← Chapters

မင်းကံက မဆိုးဘူး

Vol. 134 Ch. 1862

မင်းကံက မဆိုးဘူး

Vol. 134 Ch. 1862

“မအော်နဲ့... မဟုတ်ရင် ငါ မင်းကို ချက်ချင်း သတ်ပစ်မယ်”

ကျန်းရီက အေးစက်စက် ပြော၍ လက်ထဲတွင် ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်၏။ ထိုအမျိုးသမီးက တစ်စုံတစ်ခု လုပ်ဝံ့လျှင် သူ သူမကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။ မြို့ထဲတွင် ပုန်းနေခြင်းမှာ အသေးအဖွဲ မဟုတ်ပေ။ ဤမြို့ထဲ၌ မည်သည့်တမလွန်ဘုံဘုရင်မှ ရှိမနေလောက်သော်လည်း သူမည်သူဖြစ်ကြောင်း ပေါ်သွားသည်နှင့် တိုက်ခိုက်သတ်ဖြတ်ကာ ကောင်းကင်ဝိညာဉ်ဘုံထဲမှ ထွက်သွားရပေလိမ့်မည်။

ထိုအမျိုးသမီးသည် အော်လည်း မအော်သလို လှုပ်လည်း မလှုပ်ပေ။ တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ သူမ မေးလိုက်သည်။

“ကျွန်မယောက်ျား သေသွားပြီလား”

“သေပြီ”

ကျန်းရီက ခေါင်းညိတ်ကာ လိမ်လိုက်၏။

“သူက အလံပြာဒေသက စစ်တပ်နဲ့ တိုက်ရင်း သေသွားတာ”

“အလံပြာဒေသလား”

အမျိုးသမီး၏ မျက်ဝန်းထဲတွင် အမုန်းတရား ပြည့်နှက်သွားသည်။ ထို့နောက် သူမ အံကြိတ်ကာ ပြောလိုက်လေသည်။

“ရီမောင်... မျိုးမစစ်ကောင်၊ ကျွန်မ ရှင့်ကို သတ်မယ်။ ကျွန်မ ရှင့်ကို သတ်မယ်”

“အာ...”

ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ ရီမောင်မှာ တမလွန်ဘုံဧကရာဇ်၏ မျိုးဆက်ဖြစ်သည်။ အဘယ်ကြောင့် ဂူဖေး၏ဇနီးက ထိုမျှ ရဲတင်းနေရသနည်း။ ကျန်းရီ နှုတ်ဆိတ်သွားပြီး မည်သို့ဆက်ပြောရမည်မသိ ဖြစ်သွားပေသည်။

ဂူဖေး၏ဇနီးသည် ကြုံးဝါးပြီးနောက် ကျန်းရီကို ကြည့်ကာ ထပ်မံမေးလိုက်သည်။

“ရှင်က ဘယ်သူလဲ။ ဘာလို့ ကျွန်မယောက်ျားလို ဟန်ဆောင်နေရတာလဲ။ ရှင်က ဒေသအရှင်ရီလင်ကို လုပ်ကြံဖို့ ရောက်လာတာလား”

ကျန်းရီသည် ဂူဖေး၏ဇနီးကို အလေးအနက်ကြည့်ကာ ပြန်ပြောလိုက်၏။

“ငါ ဘယ်သူဆိုတာ မင်းသိဖို့ မလိုဘူး။ ငါက ရီလင်ကို လုပ်ကြံဖို့ မင်းယောက်ျားလို ဟန်ဆောင်နေတာ မဟုတ်ဘူး။ ငါက ကောင်းကင်ဝိညာဉ်မြို့ကို သွားချင်ရုံပဲ”

“ကောင်းကင်ဝိညာဉ်မြို့ကို သွားမှာလား”

ဂူဖေး၏ဇနီး မျက်လုံးအရောင်လက်သွား၏။ သူမ အေးစက်စက်‌ ပြောလိုက်သည်။

“ရှင် ကျွန်မယောက်ျားလို ဟန်ဆောင်နေရင်တောင် အဲ့ကို သွားနိုင်မှာ မဟုတ်ဘူး။ ဒေသအရှင်ရီလင်တောင် ဆင့်ခေါ်မခံရရင် ကောင်းကင်ဝိညာဉ်မြို့ကို သွားခွင့်မရှိဘူး။ ရှင်ဆိုရင်‌တော့ ပြောမနေနဲ့တော့။ အဲ့တော့ ရှင် အဲ့အကြံကို လက်လျှော့လိုက်တာ ကောင်းမယ်”

“အာ...”

