မင်းက လူသားတစ်ယောက်ပဲ
Vol. 134 Ch. 1869
မီးနဂါးဓား၏ အစိတ်အပိုင်းက အမှန်ပင် ရီလူထံတွင် ရှိနေသည်။ ယခု ရီလူက သူ့ထံ ပျံသန်းလာနေရာ ကျန်းရီ ညှာနေတော့မည် မဟုတ်ပေ။
သို့သော် ကျန်းရီ ရီလူကို ချက်ချင်း မသတ်လိုက်ဘဲ ရီလူ ရောက်လာသည်အထိ စောင့်နေပြီးမှ အားနည်းဟန်ဆောင်ကာ ဒေါသနှင့်ပြောလိုက်သည်။
“အရှင်ရီလူ... ကျွန်တော်က ဒီလိုလုပ်ဖို့ ဖိအားပေးခံရတာပါ။ ရီယွင်နဲ့ ကျွန်တော်က အရှင့်ဆီမှာ ခိုလှုံဖို့ အဝေးကြီးက လာခဲ့ရတာပါ။ ဒါပေမဲ့ ရီရွှယ်နဲ့ ရီလီတို့က ကျွန်တော့်တို့ကို သတ်ချင်နေတာပါ။ အဲ့တော့ ရွေးချယ်စရာ မရှိဘဲ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ရတာပါ”
“ဟွန်း...”
ရီလူ၏ ခန္ဓာကိုယ်ကို အနက်ရောင်အခိုးအငွေ့များက လွှမ်းခြုံထားသည်။ တိမ်မည်းတစ်အုပ်က ကျန်းရီအပေါ် ဖိနှိပ်ထားသကဲ့သို့ပင်။ ရီလူသည် ရုပ်သွင်အစစ်ကို မပြဘဲ အေးစက်စက်သာ ပြန်ပြောလိုက်၏။
“မင်း ဘယ်လို ဆင်ခြေပေးပေး ရီရွှယ်ကို ဒုက္ခိတဖြစ်သွားအောင် လုပ်လိုက်တဲ့အတွက် မင်း သေရမယ်”
ရွှစ်...ရွှစ်...
ရီလူ၏ခန္ဓာကိုယ်မှ တမလွန်ဘုံအရှိန်အဝါက ရွေ့လျားလာပြီး ကျန်းရီကို လွှမ်းခြုံလိုက်၏။ အနက်ရောင်အခိုးအငွေ့များမှနေ၍လည်း ကြောက်မက်ဖွယ် သတ်ဖြတ်အရှိန်အဝါတစ်ခု ထွက်လာသည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလိုက်ရာ ရီလူကို အလွယ်တကူ ရှာတွေ့သွားသည်။ အနက်ရောင်အခိုးအငွေ့များထဲတွင် ပုန်းအောင်းနေသော ရီလူ၏ မျက်ဝန်းများ လင်းလက်သွား၏။ သူ အော်ပြောလိုက်သည်။
“မင်းမှာ ဘယ်လိုလုပ် လူသားရဲ့ ကောင်းကင်စိတ်အာရုံ ရှိနေရတာလဲ။ မင်းက ဘယ်သူလဲ”
ရွှီး...
