မြို့ရှင်းပွဲကြီး
Vol. 134 Ch. 1870
ဝုန်း...ဝုန်း...
မင်လူသည် ထျန်းဖုန့်ဧကရာဇ်၏ ထပ်ခါ ထပ်ခါ ထိုးနှက်မှုကို ခံနေရ၏။ သူ ပြန်တုံ့ပြန်ရန်ပင် အင်အားမရှိပေ။ ဧကရာဇ်အဆင့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့်က အလွန်ကွာခြားပေသည်။ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များက ထျန်းဖုန့်ဧကရာဇ်ကို အဆက်မပြတ် တိုက်ခိုက်နေကြ၍ မဟုတ်လျှင် မင်လူသည် ထျန်းဖုန့်ဧကရာဇ်သတ်သည်ကို ခံရပြီးနေလောက်ပေပြီ။
ကော့ချန်ဘုရင်မှာလည်း ခက်ထန်သည်။ ဟဲ့ရွှီဝမ်၊ ခွမ်ဟူနှင့် အခြားသူများအကြောင်းကိုမူ ပြောနေရန်ပင် မလိုပေ။ သူတို့ အသက်ကိုရင်းကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြပေသည်။ ထို့ကြောင့် တမလွန်ဘုံ တော်ဝင်မိသားစုဝင်များ အပြုံလိုက် အပြုံလိုက် သေသွားနေကြသည်။ ကျန်းရီကမူ အခက်ထန်ဆုံးဖြစ်သည်။
ကျန်းရီသည် ဗျပ်စောင်းကိုထုတ်၍ နတ်ဘုရားအသံကောင်းကင်အတတ် ထုတ်လွှတ်နေသည်။ တော်ဝင်မိသားစုဝင်များတွင် စိတ်ဝိညာဉ်များ ရှိကြသည်။ သူတို့က လူသားမျိုးနွယ်နှင့် သိပ်မကွာပေ။ ထို့ကြောင့် ရုတ်ခြည်းအတွင်းမှာပင် တော်ဝင်မိသားစုဝင်များစွာသည် ဗျပ်စောင်းသံကြောင့် မလှုပ်နိုင် ဖြစ်သွားကြလေသည်။
ကျန်းရီသည် ယွင်ပင်းနှင့် အခြားသူများပါ မလှုပ်နိုင်တော့မည်ကိုစိုး၍ ယွင်ပင်းတို့အနီးသို့ မကပ်ဝံ့ပေ။ ထို့ပြင် သူက တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို များနိုင်သမျှများများ သတ်ပစ်လိုနေသည်။ ထိုသို့ သတ်နိုင်ရန် အလွယ်ဆုံးနည်းမှာ မီးတောက်များ ထုတ်လွှတ်လိုက်ရန်ဖြစ်သည်။
မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် လုပ်ခဲ့သကဲ့သို့ ကျန်းရီသည် အနီးဆုံးရှိ တော်ဝင်မိသားစုဝင်များအကြား ပျံသန်းသွားကာ မီးတောက်များ လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။ ထိုအခါ တော်ဝင်မိသားစုဝင်များ မီးလောင်ကျွမ်းကာ သေဆုံးကုန်ကြသည်။ ခပ်လှမ်းလှမ်းရှိ တော်ဝင်မိသားစုဝင်များ အသိပြန်ကပ်လာသောအခါတွင်မူ သူ နတ်ဘုရားအသံကောင်းကင်အတတ်ကို ထပ်မံထုတ်လွှတ်လိုက်ပေသည်။
ကျန်းရီသည် ထိုအတိုင်း အကြိမ်ကြိမ် ပြုလုပ်၍ တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို ထိရောက်မှုရှိရှိ သတ်ဖြတ်နေသည်။ သူသည် တစ်ကြိမ်လျှင် တော်ဝင်မိသားစုဝင် အယောက်တစ်သောင်းနီးပါးကို သတ်ဖြတ်နိုင်နေပေသည်။
လမ်းတစ်လျှောက်တွင် ကျန်းရီသည်လည်း တိုက်ခိုက်မှုများစွာကို ခံရ၏။ အချို့ တော်ဝင်မိသားစုဝင်များက အုပ်ချုပ်သူအဆင့်လောက် စွမ်းအားကြီးကြရာ သူ့ကို အကြိမ်များစွာ ဒဏ်ရာရစေခဲ့သည်။ သို့သော် သူ့တွင် နတ်ဘုရားသစ်ရွက် ရှိပေသည်။ နတ်ဘုရားသစ်ရွက်ကို သူ၏သန်မာသော ရုပ်ခန္ဓာနှင့် ပေါင်းစည်းလိုက်သောအခါ သူက မသေမျိုးခန္ဓာတစ်ခုကို ပိုင်ဆိုင်ထားသလို ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးမပစ်နိုင်သ၍ သူ့ကို သတ်နိုင်မည် မဟုတ်ပေ။
