← Chapters

အခွင့်အရေးလော၊ အန္တရာယ်လော

Vol. 134 Ch. 1863

အခွင့်အရေးလော၊ အန္တရာယ်လော

Vol. 134 Ch. 1863

ကျန်းရီသည် ဂူမျိုးနွယ်တွင် တစ်ခဏမျှ နေထိုင်နေလိုက်သည်။ ဂူဖေး၏ဇနီး ရီယွင်ထံမှနေ၍လည်း သတင်းအချက်အလက်များစွာ ရလိုက်သည်။

ကောင်းကင်ဝိညာဉ်ဘုံထဲတွင် အမှန်ပင် တမလွန်ဘုံဘုရင် တစ်ပါးထက်ပို၍ ရှိပေသည်။ မြို့ကြီးလေးမြို့တွင် တမလွန်ဘုံဘုရင်များ စောင့်ကြပ်နေကြသည်။ သို့သော် ထိုတမလွန်ဘုံဘုရင်လေးပါးမှာ ထိပ်တန်းဆယ်ပါးစာရင်းထဲ မဝင်သလို ဧကရာဇ်အဆင့်တွင်လည်း မရှိကြပေ။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများလောက်သာ သန်မာကြပေသည်။ ထို့ကြောင့် ကျန်းရီ သက်မချနိုင်သွားလေသည်။

ဤဘုံတွင် စွမ်းအားအကြီးဆုံးသူမှာ ဘုံအရှင် မင်လူဖြစ်သည်။ သူက ဧကရာဇ်အဆင့်သို့ရောက်ရန် ခြေလှမ်းဝက်သာ လိုတော့ပြီး တောက်နူနှင့် ယှဉ်နိုင်လောက်သည်။

ဆိုရလျှင် ကျန်းရီ တွေ့ခဲ့ဖူးသော မင်တိမှာ ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲမှ တစ်ပါးဖြစ်သည်။ သူသည် မကြာသေးခင်က နံပါတ်တစ်ဆယ်မြောက် တမလွန်ဘုံဘုရင် ဖြစ်လာခဲ့သည်။ ထို့ကြောင့် သူ၏ကိုယ်ပွားကပင် တိရှဘုံတစ်ခုလုံးကိုပင် သိမ်းပိုက်နိုင်မလို ဖြစ်ခဲ့ခြင်းမှာ အံ့ဩစရာ မရှိတော့ပေ။

ကောင်းကင်ဝိညာဉ်ဘုံက လူသားမျိုးနွယ်နှင့် စစ်ခင်းရာတွင် ရှေ့တန်းဖြစ်သော်လည်း အတန်ငယ်သေးနေသည်။ ကောင်းကင်ဝိညာဉ်ဘုံအနီးတွင် ဘုံကြီးတစ်ဘုံ ရှိသည်။ ထိုဘုံက အလွန်ကြီးသဖြင့် ဘုံထဲတွင် ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲမှ သုံးပါးပင် ရှိနေသည်။ ထို့ကြောင့် ကျန်းရီသည် အလွန်အန္တရာယ်များသော အခြေအနေတစ်ခုထဲတွင် ရှိနေဆဲပင်။ အကယ်၍ သူသာ ထိုတမလွန်ဘုံဘုရင်သုံးပါး အာရုံစိုက်လာအောင် လုပ်မိသွားပါက ချီဟုန်မှလွဲ၍ သူရော ထျန်းဖုန့်ဧကရာဇ်ပါ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။

ရီလင်မှာ ကောင်းကင်ဝိညာဉ်ဘုံထဲရှိ တမလွန်ဘုံဘုရင်လေးပါးထဲမှ တစ်ပါးဖြစ်သော မင်ဟ၏ မြေးဖြစ်သည်။ ထို့ကြောင့် သူမက ဒေသအရှင်ဖြစ်လာပြီး ရီမောင်ကို စိန်ခေါ်ဝံ့ခြင်းဖြစ်သည်။ သူမသာ သာမန်ဒေသအရှင်လေးတစ်ယောက်ဆိုလျှင် ရီမောင်သတ်သည်ကို ခံရလောက်ပြီးဖြစ်သည်။

