သူ့သဘောနှင့်သူ တာဝန်ယူခြင်း
Vol. 134 Ch. 1864
ကျန်းရီက ယုံကြည်မှုအပြည့် ရှိနေ၏။ သို့သော် ရီလင်က သူ့ကို မယုံပေ။ ဂူဖေးမှာ ဂူမျိုးနွယ်မှ သာမန်မျိုးနွယ်ဝင်တစ်ယောက်သာ မဟုတ်ပါလား။ ရီယွင်ကြောင့်သာ မဟုတ်လျှင် ရီလင်သည် ဂူဖေးကို ကြည့်ပင်ကြည့်မည် မဟုတ်ချေ။
ရီလင်နှင့် ရီယွင်တို့မှာ သိဟောင်းကျွမ်းဟောင်းများသာ ဖြစ်ကြပြီး သိပ်၍ မရင်းနှီးပေ။ ရီလင် ရီယွင်ကို စောင့်ရှောက်ပေးခဲ့ခြင်းမှာ သူမ၏ အဖေကြောင့်နှင့် ရီယွင်ကို သနား၍သာ ဖြစ်သည်။
ထိုအခိုက်တွင် ရီလင်သည် ရီယွင်၏ စကားတစ်ခွန်းကြောင့်နှင့် စစ်တပ်တစ်တပ်လုံးအား အမိန့်ပေးနိုင်ခွင့်ကို ကျန်းရီလက်ထဲ မထည့်နိုင်ပေ။ သူမ တစ်ခဏမျှ တွေးတောပြီးနောက် မေးလိုက်သည်။
“ရှင်က ဘယ်လို အမိန့်ပေးချင်တာလား။ ဘယ်လိုပုံစံနဲ့ အနိုင်ယူမှာလဲ။ ကျွန်မကို အသေးစိတ် ပြောပြပါ”
ကျန်းရီ မည်သို့ ပြောရမည်နည်း။ သူ အတန်ငယ် ဖြေရခက်နေသည်။ သူက လူသားမျိုးနွယ်၏ စစ်ဗျူဟာများတွင် ကျွမ်းကျင်ပြီး တပ်ဖွဲ့များကို မည်သို့စီမံခန့်ခွဲရမည်ကို သိသည်ဟု ပြောရမည်လော။ ထိုသို့သာ ပြောလိုက်လျှင် သူ့အကြောင်းက ချက်ချင်း ပေါ်သွားမည် မဟုတ်လော။ ကျန်းရီသည် ရီလင်နှင့် ရီမောင်တို့၏ တိုက်ပွဲများကို တွေ့ခဲ့ဖူးသည်။ ထိုတိုက်ပွဲများမှာ ရှေးအဆန်ဆုံး တိုက်ပွဲများဖြစ်ကြပြီး နှစ်ဘက်စလုံးက ထိပ်တိုက် တိုက်ခိုက်ကြခြင်းသာ။
အကယ်၍ ကျန်းရီသာ စစ်တပ်ကို အမိန့်ပေးနိုင်မည်ဆိုလျှင် အလွယ်တကူ အနိုင်ယူနိုင်ပေသည်။ သို့သော် ထိုအကြောင်းများကို ရှင်းပြရန်မူ မလွယ်ပေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် ရွေးချယ်စရာမရှိတော့သဖြင့် အံကြိတ်၍သာ ပြောလိုက်ရသည်။
“အရှင်မ.. ကျွန်တော် အရှင်မကို အသေးစိတ်တော့ ရှင်းမပြနိုင်ပါဘူး။ ကျွန်တော့်ကို ယုံတယ်ဆိုရင် အမိန့်ပေးနိုင်ခွင့် ပေးလိုက်ပါ။ ကျွန်တော် ရီမောင်ကို အနိုင်ယူနိုင်ပါတယ်”
“ဟာသပဲ”
ရီလင်က အေးစက်စက် ရယ်လိုက်ပြီး ကျန်းရီနှင့် လေကုန်ခံမနေလိုတော့ပေ။ ထို့ကြောင့် သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“ရှင် သွားလို့ရပြီ”