ကျန်းရီသည် စွမ်းအားကြီး တော်ဝင်မိသားစုဝင်များနှင့် တစ်ခါမှ မတိုက်ခိုက်ခဲ့ဖူးပေ။ သူ့တွင် အချိန်လည်း မရှိချေ။ ထို့ပင် သူ တော်ဝင်မိသားစုဝင်များကို များနိုင်သမျှများများ သတ်ပစ်လိုနေရာ စွမ်းအားနည်းသော တော်ဝင်မိသားစုဝင်များကိုသာ ပစ်မှတ်ထားနေပေသည်။
ရှူး...ရှူး...
ခွမ်ဟူနှင့် အခြားသူများက အတူစုဝေးကာ အစွမ်းကုန် တိုက်ခိုက်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းနေကြသည်။ သူတို့သည် ကျန်းရီက တမလွန်ဘုံ တော်ဝင်မိသားစုဝင်များကို အလွန်လျင်မြန်စွာ သတ်ဖြတ်နေပြီး တိုက်ခိုက်မှုများကိုလည်း အလွယ်တကူ တောင့်ခံနိုင်နေကြောင်း တွေ့လိုက်သောအခါ ပင့်သက်ရှိုက်မိလိုက်ကြသည်။ ယွင်ပင်း၏ မျက်ဝန်းများလည်း တောက်ပလာလေသည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ကျန်းရီသည် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့်ပင် မယှဉ်နိုင်ခဲ့ပေ။ ယခုတွင်မူ သူက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများကို အလွယ်တကူ ယှဉ်နိုင်နေပေသည်။ အနည်းဆုံးတော့ သာမန် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများက သူ့ကို သတ်နိုင်တော့မည် မဟုတ်ပေ။
ခွမ်ဟူသည် ကျန်းရီ၏ ကျင့်ကြံနှုန်း လျင်မြန်ပုံကို တွေးမိရင်း သူ့ကိုယ်သူ အရှက်ရမိ၏။ ကျန်းရီထံတွင် မည်သည့်အရင်းအမြစ်၊ မည်သည့်ကျောထောက်နောက်ခံမှ မရှိပေ။ ထို့ပြင် ကျန်းရီက အနိမ့်ဘုံမှ တက်လှမ်းလာသူတစ်ယောက်လည်းဖြစ်သည်။ သူကမူ ရွှေဇွန်းကိုက်ကာ မွေးဖွားလာသူတစ်ယောက်ပင်။ သူသည် မွေးကတည်းက ကောင်းကင်နတ်ဘုရားအဆင့် ရောက်နေပြီးဖြစ်သည်။ သို့ဖြစ်ရာ သူတို့နှစ်ယောက်က မည်သို့ ယှဉ်နိုင်မည်နည်း။
အတော်ကြာ တိုက်ခိုက်ပြီးနောက် အားလုံးသည် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များ၏ စိတ်ဓာတ်ကို လေးစားလာရတော့သည်။ ကျန်းရီက အနည်းဆုံး တော်ဝင်မိသားစုဝင် တစ်သိန်းလောက်ကို သတ်ပစ်လိုက်ပြီဖြစ်သည်။ ထျန်းဖုန့်ဧကရာဇ်နှင့် ကော့ချန်ဘုရင်တို့က မည်မျှသတ်ပြီးသည်ကို မေးနေရန်ပင် မလိုပေ။ ဖုန့်နီကလည်း သောင်းနှင့်ချီ၍ သတ်ပြီးပြီဖြစ်သည်။ မင်လူမှာ ထျန်းဖုန့်ဧကရာဇ်ကြောင့် သေလုမျောပါးဖြစ်နေသည်။ သို့တစေ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များသည် ပြန်ဆုတ်လိုစိတ် မရှိသေးပုံပင်။ သူတို့သည် သေရမည်ကို မကြောက်ဘဲ တိုက်ခိုက်နေကြသည်။ သူတို့ သေချာပေါက် သေရမည်ဆိုလျှင်ပင် တိုက်ခိုက်ရန် ကြောက်နေမည် မဟုတ်ပေ.
