← Chapters

နင် ကောင်းကင်ဝိညာဉ်မြို့ထဲကို ဝင်ခွင့်မရှိဘူး

Vol. 134 Ch. 1866

နင် ကောင်းကင်ဝိညာဉ်မြို့ထဲကို ဝင်ခွင့်မရှိဘူး

Vol. 134 Ch. 1866

ချီဟုန်သည် ကျန်းရီကို သုံးကြိမ်ကူညီပေးမည်ဟု ပြောခဲ့သလို ကျန်းရီက ဆယ်နှစ်အတွင်း ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်လျှင် မီးနဂါးဓားကို ယူကာ ထွက်သွားမည်ဟုလည်း ပြောထားသည်။ ထို့ကြောင့် ချီဟုန်က သွေးအေးကာ နှလုံးသားမဲ့သူတစ်ယောက်ဟု ထင်မည်ဆိုလျှင် ထင်ရနိုင်၏။ သို့သော် အမှန်တွင်တော့ သူက သွေးမအေးပါ။

မဟုတ်လျှင် ချီဟုန်က ကျန်းရီကို အကြိမ်ကြိမ် ကူညီနေခဲ့မည် မဟုတ်ပေ။ သုံးကြိမ်သာ ကူညီပေးမည်ဟု သတ်မှတ်ထားသော်လည်း သူ ကူညီခဲ့သည်မှာ သုံးကြိမ်ကတော့သည် မဟုတ်ပါလား။ ဤတစ်ကြိမ်တွင်လည်း သူ ကျန်းရီကို ကူညီရပေဦးမည်။

ရီမျိုးနွယ်ဝင်နှစ်ယောက်ကို သတ်လိုက်သောကိစ္စမှာ အလွန်ကြီးလေးသောကိစ္စဖြစ်သည်။ ရီလင်ပင် မှင်တက်နေသည်။ ထိုကိစ္စက မည်မျှကြီးလေးကြောင်းကို သူမ သိကြောင်း ထင်ရှားသည်။ ကျန်းရီသာ သေသွားသလို ဟန်ဆောင်မနေလျှင်၊ သူ့ဟန်ဆောင်မှုက ယုံရလောက်အောင် ချီဟုန်က ကူညီပေးမထားလျှင် ယခုလောက်ဆို သူ အားလုံး၏ပစ်မှတ် ဖြစ်နေလောက်ပေပြီ။ တမလွန်ဘုံမျိုးနွယ်ဝင်များက သူ့ကို မတိုက်ခိုက်ဝံ့လျှင်ပင် တော်ဝင်မိသားစုဝင်များက ဝိုင်းတိုက်ကြပေလိမ့်မည်။

ချီဟုန် အသုံးပြုလိုက်သော ဆန်းကြယ်စွမ်းရည်မှာ မထင်ရှားသော စွမ်းရည်တစ်ခုပင်။ ကျန်းရီက တော်ဝင်မိသားစုဝင်များစွာ၏ စူးစမ်းမှုကိုခံနေရသော်လည်း အသေကောင်တစ်ကောင်နှင့် ကွာခြားမနေပေ။ ကျန်းရီက သေပြီဖြစ်ရာ ထိုတော်ဝင်မိသားစုဝင်များသည် သူ့ကို ဆက်၍ အရေးစိုက်မနေကြတော့ချေ။ ထိုအစား သူတို့ ရီမောင်နှင့် ရီကျူတို့၏ အလောင်းများကိုသာ အာရုံစိုက်လိုက်ကြသည်။