ကျန်းရီထံတွင် ရီလင်ကို ဆက်ဖျောင်းဖျရန် အကြောင်းမရှိတော့ပေ။ ရီလင်သည် ရီယွင်၏ စကားအနည်းငယ်မျှနှင့် စစ်တပ်အား အမိန့်ပေးနိုင်ခွင့်ကို လွှဲပေးကာ သောင်းချီသော တော်ဝင်မိသားစုဝင်များ၏ အသက်များကို ကျန်းရီလက်ထဲ ထည့်ပေးမည် မဟုတ်။ သူမက အရူးတစ်ယောက် မဟုတ်ပါ။
ကျန်းရီ တစ်စုံတစ်ခု ပြောလိုနေသော်လည်း ရီယွင်က မသိမသာ ခေါင်းခါပြသည်။ အခြား စွမ်းအားကြီး တော်ဝင်မိသားစုဝင်နှစ်ယောက်က အေးစက်စက်မျက်ဝန်းများနှင့် လှမ်းကြည့်နေကြပေသည်။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာ မရှိတော့ဘဲ သူ့နေရာသို့သာ ပြန်သွားလိုက်ရလေသည်။ အစောတွင် သူသာ စကားအနည်းငယ် ထပ်ပြောလိုက်လျှင် ရီလင်က သူ့အား ပြင်းပြင်းထန်ထန် အပြစ်ပေးလောက်ပေသည်။
စစ်တပ်က အရှေ့သို့ ဆက်ချီတက်နေသည်။ ရီလင်သည် ကျန်းရီကို ထပ်မံမဆင့်ခေါ်တော့ပေ။ ရီယွင်ကမူ ရီလင်ဘေးမှ လိုက်လာလေသည်။ ဤတစ်ကြိမ်တွင် သူတို့သည် ရေကန်ဆီသို့ပင် မရောက်လိုက်ဘဲ ရေကန်နှင့် ကီလိုမီတာငါးသိန်းအကွာတွင် ရီမောင်၏စစ်တပ်နှင့် တိုးလေသည်။ ရီမောင်သည် ရီလင်တို့ ချီတက်လာကြောင်းကို သတင်းရထား၍ သူ့စစ်တပ်ကို ဦးဆောင်ကာ ဤနေရာတွင် စောင့်နေခြင်း ဖြစ်ရပေမည်။
“အာ...”
ကျန်းရီ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အတန်ငယ် မျက်နှာထားပြောင်းသွား၏။ ဘေးမှ တော်ဝင်မိသားစုဝင်များမှာလည်း မျက်နှာပျက်သွားကြသည်။ ရန်သူ၏စစ်တပ်ထဲတွင် တမလွန်ဘုံမျိုးနွယ်များ အနည်းဆုံး ဆယ်သန်းရှိသည်။ တော်ဝင်မိသားစုဝင်များမှာလည်း သိန်းချီပေသည်။
‘ရီမောင်က ဘယ်ကနေ တပ်သားတွေ အများကြီး ရလာတာလဲ’
ကျန်းရီ တွေးတောလိုက်၏။ တစ်ခဏမျှကြာပြီးနောက် သူ နားလည်သွားသည်။ ဤစစ်ပွဲတွင် အနီးမှ ဒေသများလည်း ပါပုံပင်။ ကြည့်ရသည်မှာ ရီမောင်က ရီလင်၏ ဒေသကို လုံးဝသိမ်းပိုက်ပစ်လိုနေပုံ ရပေသည်။
ရီလင်သည် ရီမောင်ဘေးရှိ ခမ်းနားထည်ဝါသော ဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ကို ကြည့်ကာ ပြောလိုက်၏။
“ရီကျူ... ဒါက ဘာအဓိပ္ပာယ်လဲ။ ရှင်က ကျွန်မနဲ့ ရီမောင်ကြားက စစ်ပွဲမှာ ဝင်ပါချင်တာလား။ ကျွန်မအဘိုးက ရှင့်ကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုက်မှာကို ရှင်မကြောက်ဘူးလား”
“ဟားဟားဟား...”