“ဟွန်း...”
ထျန်းဖုန့်ဧကရာဇ်သည် မင်လူက သူ့ထံ ထပ်မံ ပျံသန်းလာနေသည်ကို တွေ့သောအခါ ဒေါသထွက်သွား၏။ သူ၏ငွေရောင်မျက်ဝန်းများ တောက်ပစွာ လင်းလက်လာသည်။ သူသည် လက်ကို လက်သည်းပုံကုတ်၍ မင်လူပတ်ပတ်လည်မှ အနက်ရောင်အခိုးအငွေ့များထဲ လျှပ်စီးတန်းတစ်တန်းအလား ပျံဝင်သွားလိုက်သည်။ သူသည် မင်လူက ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ် အနက်ရောင်အလင်းကို အတင်းတောင့်ခံ၍ မင်လူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ စုတ်ဖြဲပစ်လိုက်လေသည်.
“ထွက်ပြေးချင်နေသေးတာလား”
မင်လူ၏ ရုပ်ခန္ဓာ ဖျက်ဆီးခံလိုက်ရပြီးနောက် မင်လူ၏ စိတ်ဝိညာဉ်က အနက်ရောင်အခိုးအငွေ့များလွှမ်းခြုံ၍ ကောင်းကင်ထက်သို့ ပျံတက်သွား၏။ ထျန်းဖုန့်ဧကရာဇ်သည် ၎င်းအနက်ရောင်အခိုးအငွေ့များထဲသို့ မျက်လုံးမှနေ၍ အဖြူရောင်အလင်းတန်းတစ်တန်း ထပ်မံပစ်လွှတ်လိုက်၏။ ထို့နောက် အော်သံတစ်သံ ထွက်ပေါ်လာ၏။ မင်လူက ဒေါသတကြီး အော်ပြောလိုက်သည်။
“မိစ္ဆာမျိုးနွယ်၊ လူသားမျိုးနွယ်... မင်းတို့ ငါဘုရင်ကို သတ်ရင် အရှင်မင်ယနဲ့ တခြားသူတွေက မင်းတို့ကို အလွှတ်ပေးမှာ မဟုတ်ဘူး။ ငါဘုရင်က သူတို့ဆီကို သတင်းပို့လိုက်ပြီ။ သူတို့ ဒီကို မကြာခင် ရောက်လာလိမ့်မယ်။ အဲ့ကျရင် မင်းတို့ရဲ့ ရုပ်ခန္ဓာတွေက ဒီဘုံထဲမှာ ထာဝရ ရှိနေရပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်တွေက တမလွန်ချောက်နက်ထဲကို ကျသွားလိမ့်မယ်...”
ဝှစ်...
