စွန့်စားမည်
Vol. 134 Ch. 1871
ကောင်းကင်ဝိညာဉ်ဘုံကဲ့သို့ ဘုံကြီးတစ်ဘုံတွင် အာကာပြင်ကို စုတ်ဖြဲ၍ အာကာသဟင်းလင်းပြင်ထဲ ထွက်သွား၍ မရပါ။ ထျန်းဖုန့်ဧကရာဇ်သည်ပင် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ဖြတ်သန်းရပေမည်။
ကျန်းရီက ကောင်းကင်ဝိညာဉ်ဘုံကို သူ့ဘာသာ မထွက်နိုင်သော်လည်း ထျန်းဖုန့်ဧကရာဇ်အတွက်မူ လွယ်ကူ၏။ ကောင်းကင်ဝိညာဉ်ဘုံမှာ တစ်ချိန်က မိစ္ဆာမျိုးနွယ် ထိန်းချုပ်ခဲ့သောဘုံ ဖြစ်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ်သည် ကောင်းကင်ဝိညာဉ်ဘုံကို အလွန်ရင်းနှီးသည်။ သူသည် ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များက အားနည်းနေသော နေရာတစ်ခုကို အလွယ်တကူ ရှာကာ ကျန်းရီကို ခေါ်၍ အာကာသဟင်းလင်းပြင်ထဲ ထွက်လိုက်လေသည်။
“သခင်... အခု ကျုပ်တို့ ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်ကြမှာလား”
ထျန်းဖုန့်ဧကရာဇ်က ကျန်းရီကို ကြည့်ကာ မေးလိုက်၏။ ကျန်းရီသည် ဟင်းလင်းပြင်ကြီးကို တွေတွေကြီး စိုက်ကြည့်နေသည်။ သူတို့ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပျံသန်းသွားလျှင် တမလွန်ဘုံဘုရင်သုံးပါးက သူတို့ကို အနှေးနှင့်အမြန်ဆိုသလို လိုက်မီလာပေလိမ့်မည်။
“ဒီဘက်ကိုသွားမယ်”
ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ထျန်းဖုန့်ဧကရာဇ်ကို ပြတ်သားစွာ ပြောလိုက်၏။ သူ အရှေ့ဘက်ကို သွားရန် မရွေးချယ်ဘဲ အနောက်ဘက်ကို သွားရန် ရွေးချယ်လိုက်သည်။ အနောက်ဘက်တွင် တမလွန်ဘုံက ထိန်းချုပ်ထားသော ဘုံကြီးများစွာ ရှိသည်။ ကျန်းရီသည် တမလွန်ဘုံ၏ ပိုင်နက်အတွင်းပိုင်းအထိ သွားလိုနေပေသည်။
“ဒီဘက်လား”
ထျန်းဖုန့်ဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ကောင်းကင်ဝိညာဉ်ဘုံ၏ အနောက်ဘက်တွင် မည်သည့်အရာများရှိကြောင်း သူ ကောင်းစွာသိသည်။ ကျန်းရီက တမလွန်ဘုံ၏ ပိုင်နက်ထဲသွား၍ တိုက်ပွဲတွင် အသေခံတော့မည်လော။
သို့သော် ကျန်းရီက အမိန့်ပေးလိုက်ပြီဖြစ်ရာ ထျန်းဖုန့်ဧကရာဇ် တုန်လှုပ်နေသော်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ကျန်းရီကိုခေါ်၍ အနောက်ဘက်သို့ ပျံသန်းသွားလိုက်သည်။ သူ့အမြန်နှုန်းက မဆိုးပေ။ ကျန်းရီ၏ အမြန်နှုန်းထက် များစွာပိုမြန်သည်။ သူသည် အလင်းတန်းတစ်တန်းအလား ပျံသန်း၍ စက္ကန့်အနည်းငယ်အတွင်းမှာပင် အနောက်ဘက် အာကာသဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားလေသည်။ ကောင်းကင်ဝိညာဉ်ဘုံထဲမှ တော်ဝင်မိသားစုဝင်များနှင့် တမလွန်ဘုံမျိုးနွယ်ဝင်များ အပြင်ရောက်လာသောအခါ သူတို့ ပျောက်ကွယ်သွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