ကျန်းရီသည် ရီယွင်ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်ပြီး ထက်ရှသော ဓားတစ်လက်အလား အရှေ့သို့ ပျံသွားကာ အော်ပြောလိုက်သည်။
“ကျွန်တော်က ခင်ဗျားအဖေပဲ”
မိုးမြေစွမ်းအားက လျင်မြန်စွာ လည်ပတ်သွားပြီး သွေးကြောမှတ်တစ်ရာ့ရှစ်မှတ်ကို နှိုးလိုက်သည်။ ကျန်းရီ၏ အရှိန်အဝါနှင့် အမြန်နှုန်းတို့က အထွတ်အထိပ်သို့ ရောက်သွားသည်။ သူ့စိတ်ဝိညာဉ်ပင်လယ်ထဲတွင်လည်း တံဆိပ်စာလုံးများ ထွက်ပေါ်လာကာ သူ့ကိုယ်ထဲမှ တမလွန်ဘုံအရှိန်အဝါများကို သန့်စင်ပစ်လိုက်သည်။ သူသည် လျှပ်စီးတန်းတစ်တန်းအလး ရီလူထံသို့ ပျံသွားနေပေသည်။
“လူသား.. မင်းက လူသားတစ်ယောက်ပဲ”
ရီလူ ကျယ်လောင်စွာ အော်လိုက်၏။ သူ့လက်ထဲတွင် အနီရင့်ရောင် တံစဉ်တစ်လက် ထွက်ပေါ်လာသည်။ ထို့နောက် သူ တံစဉ်နှင့် ကျန်းရီကို ခုတ်ချလိုက်သည်။ အနီရင့်ရောင်တံစဉ်မှ တမလွန်ဘုံအရှိန်အဝါက အလွန်သိပ်သည်းနေသည်။ တံစဉ်သွားတွင်လည်း တမလွန်ဘုံမီးတောက် တောက်နေပေသည်။
ရီလူက တမလွန်ဘုံဘုရင်တစ်ပါး မဟုတ်ပါ။ သူက သာမန် တမလွန်ဘုံဘုရင်တစ်ပါး ဆိုလျှင်ပင် ကျန်းရီ မကြောက်ပေ။ ရီလူ၏ စွမ်းအားမှ သာမန်သာဖြစ်သည်။ သူက ဧကရာဇ်တစ်ပိုင်းအဆင့်ထက် နိမ့်လောက်ပြီး သိမ်းငှက်စိမ်းဘုရင်၏ အဆင့်တွင်သာ ရှိလောက်ပေသည်။
ဝုန်း...
ကျန်းရီသည် တံစဉ်ကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံ၍ အကြောက်အရွံ့မရှိ ထိုးချလိုက်၏။ ပေါက်ကွဲသံခပ်အုပ်အုပ် ထွက်ပေါ်လာကာ တံစဉ် လွင့်ပျံထွက်သွားသည်။ ကျန်းရီ၏လက်သီးမှာမူ မည်သည့်ဒဏ်ရာမှ ရမသွားပေ။ သိပ်သည်းသော တမလွန်ဘုံအရှိန်အဝါကသာ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားသည်။ တံစဉ်သွားပေါ်မှ တမလွန်ဘုံမီးတောက်ကိုမူ မီးဝိညာဉ်ပုလဲက အလွယ်တကူ ကာပေးခဲ့လေသည်။
ကျန်းရီ၏ခန္ဓာကိုယ်ထဲတွင် ယခင်ကတည်းက တမလွန်ဘုံအရှိန်အဝါများ ရှိထားဖူးပြီးဖြစ်သည်။ ထို့ကြောင့် တမလွန်ဘုံအရှိန်အဝါ အနည်းငယ် သူ့ကိုယ်ထဲ ထပ်ဝင်လာခြင်းမှာ သူ့အတွက် မပြောပလောက်ပေ။ သူ ယင်းကို အရေးမစိုက်ဘဲ ရီလူ၏ ရင်ဘတ်ကိုသာ လက်သီးနှင့် ထိုးချလိုက်သည်။ ရီလူ လွင့်ပျံထွက်သွားပြီး သွေးနက်များ အန်လိုက်သည်။ သူ့နံရိုးအချို့လည်း ကျိုးသွားကာ သူ့ကိုယ်တွင်းအင်္ဂါများ ဒဏ်ရာရသွားပေသည်။
“အဲ့တံစဉ်က မီးနဂါးဓားရဲ့ အစိတ်အပိုင်းပဲ”
ချီဟုန်က ကျန်းရီထံ အသံပို့လွှတ်လိုက်၏။ သူသည် ရီလူနောက်လိုက်ကာ ရီလူကို သတ်လိုခဲ့သော်လည်း ချီဟုန်၏ စကားကို ကြားသောအခါ ကောင်းကင်စိတ်အာရုံ ဆန့်ထုတ်၍ မီးဝိညာဉ်ပုလဲကို အာရုံခံလိုက်သည်။ မျှော်လင့်ထားသကဲ့သို့ပင် မီးဝိညာဉ်ပုလဲက အဆက်မပြတ် အလင်းထုတ်လွှတ်လာသည်။