ရီမောင်နှင့် ရီကျူတို့ဘက်မှ တော်ဝင်မိသားစုဝင်များ မှင်တက်နေကြ၏။ သူတို့၏ ဒေသအရှင်များက သေသွားပြီဖြစ်ရာ သူတို့ မည်သည့်အတွက် ဆက်တိုက်ခိုက်ရမည်နည်း။ တမလွန်ဘုံမျိုးနွယ်တွင် ဒေသအရှင်များက အဆင့်အတန်းမြင့်မားကာ ဩဇာအာဏာရှိကြသည်။ သူတို့က သူတို့အပိုင်ဒေသအတွင်းရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံး၏ အရှင်သခင်များ မဟုတ်ပါလား။ တမလွန်ဘုံမျိုးနွယ်ဝင်များသည် ဒေသအရှင်က တစ်ခွန်းပြောလိုက်သည်နှင့် မတုံ့မဆိုင်း သေလိုက်ကြမည်ဖြစ်သည်။ ယခု ဒေသအရှင်နှစ်ပါးက သေသွားပြီဖြစ်ရာ ရီလင်၏ဒေသကို သိမ်းပိုက်လျှင်လည်း မည်သည့်အဓိပ္ပာယ်ရှိပါတော့မည်နည်း။

ထိုအခိုက်တွင် တော်ဝင်မိသားစုဝင်များအားလုံးရော တမလွန်ဘုံမျိုးနွယ်ဝင်များအားလုံးပါ ဆက်မတိုက်ခိုက်ဝံ့ကြတော့ပေ။ သူတို့အားလုံး မှင်တက်နေကြသည်။

ရီလင်တစ်ယောက် မည်သို့လုပ်ရမည်မသိ ဖြစ်နေ၏။ သူမ တွေတွေကြီးသာ ရပ်နေသည်။ သူမ၏ကိုယ်ရံတော်တစ်ယောက်ဖြစ်သော ရီထျန်းက ဉာဏ်ကောင်း၍သာ တော်သေးသည်။ သူ အော်ပြောလိုက်သည်။

“ရီမောင်နဲ့ ရီကျူတို့က ကျုပ်တို့ရဲ့ အလံဖြူဒေသကို အရှက်မရှိ တိုက်ခိုက်ပြီး ကျုပ်တို့ရဲ့ ဒေသခံတွေကို သတ်ခဲ့တာပဲ။ သူတို့က ကျုပ်တို့ရဲ့ဒေသကို ကျူး‌ကျော်လို့ ကျုပ်တို့သတ်တာကို ခံလိုက်ရတာ။ မင်းတို့ ပြန်မဆုတ်သေးရင် ကျုပ်တို့ မင်းတို့အကုန်လုံးကို သတ်ပစ်မယ်”

“အကုန်လုံးကို သတ်ပစ်မယ်၊ အကုန်လုံးကို သတ်ပစ်မယ်”

ရီထျန်းက ဦးဆောင်အော်လိုက်သောအခါ ရီလင်ဘက်မှ တော်ဝင်မိသားစုဝင်များအားလုံး လိုက်အော်လိုက်ကြသည်။ ထို့ကြောင့် ရီမောင်နှင့် ရီကျူတို့ဘက်မှ တော်ဝင်မိသားစုဝင်များ တုန်လှုပ်သွားကြ၏။ သူတို့သည် ဘုရင်မရှိတော့သော ခြင်္သေ့အုပ်တစ်အုပ်ကဲ့သို့ပင်။ နောက်ဆုံးတွင် ရီကျူ၏ လက်အောက်ခံများသည် အရင်ဆုံး ပြန်ဆုတ်လိုက်ကြတော့၏။ ထိုအခါ ရီမောင်၏ လက်အောက်ခံများလည်း ရွေးချယ်စရာမရှိတော့ဘဲ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ သူတို့၏ ဒေသအရှင်ပင် ‌ကောင်းကင်မှကျကာ သေသွားပြီဖြစ်ရာ သူတို့ မည်သို့ တိုက်ခိုက်နိုင်‌တော့မည်နည်း။

ရန်သူစစ်တပ်က ပြန်ဆုတ်သွားပြီဖြစ်သော်လည်း ရီလင် အသိမကပ်နိုင်သေးပေ။ သူမ တုန်လှုပ်နေသည်။ ရီမောင်နှင့် ရီကျူတို့က သူမနှင့် တိုက်ပွဲတွင် သေသွားခဲ့ခြင်း မဟုတ်ပါလား။ အကယ်၍ မင်လူကသာ ထိုကိစ္စကို စီရင်လိုလျှင် သူမအဘိုးပင် သူမကို ကာကွယ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ သူမတို့၏ ဆွေစဉ်မျိုးဆက်တစ်ခုလုံး တာဝန်ခံရမည်လည်းဖြစ်သည်။