တမလွန်ဘုံမျိုးနွယ်မှ အတွင်းရေး ပဋိပက္ခများမှာ လူသားမျိုးနွယ်မှ ပဋိပက္ခများလောက် မပြင်းထန်ပါ။ ပဋိပက္ခဖြစ်ရသည့် အဓိကအကြောင်းများမှာ တော်ဝင်မိသားစုထဲတွင် မျိုးနွယ်များစွာ ရှိနေပြီး အဖွဲ့အစည်းများစွာ ကွဲနေ၍သာ။ သူတို့အားလုံးအတွက် နယ်မြေလုံလုံလောက်လောက် မရှိပေ။

အကယ်၍ တမလွန်ဘုံဧကရာဇ်သာ ထွက်ပေါ်မလာလျှင် ဘုံများသည် ပရမ်းပတာဖြစ်နေပေလိမ့်မည်။ တမလွန်ဘုံဘုရင်များကလည်း အချင်းချင်း တိုက်ခိုက်နေကြမည်ဖြစ်သည်။ သို့သော် တမလွန်ဘုံဧကရာဇ် ရှိနေရာ ပြဿနာဖြစ်ခဲ့လျှင်ပင် ထိန်းမနိုင်၊ သိမ်းမရလောက်အောင် အကြီးအကျယ် ဖြစ်မသွားကြပေ။

ရီလင်နှင့် ရီမောင်တို့ကြားမှ ပဋိပက္ခကဲ့သို့ ပဋိပက္ခများမှာ တမလွန်ဘုံက ထိန်းချုပ်ထားသော ဘုံဆယ်ဘုံထဲတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ထိုပဋိပက္ခလောက်ကို အကြီးအကဲများက အရေးမထားကြပေ။ တိုက်ပွဲကို အနိုင်ရသူက ဒေသကို အပိုင်ရမည်ဖြစ်သည်။ ယင်းမှာ ပုံမှန်သာ။ မင်လူက ကောင်းကင်ဝိညာဉ်ဘုံ၏ ဘုံအရှင်ဖြစ်ရာ ရီမောင်သာမက မင်လူ၏ သားများနှင့် အခြားတူများမှာလည်း ဒေသများအတွက် တိုက်ခိုက်နေကြပေသည်။

မင်လူသည် ထိုပဋိပက္ခများကို မမြင်ချင်ယောင်ဆောင်ထားသည်။ အခြားတမလွန်ဘုံဘုရင်သုံးပါးမှာ ဒေါသထွက်သော်လည်း မည်သို့မှ မပြောဝံ့ကြပေ။ သို့သော် ရီလင်က ရီမောင်နှင့် တိုက်ခိုက်ဝံ့သည်မှာ သူမ၏အဘိုး မင်ဟကြောင့် ဖြစ်သည်။ ရီလင်မှာ စိတ်ဓာတ်ခိုင်မာသူဖြစ်၍ သေချာပေါက် တိုက်ပွဲအနည်းငယ်မျှနှင့် လက်လျှော့မည် မဟုတ်ပေ။