ကျန်းရီ ချက်ချင်းပင် ပြန်လှည့်ကာ အနီရင့်ရောင်တံစဉ်ဆီသို့ ပျံသန်းသွားလိုက်၏။ သူ့ကြောင့် တံစဉ်က မြောက်ဘက်သို့ လွင့်ပျံသွားနေသည်။ ထူးဆန်းသည်မှာ ထိုတံစဉ်တွင် မည်သည့်တုံ့ပြန်မှုမှ မရှိခြင်းပင်။ အခြားအစိတ်အပိုင်းများဆိုလျှင် မီးဝိညာဉ်ပုလဲနှင့် ဆုံသည်နှင့် လှုပ်လှုပ်ရှားရှား တုံ့ပြန်လာကြသည် မဟုတ်ပါလား။
“လူသား... မင်းက ကောင်းကင်ဝိညာဉ်ဘုံထဲ ခိုးဝင်လာတာ တော်တော်အတင့်ရဲတာပဲ။ သေပေတော့”
ကျန်းရီ တံစဉ်ကို လိုက်မမီသေးခင်မှာပင် မြောက်ဘက်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထိုးထွက်လာ၏။ ထို့နောက် ဧရာမ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရိပ်နက်သည် ဧရာမတစ္ဆေမျက်နှာကြီးကဲ့သို့ဖြစ်ပြီး မြို့မြောက်ပိုင်းမှ ကောင်းကင်ကို လွှမ်းခြုံသွားပေသည်။
ဝှစ်...ဝှစ်...ဝှစ်...
တစ်ချိန်တည်းမှာပင် မြို့ထဲရှိ ရဲတိုက်များမှနေ၍ မရေမတွက်နိုင်သော တော်ဝင်မိသားစုဝင်များ ပျံထွက်လာကြသည်။ သူတို့အားလုံး ကျန်းရီဆီသို့ သတ်ဖြတ်အရှိန်အဝါများနှင့် ပျံသန်းသွားကြသည်။ ‘လူသား’ဆိုသော စကားကို ကြားခဲ့ရ၍ ကောင်းကင်ဝိညာဉ်မြို့ တစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်နေပေသည်။ တော်ဝင်မိသားစုဝင်အားလုံးနီးပါးသည် ကျန်းရီကို အရှင်လတ်လတ် အရေခွံခွာရန် ပျံထွက်လာကြပေသည်။
ရွှီး...
ကျန်းရီ သတိလက်လွတ် အဖြစ်မခံဝံ့ပါ။ ဆိုရလျှင် သူက မင်လူနှင့် တော်ဝင်မိသားစုဝင် တစ်သန်းကို မကြောက်ပေ။ သို့သော် ကောင်းကင်ကြယ်စုဘုံက ဤဘုံနှင့် သိပ်မဝေးပေ။ ထိုဘုံထဲ၌ ထိပ်တန်းတမလွန်ဘုံဘုရင်ဆယ်ပါးထဲမှ သုံးပါး ရှိနေသည်။ သူတို့အားလုံးက ဧကရာဇ်အဆင့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ အကယ်၍ သူတို့သာ ဤဘုံသို့ တည်နေရာပြောင်းရွှေ့လာမည်ဆိုလျှင် ကျန်းရီ ထွက်ပင်မပြေးနိုင်ဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေရပေလိမ့်မည်။
ထို့ကြောင့် ကောင်းကင်ကြယ်စုဘုံနှင့် ချိတ်ဆက်ထားသော တမလွန်ဘုံအစီအရင်ကို ဖျက်ဆီးပစ်ရပေသည်။ မင်လူနှင့် တော်ဝင်မိသားစုဝင်များကို ထိန်းထားရန်မူ တစ်စုံတစ်ယောက် လိုအပ်လေသည်။
ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ထျန်းဖုန့်ဧကရာဇ်၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့ ထွက်လာကြ၏။ ကျန်းရီ ခွမ်ဟူ၊ ဟဲ့ရွှီဝမ်၊ ယွင်ပင်း၊ တောက်မင်၊ ခွမ်ကျန့်နှင့် အခြားသူများကိုလည်း အပြင်ထုတ်လိုက်သည်။ ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်စွမ်းအားက မဆိုးပေ။ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို များများသတ်နိုင်လေ၊ ကောင်းလေ မဟုတ်ပါလား။
“သတ်ကြ...”
