မသိနိုင်သောဦးတည်ရာ
Vol. 134 Ch. 1872
တမလွန်ဘုံမျိုးနွယ်က အုတ်အော်သောင်းနင်းဖြစ်နေသည်။ အထူးသဖြင့် ကောင်းကင်ကြယ်စုဘုံနှင့် ကောင်းကင်ဝိညာဉ်ဘုံတို့က ပို၍ လှုပ်လှုပ်ရှားရှား ရှိနေကြသည်။ မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များက အာကာသဟင်းလင်းပြင်ထဲတွင် ရှာဖွေနေကြသည်။ ၎င်းတို့က စည်းစနစ်တကျ ရှာဖွေနေကြခြင်း မဟုတ်သဖြင့် ဟင်းလင်းပြင်ထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင်များ ပြည့်နှက်နေပေသည်။ မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် ကောင်းကင်ဝိညာဉ်ဘုံကို ဗဟိုပြု၍ ရှာဖွေနေကြခြင်းဖြစ်ပေသည်။
ကောင်းကင်ကြယ်စုဘုံမှ ထိပ်တန်းတမလွန်ဘုံဘုရင်သုံးပါးနှင့် ကောင်းကင်ဝိညာဉ်ဘုံတွင် ကျန်သေးသည့် တမလွန်ဘုံဘုရင်သုံးပါးတို့သည် ကောင်းကင်ဝိညာဉ်ဘုံ၏ အရှေ့ဘက်သို့ အမြန်ဆုံး ကိုယ်တိုင်လိုက်သွားကြသည်။ သူတို့အမြင်မှကြည့်လျှင် လူသားများနှင့် မိစ္ဆာများက ထွက်ပြေးလျှင် ကမ္ဘာဦးကောင်းကင်ဘုံသို့သာ ထွက်ပြေးလိမ့်မည်ဟု မြင်ပေလိမ့်မည်။ အကယ်၍ ဤတစ်ဝိုက်တွင် ဆက်နေနေလျှင် သေချာပေါက် ရှာတွေ့ခံရမည် မဟုတ်ပါလား။
ကောင်းကင်ကြယ်စုဘုံ၏ စွမ်းအားအကြီးဆုံး ထိပ်တန်းတမလွန်ဘုံဘုရင်မှာ မင်ယဖြစ်သည်။ ယခု သူ ဒေါသထွက်နေသည်။ လူသားများနှင့် မိစ္ဆာများက ကောင်းကင်ဝိညာဉ်ဘုံထဲ ခိုးဝင်ခဲ့သည်လော။ ကောင်းကင်ဝိညာဉ်မြို့ကို ဖျက်ဆီးကာ တမလွန်ဘုံမျိုးနွယ်ဝင် သန်းဆယ်ချီကို သတ်သွားခြင်းမှာ ကိစ္စမရှိပါ။ သို့သော် မင်လူနှင့် တော်ဝင်မိသားစုဝင်များကိုပါ သတ်သွားခြင်းမှာမူ ကိစ္စကြီး ဖြစ်ပေသည်။
ထိုအဖြစ်မှာ မည်မျှ အရှက်ရဖွယ်ကောင်းသနည်း။
မင်ယသည် ရှေ့တန်းကို တာဝန်ယူရသော ခေါင်းဆောင်ဖြစ်သည်။ ထိုအဖြစ်က သူ့ စောင့်ကြပ်မှုအောက်မှာပင် ဖြစ်သွားခြင်းပင်။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ သူ ဤကိစ္စကို တမလွန်ဘုံဧကရာဇ်အား မည်သို့ ရှင်းပြရမည်နည်း။ ထိုအခါကျလျှင် အခြားထိပ်တန်းတမလွန်ဘုံဘုရင် ကိုးပါးက သူ့ကို သေချာပေါက် လှောင်ပြောင်ကြပေလိမ့်မည်။
