← Chapters

သံမဏိနှလုံးသား

Vol. 134 Ch. 1865

သံမဏိနှလုံးသား

Vol. 134 Ch. 1865

ရီလင်သည် ကျန်းရီအား အကူများစွာ မပေးလိုက်ဘဲ တော်ဝင်မိသားစုဝင်ငါးယောက်ကိုသာ ခေါ်သွားစေလိုက်သည်။ ထို့ပြင် ကြည့်ရပုံအရ ထိုငါးယောက်ကလည်း ကျန်းရီကို ယုံပုံမပေါ်ပေ။ သို့သော် သူတို့၏ တိုက်ခိုက်စွမ်းအားများက မဆိုးပေ။ ဝိညာဉ်ဘုရင်နှင့် အဆင့်တူလောက်ပေသည်။

ကျန်းရီသည် တော်ဝင်မိသားစုဝင်ငါးယောက်ကို ခေါ်၍ စစ်တပ်ဆီသို့ တိတ်တဆိတ် ပျံသန်းသွား၏။ မကြာခင်မှာပင် သူတို့ စစ်တပ်ထဲ ရောနှောလိုက်နိုင်ကြသည်။ ကျန်းရီ၏ ဦးနှောက်က အဆက်မပြတ် အလုပ်လုပ်ကာ ရီမောင်နှင့် ရီကျူတို့ကို ဖမ်းနိုင်မည့် နည်းလမ်းကို စဉ်းစားနေပေသည်။

ရီမောင်နှင့် ရီကျူးတို့ကို ဖမ်းရုံသာဆိုလျှင် ပြဿနာမဟုတ်ပေ။ ထိုနှစ်ယောက်က စွမ်းအားသိပ်မကြီးကြပါ။ အလွန်ဆုံးမှ အုပ်ချုပ်သူအဆင့်သာ ရှိပေလိမ့်မည်။ အဓိကမှာ သူတို့၏ ကိုယ်ရံတော်များဖြစ်သည်။

ကျန်းရီသာ စွမ်းအားအကုန် သုံးနိုင်မည်ဆိုလျှင် ထိုကိုယ်ရံတော်များကို အလွယ်တကူ ရှင်းပစ်နိုင်သည်။ ထျန်းဖုန့်ဧကရာဇ်ကို ထုတ်လိုက်မည်ဆိုလျှင်မူ စစ်တပ်တစ်တပ်လုံးကိုပင် ရှင်းပစ်နိုင်ပေလိမ့်မည်။ သို့သော် ပြဿနာမှာ သူ ထိုသို့မလုပ်နိုင်ခြင်းပင်။ သူ၏လက်ရှိဇာတ်ရုပ်က စွမ်းအားမကြီးပေ။ ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်တွင်သာ ရှိလောက်သည်။ အကယ်၍ သူ အစွမ်းကုန် ထုတ်သုံးလိုက်လျှင် အရူးတစ်ယောက်ပင် သူ့ကို သံသယဝင်သွားပေလိမ့်မည်။

ငါးယောက်နှင့် အယောက်ဒါဇင်ကျော်ကို ယှဉ်ရမည်လော။

ထိုကိစ္စမှာ ခက်ခဲတော့မည်ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့် ကျန်းရီ ရွေးချယ်စရာမရှိတော့ဘဲ လှည့်ကွက်တစ်ကွက်သာ ထုတ်သုံးရပေတော့မည်။ သူ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ့အနောက်မှ တော်ဝင်မိသားစုဝင်ငါးယောက်ကို အမိန့်ပေးလိုက်သည်။

“အရှင်တို့... အခုကိစ္စက အရှင်မရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်နေပါတယ်။ အားလုံး ကျွန်တော့်ရဲ့ အမိန့်တွေကို နားထောင်ကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့် အမိန့်တွေကိုသာ နားမထောင်ရင် ကျွန်တော်တို့ ရှုံးသွားပါလိမ့်မယ်။ အဲ့ကျရင် ကျွန်တော်တို့ ခွေးလေခွေးလွင့်တွေလို ပြန်သွားရမှာ...”