ကျန်းရီ အော်ပြောလိုက်၏။ ထျန်းဖုန့်ဧကရာဇ်၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့က တုံ့ဆိုင်းမနေကြပေ။ သူတို့ အရပ်မျက်နှာအနှံ့သို့ ချက်ချင်း ပျံသန်းသွားလိုက်ကြသည်။ ထျန်းဖုန့်ဧကရာဇ်က မင်လူထံ ပျံသန်းသွားပြီး ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့က စွမ်းအားကြီး တော်ဝင်မိသားစုဝင်များကို ပစ်မှတ်ထားလိုက်ကြသည်။
“အာ...”
ခွမ်ဟူ၊ ဟဲ့ရွှီဝမ်နှင့် အခြားသူများမှာမူ မှင်တက်သွားကြ၏။ တောက်မျိုးနွယ် ပန်းသုံးပွင့်နှင့် သခင်မလေးကုန်းယန်တို့မှာ ပို၍ပင် မှင်တက်နေကြသည်။ သူတို့က တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို ယခင်က မမြင်ဖူးကြသည် မဟုတ်ပါလား။ သို့သော် တော်ဝင်မိသားစုဝင်များ၏ ကိုယ်များပေါ်မှ တမလွန်ဘုံအရှိန်အဝါက အလွန်အားကောင်းပေသည်။ အရေးအကြီးဆုံးမှာ မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များက မြို့ဆီသို့ ပျံသန်းလာနေကြခြင်းပင်။
“မင်းတို့က ဘာကို စောင့်နေကြတာလဲ။ မသေချင်ရင် သတ်ကြ...”
ကျန်းရီသည် ထိုလူစုက မလှုပ်သေးကြောင်း တွေ့သောအခါ ချက်ချင်း အော်ပြောလိုက်၏။ ကျန်းရီသည် သူတို့ ဆောင်းဥတုပုလဲထဲ၌ ရှိနေတုန်းမှာပင် သူတို့၏ နတ်ဘုရားအမြုတေများပေါ်မှ ချိပ်စည်းများကို ဖွင့်ပေးလိုက်ရန် ထျန်းဖုန့်ဧကရာဇ်ထံ အသံပို့လွှတ်၍ ခိုင်းထားပြီးဖြစ်သည်။ သူ၏ရည်ရွယ်ချက်မှာ သူတို့ကို အပြင်ထုတ်ပေး၍ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို ပိုသတ်ခိုင်းရန် ဖြစ်သည်။
“သတ်ကြ...”
ဟဲ့ရွှီဝမ်က အရင်ဆုံး တုံ့ပြန်လိုက်သည်။ သူတို့ အခြားမည်သို့လည်း လုပ်နိုင်ဦးမည်နည်း။ အရင်ဆုံး သူတို့ တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ပစ်ရပေမည်။ မဟုတ်လျှင် သူတို့ တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို ခံရကာ တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်သွားပေလိမ့်မည်။
“သူတို့ကို မြန်မြန်သတ်”
ယွင်ပင်းလည်း အသိကပ်လာ၏။ ထို့နောက် ခွမ်ဟူနှင့် အခြားသူများလည်း အခြေအနေကို သဘောပေါက်လာသည်။ သူတို့ သတ်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
“ဟုတ်ပြီ...”
