← Chapters

သေသည်ထက်ဆိုးသော ဘဝတွင် နေရအောင်လုပ်မည်

Vol. 134 Ch. 1867

သေသည်ထက်ဆိုးသော ဘဝတွင် နေရအောင်လုပ်မည်

Vol. 134 Ch. 1867

ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွား၏။ သူ ကောင်းကင်ဝိညာဉ်မြို့ထဲပင် မဝင်နိုင်လျှင် ဤမြို့သို့လာရန် ကြိုးစားခဲ့မှုများက အချည်းနှီး ဖြစ်သွားမည် မဟုတ်လော။

ရီယွင်ကမူ အလွန်တည်ငြိမ်နေသည်။ သူမ ခနဲ့တဲ့တဲ့လေသံနှင့် ပြောလိုက်သည်။

“ကျွန်မ မြို့ထဲ ဝင်ခွင့် ရှိမရှိကို ရှင် ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ ဒီနေ့ ကျွန်မ မြို့ထဲကို ဝင်မယ်။ ကျွန်မကို မဝင်စေချင်ရင် သတ်ပစ်မှရမယ်”

“ဟွန်း...”

ရီလီက နှာမှုတ်၍ ပြန်ပြော၏။

“ခွေးမ... နင် သေချင်ရင် ကိုယ့်ဘာသာ သတ်သေလိုက်။ ငါ့ကို လာဒုက္ခမပေးနဲ့။ ငါက ကောင်းကင်ဝိညာဉ်မြို့ကို စောင့်ရတာ၊ ငါက ဝင်ခွင့်မရှိဘူးလို့ ပြောရင် နင်ဝင်လို့မရဘူး။ အခု ထွက်သွား... မဟုတ်ရင် ငါ နင့်ကို တမလွန်အကျဉ်းထောင်ထဲ ထည့်လိုက်မယ်”

ရီယွင် အကြံအိုက်သွားပြီး ကျန်းရီအား ကြည့်ကာ သူမထံတွင် ဖြေရှင်းနည်း မရှိတော့ကြောင့် မျက်ရိပ်ပြလိုက်၏။ ကျန်းရီ ရီယွင်ကို ခေါ်ကာ မြို့ဂိတ်တံခါးနှင့် ခပ်လှမ်းလှမ်းကို လျှောက်သွားလိုက်သည်။ သုံးကီလိုမီတာ လျှောက်ပြီးမှ သူ တီးတိုးမေးလိုက်လေသည်။

“တခြားနည်းလမ်း မရှိတော့ဘူးလား။ ငါတို့ တခြားမြို့ဂိတ်တံခါးတွေကနေ ဝင်လို့ မရဘူးလား”

ရီယွင်က ခေါင်းခါကာ ပြန်ပြောသည်။

“မြို့လုံခြုံရေးက အမြဲ ကျွန်မတို့မိသားစုက တာဝန်ယူရတာ။ အခု ရီလီရဲ့တာဝန်အလှည့် ကျတာထင်တယ်။ ကျွန်မတို့ ဒီဂိတ်ကနေ မဝင်နိုင်ရင် တခြားဂိတ်တွေကလည်း ဝင်နိုင်မှာ မဟုတ်ဘူး။ ကျွန်မတို့မိသားစုထဲမှာ ရီလီရဲ့ အဆင့်အတန်းက မြင့်တယ်။ သူ့အမေက မျိုးနွယ်ကြီးတစ်ခုက သခင်မလေးလေ။ ကျွန်မအမေကတော့ အစေခံမလေးဆိုတော့ သူတို့က ငယ်ငယ်ကတည်းက ကျွန်မကို အနိုင်ကျင့်ခဲ့ကြတာ”

ကျန်းရီ စိတ်ဓာတ်ကျသွားသည်။ ထို့နောက် သူ အေးစက်စက် မျက်ဝန်းများနှင့် မေးလိုက်လေသည်။

“ငါ အတင်းဝင်သွားမယ်ဆိုရင် ဘာဖြစ်နိုင်မလဲ။ တမလွန်အကျဉ်းထောင်က ကြောက်စရာကောင်းလား”

“အဲ့လိုလုပ်လို့ မဖြစ်ဘူး”