မင်ယသည် ကောင်းကင်ဝိညာဉ်ဘုံနှင့် ကောင်းကင်ကြယ်စုဘုံရှိ တော်ဝင်မိသားစုဝင်အားလုံးနှင့် တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ထိုလူသားများနှင့် မိစ္ဆာများကို လိုက်ရှာရန် အမိန့်ပေးထားသည်။ သူတို့ ထိုလူသားများနှင့် မိစ္ဆာများကို အရှင်ဖမ်းကာ တမလွန်ဘုံရုပ်သေးရုပ်များ ဖြစ်သွားအောင် လုပ်ရပေမည်။
ကောင်းကင်ကြယ်စုဘုံမှ တမန်တော်အနည်းငယ်က တမလွန်ဘုံအစီအရင်ကို သုံး၍ ကမ္ဘာဦးကောင်းကင်ဘုံအနီးရှိ ဆန်းကြယ်နယ်မြေများသို့လည်း သွားကာ ကျန်းရီတို့ကို ရှာခိုင်းသော အမိန့်ကို ပြန်ကြားလိုက်ကြသည်။
ကမ္ဘာဦးကောင်းကင်ဘုံတွင် တမလွန်ဘုံစစ်တပ်များစွာက လူသားမျိုးနွယ်နှင် စစ်ဖြစ်နေ၏။ ၎င်းတို့သည် ကမ္ဘာဦးကောင်းကင်ဘုံ အနီးရှိ သောင်းချီသော ဆန်းကြယ်နယ်မြေများကို တိုက်ခိုက်နေကြသည်။ ထိုစစ်တပ်များမှာ မင်ယိ၏ အမိန့်ကို လက်ခံရရှိပြီးနောက် ချက်ချင်း တပ်များပြန်စု၍ နေရာအနှံ့တွင် ပိုက်စိပ်တိုက် လိုက်ရှာကြလေသည်။
ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံသို့ ပြန်မသွား၍သာ တော်သေးသည်။ မဟုတ်လျှင် သူ ကမ္ဘာဦးကောင်းကင်ဘုံသို့ပင် ပြန်မရောက်ခင် တမလွန်ဘုံစစ်တပ်များ၏လက်ထဲ သက်ဆင်းရပေလိမ့်မည်။
တမလွန်ဘုံမျိုးနွယ်၏ ထူးဆန်းသော လုပ်ရပ်များကြောင်း လူသားမျိုးနွယ်မှာ နားမလည်နိုင်ဖြစ်သွားသလို ကြောက်လည်း ကြောက်ရွံ့သွားကြသည်။ တမလွန်ဘုံစစ်တပ်များသည် တိုက်ခိုက်နေကြရင် ရုတ်ခြည်း ပြန်ဆုတ်၍ တပ်ပြန်စုနေကြသည်။ အနောက်တွင် တမလွန်ဘုံမျိုးနွယ်ဝင်အချို့သာ ကျန်ခဲ့သည်။ ယင်းက ထောင်ချောက်တစ်ခုလော။ သို့မဟုတ် တမလွန်ဘုံဧကရာဇ် ထွက်ပေါ်လာ၍ တမလွန်ဘုံမျိုးနွယ်ဝင်များက အရိုအသေပေးရန် ပြန်ဆုတ်သွားကြခြင်းလော။
တောက်နူနှင့် အခြားသူများသည် အပြန်အလှန်ဆက်သွယ်၍ အခြေအနေကို ဆွေးနွေးလိုက်ကြ၏။ နောက်ဆုံးတွင် သူတို့သည် တပ်သားများစေလွှတ်၍ တမလွန်ဘုံမျိုးနွယ်ဝင်အချို့ကို ဖမ်းစေပြီး ၎င်းတို့၏ စိတ်ဝိညာဉ်များကို ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။ တမလွန်ဘုံမျိုးနွယ်က အဘယ်ကြောင့် ထူးထူးဆန်းဆန်း ပြုမူနေကြောင်းကို မသိရလျှင် သူတို့ ညအိပ်ပျော်လိမ့်မည် မဟုတ်ချေ။
အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များကို ဖမ်း၍ ၎င်းတို့၏ စိတ်ဝိညာဉ်များကို ရှာဖွေရန်မှာ အလွန်လွယ်ကူသည်။ ထို့ကြောင့် အကြောင်းကို မကြာခင်မှာပင် သိလိုက်ကြရသည်။ တမလွန်ဘုံစစ်တပ်များ ပြန်ဆုတ်သွားခြင်းမှာ ကိစ္စကြီးတစ်ခုကြောင့်ဖြစ်သည်။ ထိုကိစ္စကို တမလွန်ဘုံမျိုးနွယ်ဝင်များစွာက သိထားကြသည်။
ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများစွာက ကောင်းကင်ဝိညာဉ်ဘုံထဲ ခိုးဝင်၍ တမလွန်ဘုံမျိုးနွယ်ဝင်များစွာကို သတ်ဖြတ်သွားသည်။ သူတို့သည် ဘုံအရှင် မင်လူကိုပင် သတ်သွားကြသေးသည်။
ထိုသတင်းသည် ကောင်းကင်ဘုံတွင် တောမီးလောင်သကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။ ထိုသတင်းမှာ အလွန်ကြီးကျယ်ရာ တောက်နူတို့ ဖုံးဖိထားလိုလျှင်ပင် ဖုံးဖိထားနိုင်မည် မဟုတ်ပေ။
တမလွန်ဘုံမျိုးနွယ်၏ အမြင်တွင် လူသားများနှင့် မိစ္ဆာများမှာ အတူတူသာ ဖြစ်သည်။ သူတို့သည် ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများက မည်သူများဖြစ်ကြောင်း မသိကြပေ။ လက်ရှိတွင် ထိုသိုင်းသမားများသည် မရေမတွက်နိုင်သော တမလွန်ဘုံမျိုးနွယ်ဝင်များ၏ လိုက်ရှာမှုကို ခံနေရသည်။ သူတို့ အချိန်မရွေး သေဆုံးသွားနိုင်ပေသည်။
သို့ပင်လျှင် ကမ္ဘာဦးကောင်းကင်ဘုံမှ လူသားများသည် အလွန်စိတ်လှုပ်ရှားနေကြသေး၏။ ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများက တမလွန်ဘုံမျိုးနွယ် ထိန်းချုပ်ထားသော ဘုံတစ်ခုထဲသို့ပင် ဝင်၍ တိုက်ခိုက်ဝံ့သည်လော။ သူတို့က မြို့တစ်မြို့ကိုသာ ဖျက်ဆီးနိုင်ခဲ့သော်လည်း ယင်းသည်ပင် ဘုံတစ်ခုလုံးနှင့် သန်းထောင်ချီသော တမလွန်ဘုံမျိုးနွယ်ဝင်များကို ဖျက်ဆီးခဲ့သလို ကြီးကျယ်နေပြီဖြစ်သည်။
လက်ရှိတွင် တမလွန်ဘုံဧကရာဇ် ပြန်ထွက်ပေါ်လာတော့မည်ဖြစ်၍ လူသားမျိုးနွယ်သည် အသက်မရှူနိုင်လောက်အောင်ပင် ရင်ထဲမွန်းကြပ်နေကြသည်။ မရေမတွက်နိုင်သော လူများသည် အမြဲ စိုးတထိတ်ထိတ်နှင့် ရှိနေရသည်။ ယခု ထိုသတင်းပျံ့နှံ့လာသောအခါ ရေနစ်ချိန်တွင် ကောက်ရိုးတစ်မျှင်တွေ့လိုက်ရသလို အားလုံး စိတ်လှုပ်ရှားပျော်ရွှင်သွားကြပေသည်။
