပထမခြေလှမ်းဖြစ်သည်။ ဒုတိယခြေလှမ်းမှာ တော်ဝင်မိသားစုထဲ အောင်အောင်မြင်မြင် ရောဝင်နိုင်ရန်ပင်။ ရုပ်သွင်ကို ပြောင်းပြီးရုံနှင့် ကျန်းရီက အပြည့်အဝ လုံခြုံသွားပြီဟု မဆိုနိုင်ပေ။ ကျန်းရီသည် တော်ဝင်မိသားစုအကြောင်းကို တစ်ခုမှ သိမထားချေ။ သူသည် သူဟန်ဆောင်နေသူ၏ အမည်နှင့် အဆင့်အတန်းကိုပင် သိမထားရာ အမှားတစ်ခုခု ဖြစ်သွားသည်နှင့် သူ့အကြောင်း ပေါ်သွားမည် မဟုတ်ပါလား။

တော်သေးသည်မှာ ကျန်းရီက အပြင်းအထန် ဒဏ်ရာရနေပုံ ဟန်ဆောင်နေရ၍ပင်။ သူ တိုက်ပွဲတွင် ဝင်တိုက်ရန်ပင် မလိုတော့ချေ။ သူသည် တော်ဝင်မိသားစုဝင်၏ အလောင်းကို လက်စွပ်ထဲ မထည့်ခင်တွင် အလောင်းကိုယ်မှ သွေးနက်များကို သူ့ကိုယ်ပေါ်တွင် သုတ်ထားလိုက်သေးသည်။ ယခု သူပုံစံက အလွန်ဆိုးဝါးနေသည်။ သူ့ခန္ဓာကိုယ်တစ်ခြမ်းကို သွေးနက်များက လွှမ်းခြုံထားပေသည်။

ကျန်းရီသည် အပြင်းအထန် ဒဏ်ရာရထားဟန် ဟန်ဆောင်၍ မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေ၏။ မျက်လုံးထောင့်စွန်းမှနေ၍လည်း အခြေအနေကို စောင့်ကြည့်ကာ တိုက်ပွဲပြီးဆုံးသွားပြီး တော်ဝင်မိသားစုဝင်များက သူ့အား ပြန်ခေါ်သွားမည်ကို စောင့်နေလိုက်သည်။

သို့သော် ကျန်းရီက အလွန်ကံဆိုးပေသည်။ တော်ဝင်မိသားစုဝင်တစ်ယောက်သည် ကောင်းကင်မှနေ၍ သူနှင့် မလှမ်းမကမ်းနေရာသို့ ပြုတ်ကျလာ၏။ ထိုသူသည် အပတ်အနည်းငယ် လိမ့်ကာပင် သူနှင့် မီတာအနည်းငယ်အကွာသို့ ရောက်လာသေးသည်။ ထိုတော်ဝင်မိသားစုဝင်မှာလည်း အပြင်းအထန် ဒဏ်ရာရထားသည်။ သူ့လက်တစ်ဘက်က ပြတ်နေသည်။ သူ သွေးအန်လိုက်ပြီး တိုက်ပွဲဆီ ပြန်ပျံမတက်နိုင်တော့ပေ။

“အာ... ဂူဖေး.. မင်း အဆင်ပြေရဲ့လား”

ထိုတော်ဝင်မိသားစုဝင်က ကျန်းရီ ရုပ်ဖျက်ထားသူကို သိနေ၏။ သူသည် ခက်ခက်ခဲခဲ တွားသွား၍ ကျန်းရီအနားသို့ ရောက်လာကာ ကျန်းရီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။

ကျန်းရီ ခေါင်းကိုက်လာသည်။ သူ ထိုတော်ဝင်မိသားစုဝင်ကို လုံးဝမသိပေ။ သို့ဖြစ်ရာ သူ မည်သို့ ပြန်ပြောလိုက်ရမည်နည်း။ သို့သော် ထိုသူကြောင့် သူက ဂူဖေးဖြစ်ကြောင်းကိုတော့ သိလိုက်ရပေသည်။