ကျန်းရီ အတန်ငယ် အံ့အားသင့်သွားသည်။ ကောင်းကင်ဝိညာဉ်မြို့က ထိုမျှ တင်းကြပ်သည်လော။ သူ ထိုမြို့ထဲ မဝင်နိုင်လျှင် မီးနဂါးဓား၏ အစိတ်အပိုင်းကို မည်သို့ ယူရမည်နည်း။ သူ ကောင်းကင်ဝိညာဉ်မြို့ထဲ သတ်ဖြတ်၍ ဝင်ရမည်လော။ ထိုသို့လုပ်လိုက်လျှင် ချီဟုန်နှင့် ထျန်းဖုန့်ဧကရာဇ်တို့က လွတ်မြောက်နိုင်သော်လည်း ကျန်းရီက လွတ်မြောက်နိုင်မည် မဟုတ်ချေ။ အကယ်၍ တမလွန်ဘုံဧကရာဇ်က အနီးမှ ဘုံတစ်ခုတွင် ပုန်းနေခြင်းဖြစ်ပြီး တမလွန်ဘုံအစီအရင်မှနေ၍ ဤဘုံသို့ ရောက်လာမည်ဆိုလျှင် ချီဟုန်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

“ရှင် ကောင်းကင်ဝိညာဉ်မြို့ထဲ ဝင်နိုင်အောင် ကျွန်မ ကူညီပေးနိုင်တယ်’

ဂူဖေး၏ဇနီး ဆက်ပြောလိုက်သော စကားက ကျန်းရီကို အံ့ဩသွားစေ၏။ သူမ ကျန်းရီကို စိုက်ကြည့်၍ ပြောသည်။

“ဒါပေမဲ့... ရှင် ကျွန်မအတွက် ရီမောင်ကို သတ်ပေးပြီး ကျွန်မယောက်ျားအတွက် လက်စားချေပေးရမယ်”

“လက်စားချေပေးရမှာလား...”

ကျန်းရီ ရှက်ရွံ့စွာ နှာခေါင်းရှုံ့လိုက်၏။ အကယ်၍ ရီမောင်သာ ပြဿနာမရှာလျှင် နှစ်ဘက်သည် စစ်ဖြစ်မည် မဟုတ်ပေ။ သို့ဆိုလျှင် ဂူဖေးလည်း သေမည် မဟုတ်။ သို့သော် ဂူဖေးမှာ တိုက်ပွဲတွင် အပြင်းအထန် ဒဏ်ရာရသွားခဲ့ရုံသာ။ သူ့ကို သတ်ခဲ့သူမှာ ကျန်းရီသာဖြစ်သည်။ အကယ်၍ ဂူဖေ၏ဇနီးက ဂူဖေးအတွက် လက်စားချေလိုလျှင် ကျန်းရီကို သတ်ရမည် မဟုတ်လော။

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ယောက်က သူ့အား ကူညီမည်ဟု ဆိုနေရာ ကျန်းရီ အားနာမနေနိုင်တော့ပေ။ သူသည် မျက်နှာသေနှင့် တွေးတောနေယောင်ဆောင်ကာ ဂူဖေးဇနီး၏ တောင်းဆိုချက်ကို လက်ခံရန် အင်တင်တင် လုပ်နေလိုက်၏။ ခေတ္တကြာပြီးနောက် သူ လေသံတိုးတိုးနှင့် မေးလိုက်သည်။