“အရှင်မ... အရင်ဆုံး ဒဏ်ရာရထားတဲ့သူတွေကို ကုပေးပြီး စစ်တပ်ကို ပြန်ဆုတ်ကြတာပေါ့။ ဒီကိစ္စကို ကျုပ်တို့ဘက်ကအရင် အရှင်မင်လူကို တင်ပြပြီး အရှင်မင်လူရဲ့ ဆုံးဖြတ်ချက်ကို တောင်းရလိမ့်မယ်”

ရီထျန်းက ရီလင်အား တီးတိုးပြောလိုက်၏။ ထိုအခါမှ သူမ အသိကပ်လာပြီး တိုက်ပွဲပြင်ကို ရှင်းလင်းရန်၊ ဒဏ်ရာရထားသူများကို ကုသပေးရန်နှင့် ပြီးလျှင် ပြန်ဆုတ်ရန် အမိန့်ပေးလိုက်လေသည်။

ရီလင်သည် အလွန်စိုးရိမ်ပူပန်နေသဖြင့် ကျန်းရီကိုပင် အရေးမစိုက်နိုင်တော့ပေ။ သူမသည် တိုက်ပွဲပြင်ကို ရှင်းလင်းပြီးသည်အထိပင် မစောင့်နိုင်တော့ဘဲ အရင်ဆုံး ပြန်သွားလိုက်သည်။ သူမ သူမ၏အဘိုး မင်ဟကို မြန်နိုင်သမျှ အမြန်ဆုံး သတင်းပို့၍ နောက်ဆက်တွဲပြဿနများကို ကိုင်တွယ်ရပေမည်။

ရီယွင်သည် ရီလင်နောက်သို့ လိုက်မသွားပေ။ သူမ၏မျက်နှာပေါ်၌ ဝမ်းနည်းသည့် အရိပ်အယောင်တစ်ခု ရှိနေသည်။ သူမသည် ရီလင်ထွက်သွားသည်အထိ စောင့်နေပြီးမှ အောက်ဘက်သို့ ပျံဆင်းကာ ကျန်းရီ၏အလောင်းကို ရှာလိုက်သည်။ ထို့နောက် သူမ အလောင်းကိုသယ်ကာ အနောက်ဘက်သို့ ပျံသန်းသွားလိုက်လေသည်။

“ဟင်...”

တိုက်ပွဲပြင်ကို ရှင်းလင်းရန် တာဝန်ယူထားရသော ရီထျန်းသည် ရီယင်၏ လုပ်ရပ်များကို သတိပြုမိလိုက်၏။ သို့သော် သူ မည်သို့မှ မပြောလိုက်ပေ။ ရီယွင်က မည်သူဖြစ်ကြောင်း သူ ရီလင်ထံမှ သိထားပြီးဖြစ်သည်။ ရီယွင်သည် သူမ၏ခင်ပွန်း သေဆုံးသွားသဖြင့် စိတ်ဓာတ်ကျကာ သူမမိသားစုထံ ပြန်လိုခြင်း ဖြစ်ပေမည်။

ရီယွင်က အမှန်ပင် ကောင်းကင်ဝိညာဉ်မြို့သို့ ပြန်နေခြင်းဖြစ်သည်။ သို့‌သော် စိတ်ဓာတ်တော့ ကျမနေပါ။ အဘယ်ကြောင့်ဆိုသော် ကျန်းရီက သူမ၏ဆန္ဒကို ဖြည့်ဆည်းပေးခဲ့၍ပင်။

စစ်တပ်နှင့် မိုင်တစ်ရာအကွာအထိ ပျံသန်းပြီးနောက် ရီယွင် ရုတ်တရက် ပြောလိုက်သည်။

“အရှင်... အခု ပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ပါဘူး။ အရှင် ထလာလို့ရပါပြီ”

ကျန်းရီသည် ပတ်ဝန်းကျင်မှ အခြေအနေကို မပြတ်အာရုံခံနေခဲ့ပေည်။ သူ ရီယွင်၏အသံကို ကြားသောအခါ မျက်လုံးဖွင့်ကာ ရီယွင်ကို အံ့ဩဟန်နှင့် ကြည့်လိုက်သည်။