ရီကျူဟု အခေါ်ခံရသူက ကျယ်လောင်စွာ ရယ်လိုက်၏။
“ရီလင်... နားလည်မှု မလွဲပါနဲ့။ ငါက မင်းကို ပစ်မှတ်ထားချင်စိတ် မရှိပါဘူး။ ငါက အကျိုးအမြတ်ကိုပဲ ကြည့်တာပါ။ ရီမောင်က ငါ့ကို ဒေသတစ်ဝက် ပေးတယ်၊ မင်းလည်း ငါ့ကို ဒေသတစ်ဝက် ပေးမယ်ဆိုရင် ငါ ဘယ်ဘက်ကိုမှ ဝင်မကူဘူး။ ဘယ်လိုလဲ”
“အရှက်မရှိလိုက်တာ”
ရီလင် ဒေါသတကြီး အော်ပြောလိုက်သည်။ ရီကျူမှာ ရီမောင်၏ လာဘ်ထိုးမှုကို ခံထားရကြောင်း ထင်ရှားသည်။ ရီလင်က ရီကျူအား ဒေသတစ်ဝက်ပေးမည် ဆိုလျှင်ပင် ရီကျူက ဘေးထွက်နေပေးမည် မဟုတ်ပါ။
“သတ်ကြ...”
ရီမောင် အော်လိုက်သည်။ ထိုအခါ စစ်တပ်က စတင်လှုပ်ရှားလာ၏။ သိန်းချီသော တော်ဝင်မိသားစုဝင်များက ဘယ်ဘက်သို့ ပျံသန်းသွားပြီး ကျန်သော တမလွန်ဘုံမျိုးနွယ်ဝင်များက ကျိုင်းကောင်အုပ်ကြီးတစ်အုပ်အလား ဘယ်ဘက်သို့ ပျံသန်းသွားသည်။ ၎င်းတို့သည် တောင်များ၊ မြေပြန့်များကို လွှမ်းခြုံကာ ကောင်းကင်နှင့် နေကို ကွယ်သွားကြပေသည်။
ရီကျူ၏ စစ်တပ်ကလည်း အရှိန်အဝါအပြည့်နှင့် ပျံသန်းလာသည်။ မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်များက ဟိန်းလိုက်ကြ၊ အော်လိုက်ကြသည်။ တိမ်မည်းများလည်း တလိမ့်လိမ့်တက်လာသည်။ လေထုထဲ၌ မကောင်းသော အရှိန်အဝါအမျိုးမျိုး ရှိနေပြီး ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ် ငရဲတစ်ခုအဖြစ် ပြောင်းလဲသွားစေပေသည်။
“သတ်ကြ...”
ရီလင်သည် ရွေးချယ်စရာ မရှိတော့သဖြင့် သူမ၏စစ်တပ်ကို ဦးဆောင်ကာ အရှေ့သို့ ပျံသန်းသွားလိုက်သည်။ ဤတိုက်ပွဲကလည်း ပြီးခဲ့သော တိုက်ပွဲများနှင့် မကွာပါ။ တော်ဝင်မိသားစုဝင်များက တော်ဝင်မိသားစုဝင်များနှင့်သာ တိုက်ခိုက်ကြပြီး တမလွန်ဘုံမျိုးနွယ်ဝင်များက တမလွန်ဘုံမျိုးနွယ်ဝင်များနှင့်သာ တိုက်ခိုက်ကြသည်။ ဤတိုက်ပွဲသည် မည်သည့်ဗျူဟာ၊ မည်သည့်လှည့်ကွက်မှမရှိသော ထိပ်တိုက် တိုက်ပွဲတစ်ပွဲသာ။
ဝှစ်...