ရီယွင်က ကြောက်ရွံ့ဟန်နှင့် ဖြေသည်။

“အရှင် အတင်းဝင်သွားရင် မြို့ကို တိုက်ခိုက်တာလို့ သတ်မှတ်ခံရလိမ့်မယ်။ အဲ့ကျ အရှင် အသတ်မခံရရင်တောင် တမလွန်အကျဉ်းထောင်ထဲမှာ ထာဝရ နေရမှာ။ တမလွန်အကျဉ်းထောင်ထဲ ရောက်သွားတာနဲ့ တစ်သက်လုံး ပြန်ထွက်လာနိုင်တော့မှာ မဟုတ်ဘူး။ အရှင့်ရဲ့ ရုပ်ရော စိတ်ဝိညာဉ်ပါ ဖိနှိပ်ခံရလိမ့်မယ်”

ကျန်းရီ နှာခေါင်းကုတ်လိုက်၏။ သူ ခေါင်းကိုက်လာပေပြီ။ တမလွန်ဘုံမျိုးနွယ်အကြောင်းကို သူ သိပ်မသိသဖြင့် မဆင်မခြင်လည်း မပြုမူဝံ့ပေ။ သူ အလံဖြူမြို့သို့ ပြန်သွားပြီး ကောင်းကင်ဝိညာဉ်မြို့ထဲ ဝင်နိုင်မည့် အခွင့်အရေးကို စောင့်နေရမည်လော။ သို့သော် မည်မျှကြာကြာ စောင့်ရမည်နည်း။

“အရှင်... ကျွန်မ အကြံတစ်ခု ရပြီ”

ရီယွင်သည် ရုတ်တရက် အကြံတစ်ခု ရသွား၏။ သူမ မြို့ဂိတ်တံခါးအရှေ့ရှိ ရီလင်ကို ကြည့်ကာ ပြောလိုက်လေသည်။

“အရှင်... အရှင်ရဲ့ တိုက်ခိုက်စွမ်းအားက ကြီးတယ်၊ အရှင် ရီလီကို စိန်ခေါ်လို့ရတယ်။ အရှင်သာ သူ့ကို အနိုင်ယူနိုင်ရင် တခြားအစောင့်တွေရဲ့ လေးစားမှုကို ရမှာပဲ။ အဲ့ကျရင် ကျွန်မတို့ မြို့ထဲကို လွယ်လွယ်ကူကူ ဝင်နိုင်လိမ့်မယ်”

“စိန်ခေါ်ရမှာလား”

ကျန်းရီ အတန်ငယ် အံ့ဩသွား၏။ တမလွန်ဘုံမျိုးနွယ်တွင်လည်း တစ်ဦးချင်း စိန်ခေါ်မှုများ ရှိသည်လော။ ရီလီ၏ တိုက်ခိုက်စွမ်းအားက သိပ်ကြီးပုံမပေါ်ပေ။ သူက အလွန်ဆုံးမှ အုပ်ချုပ်သူအဆင့်လောက်သာ ရှိပေလိမ့်မည်။ ထို့ကြောင့် သူ့ကို အနိုင်ယူရန်မှာ ပြဿနာမဟုတ်ပါ။ ပြဿနာမှာ မြို့ထဲတွင် တမလွန်ဘုံဘုရင် ရှိနေခြင်းပင်။ သူ တိုက်ခိုက်လိုက်သည်နှင့် တမလွန်ဘုံဘုရင်က အာရုံခံနိုင်လောက်သည်။ အကယ်၍ သူကလူသားဖြစ်ကြောင်း ပေါ်သွားလျှင် မည်သို့ လုပ်မည်နည်း။

“မစိုးရိမ်ပါနဲ့... ငါ ရှိနေရင် ဘာမှဖြစ်မှာ မဟုတ်ပါဘူး။ မင်းရဲ့ ကောင်းကင်စွမ်းအားကို မသုံးနဲ့။ မိုးမြေစွမ်းအားကိုပဲ သုံးမယ်ဆိုရင် အဆင်ပြေမှာပါ။ ဟုတ်သား... ငါ အစိတ်အပိုင်းကို အာရုံခံမိနေတယ်။ အဲ့ဒါက မြို့ထဲမှာပဲ”

ကျန်းရီ၏ စိတ်ထဲတွင် ချီဟုန်၏ အသံပို့လွှတ်မှု ထွက်ပေါ်လာသည်။ ထိုအခါ ကျန်းရီ၏ မျက်ဝန်းများ အရောင်လက်သွားသည်။ ချီဟုန်က ထိုသို့ပြောလိုက်ပြီဖြစ်ရာ ကျန်းရီ အဘယ်ကို စိုးရိမ်နေရဦးမည်နည်း။ သူ ရီယွင်ကို ခေါ်ကာ မြို့ဂိတ်တံခါးဆီ ပြန်သွားလိုက်သည်။ သူ အရှိန်အဝါလည်း ထုတ်လွှတ်လိုက်ပြီး ရီလီကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများက ခက်ထန်သော သားရဲတစ်ကောင်၏ မျက်ဝန်းများကဲ့သို့ ရှိနေပေသည်။

“ဟင်...”

