(၃)နှစ်ပြည့်နှစ်ပတ်လည်
Vol. 81 Ch. 1138
အခန်း (၁၁၃၈) (၃)နှစ်ပြည့်နှစ်ပတ်လည်
“ထျန်းကျိခန်းမရဲ့ စီးပွားရေးက တကယ့်ကို အံ့မခန်းပဲ...”
အထက်ဘုံကမ္ဘာအပြင်ဘက် အဆုံးမရှိသော ပြင်ပဗလာနယ်တစ်နေရာတွင် လူငယ် (၂)ယောက် မျက်နှာချင်းဆိုင် ထိုင်လျှက် စကားပြောနေကြသည်။
သူတို့ထဲမှ တစ်ယောက်က အဖြူရောင်ဝတ်စုံဝတ်ဆင်ထားပြီး လက်ထဲတွင် ကျောက်စိမ်းပြားတစ်ခုကိုကိုင်ထားသည်။
ထိုလူငယ်ကစိတ်ရှုတ်ထွေးနေဟန်ဖြင့်...
“အစ်ကိုကြီး... ဒီ ရန်ကျောက်ကဲကလည်း မူလကောင်းကင်ကျမ်းစာ ကျင့်ကြံထားတာ ဖြစ်နိုင်မလား ၊ မဟုတ်ရင် ဒီလောက် အချိန်အကြာကြီး ပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းတွေ ပြုလုပ်တဲ့နည်းလမ်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ”
ထိုအဖြူရောင်ဝတ်လူငယ်မျာ မြေပြင်သခင်လေး’ချန်ခွန်းဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။
သူနှင့်မျက်နှာချင်းဆိုင်တွင် လက်တန်းပါသစ်သားကုလားထိုင်တစ်လုံးထက်တွင် ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုက်နေသော ခရမ်းရောင်ဝတ်လူငယ်တစ်ယောက် ရှိနေသည်။
ထိုလူငယ်က အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ပင် ဖြစ်၏။
“ထျန်းကျိခန်းက ဘာပစ္စည်းထပ်ရောင်းတာလဲ”
ချန်ချန်းဟွာက စိတ်ဝင်တစားဖြင့် ရေရွတ်လိုက်သည်။
ထို့နောက် သူက ချန်ခွန်းဟွာ၏ အဖြေကို စောင့်မနေတော့ဘဲ မျက်ဝန်းများတစ်ချက်လင်းလက်သွားပြီး သူ့ဟာသူပင် အဖြေပြန်ပေးလိုက်သည်။
“အိုး... အသက်ဓာတ်ဆေးလုံးပဲ...”
သူ့ဟာသူမေးပြီး သူ့ဟာသူဖြေသည့် ချန်ချန်းဟွာ၏အမူအကျင့်ကို ချန်ခွန်းဟွာက ကျင့်သားရနေပြီ ဖြစ်သည်။
ချန်ခွန်းဟွာက...