ကျန်းရီကမူ ခေါင်းကိုက်နေသည်။ အဘယ်ကြောင့်ဆိုသော် သူ ရီမောင်ကို မည်သို့သတ်ရမည်ကို မသိ၍ပင်။ သူ ရီမောင်ကို မသတ်လျှင်လည်း ရီယွင်က သူ့ကို ကောင်းကင်ဝိညာဉ်မြို့ဆီ ခေါ်သွားပေးမည် မဟုတ်ချေ။ အမှန်တွင် ထိပ်တိုက် တိုက်ခိုက်မည်ဆိုပါက သူ ရီမောင်ကို အလွယ်တကူ သတ်ပစ်နိုင်သည်။ ထျန်းဖုန့်ဧကရာဇ်ကို ထုတ်လိုက်လျှင် သူပင် ဝင်တိုက်ရန် လိုမည်မဟုတ်ပေ။ ပြဿနာမှာ... သူ ရီ‌မောင်ကို ပေါ်ပေါ်ထင်ထင် သတ်ရန် လိုအပ်ခြင်းပင်။ မဟုတ်လျှင် သေချာပေါက် မင်လူ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ ထိုအခါကျလျှင် ပြဿနာက သူ့ကို လာရှာပေလိမ့်မည်။

ရီလင်က ရီမောင်နှင့် သေချာပေါက် ထပ်မံတိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ကျန်းရီ၏ လက်ရှိ တိုက်ခိုက်စွမ်းအားအရ ပညာရှင်များစွာ၏ ကာကွယ်ပေးနေမှုအောက်တွင် ရီမောင်ကို သတ်ရန် ခက်ပေသည်။ သူ ထျန်းဖုန့်ဧကရာဇ် သို့မဟုတ် ကော့ချန်ဘုရင်ကို ထုတ်လိုက်လျှင်လည်း သူမည်သူဖြစ်ကြောင်း ပေါ်သွားနိုင်သည်။

သို့ဖြစ်ရာ ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ အချိန်ကောင်းကိုသာ စောင့်ဆိုင်းနေရပေသည်။ သူ ဂူမျိုးနွယ်ထဲတွင်သာ ဆက်နေနေသည်။ ဂူဖေးမှာ မိဘမဲ့တစ်ယောက်ပင်။ သူ၏မိဘများက တိုက်ပွဲတွင် ကျဆုံးသွားခဲ့ခြင်းဖြစ်သည်။ သူ့တွင် မိတ်ဆွေလည်း တစ်ယောက်သာရှိသည်။ ထိုမိတ်ဆွေမှာ ကျန်းရီကို ပြန်ခေါ်လာပေးခဲ့သော ဂူယွီဟုခေါ်သည့် စကားများသူပင်။ ထိုဂူယွီတစ်ယောက်သာ ဂူဖေးတစ်ဖြစ်လည်း ကျန်းရီထံ သတင်းမေးရောက်လာခဲ့သည်။ ကျန်သော ဂူမျိုးနွယ်ဝင်များမှာမူ တစ်ယောက်မှ ရောက်မလာခဲ့ပေ။

ကျန်းရီသည် ရီယွင်ကိုလည်း အချိန်ပြည့်စောင့်ကြည့်နေရ၍ မကျင့်ကြံနိုင်ချေ။ ထိုရဲတိုက်ထဲတွင် တစ်ရက်နေရခြင်းက တစ်နှစ်နေရသလို ခံစားရသည်။ ချီဟုန်ထံတွင်လည်း အခြားနည်းလမ်းများမရှိရာ ကျန်းရီ သည်းခံ၍သာ နေရလေသည်။

လဝက်ကြာပြီးနောက်...

အခွင့်အရေး ရောက်မလာသော်လည်း အန္တရာယ်တစ်ခု ရောက်လာပေသည်။

ရီလင်သည် ရီမောင်နှင့် ထပ်တိုက်ဖို့ ပြင်ဆင်ရန်အတွက် တော်ဝင်မိသားစုဝင်များကို စုဝေးစေလိုက်၏။ ဤတစ်ကြိမ်တွင် စုဝေးရသော တော်ဝင်မိသားစုဝင် အရေအတွက်က ပိုများပေသည်။ မြို့ထဲရှိ တော်ဝင်မိသားစုဝင် သိန်းကျော်ထဲမှနေ၍ အယောက်ငါးသောင်း စုဝေးရသည်။ ကျန်းရီသည်လည်း ဂူဖေးအဖြစ်နှင့် ထိပ်မံတိုက်ပွဲထွက်ရန် ပြင်ဆင်ရပေသည်။