တော်ဝင်မိသားစုဝင်ငါးယောက်သည် အစတွင် ကျန်းရီကို မယုံသော်လည်း ကျန်းရီ၏ စကားများကို ကြားပြီးနောက် မျက်နှာထားတည်သွားကြသည်။ သူတို့ထဲမှ တစ်ယောက်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ၊ ဂူမျိုးနွယ်က ကောင်စုတ်လေး.. အမိန့်ပေးလိုက်။ ငါတို့ မင်းကို ဒီတစ်ကြိမ် ယုံပေးလိုက်မယ်။ ဒါပေမဲ့ မင်း ရီမောင်နဲ့ ရီကျူကို မဖမ်းနိုင်ရင် ဘယ်လိုလုပ်မလဲ”

ကျန်းရီ ပြုံးကာ ပြန်ပြောသည်။

“အရှင်တို့အကုန်လုံးသာ ကျွန်တော့်အမိန့်တွေကို နားထောင်မယ်ဆိုရင် ကျွန်တော် သူတို့ကို မဖမ်းနိုင်ဘူးဆို ကိုယ့်ကိုယ်ကိုယ် သတ်သေပါမယ်”

“ကောင်းပြီ”

တော်ဝင်မိသားစုဝင်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရီ အချိန်ဆက်ဖြုန်းမနေတော့ဘဲ ရီမောင်နှင့် ရီကျူကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“အားလုံးပဲ... အဲ့ကို တစ်ယောက်ပြီးတစ်ယောက် ပျံသွားလိုက်ကြပါ။ သူသေကိုယ်သေ မတိုက်ခိုက်ကြပါနဲ့။ တိုက်ပြီးတာနဲ့ ချက်ချင်း အဝေးကို ပျံပြေးပါ။ ရီမောင်နဲ့ ရီကျူဘေးက ကိုယ်ရံတော်တွေကို မျှားခေါ်သွားပေးပါ။ သူတို့ကိုတော့ ကျွန်တော့်တာဝန် ထားလိုက်ပါ’

“သူတို့ကို မင်းတာဝန် ထားရမှာလား”

တော်ဝင်မိသားစုဝင်များသည် ကျန်းရီကို ခပ်လှောင်လှောင်ကြည့်လိုက်ကြ၏။ သူတို့ သူ့ကို မယုံကြည်ကြပေ။ ထို့ကြောင့် ကျန်းရီ အေးစက်စက် လေသံနှင့် ပြောလိုက်ရသည်။

“အခုတင် အရှင်တို့ ဘာပြောခဲ့ပါသလဲ။ အရှင်တို့က ကိုယ့်စကားကိုယ် ဖျက်ချင်ကြတာလား”

“အဲ့လိုဆိုလည်း ကောင်းပြီလေ”

တော်ဝင်မိသားစုဝင်တစ်ယောက်သည် အံကြိတ်၍ ရီမောင်နှင့် ရီကျူတို့ဘက်သို့ ပျံသန်းသွားလိုက်၏။ သူသည် ရီမောင်တို့အနီးသို့ မရောက်ခင်မှာပင် အလင်းတန်းကြီး တစ်တန်း ပစ်လွှတ်လိုက်သည်။ ရီမောင်တို့ဘေးမှ ကိုယ်ရံတော်များက ထိုအလင်းတန်းကို ကာပေးလိုက်ကြ၏။ ထို့နောက် တော်ဝင်မိသားစုဝင်သည် အကြိမ်အနည်းငယ် ဆက်တိုက်လိုက်ပြီး အဝေးသို့ ပျံပြေးသွားသည်။ ရီမောင်နှင့် ရီကျူတို့၏ ကိုယ်ရံတော်လေးယောက်သည် ဒေါသထွက်သွားပြီး ပျံပြေးသွားသော ထိုတော်ဝင်မိသားစုဝင်နောက်သို့ လိုက်သွားကြလေသည်။