“သခင်... ကျုပ်တို့ အနောက်ဘက်ကိုပဲ ဆက်သွားမှာလား”
ငါးမိနစ်ကြာ ပျံသန်းပြီးနောက် ထျန်းဖုန့်ဧကရာဇ် မအောင့်နိုင်တော့ဘဲ မေးလိုက်၏။ ကျန်းရီက ပြတ်သားစွာ ပြန်ဖြေသည်။
“ဟုတ်တယ်... ကျွန်တော်တို့ အနောက်ဘက်ကိုပဲ ဆက်သွားမယ်။ ဟုတ်သား... ဖုန့်စစ်.. ခင်ဗျား ကောင်းကင်ဝိညာဉ်ဘုံအကြောင်းကို သိလား။ အနီးနားမှာ လျှို့ဝှက်ဆန်းကြယ်နယ်မြေတွေဘာတွေ ရှိလား”
“ဆန်းကြယ်နယ်မြေတွေလား”
ထျန်းဖုန့်ဧကရာဇ် တွေးတောကာ ပြန်ပြော၏။
“အနောက်တောင်ဘက်မှတော့ ဆန်းကြယ်နယ်မြေတစ်ခုရှိတယ်။ အဲ့မှာ အာကာသဝဲကတော့တွေ အများကြီးရှိတယ်။ အတိတ်တုန်းက သာမန်မိစ္ဆာတွေ အဲ့အနားကို မသွားရဲခဲ့ဘူး”
“ကောင်းပြီ... အဲ့ကို သွားကြတာပေါ့”
ကျန်းရီက ချက်ချင်း အမိန့်ပေးလိုက်သည်။ ထို့ကြောင့် ထျန်းဖုန့်ဧကရာဇ် ထိုဘက်သို့ အမြန်ဆုံး ပျံသန်းသွားလိုက်လေသည်။ ထျန်းဖုန့်ဧကရာဇ်သည် မင်လူ မသေခင် အော်ပြောသွားသော စကားများကြောင့် မကြာခင်တွင် တမလွန်ဘုံဘုရင်သုံးပါးက သူတို့ကို လိုက်မီလာမည်ဖြစ်ကြောင်း သိသည်။ သူက ကျန်းရီ၏ ဝိညာဉ်ကျွန်ပင်။ ကျန်းရီ သေလျှင် သူလည်း ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ ကျန်းရီက သူ့အား ဝိညာဉ်မျိုးစေ့ ပြန်ပေးမည်ဆိုလျှင်လည်း သူ လွတ်မြောက်နိုင်မည် မဟုတ်ပါ။
ကျန်းရီသည် သူတို့ ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်သွားလျှင်လည်း သေရမည်ဆိုလျှင် စွန့်စားကြည့်ခြင်းက ပိုကောင်းသည်ဟု တွေးခဲ့ခြင်းဖြစ်သည်။ တမလွန်ဘုံစစ်တပ် သူ့ကို ရှာမတွေ့နိုင်လောက်ဟု သူ လောင်းကြေးထပ်ထားခြင်းပင်။ တမလွန်ဘုံဘုရင်သုံးပါးက သူ့ကို ဆက်မရှာတော့သည်အထိ သူ ပုန်းအောင်းနေနိုင်မည်ဆိုလျှင် ကမ္ဘာဦးကောင်းကင်ဘုံသို့ လျှို့ဝှက်၍ ပြန်သွားနိုင်သေးသည် မဟုတ်ပါလား။