“ဟုတ်တယ်... အသက်ဓာတ်ဆေးလုံးပဲ”
‘အသက်ဓာတ်ဆေးလုံး’ ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က အလွန်တန်ဖိုးကြီးသည့် လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။
ကျင့်ကြံသူတစ်ယောက် ထိုဆေးကို သောက်သုံးလိုက်သည်နှင့် အချိန်တိုအတွင်း တန်ခိုးစွမ်းအားများ အဆမတန် တိုးမြင့်လာနိုင်သည်။
သို့သော် ဆေးအာနိသင် ပျက်ပြယ်သွားပြီးနောက် အလွန်တရာ အားနည်းသွားမည်ဖြစ်ရာ သူ၏ ချီစွမ်းအားနှင့် သွေးစွမ်းအားများကို ထိရောက်စွာ ထိန်းညှိမပေးနိုင်ပါက ပြင်းထန်သော နောက်ဆက်တွဲဆိုးကြိုးများ ရှိလာပေမည်။
မည်သို့ပြင်ဖြစ်စေ သေခြင်းရှင်ခြင်းတိုက်ပွဲနှင့် ရင်ဆိုင်ရသည့်အခါ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းနိုင်ရန်နှင့် ရန်သူကို သတ်ဖြတ်ရန်အတွက် ဤဆေးလုံးက အကောင်းဆုံးလက်နက် ဖြစ်၏။
ဆေးလုံးအာနိသင်က အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူများအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိလေရာ အမတကူးပြောင်းခြင်းအဆင့်အောက် ကျင့်ကြံသူများက အဓိက အသုံးပြုကြသည်။
သို့ပေသိ အာနိသင်က အလွန်အားကောင်းသည်။
ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးစဉ်က ကုန်ကြမ်းလိုအပ်ချက်သာ မရှိခဲ့လျှင် ဤသို့သောဆေးလုံးအနည်းငယ်ကို ကိုယ်ပိုင်အသုံးပြုရန်အတွက် ဖော်ဆပ်သန့်စင်ထားမည် ဖြစ်သည်။
ထို့ကြောင့် ဤ ‘အသက်ဓာတ်ဆေးလုံး’ က စတင်ထုတ်လုပ်လိုက်သည်နှင့် အလွန်လူကြိုက်များသည့် ရတနာပစ္စည်းတစ်ခု ဖြစ်လာခဲ့သည်။
ချန်ခွန်းဟွာက မချိပြုံးတစ်ချက် ပြုံးလိုက်ရင်း...
“ထျန်းကျိခန်းမကရောင်းတဲ့ ရတနာပစ္စည်းအတော်များများက ဆန့်ကျင်ဘက် အစုံလိုက်တွေချည်းပဲ”
သူက ဆက်ပြောသည်။
“အစီအရင်တည်ဆောက်နိုင်တဲ့ အုံ့ဆိုင်းမိုးချပ်ပြားကို ရောင်းချပြီးတော့ အစီအရင်တွေကို ချိုးဖျက်နိုင်တဲ့ အစီအရင်ချိုးဖျက်ကျည်ပွေ့ကို ရောင်းတယ် ၊ ပြီးတော့ ဗလာနယ်ကိုလှည့်ပြောင်းပြီး ထွက်ပြေးလွတ်မြောက်နိုင်စွမ်းရှိတဲ့ ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းသင်္ကေတကို ရောင်းတယ် ၊ နောက်ပိုင်းမှာ ဗလာနယ်ကို ထိန်းချုပ်နိုင်တဲ့ ဗလာနယ်ထိန်းချုပ်ကျောက်တုံးကို ရောင်းတယ် ၊ ကျွန်တော်သာဆိုရင်တော့ ဒီလို ကျင့်ဝတ်မညီတဲ့ လုပ်ငန်းရှင်တစ်ယောက်ကို ထိုင်ဆဲနေမှာပဲ”
“ဗလာနယ်ထိန်းချုပ်ကျောက်တုံး” ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က ပျံ့နှံ့ခဲ့သော ရှားပါးရတနာပစ္စည်းတစ်ခု ဖြစ်သည်။
၎င်း၏လုပ်ဆောင်ချက်မှာ အချိန်တိုအတွင်း ဗလာနယ်ကိုကန့်သတ်တားမြစ်နိုင်ပြီး အခြားသူများ ဝင်ရောက်လာစေရန် သို့မဟုတ် နေရာမှ ထွက်ခွာသွားစေရန် ခက်ခဲစေသည်။
ဟုတ်ပေ၏။
ကျင့်ကြံခြင်းတွင် လုံလောက်သောတန်ခိုးစွမ်းအားရှိပြီး ဗလာနယ်နှင့်ပတ်သက်သည့် နက်နဲသောအရာများကို နားလည်သော ကျင့်ကြံသူများစွာရှိကြသည်။
ထိုသူများကတော့ ဗလာနယ်ကို ဖြတ်သန်းသွားလာနိုင်သူများဖြစ်ကြပြီး ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်ကို အသုံးပြုရန် မလိုအပ်ပေ။
ထို့ကြောင့် ပြောရမည်ဆိုလျှင် ‘ဗလာနယ်ထိန်းချုပ်ကျောက်တုံး’ က ‘ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းချပ်’ ကို ထိရောက်စွာ တန်ပြန်တိုက်စစ်ဆင်နိုင်သည်။
အစီအရင်ချိုးဖျက်ကျည်ပွေ့က မိုးမြေတစ်ခွင်မှ အစီအရင်အများစုကို ချိုးဖျက်နိုင်စွမ်းရှိပြီး အုံ့ဆိုင်းမိုးချပ်ပြားနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ ဗလာနယ်ထိန်းချုပ်ကျောက်တုံးက ကောင်းကင်ရှောင်တိမ်းခုနစ်လှည့်အင်းသင်္ကေတနှင့် တိုက်ရိုက်ဆန့်ကျင်နေသည်။
ချန်ချန်းဟွာက တည်ငြိမ်စွာဖြင့်...