ထို့နောက် တော်ဝင်မိသားစုဝင် ဒုတိယတစ်ယောက်ကလည်း ပျံသွားကာ အလင်းတန်းများ ပစ်လွှတ်၍ ကိုယ်ရံတော်အနည်းငယ်ကို မျှားခေါ်သွားပြန်သည်။ ကျန်းရီ၏ အမြင်တွင် တမလွန်ဘုံမျိုးနွယ်၏ ဦးနှောက်က အလွန်ရိုးရှင်းလွန်း၏။ သို့ဖြစ်ရာ ထိုကိုယ်ရံတော်များကို အဝေးသို့ မျှားထုတ်သွားရန်မှာ အလွန်လွယ်ကူပေသည်။

ရီမောင်နှင့် ရီကျူတို့ကိုယ်တိုင်ကလည်း သူတို့၏ ကိုယ်ရံ‌တော်များကို လာတိုက်သူများနောက်သို့ လိုက်သွားရန် အမိန့်ပေးလိုက်လောက်၏။ သူတို့သည် ရန်သူဘက်က ဗျူဟာများ၊ လှည့်ကွက်များ သုံးလိမ့်မည်ဟုလည်း မျှော်လင့်ထားပုံ မပေါ်ချေ။ ထို့ပြင် မည်သူကမှလည်း သူတို့ကို မသတ်ဝံ့လောက်ဟု ယုံကြည်မှု ရှိနေလောက်သည်။ သူတို့က ရီမျိုးနွယ်ဝင်များ မဟုတ်ပါလား။ သူတို့ တိုက်ပွဲအလယ်တွင် ရပ်နေလျှင်ပင် မည်သူကမှ သူတို့ကို ထိဝံ့မည် မဟုတ်ချေ။

တတိယတစ်ယောက်၊ စတုတ္ထတစ်ယောက်၊ ပဉ္စမတစ်ယောက်...

ပဉ္စမမြောက် တော်ဝင်မိသားစုဝင်က လှုပ်ရှားပြီးနောက် ကျန်းရီ တိုက်ပွဲအလယ်သို့ ပျံဝင်သွားလိုက်၏။ သူက ဂရုမစိုက်သဖြင့် တစ်ကြိမ် တိုက်ခိုက်ခံလိုက်ရသည်။ သူ ရီ‌မောင်နှင့် ရီကျူတို့အောက်ဘက်သို့ ပြုတ်ကျသွားသည်။ သူ အကြိမ်အနည်းငယ်ပင် ‘လူးလိမ့်’လိုက်ပြီး ရီမောင်နှင့် ရီကျူတို့ အောက်တည့်တည့်သို့ ရောက်သွားလေသည်။

“အန်...”

ရီမောင်နှင့် ရီကျူတို့ ကျန်းရီကို ငုံ့ကြည့်လိုက်ကြ၏။ သို့သော် အရေးမထားကြပေ။ ကျန်းရီ၏ အဆင့်အတန်းက အလွန်နိမ့်၏။ ထို့ပြင် သူက သူတို့ကိုလည်း မတိုက်ခိုက်ရဲလောက်သည် မဟုတ်လော။

တမလွန်ဘုံမျိုးနွယ်တွင် အဆင့်အတန်းက ကွဲကွဲပြားပြား ရှိပေသည်။ အဆင့်အတန်းနိမ့်သူများက အဆင့်အတန်းမြင့်သူများကို ကြောက်ကြသည်။ ရီမျိုးနွယ်မှာ တမလွန်ဘုံဧကရာဇ်၏ မျိုးဆက်ဖြစ်သည်။ ထို့ကြောင့် အခြားမျိုးနွယ်ဝင်များက မည်မျှသတ္တိကောင်းပါစေ ရီမျိုးနွယ်ဝင်များကို တိုက်ခိုက်ဝံ့မည် မဟုတ်ချေ။