တိုက်ပွဲထွက်ရခြင်းမှာ ရေးကြီးခွင်ကျယ်ကိစ္စ မဟုတ်ပါ။ ပြဿနာမှာ ရီယွင်ဖြစ်သည်။ ကျန်းရီက တိုက်ပွဲထွက်နေစဉ်တွင် ရီယွင်က သူ့အကြောင်းကို အကြီးအကဲများထံ တင်ပြလိုက်နိုင်သည် မဟုတ်ပါလား။ ထိုအခါ အကြီးအကဲများသည် သူ့ကို တိတ်တဆိတ်ဝိုင်း၍ သတ်ပစ်ကြပေလိမ့်မည်။ သူ ထွက်ပြေးရန်ပင် အခွင့်အရေးရလိုက်မည် မဟုတ်ချေ။ သူ ရီယွင်ကိုပါ ခေါ်သွားလျှင်လည်း ရီယွင်ပျောက်သွားသဖြင့် ဂူမျိုးနွယ်က သူမကို လိုက်ရှာကြပေလိမ့်မည်။

“ကျွန်မ ရှင်နဲ့အတူ တိုက်မယ်”

ရီယွင်သည် ကျန်းရီက စိုးရိမ်နေကြောင်း တွေ့သဖြင့် အလွန်လေးနက်စွာ ပြောလိုက်၏။

“အရှင်မရီလင်က ကျွန်မကို သိပါတယ်။ ကျွန်မ ရှင့်နောက်ကို လိုက်လာလည်း သူ ဘာမှပြောမှာ မဟုတ်ပါဘူး။ တကယ်လို့ ကျွန်မက ထူးထူးဆန်းဆန်းတွေ လုပ်ရင် ရှင် ကျွန်မကို သတ်ပစ်နိုင်တယ်”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ရီယွင်က အကျိုးသင့်အကြောင်းသင့် ပြောနေရာ ကျန်းရီ သူမအကြံကို လက်ခံလိုက်သည်။ သူ ရီယွင်ကို ခေါ်၍ ရဲတိုက်အပြင်သို့ ပျံထွက်ကာ ဂူမျိုးနွယ်ဝင်များနောက်မှ လိုက်သွားလိုက်လေသည်။

“အာ... ဂူဖေး.. မင်းက ဘာလို့ မရီးကိုပါ ခေါ်လာရတာလဲ”

စကားများသူ ဂူယွီက ကျန်းရီနှင့် ရီယွင်တို့နောက်မှ အမီလိုက်လာကာ ပြောလိုက်၏။

“ဒီတစ်ခေါက်က နာမည်စာရင်းထဲမှာ မပါတဲ့သူတွေ တိုက်ခိုက်လို့မရဘူး”

“ဘာမှ မဖြစ်ပါဘူး...”

ရီယွင်က ခေါင်းခါ၍ ပြန်ပြော၏။

“ကျွန်မ အရှင်မရီလင်ကို အသိပေးလိုက်ပါမယ်။ ကျွန်မက ဂူဖေးအတွက် စိတ်ပူလို့ပါ”

ဂူယွီသည် ခေါင်းညိတ်လိုက်ပြီး ရီယွင်ကိုကြည့်၍ ခံစားချက်အပြည့်နှင့် ပြောလိုက်သည်။

“ဂူဖေးက မရီးလို ဇနီးတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရတာ ကံထူးတာပဲ။ ဂူဖေး... မင်း တမလွန်ဘုံဧကရာဇ်ကို ကျေးဇူးတင်သင့်တယ်”

‘တမလွန်ဘုံဧကရာဇ်ကို ကျေးဇူးတင်ရမှာလား...’