“မဟာကပ်ဘေးကြီးမတိုင်ခင်က တာအိုဝါဒ အရမ်းထွန်းကားခဲ့တာပဲလေ ၊ ထိပ်တန်းသိုင်းပညာရပ်တွေပဲ ဖြစ်ဖြစ် ၊ အဖိုးတန်ရတနာပ့စ္စည်းတွေပဲဖြစ်ဖြစ် ၊ တန်ပြန်တိုက်ခိုက်တဲ့နည်းလမ်းတွေ ထိန်းချုပ်တဲ့နည်းလမ်းတွေ အပြန်အလှန် ရှိခဲ့ကြတာပဲ”
သူက ဆက်ပြောသည်။
“ဒါက သဘာဝပဲလေ ၊ အပြစ်တင်စရာ မရှိပါဘူး”
ချန်ခွန်းဟွာက ထပ်တလဲလဲ ခေါင်းခါယမ်းရင်း...
“(၃)နှစ်အတွင်းမှာ ထျန်းကျိခန်းမက မဟာကပ်ဘေးကြီးကြောင့် ပျောက်ကွယ်သွားတယ် ရှားပါးရတနာပစ္စည်း (၃၄)ခုကို ထုတ်လုပ်ခဲ့တယ်”
သူက ဆက်ပြောသည်။
“သူတို့ခန်းမမှာရောင်းချတဲ့ ပစ္စည်းအမျိုးအစား (၃၄)မျိုးကို ပြောတာနော် ၊ တခြားသူတွေတောင်းဆိုမှုကြောင့် အထူးသီးသန့်ပြုလုပ်ပေးတဲ့ ရတနာပစ္စည်းတွေ မပါသေးဘူး ၊ မဟုတ်ရင် အမျိုးပေါင်း (၅၀)ကျော်လောက် ရှိမယ်ထင်တယ်”
ထျန်းကျိခန်းမဖွင့်လှစ်သည်မှာ (၃)နှစ်နီးပါး ကြာခဲ့ပြီ ဖြစ်သည်။
လာမည့်လဆိုလျှင် ထျန်းကျိခန်းမ စတင်ဖွင့်လှစ်ခြင်း (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။
လွန်ခဲ့သည့် (၃)နှစ်အတွင်း ထျန်းကျိခန်းမက အထက်ဘုံကမ္ဘာတါင် အကျော်ကြားဆုံး စီးပွားရေးလုပ်ငန်းအမည်တစ်ခု ဖြစ်လာသလို ရတနာပစ္စည်းများရောင်းချသည့် တရားဝင်နေရာတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် လူအများ၏စိတ်ထဲတွင် ဒဏ္ဍာရီဆန်ဆန် တည်ရှိမှုတစ်ခုလည်း ဖြစ်လာခဲ့သည်။
ရန်ကျောက်ကဲက မရေမတွက်နိုင်သော ဥစ္စာဓနများ ရရှိအောင်ပြုလုပ်ရင်း ကြီးမားသော ဆက်ဆံရေးကွန်ရက်ကိုလည်း တည်ဆောက်ခဲ့သည်။
သို့သော် အချိန်တိုတောင်းသေးသဖြင့် ဤဆက်ဆံရေးကွန်ရက်က မခိုင်မာသေးဘဲ အကျိုးတူပူးပေါင်းမှုအဖြစ်သာ ရှိနေသည်။
သို့ပေသိ ထျန်းကျိခန်းမ၏ သြဇာလွှမ်းမိုးမှုကတော့ အထက်ဘုံမ္ဘာတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။
(၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ထျန်းကျိခန်းမက နောက်ထပ်လှုပ်ရှားမှုအသစ်တစ်ခုအား ပြုလုပ်ခဲ့၏။ စီစဉ်သူအနေဖြင့် ခန်းမက အထက်ဘုံကမ္ဘာတွင် ကြီးမားသော လေလံပွဲတစ်ခု ပြုလုပ်မည် ဖြစ်သည်။