“မင်းက ငါမသေသေးဘူးဆိုတာကို သိတယ်လား”

ရီယွင်က ခပ်ရေးရေးပြုံး၏။

“အရှင်က အရမ်းစွမ်းအားကြီးတာကို ဘယ်လိုလုပ် ဒီလို အလွယ်တကူ သေနိုင်မှာလဲ။ ရီမောင်နဲ့ ရီကျူတို့ရဲ့ တိုက်ခိုက်စွမ်းအားက မကြီးပါဘူး။ အရှင်က သူတို့ကို တစ်ချက်တည်းနဲ့ ရှင်းပစ်နိုင်မယ်ဆိုတာကို ကျွန်မ သိပါတယ်။ ရီယွင်က ဉာဏ်မကောင်းပေမဲ့ အရူးတစ်‌ယောက်လည်း မဟုတ်ပါဘူး”

“မင်းက အရမ်းဉာဏ်ကောင်းပါတယ်”

ကျန်းရီ ခေါင်းညိတ်ကာ သူ့ဘာသာ ရပ်လိုက်ပြီး မေးလိုက်သည်။

“အခု မင်း ဘယ်ကို သွားမှာလဲ။ ကောင်းကင်ဝိညာဉ်မြို့လား”

“ဟုတ်ပါတယ်”

ရီယွင် ‌ခေါင်းညိတ်လိုက်သည်။

“အရှင်က ရီမောင်ကို သတ်ပြီး ကျွန်မအတွက် လက်စားချေပေးခဲ့တော့ ကျွန်မလည်း ပေးထားတဲ့ကတိအတိုင်း အရှင့်ကို ကောင်းကင်ဝိညာဉ်မြို့ဆီ ခေါ်သွားပေးရမှာပေါ့။ ဒါပေမဲ့... အရှင် ကောင်းကင်ဝိညာဉ်မြို့ထဲမှာတော့ ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် မလုပ်ဖို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် အရှင်မင်လူနဲ့ ကျွန်မအဖေက ကျွန်မအပေါ် ဒေါသပုံချကြလိမ့်မယ်။ အဲ့ကျရင် ရီယွင် ရွေးစရာမရှိဘဲ သေရပါလိမ့်မယ်”

“မစိုးရိမ်ပါနဲ့... ငါက ပစ္စည်းတစ်ခု ရှာချင်ရုံပါ။ ဘာပြဿနာမှ မရှာပါဘူး”

ပထမဆုံးအကြိမ်အနေဖြင့် ကျန်းရီ၏ တမလွန်ဘုံ တော်ဝင်မိသားစုအပေါ် အမြင်က ပြောင်းလဲသွား၏။ ထိုရီယွင်က တမလွန်ဘုံ တော်ဝင်မိသားစုထဲတွင်လည်း ကတိတည်သူများ ရှိသေးကြောင်း သူ့ကို သဘောပေါက်သွားစေသည်။ ဤအခြေအနေတွင် ရီယွင်အနေဖြင့် ကတိဖျက်မည်ဆိုလျှင်လည်း ဖျက်လိုက်နိုင်သည်။ ထို့ပြင် သူ့အကြောင်းကို ရီလင်အား ပြောပြလိုက်၍လည်း ရသေးသည်။ သို့သော် သူမ ကတိမဖျက်ပေ။

“အရှင်... ဒီနေရာက ကောင်းကင်ဝိညာဉ်မြို့နဲ့ အရမ်းဝေးပါတယ်”

ရီယွင်က အနောက်ဘက်ကိုကြည့်၍ ပြောသည်။

“ရီယွင်ရဲ့ အဆင့်အတန်းက နိမ့်တော့ တမလွန်ဘုံအစီအရင်ကို သုံးခွင့်မရှိပါဘူး။ အဲ့တော့ ကျွန်မတို့ ပျံသွားလို့ပဲ ရပါမယ်။ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ အိမ်ကနေပြီး ဒီကို ထွက်ပြေးလာခဲ့တာပါ။ အဲ့တုန်းက တစ်လလောက် ပျံသန်းခဲ့ရတယ်။ အရှင် ကျွန်မနောက်ကို လိုက်ခဲ့ပါ”

