မီးအရင်းအမြစ်
Vol. 134 Ch. 1873
မျှော်လင့်ထားသကဲ့သို့ပင် ထို တော်ဝင်မိသားစုဝင်များက ဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲနေသည့် တပ်ဖွဲ့များကို ပြန်စုစည်းလိုနေခြင်းဖြစ်သည်။ ထိုသို့ တပ်ပြန့်နေလျှင် သူတို့ရှာနေသူများက အလွယ်တကူ လွတ်ထွက်သွားနိုင်ပေသည်။
တမလွန်ဘုံမှ အကြီးအကဲများသည် ထိုလူသားများနှင့် မိစ္ဆာများက ကောင်းကင်ဝိညာဉ်ဘုံထဲ ခိုးဝင်လာနိုင်ခဲ့သည်ကို ကြည့်၍ သင်ခန်းစာ ရသွားပြီဖြစ်သည်။ ထိုလူသားများနှင့် မိစ္ဆာများက ရုပ်ဖျက်ရာတွင် အလွန်တော်ကြသည်။ ထို့ကြောင့် ပရမ်းပတာ လိုက်ရှာနေလျှင် ထိုသူများကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။
မင်ယနှင့် အခြား တမလွန်ဘုံဘုရင်ငါးပါးတို့သည် ကမ္ဘာဦးကောင်းကင်ဘုံအနီးထိသွား၍ လိုက်ရှာခဲ့သည်။ သူတို့ ငါးရက်၊ ခြောက်ရက်ကြာအောင် ရှာဖွေခဲ့ကြသည်။ သို့သော် မည်သည်ကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူတို့သည် တော်ဝင်မိသားစုဝင်များကို လှမ်းဆက်သွယ်ကာ ကောင်းကင်ဝိညာဉ်ဘုံတစ်ဝိုက်တွင် သေသေချာချာ ပြန်ရှာရန်နှင့် ရှာသည့်ဧရိယာကို တိုးချဲ့ရန် အမိန့်ပေးလိုက်ကြသည်။
တော်ဝင်မိသားစုဝင်များသည် အတော်ကြာအောင် ဒေါသူပုန်ထခဲ့ကြပြီးနောက် ပြန်လည် စိတ်တည်ငြိမ်လာကြပြီဖြစ်သည်။ လက်ရှိ ဟင်းလင်းပြင်ထဲတွင် တကွဲတပြား လိုက်ရှာနေကြသော အဆင့်နိမ့် တမလွန်ဘုံမျိုးနွယ်ဝင်များက ဉာဏ်ရည်နိမ့်ကျသည်။ သို့ဖြစ်ရာ ၎င်းတို့က ထိုရုပ်ဖျက်တော်သော လူသားများနှင့် မိစ္ဆာများကို မည်သို့ ရှာတွေ့နိုင်ပါမည်နည်း။ ထို့ကြောင့် တော်ဝင်မိသားစုဝင်များက ပြန့်ကျဲနေကြသည့် တပ်ဖွဲ့များကို ပြန်စုစည်းနေခြင်း ဖြစ်ပေသည်။