ကျန်းရီတွင် သတ္တိရှိသလော။

ယင်းကို သံသယဖြစ်စရာ မရှိပေ။ ထိုအခိုက်တွင် ရီမောင်နှင့် ရီကျူတို့ဘေး၌ မည်သည့်ကိုယ်ရံတော်မှ မရှိတော့ချေ။ သူတို့နှစ်ယောက်သာ ကျန်တော့သည်။ အကယ်၍ ကျန်းရီ ယခု မလှုပ်ရှားသေးလျှင် အရူးတစ်ယောက် ဖြစ်သွားပေလိမ့်မည်။

ကျန်းရီ အောက်ဘက်မှနေ၍ အထက်သို့ လျင်မြန်စွာ ပျံတက်ကာ မကျေနပ်သောလေသံနှင့် အော်ပြောလိုက်သည်။

“အရှက်မရှိတဲ့ ဒေသအရှင်နှစ်ယောက်... ခင်ဗျားတို့က ကျွန်တော်တို့ရဲ့ဒေသနဲ့ ဒေသခံတွေကို သိမ်းပိုက်ချင်တာလား။ ကျွန်တော် ခင်ဗျားတို့နဲ့ တိုက်မယ်”

“ဟားဟား...”

ရီမောင်နှင့် ရီကျူတို့ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။ ကျန်းရီ၏ အရှိန်အဝါက အလွန်အားနည်းနေရာ သူတို့ အရေးမစိုက်ကြပေ။ ဆိုရလျှင် ရီကျူက လှုပ်ပင် မလှုပ်ပါ။ ရီမောင်ကသာ တမလွန်ဘုံအရှိန်အဝါ လှည့်ပတ်၍ အနက်ရောင်အလင်းတန်းတစ်တန်း ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ အေးစက်စက် အော်ပြောလိုက်သည်။

“မင်က သေချင်မှတော့ ငါ မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့”

ရွှစ်...

အနက်ရောင်အလင်းတန်းက အနက်ရောင်ဧရာမသားရဲတစ်ကောင်အဖြစ် ပေါင်းစည်းသွားသည်။ ၎င်း၏ခန္ဓာကိုယ်က ပေဒါဇင်ကျော် ရှည်ပေသည်။ ၎င်းသည် ပါးစပ်ကြီးဟ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို သယ်ဆောင်ကာ ကျန်းရီကို အရှင်လတ်လတ် ဝါးမျိုပစ်မည့်အလား ပျံသန်းလာလေသည်။

ဝုန်း...

တမလွန်ဘုံအရှိန်အဝါမှ ဖြစ်တည်လာသော ဧရာမသားရဲကြီးသည် ကျန်းရီ၏ခန္ဓာကိုယ်ကို ပြင်းထန်စွာ ဝင်တိုက်သွား၏။ ရီမောင်နှင့် ရီကျူတို့ အံ့အားသင့်သွားကြသည်။ ကျန်းရီ၏ခန္ဓာကိုယ်က အတန်ငယ်သာ တုန်ယင်သွားပြီး မည်သည့်ဒဏ်ရာမှ ရမသွားပေ။ သူသည် အမြန်နှုန်းကို နှစ်ဆမြှင့်၍ပင် ဆက်ပျံတက်လာနေသည်။ သူ့ကိုယ်မှနေ၍လည်း တမလွန်ဘုံအရှိန်အဝါ ထွက်လာကာ သူတို့နှစ်ယောက်နှင့် ပေရာကျော်ပတ်လည်အတွင်း လွှမ်းခြုံသွားသည်။

ကျန်းရီမှာ အလွန်ဉာဏ်ကောင်း၏။ သူသည် တမလွန်ဘုံအရှိန်အဝါ ထုတ်လွှတ်လိုက်သော်လည်း မတိုက်ခိုက်သေးပေ။ ပတ်ဝန်းကျင်ကိုသာ တမလွန်ဘုံအရှိန်အဝါနှင့် လွှမ်းခြုံထားသည်။