ချီဟုန်၏အကူအညီဖြင့် ကျန်းရီသည် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်နိုင်ထားသည်။ သူ ထိပ်တန်းတမလွန်ဘုံဘုရင်တစ်ပါးပါးနှင့် မဆုံးသ၍ သူ့အကြောင်းပေါ်သွားနိုင်ခြေ အနည်းငယ်သာ ရှိသည်။ သို့သော် ထိုတမလွန်ဘုံဘုရင်သုံးပါးက စွမ်းအားကြီး စွမ်းရည်များရှိ၍ သူ့ကို အာရုံခံနိုင်လျှင်မူ သူ သူ့ကံကြမ္မာကို လက်ခံလိုက်ရန်သာ ရှိပေတော့သည်။
“ဘယ်ဘက်ကို ကွေ့လိုက်”
“ညာဘက်ကို ကွေ့လိုက်”
“ရပ်လိုက်... အနောက်ကို မိုင်တစ်သောင်းပြန်ဆုတ်ပြီး ညာဘက်ကပတ်သွား”
ချီဟုန်က ကျန်းရီထံသို့ အဆက်မပြတ် အသံပို့လွှတ်နေ၏။ ကျန်းရီသည် ချီဟုန်၏ ညွှန်ကြားမှုအတိုင်း ထျန်းဖုန့်ဧကရာဇ်ကို သွားခိုင်းနေပေသည်။ ထျန်းဖုန့်ဧကရာဇ်က အလွန်စိတ်လှုပ်ရှားနေသည်။ ဤအခြေအနေက ဟာသမဟုတ်ပေ။ သူတို့တည်နေရာ ပေါ်သွားသည်နှင့် တမလွန်ဘုံဘုရင်သုံးပါးက ချက်ချင်း ရောက်လာပေလိမ့်မည်။
နာရီနှစ်ဆယ်ကျော် ပျံသန်းပြီးနောက် ထျန်းဖုန့်ဧကရာဇ်နှင့် ကျန်းရီတို့ ဆန်းကြယ်နယ်မြေ၏ ဝန်းကျင်သို့ ရောက်သွားကြ၏။ ကျန်းရီသည် ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလိုက်ပြီး အာကာသဝဲကတော့များက အမှန်ပင် အများအပြားရှိနေကြောင်း အတည်ပြုလိုက်သည်။ သူ့ ကောင်းကင်စိတ်အာရုံ ရောက်နိုင်သော အဝန်းအဝိုင်းအတွင်းမှာပင် ရာချီသော အာကာသဝဲကတော့များ ရှိသည်။ သူ ၎င်းအာကာသဝဲကတော့များ၏ အဆုံးကိုပင် မမြင်နိုင်ပေ။
ဝှစ်...
ထျန်းဖုန့်ဧကရာဇ်ကမူ မစိုးရိမ်သလို အရှိန်ပင် မလျှော့ဘဲ အာကာသဝဲကတော့နှစ်ခု အလယ်မှနေ၍ တိုက်ရိုက်ဖြတ်ပျံသွားလိုက်၏။ သူ ကွေ့ပတ်ပျံသန်းရင်း အာကာသဝဲကတော့များအလယ်သို့ အလွယ်တကူ ရောက်ရှိသွားပေသည်။
“ဟိုမှာ ဆန်းကြယ်နယ်မြေပဲ”
ကျန်းရီသည် အဝေးမှနေ၍ ဆန်းကြယ်နယ်မြေလေးတစ်ခုကို လှမ်းမြင်လိုက်ရ၏။ ထိုဆန်းကြယ်နယ်မြေကို အာကာသဝဲကတော့များက ဝန်းရံထားသည်။ သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များက ထိုဆန်းကြယ်နယ်မြေအနီးသို့ မကပ်ဝံ့လောက်ကြပေ။ တမလွန်ဘုံဘုရင်များ မဟုတ်လျှင်လည်း ဆန်းကြယ်နယ်မြေထဲ ဝင်နိုင်လောက်မည် မဟုတ်ချေ။
“သခင်... သတိထားပါ”
ထျန်းဖုန့်ဧကရာဇ်သည် အာကာသဝဲကတော့နှစ်ခုကြားမှ ဖြတ်ပျံရင်း အော်ပြောလိုက်၏။ ကျန်းရီသည် အားကောင်းသော စုပ်အားတစ်ခုကို ခံစားနေရသော်လည်း မလှုပ်ရှားပေ။ သူ ထျန်းဖုန့်ဧကရာဇ်ကို အလွန်ယုံကြည်ပေသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ပင် အာကာသဝဲကတော့ထဲ စုပ်ယူခံလိုက်ရမည်ဆိုလျှင် သူကရော လွတ်နိုင်ပါမည်လော။
ဝှစ်...