ကျန်းရီသည် အနီရင့်ရောင်တံစဉ်ကို လိုက်မီသွား၏။ ထျန်းဖုန့်ဧကရာဇ်က မင်လူ၏ အာရုံကို ဆွဲဆောင်ထား၍ တော်ပေသေးသည်။ မဟုတ်လျှင် မင်လူက သူ ထိုတံစဉ်ကို မယူနိုင်အောင် တားပေလိမ့်မည်။
ကျန်းရီထံတွင် တံစဉ်နှင့် မီးနဂါးဓားကို ပေါင်းစည်းရန် အချိန်မရှိချေ။ ထို့ကြောင့် သူ တံစဉ်ကို သိုလှောင်လက်စွပ်ထဲသာ ထည့်၍ မြောက်ဘက်သို့ ဆက်ပျံသန်းသွားလိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ထျန်းဖုန့်ဧကရာဇ်နှင့် မင်လူတို့က စတင်တိုက်ခိုက်နေကြပြီဖြစ်သည်။ တိုက်ပွဲမှာ တစ်ဘက်သက်ဖြစ်ကြောင်း ထင်ရှားသည်။ မင်လူက အလွယ်တကူ ဖိနှိပ်ခံနေရပေသည်။ ထျန်းဖုန့်ဧကရာဇ်က ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်ပြီး ကောင်းကင်မိစ္ဆာဘုံ၏ နံပါတ်တစ်မိစ္ဆာအရှင် မဟုတ်ပါလား။ သူ၏ တိုက်ခိုက်စွမ်းအားမှာ အလွန်ကြီးပေသည်။
ကျန်းရီသည် မင်လူကို အရေးမစိုက်ဘဲ ကောင်းကင်လေပြေချပ်ဝတ်ကို ထုတ်၍ မြောက်ဘက်သို့ ဆက်ပျံသန်းသွားသည်။ သူ၏ပစ်မှတ်မှာ မင်လူ၏ ရဲတိုက်ထဲရှိ တမလွန်ဘုံအစီအရင် ဖြစ်သည်။
ဖုန်း...ဖုန်း...ဖုန်း...
တော်ဝင်မိသားစုဝင်များက ကျန်းရီကို တိုက်ခိုက်လိုက်ကြ၏။ သူ့ထံပျံသန်းလာသူများလည်း များစွာရှိနေသည်။ ကျန်းရီသည် သူတို့၏ တိုက်ခိုက်မှုများကို လုံးဝမကြောက်ပေ။ သူ ထိုသူများကို အလွယ်တကူ သတ်ပစ်၍ မင်လူ၏ရဲတိုက်ဆီသာ အရောက်သွားလိုက်လေသည်။
ဝုန်း...
ကျန်းရီသည် ရဲတိုက်ထဲရောက်သည်နှင့် တမလွန်ဘုံအစီအရင်ကို ရှာ၍ လက်သီးနှင့် ထိုးပစ်လိုက်၏။ ခပ်အုပ်အုပ်အသံတစ်သံ ထွက်ပေါ်လာကာ အစီအရင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ သို့သော် ၎င်းက ပျက်စီးမသွားပေ။
ကျန်းရီ၏ လက်သီးချက်များက အဆက်မပြတ် ကျဆင်းလာ၏။ ထိုတမလွန်ဘုံအစီအရင်က ကောင်းကင်ကြယ်စုဘုံနှင့် ချိတ်ဆက်ထားသော အစီအရင်ဖြစ်သည်။ သူ ၎င်းကို ဖျက်ဆီးပစ်ရပေမည်။
“လူသားမျိုးနွယ်က ကောင်စုတ်၊ မင်း လုပ်ရဲလား”
မင်လူသည် မူမမှန်မှုကို အာရုံခံမိလိုက်၍ အေးစက်စက် အော်ပြောလိုက်၏။ သို့သော် ကျန်းရီသည် မင်လူကို လျစ်လျူရှုကာ အစီအရင်ကို ဆက်တိုက်ခိုက်လိုက်သည်။ လက်သီးချက်ဆယ်ချီ ထိုးပြီးနောက် တမလွန်ဘုံအစီအရင်တစ်ခုလုံး ပေါက်ကွဲထွက်သွားသည်။ ရဲတိုက်လည်း အတန်ငယ် တုန်ခါသွားသည်။
“ဟုတ်ပြီ...”