လူများစွာသည် ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများက မည်သူများ ဖြစ်ကြောင်းကို သိလိုနေကြ၏။ ကမ္ဘာဦးကောင်းကင်ဘုံမှ စွမ်းအားကြီး သိုင်းသမားများက မလှုပ်ရှားရသေးကြောင်းကိုမူ သူတို့ သိသည်။ မဟာဧကရာဇ်လေးပါးနှင့် မျိုးနွယ်အသီးသီး၏ မျိုးနွယ်ခေါင်းဆောင်များမှာ ဘုံထဲမှာပင် ရှိနေခဲ့ကြသည်။ သို့ဖြစ်ရာ ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများက မည်သူများနည်း။ မင်လူနှင့် သန်းချီသော တမလွန်ဘုံမျိုးနွယ်ဝင်များကို သတ်ပြီးနောက်တွင်ပင် လွတ်မြောက်သွားနိုင်သူများမှာ သာမန်လူများတော့ မဟုတ်နိုင်ပေ။
လူအချို့သည် ကျန်းရီကို တွေးမိကြသည်။ ဖမ်းမိသည့် တမလွန်ဘုံမျိုးနွယ်ဝင်အချို့မှ သိရသည်များအရ ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများထဲတွင် မိစ္ဆာများလည်း ပါပုံရသည်။ လူသားမျိုးနွယ်ထဲတွင် မိစ္ဆာမျိုးနွယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် စွမ်းအားကြီး သိုင်းသမားဟူ၍ ကျန်းရီသာရှိသည် မဟုတ်လော။
ဟယ်နုန်ယင်းကလည်း ချီလင်းဧကရီတောင်ထွတ်သို့ ပြန်၍ ချီလင်းဧကရီနှင့် တွေ့ဆုံးခဲ့၏။ ထို့နောက် သူမသည် မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားများနှင့် သူမ၏စစ်တပ်ကို ဦးဆောင်ကာ အာကာသထဲ ထွက်သွားလိုက်သည်။ သူမ စစ်တပ်ကို အနောက်ဘက်သို့ ဦးတည်သွားစေလိုက်ပြီး တမလွန်ဘုံစစ်တပ်များနှင့် တိုက်ခိုက်ရန်လည်း အသင့်ပြင်ထားလိုက်ပေသည်။
‘တကယ်ပဲ ကျန်းရီ ဖြစ်နေမလား’
ဟယ်နုန်ယင်း၏ ထူးဆန်းသော လုပ်ရပ်ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွား၏။ ဟယ်နုန်ယင်းက ထို ဆန်းကြယ်သော စွမ်းအားကြီး သိုင်းသမားများကို သွားကယ်ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုသိုင်းသမားများက သာမန်လူများဆိုလျှင် အဘယ်ကြောင့် သူမကိုယ်တိုင် သွားရပါမည်နည်း။
ရူးသွပ်မဟာဧကရာဇ်စစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်နှင့် မိုးပြာမဟာဧကရာဇ်စစ်တပ်တို့လည်း လျင်မြန်စွာ လှုပ်ရှားလိုက်ကြ၏။ သို့သော် ထိုစစ်တပ်များက ကျန်းရီ ကယ်ရန်သွားခြင်းလော၊ သတ်ရန်သွားခြင်းလောကို မည်သူမှ မသိကြပေ။ မည်သို့ပင်ဖြစ်စေ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခုလုံးမှာ လှုပ်လှုပ်ရှားရှား ရှိနေပြီဖြစ်သည်။