ကျန်းရီသည် သေလုမျောပါးပုံစံ ဟန်ဆောင်၍ ကိုယ်လှည့်ကာ ခါးသက်သက်ပြုံးလိုက်၏။ ထို့နောက် အားနည်းစွာနှင့် နှုတ်ခမ်းလှုပ်ကာ ပြောလိုက်သည်။

“ငါ မသေသေးတာ တော်သေးတာပေါ့”

“အာ... ဘာလို့ မင်းရဲ့အသံက ပြောင်းသွားရတာလဲ”

ထိုတော်ဝင်မိသားစုဝင်က ကျန်းရီကို စိတ်ဝင်တစား ကြည့်လိုက်၏။ ကျန်းရီ ရင်လေးသွားသည်။ သူ အားတင်းလက်မြှောက်၍ သူ့လည်ပင်းကို ကိုင်ကာ လည်ပင်းမှ ဒဏ်ရာကို ပြလိုက်ရလေသည်။

“ဪ... အလံပြာဒေသက မျိုးမစစ်တွေက တကယ်ကို မုန်းစရာကောင်းတာပဲ”

ထိုတော်ဝင်မိသားစုဝင်က ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ဒေါသအရိပ်အယောင်များကို တွေ့နေရသည်။ သို့သော် အမုန်းတရားတော့ များစွာမရှိပေ။ သူ အံကြိတ်ကာ ဆက်ပြောသည်။

“ရီမောင်က သူ့ဦးလေး အရှင်မင်လူကို မှီခိုပြီး ဒေသအရှင် ဖြစ်လာခဲ့တာ။ မကြာသေးခင်တုန်းက သူက ငါတို့ဒေသထဲက ဒေသခံတွေကို ဖမ်းခေါ်သွားနေခဲ့တာပဲ။ အရှင်တွေသာ မခုခံရင် ငါတို့ဒေသခံတွေ အကုန်လုံး ခေါ်သွားခံရလိမ့်မယ်”

ထိုတော်ဝင်မိသားစုဝင်က စကားများသူတစ်ယောက် ဖြစ်ပုံပေါ်၏။ သူ တတွတ်တွတ်နှင့် ပြောနေသည်။ ကျန်းရီကလည်း အလိုက်သင့် ခေါင်းညိတ်ပေးနေသည်။ ရံဖန်ရံခါဆိုသလို စကားဝင်ဝင်ထောက်ကာ သတင်းအချက်အလက်များ ပိုသိရအောင်လည်း လုပ်နေပေသည်။

ကျန်းရီသည် သတင်းများကို မည်သို့နှိုက်ထုတ်ရမည်ကို သိ၏။ သူ ထိုတော်ဝင်မိသားစုဝင်နှင့်အတူ ဒဏ်ရာကုသနေစဉ်အတွင်း သတင်းအချက်အလက် တော်တော်များများကို သိလိုက်ရသည်။

ထိုတော်ဝင်မိသားစုဝင်ကလည်း ဂူမျိုးနွယ်မှဖြစ်သည်။ သို့သော် ကျန်းရီသည် သူ့အမည်ကို မသိပေ။ ယင်းကို သူ့အား မေးရန်လည်း မသင့်တော်သည် မဟုတ်လော။

ဂူမျိုးနွယ်က တမလွန်ဘုံဘုရင်တစ်ပါး၏ မျိုးဆက်ဖြစ်သည်။ သူတို့က တမလွန်ဘုံ၏ မျိုးနွယ်ကြီးဆယ့်တစ်ခုထဲမှ တစ်ခုပင်။ တမလွန်ဘုံ တော်ဝင်မိသားစုကို မျိုးနွယ်ဆယ့်တစ်ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထိုမျိုးနွယ်ဆယ့်တစ်ခုမှာ တမလွန်ဘုံဧကရာဇ်၏ မျိုးနွယ်နှင့် ထိပ်တန်းတမလွန်ဘုံဘုရင်ဟောင်း ဆယ်ပါး၏ မျိုးနွယ်ဆယ်ခုတို့ ဖြစ်ကြသည်။