ရီလီ၏ မျက်နှာထားလည်း အေးစက်သွား၏။ သူ ကျန်းရီကို ပြန်စိုက်ကြည့်ကာ ပြောလိုက်သည်။

“မျိုးမစစ်... မင်းက ဒီတပ်မှူးကို ဘာလို့ စိုက်ကြည့်နေတာလဲ။ ကိုယ့်ထက် အဆင့်အတန်းမြင့်တဲ့သူကို ဆန့်ကျင်ချင်တာလား”

ကျန်းရီ အေးစက်စက် ပြန်ပြောသည်။

“ရီလီ... ငါ မင်းကို စိန်ခေါ်တယ်။ ငါ ရီယွင်အတွက် တရားမျှတမှု ရှာပေးချင်တယ်။ မင်းတို့အကုန်လုံးက သူ့ကို နှစ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့တာ”

“ဟားဟားဟား...”

ရီလီက ကျယ်လောင်စွာ ရယ်လိုက်၏။ အနီးရှိ တော်ဝင်မိသားစုဝင် ဒါဇင်ကျော်ကလည်း လှောင်ပြောင်ရယ်မောလိုက်ကြသည်။ ကျန်းရီ၏ အရှိန်အဝါက အားကောင်းသော်လည်း ဘွဲ့ထူးရစစ်နတ်ဘုရားအဆင့်တွင်သာ ရှိနေသည် မဟုတ်ပါလား။ သို့သော် သူသည် ဝိညာဉ်ဘုရင်နှင့်ပင် ယှဉ်နိုင်လောက်သော ရီလီကို စိန်ခေါ်လိုနေသည်။ ယင်းမှာ ဓားခုတ်ကောင်တစ်ကောင်က ရထားလုံးတစ်စီးကို တားရန် ကြိုးစားခြင်း မဟုတ်ပါလော။

ကျန်းရီသည် ခေါင်းမာသော ကလေးတစ်ယောက်အလား ထပ်မံ အော်ပြောလိုက်၏။

“ရီလီ... ငါ မင်းကို စိန်ခေါ်တယ်။ မင်း ငါစိန်ခေါ်တာကို လက်ခံရဲလား”

“ငါက ဘာလို့ လက်မခံရဲရမှာလဲ”

ရီလီက ခပ်လှောင်လှောင်ရယ်၍ ပြန်ပြော၏။

“မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ပေးရမှာပေါ့။ အားလုံးပဲ ကျွန်တော့်အတွက် မျက်မြင်သက်သေ လုပ်ပေးကြပါ။ သူက ကျွန်တော့်ကို စစိန်ခေါ်တာနော်”

ဝုန်း...

ရီလီ၏ လက်ထဲတွင် စစ်ပုဆိန်တစ်လက် ထွက်ပေါ်လာ၏။ ထို့နောက် သူ ဒူးကွေးအရှိန်ယူကာ ကျန်းရီထံ ပျံသန်းသွားလိုက်သည်။ ကျန်းရီက ရီယွင်ကို အနောက်သို့ မြန်မြန်ဆုတ်၍ လက်ဟန်ပြလိုက်၏။ သူကမူ နေရာမှာပင် ရပ်လျက် သူ့ထံပျံသန်းလာသော ရီလီကို စိုက်ကြည့်နေလိုက်သည်။ သူ စစ်ပုဆိန်ကြီးကို မြင်သော်လည်း မျက်နှာထား တစ်ချက်ပျက်မသွားပေ။ သူသည် မလှုပ်မယှက်နှင့်သာ သူ့ခေါင်းထက် ကျလာသော ပုဆိန်ကြီးကို ကြည့်နေပေသည်။

“အန်...”

ရီလီသည် ကျန်းရီက မလှုပ်သည့်အပြင် ပုဆိန်နှင့် ခုတ်သတ်ခံရမည်ကိုပင် ကြောက်မနေကြောင်း တွေ့လိုက်သောအခါ အတန်ငယ် အံ့ဩသွား၏။ ပုဆိန်က အတန်ငယ် လားရာပြောင်းသွားပြီး ကျန်းရီ၏ပခုံးကို ခုတ်လိုက်သည်။ ထိုအခိုက်မှ ကျန်းရီ လှုပ်ရှားလာသည်။ သူ့ကိုယ်မှနေ၍ တမလွန်ဘုံအရှိန်အဝါများ ထွက်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွား၏။ ထို့ကြောင့် အရှိန်အဝါများထဲတွင် ဖြစ်ပျက်နေသည်ကို မည်သူမှ မမြင်နိုင်တော့ပေ။

“ကျား...”