“မင်းက ဘယ်သူမို့ ငါ့ကို ကောင်းကင်ဝိညာဉ်မြို့ထဲ ပို့ပေးနိုင်မှာလဲ။ ရီလင်တောင် ဆင့်ခေါ်မခံရရင် မြို့ထဲ ဝင်ခွင့်မရှိဘူးလို့ မင်း ပြောတယ်မဟုတ်လား”

“ကျွန်မရဲ့ အဆင့်အတန်းကြောင့်ပေါ့”

ဂူဖေး၏ဇနီးက တည်ငြိမ်စွာ ပြန်ပြောသည်။

“ကျွန်မရဲ့ မျိုးရိုးနာမည်က ‘ရီ’ပဲ။ ကျွန်မအဖေက ကောင်းကင်ဝိညာဉ်မြို့ရဲ့ လက်ထောက်မြို့အရှင်။ သူက အရှင်မင်လူရဲ့လက်အောက်က နံပါတ်တစ်စစ်သူကြီးပဲ။ ကျွန်မရဲ့ အဆင့်အတန်းနဲ့ဆိုရင် ကောင်းကင်ဝိညာဉ်မြို့ထဲ ကြိုက်တဲ့အချိန် ဝင်ခွင့်ရှိတယ်”

“ဟင်းဟင်း...”

ကျန်းရီသည် ဂူဖေးဇနီး၏ လည်ပင်းကို ပို၍တင်းကြပ်စွာ ညှစ်လိုက်၏။ သူမ အသက်ပင် မရှူနိုင်တော့ပေ။ ကျန်းရီ ခပ်လှောင်လှောင်ပြုံးကာ ပြောလိုက်သည်။

“မင်းက ကလေးကို လိမ်နေတာလား။ မင်းတို့ အဆင့်အတန်းမြင့်တဲ့သူတစ်ယောက်က ဘယ်လိုလုပ် ဂူဖေးနဲ့ လက်ထပ်နိုင်မှာလဲ။ ဂူဖေးက ဂူမျိုးနွယ်ထဲမှာတောင် အဆင့်အတန်း မမြင့်ဘူး မဟုတ်လား”

“ရှင် ကျွန်မကို မယုံရင် အခုချက်ချင်း သတ်ပစ်လိုက်”

ဂူဖေး၏ဇနီးက မျက်နှစ်တစ်ချက်မပျက်ဘဲ အေးစက်စက် ပြန်ပြောသည်။

“ကျွန်မက တရားမဝင်သမီးပဲ။ ကျွန်မရဲ့ အမေက ကျွန်မကိုမွေးပြီး မကြာခင်မှာပဲ ကျွန်မအဖေသတ်တာကို ခံလိုက်ရတယ်။ အဲ့ဒါကြောင့် ကျွန်မက သွေးမျိုးဆက်အရ အဆင့်အတန်းမြင့်ပေမဲ့ လက်တွေ့မှာ ကျွန်မယောက်ျားရဲ့ အဆင့်အတန်းနဲ့ အများကြီးမကွာဘူး။ ပြီးတော့... ဂူမျိုးနွယ်က ကျွန်မအကြောင်းကို သိမထားဘူး”

“သူက အမှန်အတိုင်း ပြောနေတာပဲ။ ကျန်းရီ... မင်းက တော်တော်ကံကောင်းတာပဲ”

ကျန်းရီ၏ စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်လာ၏။ ပို့လွှတ်လိုက်သူမှာ ချီဟုန်ပင်။

ကျန်းရီ အလွန်စိတ်လှုပ်ရှားသွားသည်။ ရှေးဦးစွာ ဂူဖေး၏ဇနီးကို သူ့ဝိညာဉ်ကျွန်အဖြစ် ပြောင်းပစ်ရန် သူ တွေးလိုက်သည်။ ထိုမှ သူ ကောင်းကင်ဝိညာဉ်မြို့ထဲ အလွယ်တကူ ဝင်၍ မီးနဂါးဓား၏ အစိတ်အပိုင်းကို ရှာနိုင်မည်ဖြစ်သည်။

“မရဘူး”