ကျန်းရီသည် စစ်တပ်နှင့်အတူ လိုက်သွားနေသည်။ သူတို့ အရှေ့ရောက်လာလေလေ၊ တမလွန်ဘုံတပ်ဖွဲ့များက ပိုများလာလေလေပင်။ ယခု တပ်ဖွဲ့ပေါင်း ဒါဇင်ကျော်ကို စုစည်းပြီးနေပြီဖြစ်သည်။ တမလွန်ဘုံမျိုးနွယ်ဝင် အရေအတွက်ကလည်း ဆယ်သန်းလောက် ရှိနေပေပြီ။ ထိုစစ်တပ်ကြီးကို တော်ဝင်မိသားစုဝင် အယောက်ထောင်ကျော်က ဦးဆောင်နေသည်။ အခြားတော်ဝင်မိသားစုဝင်အုပ်စုများမှာလည်း မကြာ မကြာဆိုသလို ဘေးမှ ဖြတ်ပျံသွားကြသည်။ ထို့ကြောင့် ကျန်းရီ မလှုပ်ရှားဝံ့ဘဲ စစ်တပ်နှင့်အတူသာ ဆက်ပျံသန်းနေရပေသည်။
ကောင်းကင်ကြယ်စုဘုံက ကောင်းကင်ဝိညာဉ်ဘုံနှင့် သိပ်မဝေးချေ။ ခုနစ်ရက်ကျော် ရှစ်ရက် ပျံသန်းပြီးနောက် ကျန်းရီသည် သူတို့က ကောင်းကင်ကြယ်စုဘုံသို့ ရောက်ပြီဖြစ်ကြောင်း သိလိုက်လေသည်။
ကျန်းရီသည် သွေးအန်ချင်လောက်အောင် စိတ်ဓာတ်ကျနေ၏။ သူက ဝံပုလွေသိုက်မှ ထွက်ပြေးကာ ကျားသိုက်ထဲ ဝင်မိခြင်းပင်။ ထိုဘုံထဲ ဝင်သွားပြီးပြီးချင်း သူက မည်သူဖြစ်ကြောင်း ပေါ်မသွားလောက်သည်လည်း ဝင်ပြီးလျှင် သေချာပေါက် အလွယ်တကူ ပြန်ထွက်နိုင်လိမ့်မည် မဟုတ်ပေ။ မင်ယတို့ ပြန်ရောက်လာလျှင်မူ ထွက်ပြေးရန် ပိုပင် ခက်သွားပေလိမ့်မည်။ သူက ကောင်းကင်ကြယ်စုဘုံထဲတွင် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာလောက် ပုန်းအောင်းနေရတော့မည်လော။
‘မဖြစ်ဘူး... ဝင်သွားလို့ မဖြစ်ဘူး’
ကျန်းရီ အံကြိတ်လိုက်သည်။ သူ ကောင်းကင်ဝိညာဉ်ဘုံထဲတွင် နေခဲ့ရသည့် အချိန်များအတွင်း ငရဲတွင် ဒုက္ခခံနေခဲ့ရသလို ခံစားခဲ့ရသည်။ ယခု သူ ကောင်းကင်ကြယ်စုဘုံထဲသို့ ဝင်ရမည်လော။ သို့ဆိုလျှင် သူ သေသည်ထက် ပိုခံစားရလိမ့်မည် မဟုတ်လော။
ကျန်းရီသည် စိတ်ပိုင်းဖြတ်ပြီးနောက် စစ်တပ်ထဲမှ ခိုးထွက်ရန် ဟန်ပြင်လိုက်၏။ သူ့ကို အဝေးသို့ ဆွဲခေါ်သွားခိုင်းရန် သူ ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုနေသည်။ သူ လွတ်မြောက်နိုင်၊ မလွတ်မြောက်နိုင်မှာတော့ ကောင်းကင်၏ အလိုအပေါ်တွင် မူတည်ပေလိမ့်မည်။
“မလောနဲ့။ အခု မင်းအကြောင်းပေါ်သွားရင် မင်း ဟင်းလင်းပြင်ထဲမှာပဲ လျှောက်ပတ်ပြေးနေရလိမ့်မယ်။ တမလွန်ဘုံမျိုးနွယ်ဝင်တွေက နေရာအနှံ့မှာ ရှိနေတာ.. မင်း လွတ်မှာ မဟုတ်ဘူး။ ပြီးတော့ မင်းနေရာကို အတိအကျသိရရင် တမလွန်ဘုံဘုရင်တွေလည်း ရောက်လာကြလိမ့်မယ်။ အဲ့အခါကျ ဝူမင် ပြန်မွေးဖွားလာရင်ကလွဲလို့ မင်းကို ဘယ်သူမှ ကယ်နိုင်တော့မှာ မဟုတ်ဘူး”