“ရပါတယ်... ငါ မင်းကို ဆွဲခေါ်သွားပေးမယ်”

ကျန်းရီသည် ရီယွင်၏ လက်တစ်ဘက်ကို ဆုပ်ကိုင်လိုက်ပြီး အနောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ချီဟုန်၏ ကောင်းကင်စိတ်အာရုံကလည်း အေးမြသော လေပြေတစ်ခုအလား အရပ်မျက်နှာအနှံ့သို့ ဖြန့်ကျက်နေသည်။ ကျန်းရီက အဆုံးစွန်အမြန်နှုန်းနှင့် ပျံသန်းနေခြင်းဖြစ်ရာ ကောင်းကင်ထဲတွင် အလင်းတန်းတစ်တန်း ဖြတ်သန်းသွားသည်ကိုသာ မြင်ရပေသည်။

“အရှင်က တကယ်ကို စွမ်းအားကြီးတာပဲ”

ရီယွင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူမ ဆက်ပြောသည်။

“ကျွန်မအဖေရဲ့ အမြန်နှုန်းတောင် အရှင့်ရဲ့ အမြန်နှုန်းကို ယှဉ်နိုင်မှာမဟုတ်ဘူး။ အရှင့်ရဲ့ တိုက်ခိုက်စွမ်းအားကလည်း အရှင်မင်လူရဲ့ တိုက်ခိုက်စွမ်းအားနဲ့တောင် ယှဉ်နိုင်လောက်တယ်”

ရီယွင် အတန်ငယ် နားမလည်နိုင် ဖြစ်နေသေးသည်။ မင်လူကဲ့သို့ စွမ်းအားကြီးသော တမလွန်ဘုံဘုရင်များစွာ မရှိပါ။ ကျန်းရီက မင်လူလောက် စွမ်းအားကြီးလျှင် ကောင်းကင်ဝိညာဉ်မြို့ထဲ စိတ်ကြိုက် ဝင်ထွက်နိုင်သင့်သည်။ သို့သော် သူက အဘယ်ကြောင့် ဂူဖေးအဖြစ် ရုပ်ဖျက်ထားရသနည်း။

ရီယွင်သည် ကျန်းရီက လူသားတစ်ယောက် ဖြစ်နေနိုင်သည်ဟု မတွေးမိချေ။ ကျန်းရီက တမလွန်ဘုံ တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်နှင့် မည်သို့မှ မခြားနားသည် မဟုတ်ပါလား။ သူမ၏ ဗဟုသုတ၊ သူမ၏ စွမ်းအားနှင့်ဆိုလျှင် မည်သည့်ပြဿနာကိုမှ သတိပြုမိမည် မဟုတ်ပေ။

“အရှေ့မှာ တမလွန်ဘုံမျိုးနွယ်ဝင်တွေ ရှိနေတယ်၊ ညာဘက်ကနေ ပတ်သွားလိုက်”

“ဘယ်ဘက်ကို ချိုးလိုက်”

ချီဟုန်က ကျန်းရီထံ အဆက်မပြတ် အသံပို့လွှတ်နေကာ ကျန်းရီကို လမ်းကြောင်းပြောင်းရန် ပြောနေသည်။ ချီဟုန်ရှိနေသဖြင့် ကျန်းရီ မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်နှင့်မှ မကြုံခဲ့ရပါ။ သူ ကြုံခဲ့လျှင်ပင် အဆင်ပြေပေလိမ့်မည်။ ရီယွင်က ကာပေးလျှင် သူ သွားလိုရာ သွားနိုင်မည် မဟုတ်ပါလား။

ကျန်းရီ၏ အမြန်နှုန်းက အလွန်မြန်၏။ ရီယွင်က တစ်လပျံသန်းခဲ့ရသော်လည်း ကျန်းရီမှာ ငါးရက်၊ ခြောက်ရက်လောက်သာ ပျံသန်းလိုက်ရသည်။ ကျန်းရီအဖို့ ကောင်းကင်ဝိညာဉ်မြို့နှင့် အလံဖြူဒေသက ဝေးသည်ဟု မဆိုသာပါ။ ကောင်းကင်ဝိညာဉ်ဘုံကလည်း အလွန်ကြီးသော ဘုံတစ်ခု မဟုတ်ပေ။ မဟုတ်လျှင် သူ လအနည်းငယ်လောက် ပျံသန်းရပေလိမ့်မည်။