ကျန်းရီသည် စစ်တပ်နောက်မှ လိုက်မသွားဘဲ ရီလင်ဆီသို့ တိတ်တဆိတ် ပျံသန်းသွားလိုက်၏။ သူ ရီလင်နှင့် သုံးကီလိုမီတာအကွာသို့ ရောက်သောအခါ သူမပတ်ပတ်လည်ရှိ စွမ်းအားကြီး တော်ဝင်မိသားစုဝင် အယောက်တစ်ဒါဇင်က သူ့ကို လှည့်ကြည့်လိုက်ကြ၏။ သူတို့၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် တမလွန်ဘုံအရှိန်အဝါ လည်ပတ်လာသည်။ သူတို့သည် ကျန်းရီကို အချိန်မရွေး သတ်ပစ်ရန် အသင့်ဖြစ်နေကြပေပြီ။
“အရှင်မ... ဒီအတိုင်းဆက်တိုက်ရင် အရှင်မ သေချာပေါက် သေသွားပါလိမ့်မယ်”
ကျန်းရီ အော်ပြောလိုက်သည်။ ရီလင် မျက်တောင်ပုတ်ခတ်လိုက်ပြီး တစ်ခဏမျှ တွေးတောလိုက်၏။ ပြီးမှ သူမ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“သူ့ကို လာခွင့်ပေးလိုက်ပါ”
ထိုအခါမှ တော်ဝင်မိသားစုဝင်နှစ်ယောက်က လမ်းဖယ်ပေးလိုက်သည်။ ကျန်းရီ ထိုနှစ်ယောက်ကို ဖြတ်ကျော်ကာ ရီလင်ဆီ ပျံသန်းသွားလိုက်ပြီး ဦးညွှတ်ကာ ပြောလိုက်လေသည်။
“အရှင်မ... ရန်သူရဲ့အင်အားက ကျွန်တော်တို့အင်အားထက် နှစ်ဆလောက်ပိုများပါတယ်။ ဒီအတိုင်း ဆက်တိုက်မယ်ဆိုရင် ကျွန်တော်တို့ အနှေးနဲ့အမြန်ဆိုသလို ရှင်းပစ်ခံရမှာပါ။ ဒေသကိုလည်း ရီမောင်က သိမ်းပိုက်နိုင်သွားပါလိမ့်မယ်။ အဲ့ကျရင် ကျွန်တော်တို့ ဘုံအရှင်ဆီ သတင်းပို့ရင်တောင် ဒေသထဲက မျိုးနွယ်တွအကုန်လုံးက ရီမောင်ဆီမှာ လက်အောက်ခံပြီး ဖြစ်နေပါလိမ့်မယ်။ အဲ့လိုဆို ကျွန်တော်တို့ ဒေသကို ပြန်ရရင်လည်း ဘာမှအသုံးဝင်မှာ မဟုတ်ပါဘူး”
ရီလင် မျက်မှောင်ကြုတ်ကာ စိတ်ဝင်တစား ပြန်မေးသည်။
“အဲ့တော့ ရှင်က ဘယ်လိုလုပ်ဖို့ စိတ်ကူးထားလဲ”
“အရမ်းရိုးရှင်းပါတယ်”
ကျန်းရီသည် အဝေးရှိ ရီမောင်နှင့် ရီကျူတို့ကို ကြည့်ကာ ပြောလိုက်သည်။
“ကျွန်တော်တို့ ရီမောင်နဲ့ ရီကျူကို ဖမ်းနိုင်လိုက်ရင် သူတို့ရဲ့ စစ်တပ်တွေက ပြန်ဆုတ်သွားကြမှာပါပဲ။ အဲ့ကျမှ အရှင်မ ရီမောင်နဲ့ ရီကျူကို ကောင်းကင်ဝိညာဉ်မြို့ဆီ ခေါ်သွားပြီး ဘုံအရှင်နဲ့ တွေ့ခိုင်းလို့ရတာပဲ။ သူတို့ကို ဘယ်လိုစီရင်မလဲဆိုတာကို ဘုံအရှင်ကို ဆုံးဖြတ်ခိုင်းလိုက်ပေါ့။ ရီမောင်နဲ့ ရီကျူက သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမှာပါ။ သူတို့ အပြစ်ပေးခံရပြီးရင် ကျွန်တော်တို့ကို ထပ်တိုက်ခိုက်ရဲတော့မှာ မဟုတ်ပါဘူး”