***
ကျန်းရီသည် ကောင်းကင်ဝိညာဉ်ဘုံ အနောက်တောင်ဘက်ရှိ ဆန်းကြယ်နယ်မြေအသေးလေးတစ်ခုထဲတွင် ပုန်းအောင်းနေသည်။ နေ့တစ်ဝက်လျှင်တစ်ကြိမ် တမလွန်ဘုံတပ်ဖွဲ့ငယ်လေးများက လာရောက်စစ်ဆေးကြသည်။ သို့သော် မည်သည့်တပ်ဖွဲ့ကမှ ဆန်းကြယ်နယ်မြေထဲ ဝင်မလာဝံ့ပေ။ ၎င်းတို့သည် ၎င်းတို့၏ တမလွန်ဘုံအရှိန်အဝါများကို သုံး၍သာ ဆန်းကြယ်နယ်မြေကို အဝေးမှ လှမ်းအာရုံခံကြသည်။ ထို့ပြင် ဆန်းကြယ်နယ်မြေထဲ၌ လူသားအရှိန်အဝါများ မရှိကြောင်း အတည်ပြုပြီးသည်နှင့် ချက်ချင်း ပြန်ထွက်သွားကြပေသည်။
ထိုဆန်းကြယ်နယ်မြေ ပတ်ပတ်လည်တွင် အာကာသဝဲကတော့များစွာ ရှိနေသည်။ အကယ်၍ သာမန် တမလွန်ဘုံမျိုးနွယ်ဝင်များသာ ထိုဝဲကတော့များကို ဖြတ်ကျော်မည်ဆိုလျှင် သေချာပေါက် ဝဲကတော့များထဲ စုပ်ယူခံလိုက်ရမည်ဖြစ်သည်။ ယခုတွင် ကျန်းရီက အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ် ရုပ်ဖျက်ထားရာ အပြင်မှ တပ်ဖွဲ့များသည် သူ့ကို အာရုံခံနိုင်မိလျှင်ပင် အရေးစိုက်ကြမည် မဟုတ်ပေ။
‘အင်း... မဆိုးဘူး’
တမလွန်ဘုံတပ်ဖွဲ့ငယ်တစ်ဖွဲ့ ပြန်ထွက်သွားသောအခါ ကျန်းရီ စိတ်အေးလက်အေး ဖြစ်သွား၏။ တမလွန်ဘုံမျိုးနွယ်ဝင်များက ဆန်းကြယ်နယ်မြေထဲ ဝင်မလာဝံ့သေးသ၍ သူ လုံခြုံနေမည်ဖြစ်သည်။ ဆန်းကြယ်နယ်မြေထဲရှိ မည်သည့် တမလွန်ဘုံမျိုးနွယ်ဝင်ကိုမျ မသတ်ခဲ့မိသည့်အတွက်လည်း သူ ဝမ်းသာနေသည်။ မဟုတ်လျှင် သူ့အကြောင်း ပေါ်သွားနိုင်ပေသည်။
“ဝမ်းသာမစောနဲ့ဦး”
ရုတ်တရက် ချီဟုန်၏အသံ ထွက်ပေါ်လာ၏။
“မင်း ဒီနေရာကနေ ချက်ချင်း ထွက်သွားတာ ကောင်းလိမ့်မယ်။ ငါ တမလွန်ဘုံ တော်ဝင်မိသားစုဝင်တချို့ ပြောနေတဲ့ စကားတွေကို ကြားလိုက်တယ်။ သူတို့က အနီးနားမှာရှိတဲ့ ဆန်းကြယ်နယ်မြေတွေ အကုန်လုံးကို ဝင်ရှာပြီးပြီတဲ့။ ဝင်မရှာရသေးတာဆိုလို့ ဒီဆန်းကြယ်နယ်မြေပဲ ကျန်တော့တယ်လို့ ပြောတယ်။ အခုလည်း သူတို့က ဒီဆန်းကြယ်နယ်မြေထဲကို ဝင်ရှာဖို့ တမလွန်ဘုံဘုရင်တစ်ပါးကို သွားခေါ်ကြတာ။ အဲ့တမလွန်ဘုံဘုရင် ဝင်လာတာနဲ့ မင်းအကြောင်း ပေါ်သွားလိမ့်မယ်’
“ဗျာ...”