ထျန်းကျိခန်းမက ၎င်း၏ကိုယ်ပိုင်ရတနာပစ္စည်းများကို လေလံတင်ရောင်းချရုံသာမက အခြားသူများ၏ ရတနာပစ္စည်းများ လေလံတင်ရောင်းချသည်ကိုလည်း ခွင့်ပြုမည် ဖြစ်သည်။
ခန်းမ၏ ပထမဆုံးလေလံပွဲဖြစ်သဖြင့် ကြားခံဆောင်ရွက်ပေးခြင်းအတွက် ဝန်ဆောင်မှု အခကြေးငွေ ကောက်ခံမည် မဟုတ်ပေ။
ထိုသတင်းထွက်လာသည်နှင့် အထက်ဘုံကမ္ဘာတစ်ခွင်လုံး လှုပ်လှုပ်ရှားရှား ဆူပွက်သွားသည်။ ဤနှစ်ပိုင်းအတွင်း ရှားရှားပါးပါးဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတော့မည် မဟုတ်ပါလား။
ချန်ခွန်းဟွာက တည်ကြည်လေးနက်စွာဖြင့်...
“ရန်ကျောက်ကဲက အမြတ်အစွန်းအတါက်သာမက ကျော်ကြားမှုနဲ့ အရှိန်အဝါရဖို့အတွက်ပါ ထျန်းကျိခန်းမကို တည်ထောင်ခဲ့တာပဲ”
ထိုစကားကြားတော့ ချန်ချန်းဟွာက ပခုံးတစ်ချက်တွန့်ရင်း...
“အဲဒါကြောင့်ပဲ မြေကမ္ဘာဧကရာဇ် အထက်ဘုံကမ္ဘာကိုပြန်ရောက်လာရင် သူနဲ့ ဝါဒတောင်ကို ပြဿနာရှာတော့မယ်လေ ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်သာ တံခါးပိတ်ကျင့်ကြံရာက ထွက်လာမယ်ဆိုရင် ယိုးမင်ဂမ္ဘီရစက်ဝန်းနဲ့ သူ့အမေ ရွှယ်ချူးချင်ကိစ္စနဲ့ပါပတ်သက်ပြီး အန္တရယ် ရှိနိုင်တယ်”
“တိဟွမ်မြေကမ္ဘာဧကရာဇ်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ သဘောထားတူညီမယ်ဆိုရင် ကျန့်ဟွမ်ဓားဧကရာဇ်လည်း ကြီးမားတဲ့ဖိအား ရင်ဆိုင်ရမှာပဲ ၊ ကျန့်ဟွမ်ဓားဧကရာဇ် သူတို့သားအဖကို ကာကွယ်ပေးနိုင်မယ်ဆိုရင်တောင် ရွှယ်ချူးချင်ကို ကာကွယ်နိုင်မှာ မဟုတ်ဘူး ၊ အင်း... စိတ်ဝင်စားစရာပဲ”
ချန်ခွန်းဟွာက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“ကျွန်တော်လည်း အဲဒီလိုပဲ တွေးထားပါတယ်”
ချန်ချန်းဟွာက ပြုံးလိုက်ပြီး ကျောက်စိမ်းပြားလေးကို ညီဖြစ်သူဆီသို့ ကမ်းပေးလိုက်သည်။
“ဒီကိစ္စက အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ...”