တမလွန်ဘုံမျိုးနွယ်က ကောင်းကင်စိတ်အာရုံများကို မသုံးတတ်ကြပါ။ သို့သော် သူတို့ထံတွင် ကောင်းကင်စိတ်အာရုံနှင့် ဆင်တူသော ဆန်းကြယ်စွမ်းရည်တစ်ခု ရှိသည်။ ယင်းမှာ တမလွန်ဘုံအရှိန်အဝါများကို အရပ်မျက်နှာအနှံ့သို့ ဖြန့်ထုတ်ခြင်းပင်။ သူတို့သည် တမလွန်ဘုံအရှိန်အဝါကို သုံး၍ အချက်အလက်များကို အာရုံခံနိုင်ကြသည်။ ထိုအခိုက်တွင် အနီး၌ စွမ်းအားကြီး တော်ဝင်မိသားစုဝင်များ ရှိမနေပေ။ ထို့ကြောင့် ကျန်းရီက ရီမောင်နှင့် ရီကျူတို့ကို တမလွန်ဘုံအရှိန်အဝါများနှင့် လွှမ်းခြုံလိုက်သောအခါ အပြင်ဘက်မှ တော်ဝင်မိသားစုဝင်များသည် အထဲတွင် ဖြစ်ပျက်နေသည်များကို မမြင်နိုင်ကြတော့ပေ။

ဝှစ်...

ကျန်းရီ၏ အမြန်နှုန်းက အဆုံးအစွန်အထိ ရောက်သွား၏။ အပြင်မှသူများက မမြင်နိုင်သော်လည်း ရီကျူနှင့် ရီမောင်တို့ ယင်းကို အလွန်ရှင်းလင်းစွာ ခံစားလိုက်ကြရသည်။ သူတို့ မျက်နှာပျက်သွားကြပြီး သူတို့ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါများက အလိုလို ထွက်လာကြသည်။ သူတို့သည် အစွမ်းကုန်တိုက်ခိုက်ကြတော့မည်ဖြစ်သည်။

ဝုန်း...

ကျန်းရီက သူ့သွေးကြောမှတ်များကို နှိုးထားသဖြင့် တောက်နူနှင့် ယှဉ်နိုင်လောက်အောင်ပင် ရုပ်ခွန်အားသန်မာနေ၏။ သို့ဖြစ်ရာ ရီမောင်နှင့် ရီကျူတို့က သူနှင့် မည်သို့ယှဉ်နိုင်ပါမည်နည်း။ သူ၏လက်သီးက ရီကျူ၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျသွား၏။

ဝုန်း...

ရီကျူ၏ဦးခေါင်း ပေါက်ကွဲထွက်သွားသည်။ သွေးနက်များလည်း နေရာအနှံ့သို့ လွင့်စင်ထွက်သွားသည်။ ရီမောင် ရုတ်ခြည်း ထိတ်လန့်သွားပြီး ကြောက်ကြောက်ရွံ့ရွံ့နှင့် နောက်ဆုတ်ကာ အော်ပြောလိုက်သည်။

“မင်း... မင်းက မဟုတ်...”

ကျန်းရီသည် တိုက်ခိုက်ရန် ဆုံးဖြတ်ပြီးကတည်းက ရီ‌မောင်နှင့် ရီကျူတို့ကို အရှင်ထားရန် စိတ်ကူးမရှိခဲ့ပါ။ သူ့နှလုံးသားက သံမဏိကဲ့သို့ မာကြောနေသည်။ သူ အစွမ်းကုန် ထုတ်မသုံးလျှင် ထိုနှစ်ယောက်ကို ဖမ်းနိုင်မည် မဟုတ်ပေ။ သို့သော် အစွမ်းကုန် ထုတ်သုံးပြီးနောက် သူတို့ကို မသတ်ဘဲ ဖမ်းရုံသာ ဖမ်းလိုက်မည်ဆိုလျှင်လည်း သူ့အကြောင်း ပေါ်သွားနိုင်သည်။ ထို့ကြောင့် ရီမောင်နှင့် ရီကျူတို့ သေကိုသေရပေမည်။