ကျန်းရီ၏ မျက်ဝန်းများ အေးစက်သွားသည်။ သူ ပုန်းစရာနေရာတစ်ခု ရှာတွေ့ရုံသာ ရှိသေးသည် ဆက်ပြေးရတော့မည်လော။ သူ ညည်းညူ၍ ထရပ်လိုက်၏။ တမလွန်ဘုံဘုရင်တစ်ပါး ရောက်လာတော့မည်ဖြစ်ရာ သူ ဤဆန်းကြယ်နယ်မြေထဲတွင် ဆက်နေ၍ မဖြစ်တော့ပေ။ ထို့ပြင် ဤနယ်မြေထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်များလည်း ဆက်နေခွင့်မရှိတော့ချေ။ ၎င်းတို့က သူနှင့် ရီယွင်တို့ ရောက်လာခဲ့သည်ကို သိထားသည် မဟုတ်ပါလား။
ရွှီး...
ကျန်းရီ ရီယွင်ကို အပြင်ထုတ်၍ ပြောလိုက်၏။
“ရီယွင်... ဒီမှာရှိတဲ့ တမလွန်ဘုံမျိုးနွယ်ဝင်တွေ အကုန်လုံးကို စုဝေးခိုင်းလိုက်”
ယခုတွင် ရီယွင်သည် ကျန်းရီထံတွင် စိတ်ရင်းနှင့် လက်အောက်ခံထားပြီဖြစ်သည်။ ထို့ကြောင့် သူမ ကျန်းရီ၏အမိန့်များကို မနာခံဘဲ မနေဝံ့ပေ။ သူမ ချက်ချင်း အပြင်သို့ ပျံသန်းသွားလိုက်ပြီး ဆန်းကြယ်နယ်မြေထဲရှိ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို စုစည်းလိုက်ပေသည်။
ဤဆန်းကြယ်နယ်မြေက အလွန်သေး၏။ ထို့ကြောင့် တမလွန်ဘုံမျိုးနွယ်ဝင်များ များစွာ မရှိပေ။ ၎င်းတို့က အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များလည်း ဖြစ်ပြီး အရေအတွက် တစ်သောင်းလောက်သာ ရှိသည်။ ယခုတွင် ၎င်းတို့အားလုံး ကျန်းရီ၏ ဂူအပြင်တွင် စုဝေးနေကြပေသည်။
ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်၏။ သူ ၎င်းတို့အကုန်လုံးကို အပြင်ဘက်တွင် သတ်၍မဖြစ်ပေ။ ထို့ကြောင့် သူ ရီယွင်ကို ပြန်ထည့်လိုက်ပြီး ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်သည်။ ထျန်းဖုန့်ဧကရာဇ်က သူ၏ ဧကရာဇ်အဆင့် အရှိန်အဝါကိုသုံး၍ တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို ဖိနှိပ်လိုက်၏။ ထိုအခါမှ ကျန်းရီသည် ၎င်းတို့ကို ဆောင်းဥတုပုလဲထဲထည့်ကာ တစ်ကောင်ချင်း သတ်ပစ်လိုက်လေသည်။
တမလွန်ဘုံမျိုးနွယ်ဝင်အားလုံးကို သတ်ပြီးနောက် ကျန်းရီ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ ပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်၏။ ဆန်းကြယ်နယ်မြေထဲတွင် တမလွန်ဘုံမျိုးနွယ်ဝင် တစ်ကောင်မှ မကျန်တော့ကြောင်း အတည်ပြုပြီးမှ သူ ထျန်းဖုန့်ဧကရာဇ်ကိုခေါ်ကာ ဆန်းကြယ်နယ်မြေအပြင်သို့ ထွက်လိုက်သည်။
အာကာသဝဲကတော့များကို ဖြတ်ကျော်ပြီးနောက် ကျန်းရီ၏စိတ်ထဲတွင် ချီဟုန်၏အသံ ထပ်မံထွက်ပေါ်လာသည်။
“ဒီကနေ မြောက်ဘက် ကီလိုမီတာငါးထောင်အကွာမှာ တမလွန်ဘုံစစ်တပ်တစ်တပ် ရှိနေတယ်။ တော်ဝင်မိသားစုတွေတော့ မပါဘူး။ မြန်မြန် အဲ့စစ်တပ်ထဲ ဝင်ရောလိုက်”
ဝှစ်...