ချီဟုန်က ချက်ချင်း အသံပို့လွှတ်လိုက်သည်။

“တမလွန်ဘုံမျိုးနွယ်က မိစ္ဆာမျိုးနွယ်၊ လူသားမျိုးနွယ်နဲ့ မတူဘူး။ သူတို့က ဝိညာဉ်ကျွန် အဖြစ်ခံမှာ မဟုတ်ဘူး။ မင်း သူ့ကို သေအောင် ဖိအားပေးလိုက်သလိုပဲ ဖြစ်သွားလိမ့်မယ်။ တမလွန်ဘုံဧကရာဇ်က အမိန့်ထုတ်ထားတယ်.. တမလွန်ဘုံမျိုးနွယ်ကို သစ္စာဖောက်ပြီး လူသားမျိုးနွယ်ရဲ့ ဝိညာဉ်ကျွန် အဖြစ်ခံတဲ့သူတိုင်း သူတို့ရဲ့ ဝိညာဉ်တွေက တမလွန်ဘုံချောက်နက်ထဲမှာ ငါးဘဝ ဖိနှိပ်ခံလိုက်ရမယ်...”

“ဘယ်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ တမလွန်ဘုံဧကရာဇ်ကို မလွန်ဆန်ရဲဘူး။ မင်း သူ့ကို သတ်မယ်ဆိုရင်တောင်၊ အမျိုးမျိုး နှိပ်စက်မယ်ဆိုရင်တောင် သူက မင်းရဲ့ဝိညာဉ်ကျွန် လုပ်မှာ မဟုတ်ဘူး။ သူ့ကို ကောင်းကောင်းပြောလိုက်ပါ။ အစောက သူ စကားပြောတဲ့အချိန်မှာ သူ့စိတ်ဝိညာဉ်မှာ ဘာလှုပ်ရှားသွားမှုမှ မရှိဘူး။ သူက လိမ်နေတာ မဟုတ်ဘူး”

“ကောင်းပါပြီ”

ကျန်းရီ ခေါင်းညိတ်လိုက်ပြီး ဂူဖေး၏ဇနီးကို ကြည့်၍ မေးလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ။ ငါသာ ရီမောင်ကို သတ်ပေးရင် မင်း ငါ့ကို ကောင်းကင်ဝိညာဉ်မြို့ထဲ ခေါ်သွားပေးမှာ သေချာလား”

“ကျွန်မနာမည်က ရီယွင်ပါ”

ဂူဖေး၏ဇနီးက ယုံကြည်မှုရှိရှိ‌ ပြန်ပြောသည်။

“ရှင်သာ ရီမောင်ကို သတ်ပေးမယ်ဆိုရင် ကျွန်မ ရှင့်ကို ကောင်းကင်ဝိညာဉ်မြို့ထဲ သေချာပေါက် ခေါ်သွားပေးနိုင်တယ်။ ကျွန်မအမေ သေခဲ့ရတာလည်း ရီ‌မောင်ကြောင့်ပဲ။ အခု ကျွန်မယောက်ျားလည်း သူ့လက်ချက်နဲ့ သေခဲ့ရပြန်ပြီ။ ကျွန်မ လက်စားချေရမယ်။ ဒါပေမဲ့... ရှင့်မှာ ရီမောင်ကို သတ်နိုင်တဲ့ အစွမ်းအစ ရှိရဲ့လား”

“ရီမောင်ကို သတ်ဖို့က ပြဿနာမဟုတ်ပါဘူး”

ကျန်းရီ မစိုးရိမ်ပေ။ သတ်ရမည့်သူက တမလွန်ဘုံဘုရင် မဟုတ်သ၍ အဆင်ပြေသည်။ ထို့ကြောင့် သူ စိတ်ဝင်စားသည်ကိုသာ မေးလိုက်သည်။

“မင်းအမေကို မင်းအဖေက သတ်လိုက်တာလို့ မင်းပဲ ပြောတာ မဟုတ်လား။ အခု ရီမောင်ကြောင့် ဖြစ်သွားပြန်ပြီလား”

“ဟင်းဟင်း...”