ကျန်းရီ စိတ်ထဲမှ ရယ်လိုက်၏။ သူ ကျေးဇူးတင်ရန် မဆိုထားနှင့် ဖြစ်နိုင်လျှင် တမလွန်ဘုံဧကရာဇ်ကို အစိတ်စိတ်အမွှာမွှာပင် စွဲဖြဲပစ်လိုပေသည်။ သူတို့သုံးယောက်သည် ဂူမျိုးနွယ်ဝင်များနောက်မှလိုက်ကာ မြို့တောင်ဘက်ကိုသွား၍ စစ်တပ်နှင့် ‌ပေါင်းလိုက်သည်။

မြို့ပြင်တွင် တမလွန်ဘုံမျိုးနွယ်ဝင် ငါးသန်းကျော် စုဝေးနေကြသည်။ ထိုအစုအဝေးကြီးမှာ မျက်စိတစ်ဆုံးအထိ ရှိနေသည်။ တော်ဝင်မိသားစုဝင်များအားလုံး စုဝေးပြီးနောက် ရီလင်သည် စွမ်းအားကြီး တော်ဝင်မိသားစုဝင် တစ်ဒါဇင်ကို ဦးဆောင်၍ ပျံထွက်လာသည်။ ထို့နောက် သူမ ဒေါသတကြီး အော်ပြောလိုက်လေသည်။

“ရီမောင်က တရားလွန်လွန်းတယ်။ သူက ကျွန်မတို့ ဒေသရဲ့ နောက်ထပ်တစ်စိတ်တစ်ပိုင်းကို သိမ်းယူလိုက်ပြန်ပြီ။ ဒီတစ်ခေါက် ကျွန်မတို့ သူနဲ့ သူသေကိုယ်သေ တိုက်ရလိမ့်မယ်”

“သူသေကိုယ်သေတိုက်မယ်”

တော်ဝင်မိသားစုဝင်အားလုံး အော်လိုက်ကြသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များကလည်း အဆက်မပြတ် ဟိန်းလိုက်ကြ၊ အူလိုက်ကြလေသည်။ ရီလင်က လက်ဝှေ့ယမ်းလိုက်သောအခါတွင်မူ စစ်တပ် စတင်ချီတက်သည်။ တော်ဝင်မိသားစုဝင်များက ‌ရှေ့ဆုံးတွင် နေရာယူပြီး တမလွန်ဘုံမျိုးနွယ်ဝင်များက အနောက်မှ လိုက်လာကြပေသည်။

“အန်...”

အတန်ကြာ ပျံသန်းပြီးနောက် ရီလင်၏ အကြည့်က ကျန်းရီဘေးရှိ ရီယွင်အပေါ်သို့ ရောက်လာ၏။ သူမ မျက်မှောင်ကြုတ်ကာ လှမ်းပြောလိုက်သည်။

“ရီယွင်... ဘာလို့ လိုက်လာတာလဲ။ ဒီကိုလာပြီး ပြောစမ်း”

“အဲ့ဒါက...”

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ အကယ်၍ ရီယွင်က ရီလင်ဆီသွားပြီး သူ့အကြောင်းကို ပြောပြလိုက်လျှင် တော်ဝင်မိသားစုဝင်ငါးသောင်းနှင့် သန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များက ချက်ချင်း သူ့ကို ဝိုင်းသတ်ကြပေလိမ့်မည်။ သို့သော် ရီယွင်မှာ ရီလင်၏ ဆင့်ခေါ်မှုကို ခံလိုက်ရခြင်းဖြစ်ရာ ငြင်း၍မရပေ။ သူကလည်း ရီယွင်နောက်မှ လိုက်သွား၍ မရလောက်ချေ။

ကျန်းရီ တစ်ခဏမျှတွေးတောနေပြီးနောက် ရီယွင်၏ပခုံးကို ပုတ်လိုက်၏။

“အရှင်မက မင်းကို ခေါ်နေတယ်လေ။ သွားပြီး ကောင်းကောင်းပြောလိုက်”

“ဟုတ်ကဲ့ပါ ယောက်ျား၊ ကျွန်မ နားလည်ပါတယ်”