ခြောက်ရက်ကြာပြီးနောက် မိုးကုပ်စက်ဝိုင်းအဆုံးတွင် ခမ်းနားသော မြို့တစ်မြို့ ထွက်ပေါ်လာသည်။ မြို့ပတ်ပတ်လည်တွင် တမလွန်ဘုံမျိုးနွယ်များစွာ ရှိနေပုံမှာ ကြောက်မက်ဖွယ်ပင်။ မြို့အနီးရှိ တောင်များတွင်လည်း တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် ပြည့်နှက်နေသည်။ ၎င်းတို့၏ အရေအတွက်က အနည်းဆုံး သန်းဆယ်ချီပေလိမ့်မည်။

ကျန်းရီ အရှိန်လျှော့ချလိုက်ပြီး ရီယွင်ကို လက်လွှတ်ပေးလိုက်၏။ ရီယွင်ထံတွင် အမိန့်ပြားတစ်ပြားရှိနေပြီး သူမက တော်ဝင်မိသားစုဝင်လည်း ဖြစ်၍ မည်သည့်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ သူမတို့ကို မတားဝံ့ပေ။ ထို့ကြောင့် ကျန်းရီနှင့် ရီယွင်တို့သည် မြို့ပတ်ပတ်လည်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များကို အလွယ်တကူ ဖြတ်ကျော်၍ မြို့ဂိတ်တံခါးသို့ ရောက်ရှိသွားပေသည်။

မြို့ဂိတ်တံခါးအပြင်တွင် တော်ဝင်မိသားစုဝင်များက စောင့်ကြပ်နေကြသည်။ ရီယွင်က သူတို့ထံ သွားလိုက်၏။ သူတို့ထဲမှ တစ်ယောက်ကို မြင်လိုက်သောအခါ သူမ အတန်ငယ် မျက်နှာပျက်သွားသည်။ ထိုတော်ဝင်မိသားစုဝင်ကလည်း ရီယွင်ကို မြင်သောအခါ မျက်ဝန်းများ အေးစက်သွားသည်။ သူ အေးစက်စက် ပြောလိုက်သည်။

“ခွေးမ... နင်က ပြန်လာရဲသေးတယ်ပေါ့လေ။ အရင်တုန်းက နင် မျိုးနွယ်ရဲ့ခွင့်ပြုချက်မရဘဲ ထွက်သွားခဲ့တာ။ အခုတော့ ပြန်လာပြီပေါ့။ နင် ရိုက်သတ်ခံရမှာ မကြောက်ဘူးလား”

“သူက ကျွန်မရဲ့ အဖေတူ အမေကွဲ အစ်ကိုလေ”

ရီယွင်က ကျန်းရီအား တီးတိုးပြောလိုက်သည်။ ထို့နောက် သူမ အံကြိတ်ကာ လျှောက်သွားလိုက်သည်။

“မျိုးနွယ်က ဘယ်လိုပဲ အပြစ်ပေးပေး ရီယွင် ဘာမှအတွန့်တက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ရီလီ... နင်ကတော့ ငါ ပြန်လာတာ၊ မလာတာကို ဘာမှပြောနေစရာအကြောင်း မရှိဘူး”

“ဟွန်း...”

ရီလီဆိုသူက နှာ‌ခေါင်းရှုံ့ကာ ပြန်ပြောလိုက်သည်။

“ထွက်သွား.. ငါတို့မျိုးနွယ်မှာ နင့်လိုခွေးမမျိုး မရှိဘူး။ အဖေက နင့်ကို မျိုးနွယ်ထဲက ထုတ်လိုက်ပြီ။ နင် ကောင်းကင်ဝိညာဉ်မြို့ထဲ ဝင်ခွင့်မရှိဘူး”

***

All Chapters