ရီယွင်က ခပ်လှောင်လှောင်ရယ်ကာ ပြန်ပြော၏။

“ကျွန်မအမေက အစေခံမလေးတစ်ယောက်ပဲ။ သူ့မှာ ဘာအဆင့်အတန်းမှ မရှိဘူး။ တစ်နေ့မှာ ရီ‌မောင်နှင့် သူ့ဦးလေးမင်လူတို့က ကျွန်မတို့အိမ်ကို ဧည့်သည်တွေအနေနဲ့ ရောက်လာခဲ့ကြတယ်။ ရီမောင်က ကျွန်မအမေကို သဘောကျသွားလို့ ကျွန်မအဖေက ကျွန်မအမေကို ရီမောင့်ဆီ မေးလိုက်တယ်။ ရီမောင်ကစားတာကို ခံရပြီးတော့ ကျွန်မအမေက ကျွန်မအဖေ သတ်တာကို ခံလိုက်ရတာပဲ”

“တကယ့် သပွတ်အူပဲ”

ကျန်းရီသည် ရီယွင်ကို လွှတ်ပေးလိုက်ပြီး နှာခေါင်းကုတ်ကာ ဆက်မေးလိုက်၏။

“ရီမောင်ကို သတ်ဖို့က ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ဦးလေး မင်လူက ငါ့ကို ပြဿနာရှာလောက်လား”

ရီယွင်က ခေတ္တမျှ တွေးတောပြီးမှ ဖြေလိုက်သည်။

“ပေါ်ပေါ်ထင်ထင် သတ်ရင်တော့ ပြဿနာမဖြစ်နိုင်ဘူး။ လုပ်ကြံမယ်ဆိုရင်တော့ အရှင်မင်လူက သေချာပေါက် စုံစမ်းလိမ့်မယ်”

“မင်လူ...”

ကျန်းရီ အတန်ငယ် ခေါင်းရှုပ်နေသည်။ မင်လူက ရီ‌မောင်၏ ဦးလေးဆိုလျှင် သူ့မျိုးရိုးအမည်ကလည်း ‘ရီ’ ဖြစ်သင့်သည် မဟုတ်လော။ အဘယ်ကြောင့် မင်လူဟု ခေါ်ရသနည်း။ ကျန်းရီသည် တိရှဘံဒတွင် မင်တိဟုခေါ်သော တမလွန်ဘုံဘုရင်၏ ကိုယ်ပွားကို တွေ့ခဲ့ဖူးပေသည်။

ထိုစဉ် ချီဟုန်က အသံပို့လွှတ်ကာ သူ့မေးခွန်းကို ဖြေပေးလိုက်၏။

“မင်လူနဲ့ မင်တိရဲ့ ‘မင်’ဆိုတာက မျိုးရိုးအမည် မဟုတ်ဘူး။ သူတို့က တမလွန်ဘုံဘုရင် ဖြစ်လာပြီးတော့ ဘွဲ့ ချီးမြှင့်ခံရတာပဲ။ အဲ့ဒါက သူတို့ရဲ့ ဘွဲ့အမည်ပဲ။ မင်းတို့လူသားတွေမှာလည်း စစ်နတ်ဘုရားဘာညာဆိုတဲ့ ဘွဲ့တွေ ရှိတယ်မဟုတ်လား’

“ဪ... အဲ့လိုကိုး”

ကျန်းရီ နားလည်သွားသည်။ သူကိုယ်တိုင်လည်း စစ်နတ်ဘုရားဘွဲ့ ချီးမြှင့်ခံခဲ့ရဖူးသည် မဟုတ်ပါလား။ ချီချင်ချန်ကလည်း စစ်နတ်ဘုရားမဘွဲ့ ရထားပေသည်။

