သူတို့ကိုဖမ်း
Vol. 134 Ch. 1868
“အရှင်... ကျွန်မတို့ ဘယ်သွားကြမလဲ”
မြို့ထဲဝင်ပြီးနောက် ရီယွင်က ကျန်းရီကို မေးလိုက်၏။ ရီမျိုးနွယ်က ရီယွင်ကို မျိုးနွယ်ထဲမှ မောင်းထုတ်ထားပြီဖြစ်သည်။ သူမ ပြန်သွားလိုက်လျှင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲသလိုသာ ဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ရီယွင်တစ်ယောက် မည်သို့သွားရမည်မသိ ဖြစ်နေ၏။
ကျန်းရီ ခေတ္တမျှ တွေးတောကာ ပြန်မေးလိုက်၏။
“ဒီမြို့ထဲမှာ တည်းခိုခန်းရှိလား”
“ရှိတာပေါ့”
ရီယွင်က ခေါင်းညိတ်၏။
“ဒါပေမဲ့ ကျွန်မတို့ တမလွန်ဘုံဒင်္ဂါးတွေ လိုတယ်။ ကျွန်မမှာ သိပ်များများ ပါမလာခဲ့ဘူး။ အရှင့်မှာရော ရှိလား”
“တမလွန်ဘုံဒင်္ဂါးတွေလား”
ကျန်းရီ ရှက်ရွံ့စွာ နှာခေါင်းကုတ်လိုက်၏။ တမလွန်ဘုံဒင်္ဂါးများမှာ သေသူ၏ အခေါင်းထဲ ကူးတို့ခဟူ၍ ထည့်ပေးသော ဒင်္ဂါးများလော။ တမလွန်ဘုံမျိုးနွယ်က အမှန်ပင် တမလွန်ဘုံဒင်္ဂါးများကို သုံးကြသည်လော။ သူ့တွင် တစ်ပြားမှ မရှိပါ။ သူ ဂူဖေး၏အလောင်းကို အာရုံခံကြည့်ရာတွင်မူ ဒင်္ဂါးအချို့တွေ့သည်။ ထို့ကြောင့် ၎င်းတို့ကို ထုတ်ယူပြလိုက်၏။ ထိုအခါ ရီယွင်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“အဲ့လောက်ဆို လုံလောက်ပါတယ်”
ကျန်းရီ ရီယွင်နောက်မှသာ လိုက်သွားနေ၏။ ဤမြို့ထဲတွင် တော်ဝင်မိသားစုဝင် အယောက်တစ်သန်းလောက် ရှိသည်။ ထို့ကြောင့် ကျန်းရီ မြို့ကို ကောင်းကင်စိတ်အာရုံသုံး၍ အာရုံမခံဝံ့ပေ။ သူ တိတ်တဆိတ်သာ လျှောက်ရင်း ချီဟုန်က ထပ်မံညွှန်ကြားမည်ကို စောင့်နေလိုက်ပေသည်။
မြို့လယ်သို့ ရောက်သောအခါ ရီယွင်က ကျန်းရီကို ရဲတိုက်တစ်လုံးထဲ ခေါ်သွား၏။ သူတို့ တမလွန်ဘုံဒင်္ဂါးအနည်းငယ် ပေးကာ အနောက်ခြံဝန်းထဲရှိ သီးသန့်ရဲတိုက်ငယ်တစ်လုံးကို ငှားလိုက်ကြသည်။ ကျန်းရီသည် ရဲတိုက်ငယ်ထဲ ရောက်သည်နှင့် အခန်းတစ်ခန်းထဲ ချက်ချင်းဝင်သွားသည်။ ထို့နောက် သူ့အင်္ကျီလက်ထဲရှိ မီးဝိညာဉ်ပုလဲအပေါ် အာရုံစိုက်၍ အသံပို့လွှတ်လိုက်သည်။
“အရှင်ချီဟုန်... အရှင် အစိတ်အပိုင်းကို ရှာတွေ့ပြီလား”
“အင်း...”