ကျန်းရီ ခြေညွှတ်၍ မိုးမြေစွမ်းအား လှည့်ပတ်ကာ အရှေ့သို့ ရုတ်တရက် ခုန်သွားလိုက်သည်။ သူ အင်အားကုန် မသုံးလိုက်ပါ။ သူသာ အင်အားကုန်သုံးလျှင် မင်လူနှင့်ပင် ယှဉ်နိုင်မည် မဟုတ်ပါလား။ သို့ဆိုလျှင် ရီလီက သံသယဖြစ်သွားပေလိမ့်မည်။ ကျန်းရီသည် ရီလီ၏ တိုက်ခိုက်မှုကို ရှောင်၍ ရီလီ၏ ခန္ဓာကိုယ်ကို လက်သီးနှင့်သာ ခပ်ပြင်းပြင်း ထိုးချလိုက်သည်။

ဘုန်း...

ရီလီ လွင့်ပျံထွက်သွား၏။ ဒဏ်ရာအပြင်းအထန်တော့ ရမသွားပေ။ သို့‌သော် ကျန်းရီက ရီလီနောက်သို့ လျင်မြန်စွာ လိုက်သွားပြီး သူ့အား တမလွန်ဘုံအရှိန်အဝါများနှင့် ထပ်မံလွှမ်းခြုံလိုက်သည်။ ထို့နောက် ကျန်းရီ ရီလီ၏ ရင်ဘတ်ကို ထပ်ထိုးလိုက်လေသည်။

ဤတစ်ကြိမ်တွင် ရီလီသည် လွင့်ပျံထွက်မသွားတော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျန်းရီက သူ့လက်တစ်ဘက်ကို ဆွဲထားလိုက်၍ဖြစ်သည်။ ကျန်းရီသည် ရီလီကို မမြှောက်၍ အဝေးရှိ တောင်တန်းဆီသို့ လွှင့်ပစ်လိုက်၏။ ထို့နောက် သူ အနောက်မှ ပျံလိုက်သွားကာ ဆက်၍ တိုက်ခိုက်လိုက်သည်။

ဝုန်း...ဝုန်း...ဝုန်း...

မြို့ဂိတ်မှ အစောင့်များသည် တိုက်ပွဲကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူတို့သည် ရီလီကို လွင့်ပျံသွားနေပြီး ၎င်းနောက် တမလွန်ဘုံအရှိန်အဝါများနှင့် ပြန်လွှမ်းခြုံခံနေရသည်ကိုသာ တွေ့ကြရသည်။ ရီလီမှာ ပြန်ပြင် မတိုက်ခိုက်နိုင်ပေ။

သို့သော် ကြည့်ရသည်မှာ ကျန်းရီ၏ တိုက်ခိုက်မှုများက သိပ်ပြီးအားပါပုံ မပေါ်ပါ။ မဟုတ်လျှင် ထိုမျှအကြိမ်များစွာ အထိုးခံရပြီးနောက် ရီလီ၏ အရိုးများ အကောင်းအတိုင်း ရှိနေလိမ့်မည် မဟုတ်ချေ။ ကျန်းရီ၏ အမြန်နှုန်းကမူ ကြည့်နေသူများကို အံ့အားသင့်စေသည်။ အဆင့်နိမ့် တော်ဝင်မိသားစုဝင်တစ်ယောက်က အဘယ်ကြောင့် ထိုမျှလျင်မြန်နေရသနည်း။

ဆယ်ချက်၊ ဆယ့်ငါးချက်၊ အချက်တစ်ရာ...

ရီလီသည် လက်သီးချက်များစွာ ခံပြီးနောက် ခေါင်းမူးလာ၏။ အစတွင် သူ ပြန်တိုက်နိုင်သေးသည်။ သို့သော် အဆုံးနားရောက်လာသည့်အခါ သူသည် မုန်တိုင်းတစ်ခုအလား ဝင်လာသော လက်သီးချက်များကို တောင့်ခံ၍သာ နေရပေသည်။ သူ့ခေါင်းလည်း အကြိမ်အနည်းငယ် အထိုးခံခဲ့ရသည်။ သူ အပြင်းအထန် ဒဏ်ရာရမသွားသော်လည်း ပို၍ မူးနောက်လာသည်။ နောက်ဆုံးတွင် ကျန်းရီ၏ ပြင်းထန်သော လက်သီးချက်များကြောင့် သူ သတိလစ်သွားလေတော့သည်။

ဝုန်း...