ကျန်းရီသည် ထျန်းဖုန့်ဧကရာဇ်ကို ဆောင်းဥတုပုလဲထဲ ပြန်ထည့်၍ မြောက်ဘက်သို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ့ကိုယ်သူ သာမန် တမလွန်ဘုံမျိုးနွယ်ဝင်တစ်ယောက်အဖြစ်လည်း ပြောင်းလဲလိုက်သည်။ သူ ထိုတမလွန်ဘုံစစ်တပ်အနီးသို့ ရောက်သောအခါ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်လိုက်၏။ ထို့နောက် သူ ရုပ်ထပ်မံပြောင်းသွားပြီး မျက်နှာစိမ်းအစွမ်းသားရဲတစ်ကောင် ဖြစ်သွားလေသည်။
ဝှစ်...
ကျန်းရီသည် ပြီးခဲ့သော အခေါက်တွင် မိစ္ဆာညှို့ဓာတ်သားရဲတစ်ကောင်အဖြစ် တမလွန်ဘုံစစ်တပ်ထဲ ရောဝင်ခဲ့သည်။ သူသည် အတွေ့အကြုံရှိပြီးဖြစ်၍ ဤတစ်ခေါက်တွင် စစ်တပ်ထဲ အလွယ်တကူ ဝင်ရောက်နိုင်လိုက်သည်။ ထို အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များက ဉာဏ်ရည်လည်း နိမ့်ကျသည်။ ထို့ကြောင့် မျိုးနွယ်ဝင်တစ်ကောင် တိုးလာသည့်အပေါ် သံသယဖြစ်ခြင်းမျိုး မရှိကြပေ။
ကျန်းရီသည် မျက်နှာစိမ်းအစွယ်သားရဲတပ်နှင့် အတူ တောင်ဘက်သို့ ပျံသန်းနေရသည်။ သူ စိတ်ဓာတ်ကျလွန်းသဖြင့် သွေးအန်မလိုပင် ဖြစ်နေပေသည်။
လေးနာရီကြာပြီးနောက် တမလွန်ဘုံ တော်ဝင်မိသားစုဝင် ဆယ်ယောက်ကျော်ပါသည့် တမလွန်ဘုံစစ်တပ်နှစ်တပ် ပျံသန်းလာ၏။ တော်ဝင်မိသားစုဝင်တစ်ယောက်က မျက်နှာစိမ်းအစွယ်သားရဲတပ်ကို သူတို့နောက်မှ လိုက်ခဲ့ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် သူသည် စစ်တပ်များကို ဦးဆောင်ကာ အနောက်မြောက်ဘက်သို့ ပျံသန်းသွားလေသည်။
‘အနောက်မြောက်ဘက်က ကောင်းကင်ကြယ်စုဘုံ ရှိတဲ့ဘက် မဟုတ်လား။ အဲ့ တော်ဝင်မိသားစုဝင်တွေက ကောင်းကင်ကြယ်စုဘုံကို သွားကြမှာလား’
ကျန်းရီ ခေါင်းကိုက်လာသည်။ တော်ဝင်မိသားစုဝင်များက ဦးဆောင်နေလျှင် သူ စစ်တပ်ထဲမှ ခိုးထွက်မသွားဝံ့ပေ။ မဟုတ်လျှင် သူ့အကြောင်း ချက်ချင်း ပေါ်သွားပေလိမ့်မည်။ သို့ဖြစ်၍ သူ ရွေးချယ်စရာ မရှိတော့ဘဲ စစ်တပ်နှင့်အတူ မသိနိုင်သောဦးတည်ရာသို့ လိုက်သွားလိုက်ရလေတော့သည်။
***