ချီဟုန်၏အသံပို့လွှတ်သံ ထွက်ပေါ်လာ၏။
“အဲ့အစီအရင်ကို ဖျက်ပြီးရင် တမလွန်ဘုံဘုရင်သုံးပါးက အချိန်တိုအတွင်း ရောက်လာနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းမှာ အလွန်ဆုံး အချိန်တစ်ရက်ပဲရှိတယ်။ တစ်ရက်အတွင်း ထွက်မပြေးနိုင်ရင် တမလွန်ဘုံဘုရင်သုံးပါး ရောက်လာပြီး မင်းကို သတ်ပစ်လိမ့်မယ်။ ငါက ဝိညာဉ်ပဲဆိုတော့ ငါကိုယ်တိုင် ဝင်တိုက်ပေးမယ်ဆိုရင်တောင် အချိန်အကြာကြီး ဆွဲပေးနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ မင်း လွတ်မြောက်နိုင်၊ မလွတ်မြောက်နိုင်ဆိုတာ မင်းရဲ့ ကံတရားအပေါ်မှာပဲ မူတည်နေတယ်”
“တစ်ရက်လား”
ကျန်းရီ နှုတ်ခမ်းမဲ့သွား၏။ တစ်ရက်မှာ အလွန်တိုလွန်းသည်။ ထျန်းဖုန့်ဧကရာဇ်၏ အမြန်နှုန်းနှင့်ဆိုလျှင်ပင် ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်ရောက်ရန် အနည်းဆုံး ဆယ်ရက် လိုပေလိမ့်မည်။ ထိုဆယ်ရက်မှာလည်း လမ်းတွင် တမလွန်ဘုံမျိုးနွယ်ဝင်များက သူတို့ကို မတားဟု ယူဆတွက်ချက်ထားခြင်းဖြစ်သည်။
“သတ်ကြ...”
ကျန်းရီ၏ မျက်ဝန်းများထဲတွင် ရူးသွပ်သော အရိပ်အယောင် ခပ်ရေးရေး ထွက်ပေါ်လာသည်။ ထို့နောက် သူ အော်ပြောလိုက်သည်။
“အစွမ်းကုန်သုံးပြီး တိုက်ကြ။ မြို့ထဲက တမလွန်ဘုံမျိုးနွယ်ဝင်တွေကို နှစ်နာရီအတွင်း အကုန်ရအောင်သတ်။ ပြီးရင် ကျွန်တော်တို့ ပြန်ဆုတ်ကြမယ်”
ကျန်းရီထံတွင် အချိန်တစ်ရက်သာ ရှိသည်။ နှစ်နာရီလောက် အချိန်ဖြုန်းလိုက်ရုံနှင့် မည်သို့မှ ပိုထူးသွားမည် မဟုတ်ပေ။ သန်းခေါင်ထက်တော့ ဉာဉ့်မနက်နိုင်တော့သည် မဟုတ်လော။ သူ အခွင့်အရေးရခိုက် တမလွန်ဘုံမျိုးနွယ်ဝင်များကို များနိုင်သမျှများများ မသတ်ခဲ့လျှင် တမလွန်ဘုံကြောင့် သေဆုံးသွားခဲ့ရသည့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်မှ သန်းထောင်ချီသော လူများကို မည်သို့ မျက်နှာပြနိုင်မည်နည်း။
***