မျိုးနွယ်ဆယ့်တစ်ခုသည် အလွန်လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ နှစ်ပေါင်းသိန်းချီ ကြာပြီးနောက်တွင် မျိုးနွယ်ဆယ့်တစ်ခုတွင် သိန်းချီသော မျိုးနွယ်ခွဲများ ရှိလာသည်။ မျိုးနွယ်ဝင်များက ထိုမျှ များပြားလာရာ အချင်းချင်းကြားမှ ပဋိပက္ခများကို မရှောင်လွှဲနိုင်တော့ပေ။

တမလွန်ဘုံဧကရာဇ် ပြန်ဝင်စားမလာခင်က တမလွန်ဘုံတွင် ပရမ်းပတာဖြစ်နေခဲ့သည်။ သို့သော် တိုက်ပွဲကြီးများတော့ မဖြစ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော မျိုးနွယ်အားလုံးသည် တမလွန်ဘုံဧကရာဇ်က မျိုးနွယ်ဝင်တစ်ယောက်ယောက်၏ ကိုယ်ထဲတွင် ရှိနေနိုင်ကြောင်း သိ၍ပင်။ ထို့ကြောင့် မျိုးနွယ်ဝင်အချင်းချင်း တိုက်ခိုက်ဝံ့သူတိုင်း တမလွန်ဘုံဧကရာဇ်၏ မညှာမတာ သတ်ဖြတ်မှုကို ခံရမည်ဖြစ်သည်။

စကားများသော ‌တော်ဝင်မိသားစုဝင်သည် ကျန်းရီက ဟန်ဆောင်နေခြင်းကို မသိသလို ကျန်းရီက သူ့ထံမှ တမင်သတင်းနှိုက်ထုတ်နေခြင်းဖြစ်ကြောင်းကိုလည်း မသိပေ။ ထို့ကြောင့် သူသည် ဒဏ်ရာကုသရင်း ကျန်းရီနှင့် စကားဖောင်ဖွဲ့နေပေသည်။

ကျန်းရီသည် ထိုသူက မည်သို့ ဒဏ်ရာကုသကြောင်းကို စူးစမ်းနေ၏။ ထိုသူ ဒဏ်ရာကုသပုံမှာ အလွန်ရိုးရှင်းပေသည်။ သူက သူ့ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါကို အသုံးပြု၍ သူ့ကိုယ်သူ ကုသနေခြင်းပင်။ ကျန်းရီ အတန်ငယ် စိတ်ဓာတ်ကျသွား၏။ သူ့ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါအား မည်သို့သုံးရမည်ကို သူ မသိပေ။ ထို့ပြင် သူ့ကိုယ်ထဲရှိ တမလွန်ဘုံအရှိန်အဝါကလည်း အလွန်နည်းသည်။ သူသာ သူ၏ကောင်းကင်စွမ်းအားများကို တမလွန်ဘုံအရှိန်အဝါများအဖြစ် ပြောင်းလဲနိုင်လျှင် ကောင်းပေလိမ့်မည်။

‘ငါ တော်ဝင်မိသားစုက အမျိုးသမီးတစ်ယောက်ကို ရှာပြီး တူနှစ်ကိုယ် ကျင့်ကြံရမှာလား’

ကျန်းရီသည် ကောင်းကင်မိစ္ဆာဘုံထဲတွင် လီရှန်းအာနှင့် တူနှစ်ကိုယ်ကျင့်ကြံခဲ့စဉ် အချိန်များကို ပြန်အမှတ်ရသွား၏။ သူမနှင့် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် သူ၏ ကောင်းကင်စွမ်းအားကို မိစ္ဆာစွမ်းအားအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။ ထို့ကြောင် သူ့ခေါင်းထဲတွင် အထက်ပါအတွေး ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် သူ ထိုအတွေးကို ခေါင်းထဲမှ ချက်ချင်း မောင်းထုတ်ပစ်လိုက်သည်။