အသက်နှစ်ရှူစာ အတွင်းမှာပင် ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို ဆွဲခေါ်၍ အာကာသဝဲကတော့နှစ်ခုကြားမှ ဖြတ်သွားနိုင်လိုက်၏။ သူ မရပ်ဘဲ ဆန်းကြယ်နယ်မြေဆီ ဆက်သွားလိုက်သည်။
“အာ... ဒီမှာ တမလွန်ဘုံမျိုးနွယ်ဝင်တွေ ရှိနေတာလား”
ဆန်းကြယ်နယ်မြေထဲ ရောက်သည်နှင့် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ မျက်နှာထားများ အေးစက်သွားကြ၏။ ဤဆန်းကြယ်နယ်မြေထဲရှိ တမလွန်ဘုံအရှိန်အဝါက အလွန်သိပ်သည်းနေသည်။ အထဲမှ လေထုကိုလည်း တမလွန်ဘုံအရှိန်အဝါများက လွှမ်ခြုံထားသည်။ ထို့ကြောင့် နယ်မြေတစ်ခုလုံး မည်းမှောင်နေပေသည်။
“သခင်.. ကျုပ် တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို သွားသတ်လိုက်မယ်”
ထျန်းဖုန့်ဧကရာဇ်က ပျံသန်းသွားရန် ဟန်ပြင်လိုက်ချိန်တွင် ကျန်းရီက သူ့ကို ခပ်သွက်သွက် တားလိုက်သည်။ ထို့နောက် ကျန်းရီ ထျန်းဖုန့်ဧကရာဇ်ကို ဆောင်းဥတုပုလဲထဲ ထည့်လိုက်၏။ တစ်ချိန်တည်းမှာပင် သူ တမလွန်ဘုံအရှိန်အဝါ၏ ကျူးကျော်မှုကို မခုခံတော့ဘဲ ထပ်မံလွှမ်းမိုးခံလိုက်သည်။ ချီဟုန်က မီးဝိညာဉ်ပုလဲထဲမှနေ၍ ထူးခြားသော စွမ်းအင်တစ်မျိုး ထုတ်လွှတ်ကာ ကျန်းရီ၏ အသိစိတ်ကို ကာကွယ်ပေးထားလိုက်လေသည်။
ဝှစ်...ဝှစ်...ဝှစ်...