ချီဟုန်က သေချာသောလေသံနှင့် အသံပြန်ပို့လွှတ်လိုက်၏။
“အစိတ်အပိုင်းက အရှေ့ဘက်မှာရှိတဲ့ အကြီးဆုံးရဲတိုက်ထဲမှာပဲ။ အဲ့ရဲတိုက်ထဲမှာ ဘယ်တမလွန်ဘုံဘုရင်မှ ရှိမနေဘူး။ ဒါပေမဲ့ မြောက်ဘက်က ရဲတိုက်ထဲမှာတော့ တမလွန်ဘုံဘုရင်တစ်ပါး ရှိတယ်။ သူ့အရှိန်အဝါက အရမ်းအားကောင်းတယ်။ သူက ကောင်းကင်ဝိညာဉ်ဘုံရဲ့ ဘုံအရှင်မင်လူ ဖြစ်မယ်ထင်တယ်”
“ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ အစိတ်အပိုင်းကို သွားယူပြီး ကောင်းကင်ဝိညာဉ်ဘုံထဲကနေ ချက်ချင်း ထွက်ပြေးကြမလား”
ကျန်းရီသည် ဤဘုံထဲတွင် ဆက်မနေလိုတော့ပေ။ သူတို့ မီးနဂါးဓား၏ အစိတ်အပိုင်းကို ရှာတွေ့ပြီလည်းဖြစ်ရာ အဘယ်အတွက် စောင့်ဆိုင်းနေရပါဦးမည်နည်း။
“သွားယူတာက ပြဿနာမဟုတ်ဘူး၊ ကောင်းကင်ဝိညာဉ်ဘုံထဲက ထွက်သွားဖို့ကလည်း ပြဿနာမဟုတ်ဘူး...”
ချီဟုန်က လေးနက်သောလေသံနှင့် အသံပို့လွှတ်လိုက်၏။
“ဒါပေမဲ့ မင်းထွက်သွားပြီးတာနဲ့ တမလွန်ဘုံဘုရင်တွေ လိုက်သတ်တာကို ခံရလိမ့်မယ်။ ဒီဘုံနားက ကောင်းကင်ကြယ်စုဘုံမှာလည်း ဧကရာဇ်အဆင့်နဲ့ ယှဉ်နိုင်တဲ့ တမလွန်ဘုံဘုရင်သုံးပါးရှိတယ်။ မင်း ကမ္ဘာဦးကောင်းကင်ဘုံကို အချိန်မီ ပြန်မရောက်နိုင်ရင် အဲ့ တမလွန်ဘုံဘုရင်သုံးပါး သတ်တာကို ခံရလိမ့်မယ်”
“အွန်း... အခွင့်အရေးတစ်ခု ရှိလာမလားလို့ စောင့်ကြည့်ကြသေးတာပေါ့။ ကျွန်တော် အခြေအနေကို သွားစုံစမ်းလိုက်ဦးမယ်”
ကျန်းရီ အခန်းအပြင် ပြန်ထွက်ကာ ရီယွင်ကို မေးလိုက်သည်။
“ရီယွင်... အရှေ့ဘက်က အကြီးဆုံးရဲတိုက်ထဲမှာ ဘယ်သူနေတာလဲ”
“အရှေ့ဘက်လား”
ရီယွင် အတန်ငယ် အံ့ဩသွား၏။ သို့သော် သူမ ချက်ချင်း ဣန္ဒြေပြန်ဆည်ကာ ပြောလိုက်သည်။
“အရှေ့ဘက်က ရဲတိုက်မှာက ကျွန်မမိသားစု နေတာပဲ။ အရှင်... အရှင်ရှာနေတဲ့ပစ္စည်းက ကျွန်မတို့ရဲတိုက်မှာလား”
“မင်းရဲ့ မိသားစုလား...”