မိစ္ဆာတစ်ကောင်နှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်းက သိပ်မဆိုးသေးသော်လည်း တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်နှင့် တူနှစ်ကိုယ်ကျင့်ကြံရန်မှာမူ တွေးကြည့်လျှင်ပင် ကြက်သီးထရပေသည်။ ချီဟုန်က တမလွန်ဘုံမျိုးနွယ်မှာ ထူးခြားသော မျိုးနွယ်တစ်ခုသာဖြစ်ပြီး တော်ဝင်မိသားစုဝင်များမှာလည်း လူသားနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များကြားမှ သွေးနှောများဖြစ်ကြောင်း ပြောထားသော်လည်း ကျန်းရီ၏ ရင်ထဲတွင် တမလွန်ဘုံမျိုးနွယ်ကို ဖုတ်ကောင်တပ်သားများကသာ ကိုယ်စားပြုနေသေးပေသည်။

နှစ်နာရီကျော် စကားပြောပြီးနောက် ကျန်းရီသည် ထိုတော်ဝင်မိသားစုဝင်ထံမှနေ၍ သတင်းထပ်မနှိုက်ထုတ်ဝံ့တော့ပေ။ ထိုသူက အတန်ငယ် နုံအသော်လည်း သူ့ပုံစံမှာ စကားဆက်မပြောလိုတော့ကြောင်း သိသာနေသည်။ အကယ်၍ ကျန်းရီက ဆက်မေးမည်ဆိုလျှင် သူ သံသယဝင်လာနိုင်ပေသည်။

တိုက်ပွဲမှာ ဆက်ဖြစ်နေ၏။ တော်ဝင်မိသားစုဝင်တစ်ယောက်က အပြင်းအထန် ဒဏ်ရာရသွားလျှင် ရန်သူဘက်မှ တော်ဝင်မိသားစုဝင်များက အောက်ဆင်းလာပြီး ဒဏ်ရာရသူများကို ရှင်းမပစ်သဖြင့် ကျန်းရီ အလွန်ကျေနပ်နေသည်။

နှစ်ဘက်စလုံးမှာ ထိုအတိုင်းသာ ပြုမူနေကြသည်။ ကြည့်ရသည်မှာ တမလွန်ဘုံဧကရာဇ်က တော်ဝင်မိသားစုဝင်များ အချင်းချင်း တိုက်ခိုက်နိုင်သော်လည်း ပြန်မတိုက်ခိုက်နိုင်သူကိုတော့ သတ်ဖြတ်ခြင်းမျိုး မလုပ်ရန် အမိန့်ပေးထားပုံပင်။ ရီမောင်နှင့် ရီလင်တို့မှာမူ ပြီးခဲ့သော တိုက်ပွဲကအတိုင်း မတိုက်ခိုက်ကြပေ။

ဆယ်နာရီကြာပြီးနောက် နှစ်ဘက်စလုံး တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာရထားသည့် တော်ဝင်မိသားစုဝင် အရေအတွက်က များလာ၍ ရီမောင်နှင့် ရီလင်တို့က ဆက်မတိုက်တော့ရန် အမိန့်ပေးလိုက်၍ဖြစ်သည်။ နှစ်ဘက်စလုံးသည် စကားနှင့်သာ အချင်းချင်း အပြန်အလှန် ဆဲဆိုကြိမ်းမောင်းလိုက်ကြသည်။ ပြီးနောက် သူတို့ သူတို့၏စစ်တပ်များကို ဦးဆောင်ကာ ပြန်သွားကြလေသည်။