ထျန်းဖုန့်ဧကရာဇ်သည် ထျန်းဖုန့်မျိုးနွယ်၏ မိစ္ဆာအတတ်ကို ထပ်သုံးလိုက်၏။ အဖြူရောင်အလင်းတန်းက အနက်ရောင်အခိုးအငွေ့များထဲ ဝင်သွားသောအခါ မင်လူ၏ စကားက ရုတ်ခြည်း ရပ်သွားသည်။ အနက်ရောင်အခိုးအငွေ့များလည်း လွင့်ပြယ်သွားပြီး မင်လူ၏စိတ်ဝိညာဉ် လုံးဝဖျက်ဆီးခံလိုက်ရလေသည်။
မင်လူ သေသွား၍ မြို့ထဲရှိ တော်ဝင်မိသားစုဝင်များ တုန်လှုပ်သွားကြ၏။ မြို့ပြင်ရှိ တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် မြို့ထဲ ရောက်နေပြီးသော တမလွန်ဘုံမျိုးနွယ်ဝင်များလည်း တုန်လှုပ်သွားကြသည်။ မင်လူက ကောင်းကင်ဝိညာဉ်ဘုံ၏ ဘုံအရှင်ဖြစ်ပြီး ဤဘုံထဲရှိ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ၏ အရှင်သခင်ဖြစ်သည်။ ယခု သူတို့၏အရှင်သခင်က သေသွားပြီဖြစ်ရာ သူတို့ တုန်လှုပ်သွားခြင်းမှာ ပုံမှန်သာဖြစ်ပေသည်။
“မကြာခင် အရှင်မင်ယတို့ ရောက်လာကြလိမ့်မယ်။ ဒီ လူသားတွေနဲ့ မိစ္ဆာတွေကို သတ်ပြီး အရှင်မင်လူအတွက် လက်စားချေကြ”
တော်ဝင်မိသားစုဝင်တစ်ယောက်က အော်ပြောလိုက်၏။ ထိုအခါ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ ဆက်၍ အသည်းအသန် တိုက်ခိုက်လိုက်ကြသည်။ ထျန်းဖုန့်ဧကရာဇ်သည် ဖျက်ဆီး၍ မရနိုင်သော ဓားတစ်လက်အလား လှည့်ပတ်ပျံသန်းလိုက်သည်။ သူ ပျံသန်းသွားရာ နေရာတိုင်းရှိ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ ပြန်ပင်မခုခံနိုင်ခဲ့ပေ။ သူ တစ်ချက် တိုက်ခိုက်လိုက်တိုင်း သူတို့ အစုလိုက်အပြုံလိုက် သေသွားနေကြလေသည်။
“အားလုံး ကျွန်တော့်နားကို လာခဲ့ပါ။ ကျွန်တော် အားလုံးရဲ့ တမလွန်ဘုံအရှိန်အဝါတွေကို ဖယ်ပေးမယ်”
ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် လူသားအားလုံးနှင့် မိစ္ဆာများမှာ တမလွန်ဘုံအရှိန်အဝါ၏ လွှမ်းမိုးမှုကို အနည်းနှင့်အများဆိုသလို ခံနေရပြီဖြစ်ကြောင်း သိလိုက်ရ၏။ သူတို့၏ တိုက်ခိုက်စွမ်းအားကလည်း သိသိသာသာ လျော့ကျလာသည်။ ထို့ကြောင့် ကျန်းရီ အားလုံးထံ အသံပို့လွှတ်လိုက်သည်။
“တောက်မင်... မခုခံနဲ့။ ငါ မင်းကို ငါ့ရဲ့ လေဟာနယ်နတ်ဘုရားအသုံးအဆောင်ထဲ ပြန်ထည့်လိုက်မယ်။ မင် တစ်ခုခု လုပ်ရဲရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”
တောက်မျိုးနွယ် ပန်းသုံးပွင့်၊ သခင်မလေးကုန်းယန်၊ ခွမ်ကျန့်နှင့် ယန်ဖူတို၏ တိုက်ခိုက်စွမ်းအားက အလွန်အားနည်းလွန်းသည်။ ထိုအုပ်စုက ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့အတွက် ဝန်ထုပ်ဝန်ပိုးသာ ဖြစ်စေသည်။ ထို့ကြောင့် ကျန်းရီသည် သူတို့ကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်လိုက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ယွင်ပင်းမှာလည်း ပုလဲထဲ ရောက်နေပြီဖြစ်သည်။ အပြင်တွင် ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့သာ ကျန်တော့သည်။
တံဆိပ်စာလုံးများ ပျံသန်းသွားပြီး ထျန်းဖုန့်ဧကရာဇ်နှင့် အခြာသူများဆီမှ တမလွန်ဘုံအရှိန်အဝါများကို ဖယ်ရှားပေးလိုက်၏။ ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို ထုတ်၍ပင် ထျန်းဖုန့်ဧကရာဇ်၊ ကော့ချန်ဘုရင်နှင့် ဖုန့်နီတို့၏ ဒဏ်ရာများကိုပင် ကုသပေးလိုက်သည်။ ဟဲ့ရွှီဝမ်နှင့် ခွမ်ဟူတို့ကိုမူ သူ အရေးမစိုက်ပေ။ သူတို့ သေသွားလျှင်လည်း သူ ရင်နာနေမည် မဟုတ်ပေ။
“သတ်ကြ...”