ကျန်းရီသည် မီးနဂါးဓား၏ အစိတ်အပိုင်းက ရီယွင်တို့မိသားစု၏ ရဲတိုက်ထဲတွင် ရှိနေလိမ့်မည်ဟု ထင်မထားပေ။ ကြည့်ရသည်မှာ ၎င်းက ကောင်းကင်ဝိညာဉ်မြို့၏ လက်ထောက်မြို့အရှင်ဖြစ်သော ရီလူ၏လက်ထဲတွင် ရောက်နေပုံပင်။ ကျန်းရီ အတန်ငယ် စိတ်ဓာတ်ကျသွားသည်။ သူ မြို့ထဲတွင် ပြဿနာမရှာပါဟု ရီယွင်ကို ကတိပေးထားသည်။ သို့ရာတွင် ကြည့်ရသည်မှာ သူ့တွင် ရွေးချယ်စရာ မရှိတော့သည့်ပုံပင်။ ရီလူက သူ့အား မီးနဂါးဓား၏ အစိတ်အပိုင်းကို မည်သို့မှ ပေးမည် မဟုတ်ပါ။ သို့သော် သူ ပြဿနာရှာလိုက်လျှင် ရီယွင်က သေချာပေါက် သေရပေလိမ့်မည်။
ရီယွင်သည် ကျန်းရီ၏ အခက်ကြုံနေသော မျက်နှာထားကို တွေ့သောအခါ လေးနက်သော လေသံနှင့် ပြောလိုက်၏။
“အရှင်... အရှင် အဲ့ပစ္စည်းကို ရကိုရမှ ဖြစ်မှာဆိုရင် ကျွန်မအတွက် စိုးရိမ်ပေးနေဖို့ မလိုပါဘူး။ ကျွန်မက ကျွန်မမိသားစုအပေါ် ဘာသံယောဇဉ်မှ မရှိပါဘူး။ ဒီတော့ အရှင် ကျွန်မအဖေကို သတ်လိုက်မယ်ဆိုရင်တောင် ကျွန်မ အရှင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရှင်လိုချင်တဲ့ ပစ္စည်းကို ရရင် ကျွန်မကိုပါ အရှင်နဲ့အတူ ခေါ်သွားပေးဖို့တော့ တောင်းဆိုချင်ပါတယ်”
“ကောင်းပြီ...”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ငါက တစ်ဘက်ကမ်းကို ကူးပြီးရင် တံတားကို မီးရှို့ပစ်တတ်တဲ့သူ မဟုတ်ပါဘူး။ ငါ တစ်ခုခု လုပ်တော့မယ်ဆိုရင် မင်း ဘေးကင်းဖို့လည်း ထည့်တွက်မှာပါ”
ရီယွင် ဖော်ပြ၍မရနိုင်လောက်အောင် စိတ်အေးသွား၏။ ထို့နောက် ကျန်းရီက သူမကို မြို့အကြောင်းများ ဆက်မေးလိုက်သည်။ အတော်ကြာအောင် မေးမြန်းပြီးနောက် ကျန်းရီ မြို့ထဲမှ အခြေအနေကို အတန်ငယ် နားလည်သွားပေသည်။
ကောင်းကင်ဝိညာဉ်မြို့ထဲတွင် တမလွန်ဘုံဘုရင်တစ်ပါးသာ ရှိသည်။ ထိုတမလွန်ဘုံဘုရင်မှာ မင်လူပင်။ သို့သော် တော်ဝင်မိသားစုဝင်များမှာတော့ တစ်သန်းရှိသည်။ မြို့အပြင်တွင်လည်း တမလွန်ဘုံမျိုးနွယ်ဝင်များ သန်းဆယ်နှင့်ချီ၍ ရှိပေသည်။
“မင်လူတစ်ယောက်တည်း ရှိတာလား”