ရီယွင်သည် ကျန်းရီ၏ ဆိုလိုရင်းကို နားလည်၏။ သူမ သူ့ကို ကြည့်ကာ ခေါင်းညိတ်ပြ၍ ရီလင်ဆီသို့ ပျံသွားလိုက်သည်။ ကျန်းရီ အလွန်ရင်လေးနေသည်။ သူသည် အချိန်မရွေး ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်၍ ထွက်ပြေးရန်လည်း အသင့်ပြင်ထားလိုက်သည်။

ရီယွင်က ကျန်းရီကို စိတ်မပျက်စေပါ။ သူမသည် ရီလင်နှင့် အတော်ကြာအောင် စကားပြောနေသော်လည်း ရီလင်က မည်သို့မှ မလုပ်သေးပါ။ ရီလင်သည် ကျန်းရီကို လှမ်းပင်မကြည့်ပါ။ ကြည့်ရသည်မှာ ရီယွင်က ကျန်းရီအကြောင်းကို ဖော်နေပုံ မရပေ။

ထို့ကြောင့် ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ ထိုစဉ် ရီလင်၏အကြည့်က သူ့အပေါ် ရုတ်တရက် ကျရောက်လာ၏။ သူမသည် သူ့ကိုခေါ်ရန် လူတစ်ယောက်ပင် စေလွှတ်လိုက်သေးသည်။

‘အဲ့ဒါက ထောင်ချောက်များ ဖြစ်နေမလား။ ငါ သွားလိုက်တာနဲ့ ပညာရှင်တွေ အကုန်လုံးက ငါ့ကို ချက်ချင်း ဝိုင်းတိုက်မှာလား’

ကျန်းရီ အသည်းအသန် တွေးတောနေ၏။ ထိုအခိုက်တွင် သူ မဆင်မခြင် မပြုမူဝံ့ပေ။ သူ ရွေးချယ်စရာ မရှိသဖြင့် အံကြိတ်၍သာ ရီလင်ဆီ ပျံသန်းသွားလိုက်ရသည်။ ရီလင်ဘေးသို့ ရောက်သောအခါ အနီးရှိ ပညာရှင်များထံတွင် မည်သည့်သတ်ဖြတ်အရှိန်အဝါမှ ရှိမနေကြောင်း သူ ခံစားလိုက်ရသည်။ ထိုအခါမှ သူ စိတ်အေးသွားနိုင်ပြီး တော်ဝင်မိသားစုဝင်များ လုပ်လေ့ရှိသည့်ပုံစံအတိုင်း ဦးညွှတ်ကာ ပြောလိုက်လေသည်။

“ဂူဖေး အရှင်မကို အရိုအသေပေးပါတယ်”

“အင်း...”

ရီလင်က ကျန်းရီကို ကြည့်ကာ မသင်္ကာဟန်နှင့် မေးလိုက်သည်။

“ရီ‌မောင်ကို သတ်ဖို့ ရှင့်မှာ နည်းလမ်းတစ်ခု ရှိတယ်လို့ ရီယွင်က ပြောတယ်။ အဲ့ဒါ အမှန်ပဲလား”

ကျန်းရီ စိတ်လှုပ်ရှားသွား၏။ ရီယွင်က သူ့ကို ကူပင်ကူညီနေသည်လော။ ကြည့်ရသည်မှာ သူမက ရီမောင်ကို အမှန်ပင် အူထဲအသည်းထဲမှ မုန်းတီးနေပုံပင်။ ကျန်းရီ ခေတ္တမျှ တွေးတောပြီးနောက် ခပ်သွက်သွက် ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။

“အရှင်မက ကျွန်တော့်ကို တိုက်ပွဲမှာ အမိန့်ပေးခွင့်ပေးမယ်ဆိုရင် ကျွန်တော် ရီမောင်ကို သတ်နိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်”

***

All Chapters