ကျန်းရီ သက်ပြင်းချလိုက်ပြီး ရီယွင်ကိုကြည့်ကာ ပြောလိုက်သည်။

“ကောင်းပြီ... အပေးအယူဖြစ်ပြီ။ ငါ ရီ‌မောင်ကို သတ်ပေးမယ်။ ပြီးရင် မင်း ငါ့ကို ကောင်းကင်ဝိညာဉ်မြို့ဆီ ခေါ်သွားပေးရမယ်။ ငါက ပစ္စည်းတစ်ခုရှာဖို့ အဲ့မြို့ကို သွားရမှာ။ ငါ ရှာတွေ့တာနဲ့ မင်းကို လွှတ်ပေးမယ်။ ဒီကြားထဲ ဘာယီးတီးယားတားမှတော့ မလုပ်နဲ့။ မဟုတ်ရင် ငါ ရွေးချယ်စရာမရှိဘဲ မင်းကို သတ်ရလိမ့်မယ်”

“မစိုးရိမ်ပါနဲ့... ကျွန်မက အဲ့လောက်မတုံးပါဘူး”

ရီယွင် ခေါင်းညိတ်လိုက်သည်။

“အခု ကျွန်မက ရီမောင်ကို သေစေချင်တာပါ။ ရှင် ဘယ်သူဆိုတာ အရေးမကြီးတော့ပါဘူး။ ဒါပေမဲ့ ‌ဒေသအရှင်ရီလင်ကိုတော့ မထိခိုက်ပါစေနဲ့။ သူက ကျွန်မကို ကောင်းကောင်းစောင့်ရှောက်ပေးခဲ့တဲ့သူပဲ။ ရှင် သူ့ကို ထိခိုက်အောင် လုပ်ရင်တော့ ကျွန်မ သေရမယ်ဆိုရင်တောင် ရှင့်ကို ကူညီပေးမှာ မဟုတ်ဘူး”

“ရီလင်လား”

ကျန်းရီ ပခုံးတွန့်ကာ အရေးမစိုက်ဟန်နှင့် ပြန်ပြောလိုက်သည်။

“ငါက သူနဲ့ ဘာရန်ငြိုးမှမှ မရှိတာ။ ဘာလို့ သူ့ကို ထိခိုက်အောင် လုပ်ရမှာလဲ။ မစိုးရိမ်ပါနဲ့... ငါလိုချင်တာကို ရတာနဲ့ ငါ ချက်ချင်းထွက်သွားမှာပါ...”

“ဟုတ်သား...”

ကျန်းရီ ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွား၍ အလေးအနက်မေးလိုက်၏။

“မင်း ဘာလို့ ငါ့ကို ဒီလောက်ယုံကြည်နေရတာလဲ။ ဘာလို့ ငါက ရီမောင်ကို မင်းကိုယ်စား သတ်ပေးလိမ့်မယ်လို့ သေချာနေတာလဲ”

“အလိုလိုသိနေတာပါ”

ရီယွင်က ခေတ္တမျှ တွေးတော၍ ပြန်ဖြေသည်။

“ကျွန်မ ရှင့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်က ကျွန်မယောက်ျားမဟုတ်ဘူးလို့ သိသွားတာကလည်း အဲ့အလိုလိုသိစိတ်ကြောင့်ပဲ။ ရှင်ရဲ့ အငွေ့အသက်က ကျွန်မအဖေနဲ့ အရှင်မင်လူတို့ရဲ့ အငွေ့အသက်နဲ့ ဆင်တယ်။ ရှင် ဘယ်လောက်ပဲ ရုပ်ဖျက်၊ ရုပ်ဖျက်.. ရှင့်အငွေ့အသက်က ထူးကဲနေတယ်။ ရှင်လည်း ခေတဲ့သူတစ်ယောက် မဟုတ်လောက်ဘူး မဟုတ်လား”

“ခေသူမဟုတ်တဲ့လား”

ကျန်းရီ ရှက်ရွံ့စွာ နှာခေါင်းကုတ်လိုက်သည်။ သူသည် အမှန်ပင် ခေသူမဟုတ်ပေ။ သို့သော် ဆိုးသည်မှာ သူက လူသားမျိုးနွယ်ကရော တမလွန်ဘုံမျိုးနွယ်ကပါ သတ်လိုနေသည့် မခေသူတစ်ယောက် ဖြစ်နေခြင်းပင်။

***

All Chapters