သူတို့နှစ်ယောက် သေသွားလျှင် ကျန်းရီ မင်လူ၏ လိုက်ဖမ်းခြင်းကို ခံရမည်လော။ လက်ရှိတွင် ကျန်းရီ ထိုအရာများကို တွေးမနေနိုင်ပါ။ အရင်ဆုံး သူ ရီမောင်နှင့် ရီကျူတို့ကို သတ်ရပေမည်။ ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို လက်လွှတ်ခံလိုက်လျှင် သူ ညံ့ရာကျသွားပေလိမ့်မည်။

ဝုန်း...

ကျန်းရီ၏လက်သီးက ရီမောင်၏ဦးခေါင်းအပေါ် ကျရောက်သွား၏။ ဤတစ်ကြိမ်တွင် သူ အတန်ငယ် ညှာလိုက်သည်။ သို့သော် ရီမောင်၏ ဦးခေါင်းမှာ ပေါက်ကွဲထွက်သွားပြီး သူ့စိတ်ဝိညာဉ် လွင့်ပြယ်သွားသည်။ သူ့ခန္ဓာကိုယ်မှာလည်း လွင့်ထွက်သွားပေသည်။

“သေချင်ယောင်ဆောင်နေလိုက်။ ငါ မင်းအတွက် ကာထားပေးမယ်”

ထိုစဉ် ကျန်းရီ၏ စိတ်ထဲသို့ အသံပို့လွှတ်မှုတစ်ခု ရောက်လာ၏။ အသံပို့လွှတ်လိုက်သူမှာ ချီဟုန်ပင်။ ကျန်းရီသည် တုံ့ဆိုင်းမနေဘဲ သူ့အရှိန်အဝါကို အကုန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူသည် ကြိုးပြတ်စွန်တစ်စင်းအလား ပြုတ်ကျသွားလေသည်။ သူ့ခန္ဓာကိုယ်က တမလွန်ဘုံအရှိန်အဝါ လွှမ်းခြုံထားသော ဧရိယာအတွင်းမှာ လျင်မြန်စွာ ထွက်လာ၏။ ၎င်းနောက် သူ တောင်ထိပ်တစ်ခုအပေါ် ပြင်းထန်စွာ ပြုတ်ကျကာ အောက်သို့ လိမ့်ဆင်းသွားသည်။

ဝုန်း...ဝုန်း...

ဦးခေါင်းမဲ့ အလောင်းနှစ်လောင်းက အောက်သို့ ရောက်နေပြီဖြစ်သည်။ ရီ‌မောင်နှင့် ရီကျူတို့မှာ ဦးခေါင်းမဲ့နေပြီဖြစ်ရာ သေမသေကို သံသယဖြစ်နေစရာ မရှိတော့ပေ။

“အရှင်...”

“အရှင်ရီကျူ...”

အော်သံအချို့ ထွက်ပေါ်လာသောအခါ မရေမတွက်နိုင်သော မျက်ဝန်းများက လှမ်းကြည့်လာ၏။ ပြင်းထန်စွာ တိုက်ခိုက်နေကြသော တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ‌တော်ဝင်မိသားစုဝင်များလည်း ရပ်တန့်သွားကြသည်။ ထိုအခိုက်တွင် တစ်နေရာလုံး အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်သွားပေသည်။

“သေပြီလား”

ရီလင် မှင်တက်သွားသည်။ သူမ ရီမောင်နှင့် ရီကျူတို့ကို မည်မျှမုန်းတီးပါစေ သူတို့ကို သတ်၍မဖြစ်ပေ။ သူတို့က ရီမျိုးနွယ်ဝင်များဖြစ်သည်။ သို့သော် ဂူဖေးက သူတို့ကို အမှန်ပင် သတ်ပစ်လိုက်သည်လော။

***

All Chapters