ကျန်းရီသည် ကောင်းကင်စွမ်းအားကို ခိုးကြောင်ခိုးဝှက် အသုံးပြု၍ သူ့ကိုယ်တွင်းအင်္ဂါများကို ဖျက်ဆီးလိုက်ပြီး သူ့အရိုးများကို ချိုးပစ်လိုက်၏။ ထို့ကြောင့် သူ အမှန်တကယ် အပြင်းအထန် ဒဏ်ရာရသွားပေသည်။ စကားများသော တော်ဝင်မိသားစုဝင်က အလွန်အကူအညီရ၏။ သူသည် ကျန်းရီကို သယ်ခေါ်ကာ စစ်တပ်နောက်သို့ လိုက်သွားပေသည်။ တော်ဝင်မိသားစုထဲ အောင်အောင်မြင်မြင် ရောဝင်နိုင်လိုက်ပြီဖြစ်၍ ကျန်းရီ ပို၍ ပို၍ စိတ်လှုပ်ရှားလာလေသည်။

သူ မည်သူဖြစ်ကြောင်း ပေါ်သွားလျှင် ပြီးခဲ့သော လအနည်းငယ်အတွင်း သူသည်းခံခဲ့ရသည်များက အချည်းနှီး ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် သူ တမလွန်ဘုံဘုရင်များ၏ လိုက်သတ်မှုကိုလည်း ခံရနိုင်ပေသည်။

ထို့ကြောင့် ကျန်းရီ သတိမေ့နေယောင် ဆောင်လိုက်သည်။ သို့သော် ပတ်ဝန်းကျင်ကိုတော့ လျှို့ဝှက်၍ အာရုံခံနေပေသည်။ ဤတစ်ကြိမ်တွင် သူ့ကံက မဆိုးပေ။ ဒဏ်ရာရထားသော တော်ဝင်မိသားစုဝင်များစွာ ရှိနေ၍ မည်သူကမှ သူ့ကို အာရုံစိုက်မနေနိုင်ပါ။ သို့ဖြင့် သူသည် မြို့ထဲ အလွယ်တကူ ဝင်နိုင်လိုက်ပေသည်။

ကျန်းရီသည် မြို့ထဲရောက်သည်နှင့် ပို၍ စိတ်လှုပ်ရှားလာ၏။ အကယ်၍ သူ ဟန်ဆောင်ထားသော ဂူဖေးထံတွင် မိသားစု သို့မဟုတ် ဇနီးတစ်ယောက် ရှိနေလျှင် သူ့အကြောင်း ပေါ်သွားနိုင်ခြေက မြင့်ပေသည်။ မြို့ထဲရောက်သောအခါ တော်ဝင်မိသားစုဝင်များသည် မိမိတို့၏မျိုးနွယ်အလိုက် စုဝေး၍ သူတို့နေရာသို့သူတို့ ထွက်သွားကြသည်။ ကျန်းရီသည်လည်း ဂူမျိုးနွယ်ဝင်များနှင့်အတူ ရဲတိုက်အစုအဝေးတစ်ခုဆီသို့ ပါသွားသည်။ နောက်ဆုံးတွင် စကားများသော ဂူမျိုးနွယ်ဝင်က သူ့ကို ရဲတိုက်ငယ်တစ်လုံးထဲ ခေါ်သွားလေသည်။

ရဲတိုက်ငယ်လေးက အလွတ်ဖြစ်နေသည်။ ကျန်းရီ ဝမ်းသာသွား၏။ ဂူ‌ဖေးထံတွင် မိသားစု မရှိသည်လော။

သို့သော်...