အောက်ဘက်မှနေ၍ လေခွင်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် သားရဲမျက်နှာများ ရှိကြသော တမလွန်ဘုံမျိုးနွယ်ဝင်ဆယ်ယောက်ကျော် ပျံတက်လာကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များမှာ အကြည်ဖြစ်သည်။ ၎င်းတို့တွင် ရုပ်ခန္ဓာရှိပုံ မပေါ်ပေ။ ၎င်းတို့သည် ကျန်းရီကို မြင်သောအခါ အတန်ငယ် အံ့အားသင့်သွားကြ၏။ ယင်းနောက် ၎င်းတို့အားလုံး လေထဲတွင် ရပ်ကာ ဦးညွှတ်လိုက်ကြလေသည်။
အဘယ်ကြောင့်ဆိုသော် ကျန်းရီက ဂူဖေူ၏ အမိန့်ပြားကို ထုတ်ပြလိုက်၍ပေ။ ထိုအမိန့်ပြားမှာ တမလွန်ဘုံ တော်ဝင်မိသားစု၏ အမိန့်ပြားဖြစ်သည်။ အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များ၏ ရင်ထဲတွင် တော်ဝင်မိသားစုဝင်များမှာ အလွန်အဆင့်အတန်းမြင့်သူများ ဖြစ်ကြပေသည်။ တော်ဝင်မိသားစုက တမလွန်ဘုံ၏ အုပ်စိုးသူများဖြစ်ကြသည်။ သို့ဖြစ်ရာ ၎င်းတို့က ကျန်းရီကို မည်သို့ တိုက်ခိုက်ဝံ့တော့မည်နည်း။
ကျန်းရီသည် တမလွန်ဘုံစကားကို မပြောတတ်ပေ။ ထို့ကြောင့် သူ ရီယွင်ကို အပြင်ထုတ်၍ တီးတိုးပြောလိုက်ရသည်။
“ရီယွင်... သူတို့ကို ပြန်သွားခိုင်းလိုက်ပါ။ ပြီးတော့ ဒီဆန်းကြယ်နယ်မြေထဲနေ ဘယ်သူမှ အပြင်မထွက်ရဘူးလို့လည်း ပြောလိုက်ပါ”
ရီယွင်ကို ဆောင်းဥတုပုလဲထဲတွင် ထည့်ထားခဲ့သော်လည်း ကျန်းရီသည် သူမနှင့် ခွမ်ဟူတို့ကို မတွေ့ဆုံစေခဲ့ပါ။ ထို့ကြောင့် ရီယွင်သည် မည်သည့်ကိစ္စများ ဖြစ်ခဲ့ကြောင်းကို မသိပေ။ အဘယ်ကြောင့် ကျန်းရီက လူသားတစ်ယောက်ဖြစ်ကြောင်းကိုလည်း မသိသေးချေ။
ရီယွင်သည် သူမက ဆန်းကြယ်နယ်မြေတစ်ခုထဲ ရောက်နေပြီး ကောင်းကင်ဝိညာဉ်ဘုံထဲတွင် မဟုတ်တော့ကြောင်း သတိပြုမိလိုက်၏။ သူမ မျက်ဝန်းများထဲတွင် စိုးရိမ်သည့် အရိပ်အယောင် အနည်းငယ် ထွက်ပေါ်လာသည်။ သို့သော် အဆုံးတွင် သူမ မည်သည်ကိုမှ မမေးလိုက်ပေ။ ထိုအစား ကျန်းရီ၏ အမိန့်အတိုင်း တမလွန်ဘုံမျိုးနွယ်ဝင်မျးကို ပြောလိုက်သည်။ ထိုအခါ တမလွန်ဘုံမျိုးနွယ်ဝင်များက ချက်ချင်း အောက်သို့ ပြန်ဆင်သွားကြပေသည်။
“သွားကြစို့”
ကျန်းရီသည် ရီယွင်နှင့်အတူ အောက်ဘက်သို့ ပျံဆင်းလိုက်၏။ သူ ကောင်းကင်စိတ်အာရုံကို မဆင်မခြင် မသုံးဝံ့ပါ။ ထို အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များက ကောင်းကင်စိတ်အာရုံကို သတိမပြုမိလောက်သော်လည်း သတိထားခြင်းက အကောင်းဆုံးဖြစ်သည်။
ကျန်းရီသည် ရီယွင်ကို ခေါ်၍ ဆန်းကြယ်နယ်မြေထဲ လှည့်ပတ်ကြည့်လိုက်၏။ ဤဆန်းကြယ်နယ်မြေထဲတွင် အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များ ပြည့်နှက်နေကြောင်း သူ သိလိုက်ရသည်။ ၎င်းတို့က ဆန်းကြယ်နယ်မြေထဲ မည်သို့ ဝင်လာခဲ့ကြောင်းကိုမူ သူမသိပေ။ ၎င်းတို့အားလုံးက ဂူများထဲတွင် နေထိုင်ကြသည်။ ၎င်းတို့သည် ကျန်းရီ၏ အမိန့်ကို ရပြီးနောက် လျှောက်မသွားဝံ့တော့ဘဲ ဂူထဲတွင်သာ အောင်းနေလိုက်ကြပေသည်။
“ဟုတ်ပြီ...”