ချန်ခွန်းဟွာက ကျောက်စိမ်းပြားကိုယူလိုက်ပြီး ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိဟန်ဖြင့်...
“အစ်ကိုကြီး... ဒါက ဖြစ်နိုင်ပါ့မလား....”
ချန်ချန်းဟွာ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားစွာဖြင့် အလင်းရောင်များ တောက်ပလာပြီး...
“အရင်က ဝမ်ကျန်းချန် တောင်းဆိုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ အရေးမစိုက်ခဲ့ဘူး ၊ အခုတော့ အရေးစိုက်ချင်လာပြီ”
သူက ဆက်ပြောသည်။
“ရန်ကျောက်ကဲတို့သားအဖ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲ သိချင်မိတယ်”
ချန်ခွန်းဟွာက ပင့်သက်တစ်ချက်ရှိုက်ရင်း ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်သည်။
“ဒီတစ်ခေါက် အစ်ကိုကြီးကိုယ်တိုင် မလှုပ်ရှားနိုင်တာ စိတ်မကောင်းစရာပဲ ၊ အရင်က ဓားတွေနဲ့ဝိုင်းထိုးခံရလို့ ရထားတဲ့ဒဏ်ရာတွေလည်း ကုသရဦးမယ် ၊ ဆက်ပြီးတော့လည်း ကျင့်ကြံရဦးမယ် မဟုတ်လား ၊ မဟုတ်ရင် အရင်က အားထုတ်ခဲ့သမျှ အကုန်အလကား ဖြစ်သွားလိမ့်မယ်”
ချန်ချန်းဟွာက အရေးမစိုက်ဟန်ဖြင့်...
“ဘာလို့ အရေးမပါတာတွေကို စကားလုပ်ပြီးပြောနေတာလဲ”
ချန်ခွန်းဟွာက မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း...
“ရည်ရွယ်ချက်တစ်ခုဆိုတာ မြန်မြန်ပြီးလေကောင်းလေပေါ့ အစ်ကိုကြီး...”
ချန်ချန်းဟွာက လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“ဒါက အခြေအနေပေါ် မူတည်တယ် ၊ ငါက ဝင်စွက်ဖက်မယ်ဆိုပေမယ့် ဘာမှလှုပ်ရှားမှာ မဟုတ်ဘူး”
“ငါရော ဝမ်ကျန်းချန်ရော နှစ်ယောက်လုံး လှုပ်ရှားမယ်ဆိုရင်... တစ်ဖက်သတ်ကြီးဆိုတော့ ပျင်းစရာကောင်းနေမှာပေါ့ ၊ ဒါပေမဲ့ ‘ရန်’ သားအဖက အံ့သြစရာကိစ္စတွေ ထပ်ပြီးလုပ်ပြရင်တော့ ငါတို့အတူတူ လှုပ်ရှားသင့်ရင် လှုပ်ရှားရမှာပေါ့”
ထိုစကားပြောနေစဉ် ချန်ချန်းဟွာ၏ မျက်ဝန်းများက စိတ်အားထက်သန်စွာဖြင့် တလက်လက် တောက်ပနေသည်။
တကယ်တော့ သူက ရန်ကျောက်ကဲနှင့် ယှဉ်ပြိုင်ရန်အတွက် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ကို နယ်ရုပ်လေးတစ်ရုပ်ပမာ အသုံးချခြင်း ဖြစ်သည်။