နောက်အခိုက်အတန့်တွင် ကျန်းရီ စိတ်ဓာတ်ကျသွားရပေသည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်က ခပ်သုတ်သုတ် ထွက်လာသည်။ “ဂူဖေး”က ချီသယ်ခံလာရသည်ကို မြင်သောအခါ သူမ စိုးရိမ်တကြီး ပြောလိုက်သည်။

“ယောက်ျား... ရှင် ဘာဖြစ်ခဲ့တာလဲ”

စကားများသူက ပြုံးကာ ပြောလိုက်၏။

“မရီး... ဂူဖေးက အဆင်ပြေပါတယ်။ သူ ခဏလောက် အနားယူဖို့ပဲ လိုတာပါ”

ကျန်းရီ မျက်လုံးကို တင်းတင်းမှိတ်ထားသည်။ သူ စကားလည်း မပြောဝံ့ပေ။ သူ့ရင်ထဲတွင်မူ ဗလောင်ဆူနေပေသည်။ ဂူဖေးထံတွင် ဇနီးတစ်ယောက် ရှိနေသည်လော။ သူ ထိုအမျိုးသမီးနှင် တစ်အိပ်ယာတည်း အိပ်ရမည်ဆိုလျှင် သူမက သူ့အကြောင်းကို သိမသွားနိုင်လောက်ပါသလော။ အကယ်၍ သူမက လန့်ကာ အော်လိုက်မည်ဆိုလျှင် အရာအားလုံး ပိုရှုပ်ထွေးမသွားနိုင်သလော။

ကျန်းရီ မလှုပ်ပေ။ လှုပ်လည်း မလှုပ်ဝံ့ပါ။ စကားများသူက သူ့ကို အခန်းထဲ ချီခေါ်သွားသည်ကို အလိုက်သင့်သာ ခံနေလိုက်သည်။ ထိုအခိုက်တွင် သူ့စိတ်က အလွန်လှုပ်ရှားနေသည်။ အခြေအနေဆိုးလာလျှင် ချက်ချင်း လှုပ်ရှားရန်လည်း အသင့်ပြင်ထားသည်။ အကယ်၍ ဂူဖေး၏ ဇနီးက သူ့အကြောင်းကို သိသွားလျှင် ရွေးချယ်စရာမရှိတော့ဘဲ သူမကို သတ်ရပေလိမ့်မည်။

ဂူဖေး၏ ဇနီးက အတော်လေး လှ၏။ သို့သော် တော်ဝင်မိသားစုဝင်တိုင်း ချောလှကြသည်သာ။ ယောက်ျားများမှာ ခံ့ညားပြီး မိန်းမများမှာ လှပကြပေသည်။

စကားများသူသည် ကျန်းရီကို ကုတင်ပေါ် တင်ပေးပြီးနောက် ကျန်းရီ၏ ပခုံးကို ပုတ်ကာ ပြောလိုက်၏။

“ဂူဖေး... ကောင်းကောင်းအနားယူလိုက်ပါ။ ငါလည်း သွားအနားယူလိုက်ဦးမယ်”

ကျန်းရီ မျက်လုံးဖွင့်မကြည့်ပေ။ စကားများသူ အပြင်ထွက်သွားမှ သူ အတန်ငယ် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဂူဖေး၏ဇနီးနှင့် အကြည့်ချင်းစုံသွားရာ သူ့မျက်ဝန်းများ ရုတ်ခြည်း အေးစက်သွားသည်။ ဂူဖေး၏ဇနီးက သူ့အား သူစိမ်းဆန်သော မျက်လုံးများနှင့် ကြည့်နေသည် မဟုတ်ပါလား။ သူက သူမ၏ခင်ပွန်း မဟုတ်ကြောင်းကို သူမ သိနေပုံပင်။

ဝှစ်...

ကျန်းရီ ဆက်တုံ့ဆိုင်းမနေတော့ဘဲ ချက်ချင်း ဝှစ်ခနဲ ပျံကာ ဂူဖေး၏ဇနီး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ တစ်ချိန်တည်းမှာပဲ သူ တံခါးလည်း ပိတ်လိုက်သည်။

ဂူဖေး၏ဇနီးက တုန်ယင်သွား၏။ မျက်ဝန်းများလည်း အေးစက်လာသည်။ ထို့နောက် သူမ အေးစက်စက် ပြောလိုက်လေသည်။

“ရှင်က ကျွန်မယောက်ျား မဟုတ်ဘူး။ ရှင် ဘယ်သူလဲ”

***

All Chapters