“ရီမောင်နဲ့ ရီကျူကို ဖမ်းမှာလား”
ရီလင် အတန်ငယ် အံ့အားသင့်သွား၏။ သူမသည် ထိုသို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ တမလွန်ဘုံဧကရာဇ်က ရီမျိုးနွယ်ဝင်အချင်းချင်း မသတ်ဖြတ်ရန် အမိန့်ပေးထားသည်။ ထို့ကြောင့် ဤတိုက်ပွဲတွင် မည်သည့်ဘက်က နိုင်သည်ဖြစ်စေ ရီမျိုးနွယ်ဝင်များသည် တစ်ယောက်ကိုတစ်ယောက် သတ်ကြမည်တော့ မဟုတ်ပေ။ အကယ်၍ ရီမောင် နိုင်လျှင်ပင် သူ ရီလင်ကို သတ်မည်မဟုတ်ပါ။ သူမကို လွှတ်ပေးပြီး သူမ၏ဒေသကိုသာ သိမ်းပိုက်လိုက်မည်ဖြစ်သည်။
သို့ဖြစ်၍ ရီလင်သည် ရီမောင်အား သတ်ရန်၊ ဖမ်းရန် မစဉ်းစားဖူးချေ။ တမလွန်ဘုံမျိုးနွယ်မှ အကြီးအကဲများ၏ မျက်လုံးထဲတွင် ဤတိုက်ပွဲကို မည်သည့်ဘက်က တပ်သားပိုရှိပြီး မည်သူ့တပ်သားများက ပိုသန်မာကြောင်း ယှဉ်ပြိုင်သည့်တိုက်ပွဲဟုသာ မြင်ကြသည်။ အဘယ်ကြောင့် သူတို့က ခေါင်းဆောင်ကို အရင်ဖမ်းရန် တွေးကြပါမည်နည်း။
တမလွန်ဘုံ တော်ဝင်မိသားစုဝင်များသည် ထိုကဲ့သို့ နည်းမျိုးကို မသုံးလိုကြပါ။
“မဖြစ်ဘူး”
ရီလင်သည် တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ခေါင်းခါလိုက်သည်။
“ကျွန်မတို့ ရီမောင်နဲ့ ရီကျူကို ဖမ်းလိုက်ရင် တခြားမျိုးနွယ်အကုန်လုံးက လှောင်ကြလိမ့်မယ်။ ကျွန်မတို့က ကိုယ့်အင်အားအပေါ်ကိုယ် မမှီခိုပဲ အဲ့လို လှည့်ကွက်တွေ သုံးမယ်ဆိုရင် ဒီတိုက်ပွဲက ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”
“...”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ တမလွန်ဘုံဧကရာဇ်၏ ထိုမျိုးဆက်က အရူးတစ်ယောက်လော။ တိုက်ပွဲတစ်ပွဲမှာ သေရေးရှင်ရေးကိစ္စတစ်ခုပင်။ အဘယ်ကြောင့် သူမက အသက်ထက် ဂုဏ်သိက္ခာကို ပိုတန်ဖိုးထားနေရသနည်း။ သူမ ဂုဏ်သိက္ခာကို လိုချင်လျှင် စစ်တိုက်မနေသင့်ပေ။ သူမနှင့် တစ်ယောက်ချင်းယှဉ်မည့်သူများကို ရှာ၍သာ ယှဉ်လိုက်သင့်သည်။
ကျန်းရီသည် ရီလင်ကို ဖျောင်းဖျရန် စိတ်မရှည် ဖြစ်လာသည်။
“အရှင်မ... စပြီးတော့ လှည့်ကွက်သုံးတာ အရှင်မ မဟုတ်ဘူးလေ။ ရီမောင်က စစ်ကူတွေ တောင်းခဲ့တယ် မဟုတ်လား။ သူတို့စစ်တပ်နှစ်တပ်က ကျွန်တော်တို့စစ်တပ်တစ်တပ်ကို ပေါင်းတိုက်နေတာ။ သူတို့ကမှ အရင်စပြီး စည်းကျော်တာပါ။ သူတို့တောင် အရှက်မရှိမှတော့ ကျွန်တော်တို့ ရက်စက်တာကို အပြစ်တင်လို့ မရဘူး မဟုတ်လား။ အဲ့တော့ ကျွန်တော်တို့ ကောင်းကင်ဝိညာဉ်မြို့ကိုသွားပြီး ဘုံအရှင်ကို ရှင်းပြလို့ရသေးတယ်။ ကျွန်တော်တို့ရဲ့ ဒေသကို ကျူးကျော်ပြီး ကျွန်တော်တို့ရဲ့ ဒေသခံတွေကို သိမ်းသွင်းခဲ့တာက သူတို့ပဲ။ ဒီစစ်ပွဲကို သူတို့က စခဲ့တာ။ အရှင်မ တွေးကြည့်ပါ... အရှင်မရဲ့ဒေသ အသိမ်းခံလိုက်ရရင်လည်း အဲ့ဒါက တခြားမျိုးနွယ်တွေရဲ့ လှောင်စရာ ဖြစ်မနေဘူးလား”
ကျန်းရီ၏ နောက်ဆုံးစကားက ရီလင်ကို ဖျောင်းဖျနိုင်သွားပုံပင်။ သူမ၏ မျက်ဝန်းများ ရုတ်ခြည်း အေးစက်သွားသည်။ သူမ လျင်မြန်စွာ စိတ်ဆုံးဖြတ်၍ ပြောလိုက်သည်။
“ကောင်းပြီ... စပြီးစည်းဖောက်တာ ရီမောင်ပဲ။ အဲ့တော့ ရီလင်ကို အပြစ်မတင်နဲ့။ ရီထျန်း... ရှင်က နောက်ပိုင်းကို တာဝန်ယူပါ။ ကျွန်မကိုယ်တိုင် ရီမောင်ကို သွားဖမ်းမယ်”
“မလုပ်ပါနဲ့...”
ကျန်းရီသည် ထိုရီလင်ကို အတန်ငယ် လေးစားမိ၏။ ရန်သူဘက်မှခေါင်းဆောင်ကို ကိုယ်တိုင်ဖမ်းလိုသော ခေါင်းဆောင်တစ်ယောက်မှာ လေးစားထိုက်သည် မဟုတ်ပါလား။ သို့သော် သူမ အသတ်ခံလိုက်ရလျှင် စစ်တပ်တစ်တပ်လုံး ရှုံးနိမ့်သွားပေလိမ့်မည်။ ထို့ပင် သူမ၏ တိုက်ခိုက်စွမ်းအားကလည်း ပြောပလောက်အောင် မဟုတ်ပေ။ သို့ဖြစ်ရာ သူမကိုယ်တိုင် သွားလျှင်လည်း မည်သို့အသုံးဝင်ပါမည်နည်း။ ကြည့်ရသည်မှာ သူမသည် ရီမောင်နှင့် မျှမျှတတ ယှဉ်လိုနေသေးသည်ပုံပင်။
ကျန်းရီ အံကြိတ်ကာ ပြောလိုက်သည်။
“အရှင်မ... အရှင်မက အဆင့်အတန်းမြင့်ပါတယ်။ ဘာလို့ အဲ့လို ပမွှားလေးတွေကို ဖမ်းဖို့ ကိုယ်တိုင်လုပ်ရမှာပါလဲ။ တကယ်လို့ အရှင်မသာ ကျွန်တော့်ကို ယုံရင် ကျွန်တော် ရီမောင်နဲ့ ရီကျူကို ဖမ်းပေးပါမယ်’
“ရှင်ကလား”
ရီလင် မျက်မှောင်ကြုတ်လိုက်သည်။ ဂူဖေး၏ တိုက်ခိုက်စွမ်းအားက မကြီးပေ။ ရီလင်၏အမြင်တွင် သူက တော်ဝင်မိသားစုဝင်များထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။ သို့သော် ကျန်းရီက သူ့သဘောနှင့်သူ တာဝန်ယူနေပြီဖြစ်၍ ရီလင် ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဂူဖေး... ရီထျန်းနဲ့ တခြားသူတွေကို ခေါ်သွားပါ။ တကယ်လို့ အခြေအနေမဟန်ရင် ပြန်ဆုတ်ရင်ဆုတ်၊ မဆုတ်ရင် အညံ့ခံလိုက်ပါ။ တိုက်ပွဲမှာ အသေမခံပါနဲ့”
“ဟုတ်ကဲ့ပါ”
ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွား၏။ နောက်ဆုံးတွင် သူ့အခွင့်အရေး ရောက်လာပေပြီ။
***