ကျန်းရီ အတန်ငယ် စိတ်သက်သာရာရသွားသည်။ သူ အလွန်အသုံးဝင်သော သတင်းအချက်အလက်တစ်ခုကိုလည်း သိလိုက်ရသည်။ မြို့ထဲတွင် တမလွန်ဘုံအစီအရင် ငါးခုသာ ရှိပေသည်။ ၎င်းတို့က မြို့ရင်ပြင်ထဲတွင် ဖြစ်ပြီး ကောင်းကင်ဝိညာဉ်ဘုံထဲရှိ မြို့ကြီးလေးမြို့နှင့် ချိတ်ဆက်ထားကြသည်။ ငါးခုမြောက်မှာမူ မင်လူ၏ ရဲတိုက်နှင့် ကောင်းကင်ကြယ်စုဘုံကို ချိတ်ဆက်ထားသည်။
ကျန်းရီ အခြေအနေကို အကြမ်းဖျင်းသိလိုက်ရပြီဖြစ်သည်။ သို့သော် အလျင်စလို မလှုပ်ရှားဝံ့သေးပေ။ အခွင့်အရေးကောင်းတစ်ခု ပေါ်လာသည်အထိ သူ တည်းခိုခန်းထဲတွင် သိုသိုသိပ်သိပ်နေရပေမည်။ သို့သော် နှစ်နာရီကြာပြီးနောက် သူ သိုသိုသိပ်သပ်နေနေ၍ မရတော့ကြောင်း သိလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ရီလီက အပေါင်းအပါများခေါ်၍ သူ့ကို လာရှာ၍ပင်။
ရီလီက အပေါင်းအပါ ဒါဇင်ကျော် ခေါ်လာသည်။ သူတို့ထဲမှ တစ်ယောက်မှာ အသက်လတ်ပိုင်းအရွယ် တော်ဝင်မိသားစုဝင်တစ်ယောက်ဖြစ်ပြီး သူ၏အရှိန်အဝါက ကျန်းရီ၏အရှိန်အဝါထက် ပိုအားကောင်းပေသည်။ သူတို့က ပြဿနာလာရှာခြင်းဖြစ်ကြောင်းလည်း ထင်ရှားသည်။ ထိုအုပ်စုသည် အနောက်ခြံဝန်းထဲ ရောက်သည်နှင့် ကျန်းရီတို့၏ ရဲတိုက်ငယ်ကို ချက်ချင်း ဝိုင်းထားလိုက်ကြသည်။ ရဲတိုက်တွင် မည်သည့်အကာအရံမှ မရှိသဖြင့် ရီလီနှင့် ထိုအသတ်လတ်ပိုင်းအရွယ် တော်ဝင်မိသားစုဝင်သည် အခြားသူများကို ခေါ်၍ ရဲတိုက်ထဲ ဆက်ဝင်လာကြလေသည်။
“ရီရွှယ်လား”
ရီယွင်သည် နတ်ဆိုးတစ်ကောင်ကို မြင်လိုက်ရသလို ရုတ်ခြည်း မျက်နှာဖြူဖျော့သွား၏။ သူမ ကျန်းရီအနောက်တွင် ပုန်း၍ တီးတိုးပြောလိုက်သည်။
“သူက ကျွန်မတို့မျိုးနွယ်က ဓားကိုင်ခန်းမသခင်ပဲ။ အရှင် သတိထားပါ။ သူ့တိုက်ခိုက်စွမ်းအားက အရမ်းကြီးတယ်”
ရီရွှယ်ဟုခေါ်သော အသတ်လတ်ပိုင်းအရွယ် တော်ဝင်မိသားစုဝင်သည် ရဲတိုက်ထဲ ရောက်သောအခါ ကျန်းရီနှင့် ရီယွင်တို့ကို အေးစက်စက် ကြည့်ကာ အော်ပြောလိုက်သည်။
“သူတို့ကို ဖမ်းလိုက်ကြ”
ဝှစ်...