ကျန်းရီ၏ အတွေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွား၏။ သူသည် ချီဟုန်ကို ယုံကြည်သဖြင့် အလျင်စလို မလုပ်သေးဘဲ စစ်တပ်နှင့်အတူသာ ကောင်းကင်ကြယ်စုဘုံထဲ လိုက်သွားရန် ဆုံးဖြတ်လိုက်လေတော့သည်။
ဤတစ်ခေါက်ကလည်း ယခင်တစ်ခေါက်ကနှင့် အတူတူပင်။ ထူးခြားသော တမလွန်ဘုံမျိုးနွယ်ဝင် တစ်ကောင်က ကမ္ဘာဦးဝိညာဉ်အခိုးအငွေ့များကို ထိုးဖောက်၍ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်။ စစ်တပ်က ကောင်းကင်ကြယ်စုဘုံထဲ ဝင်ပြီးနောက် မျိုးနွယ်အသီးသီးမှ ခေါင်းဆောင်များသည် ၎င်းတို့၏မျိုးနွယ်ဝင်များကို ခေါ်ကာ ၎င်းတို့၏ ပိုင်နက်များသို့ ပျံသန်းသွားလိုက်ကြလေသည်။
ကျန်းရီ ဟန်ဆောင်ထားသော မျက်နှာစိမ်းအစွယ်သားရဲမျိုးနွယ်၏ ပိုက်နက်က အတော်လေး ဝေးပုံပေါ်၏။ သူတို့ အနောက်ဘက်သို့ တစ်ရက်ကျော် မရပ်မနား ပျံသန်းနေသည်။ အောက်ဘက်မှ မြေပြင်ပေါ်တွင် တမလွန်ဘုံမျိုးနွယ်ဝင် မျိုးစုံကို တွေ့ရသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ မြေအရောင်မှာမူ ညိုညစ်ညစ်အရောင်ဖြစ်သည်။ ပေါင်းပင်များနှင့် သစ်ပင်များမှာ တမလွန်ဘုံအရှိန်အဝါအောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသဖြင့် ခြောက်ကပ်နေကြသည်။ မျက်စိတစ်ဆုံးအထိ မည်သည့် သက်ရှိလက္ခဏာနှင့် မျှော်လင့်ချက်ကိုမှ မတွေ့ရပေ။ ဤမြေတွင် မပြောင်းလဲသော သေခြင်းတရားစွမ်းအင်သာ ရှိနေလေသည်။
“ဟူး...”
ကျန်းရီသည် အလွန်စိတ်ဓာတ်ခိုင်မာသူတစ်ယောက် ဖြစ်သော်လည်း တစ်ရက်ကျော် ပျံသန်းပြီးနောက် အလွန်စိတ်ဓာတ်ကျလာ၏။
မိမိ၏အမျိုးအနွယ်တစ်ယောက်ကိုမှ မမြင်ရသော သူစိမ်းမြေတွင် ရှိနေရခြင်း၊ အနာဂတ်က ဝေဝါးနေခြင်း၊ အချိန်မရွေး သေသွားနိုင်ခြင်း...
ကျန်းရီနေရာတွင် အခြားသူတစ်ယောက်သာ ဖြစ်ပါက ရူးသွားလောက်ပေပြီ။
“အာ...”