ကျန်းရီ အော်လိုက်သည်။ ထို့နောက် သူနှင့် အခြားသူများသည် အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားလိုက်ကြသည်။ သူတို့ တစ်ချီပြီးတစ်ချီ အစုလိုက်အပြုံလိုက် သတ်ဖြတ်လိုက်သည်။
ဝုန်း...ဝုန်း...ဝုန်း...
ခွမ်ဟူတို့ အလင်းတန်းများ ထုတ်လွှတ်ကာ ကောင်းကင်ဝိညာဉ်မြို့ကို ဖျက်ဆီးပစ်နေသည်။ ရဲတိုက်များစွာ အမှုန့်ဖြစ်သွားကြသည်။ တော်ဝင်မိသားစုဝင်များ၏ အလောင်းများလည်း မြေပြင်ပေါ်သို့ တဖြုတ်ဖြုတ် ပြုတ်ကျနေသည်။ ဤမြို့သည့် ငရဲအစစ်အမှန်တစ်ခု ဖြစ်လာသကဲ့သို့ပင်။
မြို့ထဲတွင် တော်ဝင်မိသားစုဝင် အယောက်တစ်သန်း ရှိခဲ့သည်။ မြို့ပြင်တွင် တမလွန်ဘုံမျိုးနွယ်ဝင် သန်းငါးဆယ် ရှိခဲ့သည်။ တစ်နာရီအတွင်းမှာပင် တော်ဝင်မိသားစုဝင် တစ်ဝက်လောက် အသတ်ခံလိုက်ရပြီး တမလွန်ဘုံမျိုးနွယ် သန်းအနည်းငယ် အသတ်ခံလိုက်ရသည်။ တမလွန်ဘုံမျိုးနွယ်ဝင်များက မြို့ပြင်မှနေ၍ မြို့ထဲသို့ အဆက်မပြတ် ဝင်လာနေကြသည်။ ၎င်းတို့များစွာကို သတ်လိုက်ပြီဖြစ်သော်လည်း ၎င်းတို့မှာ အဆုံးမရှိသကဲ့သို့ပင်။
“ဖူး...”
ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့နှစ်ယောက်စလုံး ဒဏ်ရာရထားကြသည်။ ခွမ်ဟူသည် အကြိမ်များစွာ လွင့်ပျံသွားခဲ့ရသည်။ သူ၏ စွမ်းအားကြီး စစ်ချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် သူ အသတ်ခံရပြီးလောက်ပေပြီ။
ကျန်းရီသည် သူတို့ကို ကုသမပေးပါ။ ခွမ်ဟူနှင့် ဟဲ့ရွှီဝမ်တို့ နှစ်ယောက်စလုံး ဆက်တောင့်မခံနိုင်လောက်တော့ကြောင်းကို တွေ့မှ သူ သူတို့နှစ်ယောက်ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်သည်။
ဖုန့်နီမှာလည်း ဒဏ်ရာရထားသည်။ တော်ဝင်မိသားစုဝင်များက အရပ်မျက်နှာအနှံ့မှ တိုက်ခိုက်နေကြသည် မဟုတ်ပါလား။ ကောင်းကင်ထဲတွင် တိုက်ခိုက်မှုများ ပြည့်နှက်နေသည်။ သူမတို့ ပုန်းလိုလျှင်ပင် ပုန်းနိုင်မည် မဟုတ်ပေ။ ထျန်းဖုန့်ဧကရာဇ်ကမူ မည်သည့်ဒဏ်ရာမှ မရသေးပါ။ သူ ပျံသန်းသွားရာနေရာတိုင်း တမလွန်ဘုံမျိုးနွယ်ဝင်များ၏ အလောင်းများသာ ပုံသွားပေသည်။