သံချိန်းကြိုးများ ကိုင်ထားသော တပ်သားနှစ်ယောက်က ကျန်းရီနှင့် ရီယွင်တို့ကို ဖမ်းရန် အရှေ့တိုးသွားကြ၏။ သို့သော် ကျန်းရီက အော်ပြောလိုက်သည်။
“နေဦး... ခင်ဗျားက ကျွန်တော်တို့ကို ဘာလို့ ဖမ်းမှာလဲ။ ကျွန်တော်တို့က ဘာပြစ်မှု ကျူးလွန်မိလို့လဲ”
ရီရွှယ်သည် များစွာရှင်းပြမနေလို၍ အေးစက်စက်သာ အော်ပြောလိုက်၏။
“သူတို့ကို ဖမ်းလိုက်ကြ။ ခုခံရင် ခုခံတဲ့သူကို သတ်ပစ်လိုက်”
ဝှီး...
သံချိန်းကြိုးနှစ်ချောင်းက ကျန်းရီနှင့် ရီယွင်တို့ကို ရစ်ပတ်ရန် ပျံဝဲလာသည်။ အခြေအနေက ဤသို့ဖြစ်လာပြီဖြစ်ရာ ရှောင်ထွက်၍ မရတော့ပေ။ ကောင်းကင်ဝိညာဉ်ဘုံထဲ ရောက်ကတည်းက ဖိနှိပ်ခံထားရသည့် ကျန်းရီ၏ မချင့်မရဲဖြစ်မှုများလည်း ပေါက်ကွဲထွက်လာတော့သည်။
ကျန်းရီ များစွာ အရေးစိုက်မနေနိုင်တော့ပေ။ သူ ရီယွင်ကို အနောက်သို့ ညင်သာစွာ တွန်းထုတ်လိုက်ပြီး ကိုယ်ထဲတွင် လျင်မြန်စွာ မိုးမြေစွမ်းအား လှည့်ပတ်လိုက်သည်။ သူ့အရှိန်အဝါက အထွတ်အထိပ်ကို ရောက်သွားသည်။ ထို့နောက် သူ သံချိန်းကြိုးနှစ်ချောင်းကို ဖမ်းဆုပ်၍ ယမ်းပစ်လိုက်ရာ ချိန်းကြိုး၏ တစ်ဘက်အစွန်းများကို ကိုင်ထားသော တပ်သားနှစ်ယောက် လွင့်ထွက်သွားကြပြီး နံရံနှင့်ဆောင့်ကာ ခေါင်းပေါက်ထွက်သွားကြသည်။
ရဲတိုက်တွင် မည်သည့်အကာအရံမှ မရှိရာ ရဲတိုက်နံရံပေါ်၌ အပေါက်ကြီးနှစ်ပေါက် ဖြစ်သွားပေသည်။ ကျန်းရီ မရပ်တန့်သေးပါ။ ရီရွှယ်နှင့် ရီလီတို့ ပြန်မတုံ့ပြန်နိုင်သေးခင်တွင် သူသည် လက်ကုတ်၍ ထိုနှစ်ယောက်၏ ဝမ်းဗိုက်များကို ကုတ်ဖြဲကာ ဝမ်းဗိုက်အတွင်းမှ အနက်ရောင်စက်လုံးနှစ်လုံးကို ဖျက်ဆီးပစ်လိုက်သည်။
“အား...” “အား...”
နာကျင်တကြီး အော်လိုက်သံနှစ်သံ ထွက်ပေါ်လာ၏။ ရီလီ၏ အပေါင်းအပါများ မှင်တက်သွားကြသည်။ ကျန်းရီက အလွန်လျင်မြန်ကာ ရက်စက်လွန်းသည်။ သူက သူတို့မျိုးနွယ်၏ ဓားကိုင်ခန်းမသခင်ကိုပင် ဒုက္ခိတဖြစ်သွားအောင် လုပ်ဝံ့ပေသည်။
ဝှစ်...