နာရီအနည်းငယ် ဆက်ပျံသန်းပြီးနောက် ကျန်းရီသည် ကောင်းကင်ထြတွင် အနီရောင်အလင်းပြင်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ သူ အားနည်းနေသော မျက်ခွံများကို မ၍ ၎င်းကို တစ်ခဏမျှ ကြည့်လိုက်၏။ ထိုအနီရောင်အလင်းပြင်က အလွန်တောက်ပပြီး ကောင်းကင်တစ်ခြမ်းကို နီရဲနေစေသည်။ အောက်ဘက်မှ တောင်တန်းများက မီးလောင်နေခြင်းလော။
ကျန်းရီသည် မျက်နှာစိမ်းအစွယ်သားရဲအုပ်စုက အံ့ဩဟန်မပြကြောင်း သတိပြုမိလိုက်၏။ ၎င်းတို့ ဘယ်ဘက်သို့ ကွေ့သွားကြသည်။ ကြည့်ရသည်မှာ ၎င်းတို့က မြေပြင်ပေါ် ဆင်းသက်ရန် ဟန်ပြင်နေကြပုံပင်။
“ကျွတ်ကျွတ်.. ကောင်လေး မင်းကံက အံ့မခန်းပဲ”
ချီဟုန်၏ စိတ်လှုပ်ရှားနေသောအသံ ထွက်ပေါ်လာသည်။ ကျန်းရီ ရင်ခုန်မြန်သွား၏။ သူ အင်္ကျီလက်ထဲရှိ မီးဝိညာဉ်ပုလဲကို အာရုံစိုက်ကာ အသံပို့လွှတ်၍ မေးလိုက်သည်။
“ဘာဖြစ်လို့ပါလဲ”
“ဒီမှာ မီးအရင်းအမြစ်တစ်ခု ရှိနေပုံပဲ”
ချီဟုန်က မယုံနိုင်သော လေသံနှင့် အသံပို့လွှတ်လိုက်သည်။
“ဟိုက တောင်ကြားထဲမှာ မီးအရင်းအမြစ်တစ်ခု ရှိနေတယ်။ အဲ့ကမီးတောက်တွေကလည်း လောကထဲမှာရှိတဲ့ ကြောက်စရာအကောင်းဆုံး မီးတောက်တွေပဲ။ တမလွန်ဘုံဧကရာဇ်ကလွဲပြီး တခြားဘယ်တမလွန်ဘုံမျိုးနွယ်ဝင်ကမှ အဲ့နားကို မသွားရဲကြဘူး။ မင်းကတော့ မီးဝိညာဉ်ပုလဲရှိလို့ အဲ့မီးအရင်းအမြစ်က မင်းကို လောင်ကျွမ်းနိုင်မှာ မဟုတ်ဘူး။ မင်း အဲ့ကိုသွားပြီး အေးအေးချမ်းချမ်း ကျင့်ကြံနေလို့ရတယ်”
“မီးအရင်းအမြစ်လား”
ကျန်းရီသည် နတ်ဆိုးချောက်နက် အောက်ခြေရှိ မီးပင်လယ်အကြောင်းကို တွေးမိလိုက်၏။ သူ ချောက်နက်ထဲက ထွက်မလာခင်တွင် ထိုမီးတောက်များကို စုဆောင်းလိုခဲ့သည်။ သို့သော် ချီဟုန်က ၎င်းမီးတောက်များမှာ မီးအရင်းအမြစ်ဖြစ်ပြီး မီးဓာတ် အနှစ်သာရခုနစ်မျိုးကို နားမလည်သေးသ၍ ၎င်းမီးတောက်များကို မစုဆောင်းနိုင်ဟု ဆိုခဲ့သဖြင့် သူ မစုဆောင်းခဲ့ရခြင်းဖြစ်သည်။ ကောင်းကင်ကြယ်စုဘုံထဲတွင် မီးအရင်းအမြစ်တစ်ခု ရှိနေလိမ့်မည်ဟုလည်း သူ မျှော်လင့်မထားခဲ့ပေ။
“အုပ်စုရဲ့နောက်ပိုင်းကို ဖြည်းဖြည်းချင်း သွားလိုက်။ ပြီးရင် ငါ မင်းကို ကာပေးမယ်။ မင်း မီးအရင်းအမြစ်ထဲ ဝင်ပြီးတာနဲ့ လုံခြုံသွားမှာပါ”
ချီဟုန်က စိတ်လှုပ်ရှားစွာ အသံပို့လွှတ်လိုက်သည်။ သူက မီးအရင်းအမြစ်မှ မွေးဖွားလာသည့် သက်ရှိတစ်ယောက်ပင်။ သူ့အတွက် မီးအရင်းအမြစ်မှာ ငါးတစ်ကောင်အတွက် ရေကန်ကဲ့သို့ဖြစ်သည်။ ကျန်းရီလည်း အလွန်စိတ်လှုပ်ရှားနေသည်။ သူ အရှိန်လျှော့ချလိုက်ပြီး အုပ်စု၏ နောက်ပိုင်းသို့ မသိမသာ သွားလိုက်လေသည်။
“သွားကြစို့...”