မြေပြင်သခင်လေး ချန်ခွန်းဟွာကတော့ ဤကိစ္စနှင့်ပတ်သက်ပြီး အံ့သြခြင်း မရှိခဲ့ပေ။ သူ့အနေဖြင့် ကူရာကယ်ရာမဲ့စွာ ခံစားရသော်လည်း ဒီလိုမှမလုပ်လျှင် သူ့အစ်ကို မဟုတ်ပေ။
ကျောက်စိမ်းပြားကိုကိုင်ထားရင်း ချန်ခွန်းဟွာ တွေးတောနေမိသည်။ အမှန်တော့ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ သည်လည်း သူတို့ညီအစ်ကိုနှစ်ယောက်ကို အသုံးချနေခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း သိရှိသည်။
လူတိုင်း ကိုယ်လိုချင်သည်ကိုရရှိရန် အသုံးချကြခြင်းသာဖြစ်ပြီး နောက်ဆုံးရလဒ်ကတော့ မိမိတို့ကိုယ်တိုင် ပြုလုပ်သည့် နည်လမ်းအပေါ်တွင်သာ မူတည်သည်။
ချန်ခွန်းဟွာက...
“အစ်ကိုကြီး အနားယူပါ ၊ ကျွန်တော် ဒါကို ချီလင်ကမ်းပါးဆီရောက်အောင် ချက်ချင်းပို့ပေးပါ့မယ်”
ချန်ချန်းဟွာက အရေးမစိုက်ဟန် လက်တစ်ဖက်ဝှေ့ယမ်းရင်း...
“သွားတော့... သွားတော့...”
ချန်ခွန်းဟွာက အစ်ကိုဖြစ်သူကို နှုတ်ဆက်ပြီး ဗလာနယ်ကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့သည်။
သူပြန်လာကြောင်း သဲလွန်စမပေါက်ကြားစေရန်သတိထားပြီး ချန်ချန်းဟွာက လူသူများပြားသောအရပ်များကို ရှောင်တိမ်းကာ ဆိတ်ကွယ်ရာအရပ်မှ ခရီးနှင်ခဲ့သည်။
ချန်ချန်းဟွာက မည်သည့်အရာကိုမှ အရေးမစိုက်သော်လည်း ချန်ခွန်းဟွာကတော့ အရေးစိုက်လေသည်။
အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်နှင့် ချန်ခွန်းဟွာက ခွန်လွန်တောင် ၊ ချီလင်ကမ်းပါးသို့ တန်းပြီးသွားခဲ့သည်။
တိဟွမ်မြေကမ္ဘာဧကရာဇ်က အထက်ဘုံကမ္ဘာသို့ ပြန်မရောက်သေးသည်ဖြစ်ရာ ဤနေရာမှ အခြေအနေကို အုပ်ချုပ်နေသူမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ပင် ဖြစ်၏။
ချန်ခွန်းဟွာရောက်လာသည်ကိုတွေ့တော့ ဝမ်ကျန်းချန်က တည်ငြိမ်စွာဖြင့်...
“မိတ်ဆွေလေး’ချန်’ ... ဘာကိစ္စများရှိလို့ ဒီကိုရောက်လာရတာလဲ”
ချန်ခွန်းဟွာက လေးနက်စွာဖြင့်...
“အစ်ကိုကြီးက ပစ္စည်းတစ်ခု ပေးလိုက်လို့ပါ”
ထိုစကားကြားတော့ ဝမ်ကျန်းချန်က မျက်နှာအမူအရာပြောင်းလဲခြင်းမရှိဘဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
“အထက်ရပ်ထိပ်တန်းအရှင်သခင်က ကူညီပေးဖို့ဆန္ဒရှိတာ အရမ်းကောင်းတယ်”