ရီလီ၏ ဦးခေါင်းက တောင်ထိပ်တစ်ခုနှင့် ပြင်းထန်စွာ သွားဆောင့်၏။ တောင်ထိပ်မှာ ကျောက်သားများ ဖွာထွက်သွားသည်။ ထို့နောက် သူမျက်ဖြူလန်ကာ သတိလစ်သွားလေသည်။ တမလွန်ဘုံအရှိန်အဝါများထဲမှနေ၍ ကျန်းရီ ထွက်လာ၏။ ထို့နောက် သူ ရီလီကို မြို့ဂိတ်တံခါးဆီ ဆွဲခေါ်သွားလိုက်လေသည်။

ရှပ်...ရှပ်...

ကျန်းရီ၏ ခြေလှမ်းများက မပြင်းပါ၊ သူ့အရှိန်အဝါက အားမကောင်းပါ၊ သူ့ခန္ဓာကိုယ်က မကြီးမားပါ၊ သူ့ရုပ်သွင်က ခံ့ညားမနေပါ။ သို့သော် ထိုအခိုက်တွင် မည်သည့်အစောင့်ကမှ သူ့ကို အထင်မသေးဝံ့တော့ပေ။

တမလွန်ဘုံမျိုးနွယ်က အင်အားအဆင့်အတန်းကို အလွန်အလေးထားကြသည်။ အင်အားမှာ အဆင့်အတန်းပင်။ ကျန်းရီက ရီလီကိုပင် အနိုင်ယူနိုင်ရာ အစောင့်များက သူ့အား လေးစားသွားကြခြင်းမှာ သာမန်သာ ဖြစ်ပေသည်။

ဘုန်း...

ကျန်းရီသည် ရီလီကို မြေပေါ် ပြင်းထန်စွာ ပစ်ချလိုက်၏။ ထို့နောက် သူ အစောင့်အုပ်စုကို ဝေ့ဝဲကြည့်ကာ အေးစက်စက် ပြောလိုက်သည်။

“အခု ကျွန်တော်တို့ မြို့ထဲဝင်လို့ ရပြီလား”

“...”

အစောင့်အုပ်စု တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး မည်သို့ပြန်ပြောရမည်မသိ ဖြစ်နေကြ၏။ ထိုအခိုက် ရီယွင်က လျှောက်လာပြီး လက်ထဲမှ အမိန့်ပြားကို ပြကာ လေသံတိုးတိုးနှင့်‌ ပြောလိုက်လေသည်။

“ယောက်ျား.. တကယ်လို့ တစ်ယောက်ယောက်က ကျွန်မတို့ မြို့ထဲဝင်မှာကို တားရင် ရှင် အဲ့တစ်ယောက်ကို စိန်ခေါ်နိုင်တယ်”

ကျန်းရီ အစောင့်အုပ်စုကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ တစ်စုံတစ်ရာ ပြောလိုနေကြသော အစောင့်များသည် မပြောဝံ့ကြတော့ပေ။ ထို့နောက် ကျန်းရီသည် ရီယွင်ကိုခေါ်ကာ မြို့ထဲသို့ ခြေလှမ်းကျဲကြီးများနှင့် ဝင်သွားလိုက်သည်။ မကြာခင်မှာပင် သူတို့ အစောင့်များ၏ မြင်ကွင်းထဲမှနေ၍ ပျောက်ကွယ်သွားလေသည်။

“တပ်မှူး...”

ကျန်းရီနှင့် ရီယွင်တို့ မြို့ထဲ ဝင်သွားပြီးနောက် အစောင့်အုပ်စုသည် ရီလီ၏ ဒဏ်ရာများကို သွက်သွက်လက်လက် ကုသပေးလိုက်ကြ၏။ ခေတ္တကြာပြီးနောက် ရီလီ သတိပြန်လည်လာသည်။ ချက်ချင်းပင် သူ ရှက်ဒေါသထွက်သွားပြီး အော်ပြောလိုက်လေ၏။

“ရီယွင်.. ခွေးမ။ နင် အဲ့မျိုးမစစ်ယောက်ျားကို ဘယ်က ရှာလာတာလဲ။ စောင့်နေပါ.. ငါ နင့်ကို သေတာထက် ဆိုးတဲ့ဘဝမှာ နေရအောင် လုပ်ပေးမယ်”

***

All Chapters