ချီဟုန်က အမိန့်ပေးလိုက်၏။ ကျန်းရီ အနောက်သို့ ပျံသန်းသွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်က အလင်းဖျော့ဖျော့ လင်းလက်လာကာ လေထဲမှ ပျောက်ကွယ်သွားသည်။ အုပ်စုအနောက်ပိုင်းမှ မျက်နှာစိမ်းအစွယ်သားရဲများက ကျန်းရီကို ထူးထူးဆန်းဆန်း လှမ်းကြည့်လိုက်ကြ၏။ သူတို့၏ မျက်ဝန်းများထဲတွင် သံသယအရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် သူတို့၏ အသိဉာဏ်က အလွန်နိမ့်ရာ ခေတ္တမျှကြည့်ပြီးနောက် ဆက်အရေးမစိုက်ကြတော့ပေ။
ဝှစ်...
ကျန်းရီသည် မျက်နှာစိမ်းအစွမ်သားရဲများက သူ့ကို အရေးစိုက်မနေတော့ကြောင်း အတည်ပြုပြီးမှ အရှိန်တင်ကာ အနီရောင်အလင်းဆီသို့ ပျံသန်းသွားလိုက်သည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် သူ ဧရာမတောင်ကြားကြီးတစ်ခုဆီ ရောက်သွားလေသည်။
ကျန်းရီသည် တောင်ကမ်းပါးစွန်းတစ်ခုတွင် ရပ်ကာ အောက်ဘက်ကို ငုံ့ကြည့်လိုက်၏။ အနီရောင်အလင်းကြောင့် သူ မျက်စိကျိန်သွားသည်။ သူသည် နတ်ဆိုးချောက်နက်အထက်တွင် ရပ်နေရသကဲ့သို့ပင်။ သူ ခေတ္တမျှ တွေးတောပြီးနောက် အောက်သို့ ပျံဆင်းသွားလိုက်လေသည်။
ထိုတောင်ကြားမှာ အလွန်နက်၏။ ကျန်းရီ ပေသိန်းချီ ပျံဆင်းပြီးနောက်တွင်ပင် အောက်ခြေသို့ မရောက်သေးပေ။ သို့သော် လေထုမှာ ပို၍ ပို၍ ပူလာပြီး အတန်ငယ် တွန့်ခေါက်လာသည်။ ဘေးနှစ်ဘက်မှ တောင်နံရံနှစ်ခုကလည်း နီညိုရောင်သန်းနေ၏။ ၎င်းတောင်နံရံများက မြင့်မားသော အပူချိန်ကို အချိန်အကြာကြီး ခံခဲ့ရကြောင်း ထင်ရှားပေသည်။
နောက်ဆုံးတွင် ကျန်းရီသည် မီးပင်လယ်တစ်ခုကို မြင်လိုက်ရပေပြီ။ တောင်ကြားအောက်ခြေတစ်ခုလုံးတွင် မီးတောက်များ ပြည့်နှက်နေသည်။ ထိုမီးတောက်များက နတ်ဆိုးချောက်နက်အောက်ခြေရှိ မီးတောက်များနှင့် တစ်ပုံစံတည်း တူညီပေသည်။ ၎င်းတို့က သာမန်မီးတောက်များနှင့် ကွာခြားပုံ မပေါ်သော်လည်း ၎င်းမီးတောက်များ၏ အလယ်တွင် ပုံသဏ္ဌာန်အကြည်လေးများ ရှိနေသည်။ ထို့ကြောင့် ၎င်းတို့မှာ အလွန်ဆန်းကြယ်သည်ဟု ခံစားရပေသည်။
“ဟုတ်ပြီ...”