တစ်နာရီထပ်ကြာပြီးနောက် တော်ဝင်မိသားစုဝင် ခြောက်သိန်းကျော် ခုနစ်သိန်းနီးပါး အသတ်ခံလိုက်ရပြီဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ဝင်များမှာလည်း ဆယ်သန်းနီးပါး အသတ်ခံလိုက်ရပေပြီ။ ထိုမျှများများ သတ်နိုင်ခဲ့ခြင်းမှာ ကျန်းရီကြောင့်ဖြစ်သည်။ သူ၏ ပေါင်းစည်းမီးတောက်များ ထွက်ပေါ်လာတိုင်း အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များနှင့် တော်ဝင်မိသားစုဝင်များစွာ သေဆုံးသွားခဲ့သည်။ သူတို့ ချက်ချင်း ပြာကျသွားကြသည်။ ပေါင်းစည်းမီးတောက်များကို နတ်ဘုရားအသံကောင်းကင်အတတ်နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ ထွက်ပြေးလိုလျှင်ပင် ထွက်မပြေးနိုင်ကြတော့ပေ။
ကျန်းရီထံတွင် သားရဲအမြုတေအချို့ရှိသည်။ သူ့တွင် မြက်ခင်းပြင်မီးတောက်များ မရှိတော့၍ ခြောက်ရောင်ခြယ်ပေါင်းစည်းမီးတောက်များ မဖန်တီးနိုင်သော်လည်း သားရဲအမြုတေများကို အသုံးပြု၍ ငါးရောင်ခြယ်ပေါင်းစည်းမီးတောက်များ ဖန်တီးနိုင်ပေသေးသည်။ အုပ်ချုပ်သူအဆင့်မှ မရှိလျှင် ထိုမီးတောက်များကြောင့် သေချာပေါက် သေသွားမည်ဖြစ်သည်။
“အချိန်မရှိတော့ဘူး... မင်း အခု ထွက်မသွားသေးရင် ဒီမှာ သေဖို့စောင့်နေလို့ပဲ ရလိမ့်မယ်”
ချီဟုန်၏ အသံပို့လွှတ်မှု ထွက်ပေါ်လာ၏။ ကျန်းရီ သတိပြန်ကပ်လာသည်။ သူသည် အလောင်းများ ပြည့်နှက်နေသော ကောင်းကင်ဝိညာဉ်မြို့ပျက်ကြီးကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်တို့ထံ ပျံသန်းသွားလိုက်သည်။ သူ ဖုန့်နီနှင့် ကော့ချန်ဘုရင်တို့ကို ဟွင့်သွမ့်ချီပုလဲထဲ ပို့လိုက်၏။ ၎င်းနောက် ကောင်းကင်စိတ်အာရုံသုံး၍ ဆောင်းဥတုပုလဲထဲရှိ ခွမ်ဟူတို့ကို အာရုံခံကြည့်လိုက်၏။ သူတို့အားလုံး ကောင်းကောင်းမွန်မွန် ပြုမူနေကြကြောင်း အတည်ပြုပြီးမှ သူ ထျန်းဖုန့်ဧကရာဇ်ကိုကြည့်ကာ ပြောလိုက်သည်။
“သွားကြစို့... ကောင်းကင်ဝိညာဉ်ဘုံထဲက ထွက်သွားကြမယ်”
“ကောင်းပါပြီ”
ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို ဆွဲခေါ်၍ မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားလိုက်၏။ သူတို့၏ အမြန်နှုန်းက အလွန်လျင်မြန်သဖြင့် အသက်ရှင်ကျန်နေသေးသော တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များက သူတို့နောက်သို့ လိုက်မလာနိုင်ကြပေ။ မကြာခင်မှာပင် သူတို့သည် အနက်ရောင်အစက်အပြောက်တစ်ခုအဖြစ် ပျောက်ကွယ်သွားကြလေသည်။
***