ကျန်းရီသည် သူ့လက်ကို ပြန်ရုတ်၍ ရီလီနှင့် ရီရွှယ်တို့၏ လည်ပင်းများကို လျှပ်စီးအလျင်နှင့် ဖမ်းဆုပ်လိုက်၏။ သူတို့ စကားမပြောနိုင်ကြတော့ပေ။ သူ ရီလီနှင့် ရီရွှယ်တို့ကို ဘဲနှစ်ကောင်အလား ကိုင်ကာ ရီယွင်ကို လှည့်ကြည့်၍ ပြောလိုက်သည်။
“ရီယွင်... မင်းတို့မျိုးနွယ်ကို သွားကြစို့။ ငါ မင်းအဖေနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဒီကိစ္စအတွက် သူ့ကို ဆုံးဖြတ်ခိုင်းချင်တယ်”
“ကောင်းပါပြီ”
ရီယွင် ကြောက်ရွံ့နေသည်။ ထိုအခိုက်တွင် ကျန်းရီပြောသောအရာမှန်သမျှက အမိန့်ပင်။ သူမသည် ကျန်းရီကို ခေါ်ကာ ရဲတိုက်အပြင်သို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ပေသည်။
ကျန်းရီ၏ အရှိန်အဝါကြောင့်တစ်ကြောင်း၊ သူက ရီလီနှင့် ရီရွှယ်တို့ကို ဓားစာခံလုပ်ထား၍က တစ်ကြောင်းကြောင့် ရီမျိုးနွယ်ဝင်များသည် ကျန်းရီတို့ကို မတိုက်ခိုက်ရဲကြပေ။ သူတို့သည် တစ်လှမ်းချင်းသာ နောက်ဆုတ်နေကြရသည်။ တော်ဝင်မိသားစုဝင်အချို့မှာမူ အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။ သူတို့က ရီလူထံ သတင်းသွားပို့ခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။
“ကောင်လေး.. မင်း စလုပ်လိုက်ပြီဆိုတော့ မြန်မြန်သာ ဆက်လုပ်ပေတော့”
ကျန်းရီ၏ စိတ်ထဲတွင် ချီဟုန်၏အသံ ထွက်ပေါ်လာ၏။
“ချက်ချင်း အရှေ့ဘက်က ရဲတိုက်ထဲ သွားပြီး အစိတ်အပိုင်းကို ယူလိုက်။ ပြီးရင် တမလွန်ဘုံအစီအရင် အကုန်လုံးကို ဖျက်ဆီး၊ မင်လူကိုသတ်ပြီး ကောင်းကင်ဝိညာဉ်ဘုံထဲက ထွက်ပြေးလိုက်တော့”
“ကောင်းပါပြီ”
ကျန်းရီသည် ရီရွှယ်နှင့် ရီလီတို့ကို ခေါ်၍ အရှေ့ဘက်ရှိ ရဲတိုက်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။ မကြာခင်မှာပင် ကောင်းကင်ဝိညာဉ်မြို့ တစ်မြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ အရှေ့ဘက်တွင်လည်း အားကောင်းသော တမလွန်ဘုံအရှိန်အဝါတစ်ခုက ကောင်းကင်ထက်ထိ ထိုးတက်သွားသည်။ ထို့နောက် အသံအိုတစ်သံက ကောင်းကင်ဝိညာဉ်မြို့တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပေသည်။
“ရီယွင်... မင်းက တော်တော်ကောင်းတာပဲ။ မျိုးမစစ်တစ်ကောင်ကို ပြန်ခေါ်လာပြီး ရီရွှယ်နဲ့ ရီလီတို့ကို ဒုက္ခတိဖြစ်သွားအောင် လုပ်လိုက်တယ်ပေါ့လေ။ မင်းက ငါ့ကိုရော သတ်ချင်သေးတာလား”
“အစိတ်အပိုင်းက သူ့ဆီမှာပဲ”
ချီဟုန်က ရုတ်တရက် အသံပို့လွှတ်လိုက်၏။
“ကောင်လေး.. သူ့ကို သတ်လိုက်”
***