မီးဝိညာဉ်ပုလဲက လင်းလက်လာပြီး ပုလဲထဲမှနေ၍ ဧရာမမီးနဂါးကြီးတစ်ကောင် ထွက်လာသည်။ ထိုမီးနဂါးကြီးသည် မီးပင်လယ်ထဲ ပျံဝင်သွားလိုက်သည်။ ထို့နောက် မီးတောက်များကြား၌ ဧရာမမျက်လုံးကြီးတစ်စုံ ထွက်ပေါ်လာပြီး ချီဟုန်၏အသံလည်း ဟိန်းထွက်လာပေသည်။
“ကောင်လေး... မင်း မီးတောက်တွေထဲမှာ ကျင့်ကြံလို့ရတယ်။ ဒီနေရာက တစ်လောကလုံးမှာ အလုံခြုံဆုံးနေရာပဲ”
“ဟုတ်...”
ကျန်းရီသည် လက်တစ်ဘက်တွင် မီးဝိညာဉ်ပုလဲ၊ ကျန်လက်တစ်ဘက်တွင် နတ်ဘုရားသစ်ရွက်ကို ကိုင်၍ မီးတောက်များထဲ ပျံဝင်သွားလိုက်၏။ သူ ထိုင်ရန် နေရာတစ်ခု ရှာလိုပေသည်။ သို့သော် ချီဟုန်က ထပ်မံအသံပို့လွှတ်လိုက်သည်။
“အောက်ခြေအထိ ဆင်းသွားစရာမလိုဘူး။ ဆက်ဆင်းသွားရင် ဘုံအလယ်အူတိုင်အထိ ရောက်သွားလိမ့်မယ်။ မင်း တောင်နံရံတစ်ဘက်မှာ ဂူတစ်လုံး တူးပြီး နေလိုက်ပေါ့”
“ဟုတ်ကဲ့ပါ”
ကျန်းရီ မီးနဂါးဓားကို ထုတ်၍ ဘယ်ဘက်ရှိ တောင်နံရံကို ခပ်ဖွဖွ ခုတ်ကာ ဂူငယ်တစ်လုံး တူးလိုက်သည်။ ပြီးနောက် သူ ဂူထဲဝင်၍ တင်ပျဉ်ခွေထိုင်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်လေသည်။
“အရှင်ချီဟုန်... မီးဝိညာဉ်ပုလဲကို ဘယ်လိုဖန်တီးထားတာလဲ။ ဘာလို့ မီးအရင်းအမြစ်ကတောင် အဲ့ဒါကို မဖျက်ဆီးနိုင်ရတာလဲ”
ချီဟုန်က တစ်ခဏမျှ နှုတ်ဆိတ်နေပြီးမှ ရှင်းပြလိုက်၏။
“အဲ့ပုလဲက ဖန်တီးထားတာ မဟုတ်ဘူး။ မီးအရင်းအမြစ်ကနေ ဖြစ်တည်လာတာ။ အတိတ်တုန်းက ဝူမင်က ငါ့ကို အဲ့ပုလဲသုံးပြီး လှည့်စားခဲ့တာပေါ့...”
“ပုလဲသုံးပြီး လှည့်စားတာလား”
ကျန်းရီ မျက်လုံးပင့်လိုက်သည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် နဂါးနှစ်ကောင်က ပုလဲတစ်လုံးအတွက် တိုက်ခိုက်ခဲ့ကြသည်ဆိုသော ဒဏ္ဍာရီတစ်ခု ရှိ၏။ ထိုနဂါးများက နဂါးပုလဲများနောက် လိုက်ရသည်ကို သဘောကျသည်ဟု ဆိုကြသည်။ ထို့ကြောင့် လူသားများသည် နဂါးပွဲတော်ကျင်းပချိန်တွင် နဂါးများက သူတို့နောက် လိုက်လာရန် နဂါးပုလဲများကို အသုံးပြု၍ ကခုန်ကြပေသည်။
ထိုဒဏ္ဍာရီ၏ အစမှာ ချီဟုန်နှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ဖြစ်နေပါသည်လော။