ချီဟုန်သည် ပတ်ဝန်းကျင်ကို လျှို့ဝှက်အာရုံခံပြီးနောက် ကျန်းရီထံ အသံပို့လွှတ်လိုက်၏။
“ကောင်လေး... မင်းက စွန့်စားဖို့ ရွေးချယ်လိုက်ပြီဆိုတော့ ဒီနေရာမှာပဲ ပုန်းနေကြတာပေါ့။ ဒီဆန်းကြယ်နယ်မြေက တော်တော်လေး လျှို့ဝှက်တယ်။ ဒီနယ်မြေထဲက တမလွန်ဘုံမျိုးနွယ်ဝင်တွေကိုလည်း ထိန်းချုပ်လို့ရတယ်။ အဲ့ဒါကိုမှ တမလွန်ဘုံဘုရင်သုံးပါးက မင်းကို ရှာတွေ့သွားသေးရင်လည်း မင်း ကိုယ့်ကံကြမ္မာကို လက်ခံလိုက်ဖို့ပဲရှိတယ်’
“ဟုတ်ကဲ့... ကျွန်တော်ရဲ့ ကံကြမ္မာကို ကောင်းကင်ဆီပဲ လွှဲပေးထားလိုက်တော့မယ်”
ကျန်းရီ ခါးသက်သက် ပြုံးလိုက်ပြီး ဂူတစ်လုံးဆီသို့ ပျံသန်းသွားလိုက်သည်။ ထိုဂူထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်များက ချက်ချင်း ဖယ်ပေးလိုက်ကြသည်။ ကျန်းရီသည် ဂူထဲ ဝင်နေလိုက်ပြီး မျက်လုံးမှိတ်ကာ ကျင့်ကြံလိုက်၏။ သူ ကောင်းကင်စွမ်းအားကို မကျင့်ကြံဝံ့သေးသဖြင့် လျှပ်စီးအနှစ်သာရကိုသာ ဆက်လေ့လာလိုက်သည်။
ကျန်းရီက အခြေအနေကို ရှင်းမပြရာ ရီယွင် များစွာမမေးဝံ့ပေ။ သူမလည်း ကျန်းရီကဲ့သို့ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေလိုက်သည်။ ဖိတ်ခေါ်မထားသော ဧည့်သည်နှစ်ယောက်မှလွဲ၍ ဆန်းကြယ်နယ်မြေထဲရှိ အရာအားလုံးက ပုံမှန်အတိုင်း ဆက်ရှိနေသည်။ ဆန်းကြယ်နယ်မြေမှာ အလွန်လည်း တိတ်ဆိတ်နေရာ အသည်းငယ်သူဆိုလျှင် ကြောက်ပင် ကြောက်မိပေလိမ့်မည်။
“ကောင်လေး... အပြင်မှာ တမလွန်ဘုံစစ်တပ်တစ်တပ် ရောက်လာပြီ”
တစ်ရက်ကြာပြီးနောက် ကျန်းရီ၏ စိတ်ထဲတွင် ချီဟုန်၏ အသံပို့လွှတ်မှု ထွက်ပေါ်လာ၏။ ကျန်းရီ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်မှနေ၍လည်း သတ်ဖြတ်အရှိန်အဝါ ထွက်ပေါ်လာသည်။ ထို့နောက် သူ ဂူဝကိုဖြတ်၍ ကောင်းကင်ထက်သို့ ကြည့်ကာ ပြောလိုက်သည်။
“တမလွန်ဘုံစစ်တပ်က မြန်တာပဲ”
***