အန္တရယ်ကိုလက်ယပ်ခေါ်
Vol. 81 Ch. 1139
အခန်း (၁၁၃၉) အန္တရယ်ကိုလက်ယပ်ခေါ်
ချန်ခွန်းဟွာက အစိမ်းရင့်ရောင် ကျောက်စိမ်းပြားလေးကိုထုတ်ယူပြီး ဝမ်ကျန်းချန်ထံသို့ ပေးအပ်လိုက်သည်။
သူက...
“အစ်ကိုကြီးရဲ့ ဒဏ်ရာ မသက်သာသေးဘူး ၊ ဒါကြောင့် သူကိုယ်တိုင် မလာနိုင်တာပါ”
ဝမ်ကျန်းချန်က...
“ကိစ္စမရှိပါဘူး ၊ ဒီပစ္စည်းရရင် လုံလောက်ပါပြီ”
သူက ဆက်ပြောသည်။
“ဓားပေါင်းများစွာနဲ့ ထိုးစိုက်ခံရတာဆိုတော့ လူတစ်ယောက်ရဲ့ ချီစွမ်းအားနဲ့ သွေးစွမ်းအားတွေ အတော်ပျက်ဆီးသွားမှာပဲ ၊ ဒဏ်ရာက ပြန်ကောင်းနိုင်ဖို့ ခက်ခဲလိမ့်မယ် ၊ အထက်ရပ် ‘ချန်’ ကို ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ပြောပေးပါ”
ချန်ခွန်းဟွာက...
“အကြီးအကဲ’ဝမ်’ ဂရုစိုက်ပေးတာ အစ်ကိုကြီးကိုယ်စား ကျေးဇူးတင်ပါတယ်”
ထို့နောက် သူက ဝမ်ကျန်းချန် ဘာဆက်လုပ်မည်ကို မမေးမြန်းတော့ဘဲ နှုတ်ဆက်စကားဆိုလိုက်သည်။
“ပစ္စည်းလည်းအပ်ပြီးပြီဆိုတော့ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ဝမ်ကျန်းချန်က ခေါင်းညိတ်ရင်း...
“မိတ်ဆွေလေး’ချန်’ ဖြည်းဖြည်းသွားပါ”
ထို့နောက် တပည့်တစ်ယောက်အား ချန်ခွန်းဟွာကို လိုက်ပါပို့ဆောင်ပေးရန် တာဝန်ပေးလိုက်သည်။
ချန်ခွန်းဟွာထွက်ခွာသွားတော့မှ ကျောက်ဂူအိမ်တော်ထဲသို့ လီကျွင်းရှင်း ဝင်ရောက်လာသည်။
သူက...
“ဆရာ... ဒီပစ္စည်းက အရင်တုန်းက...”
ဝမ်ကျန်းချန်က ခေါင်းတစ်ချက်ခါယမ်းရင်း...
“အမှန်ပဲ... ဒါက လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀)ကျော်က ကိစ္စပဲ ၊ ငါက အထက်ရပ်’ချန်’ ကို ကူညီပေးဖို့ တောင်းဆိုခဲ့တယ် ၊ ဒါပေမဲ့ သူက အရေးမစိုက်ဘူးလေ”
သူက ဆက်ပြောသည်။
“အခုတော့ သူက ‘ရန်’ သားအဖနဲ့ ဆက်ဆံရေးမကောင်းတဲ့အတွက် ငါတို့ကိုကူညီချင်တာ ဖြစ်လိမ့်မယ် ၊ ဒါပေမဲ့ သိပ်နောက်မကျသေးပါဘူး ၊ အချိန်ရှိပါသေးတယ်”
အဘိုးကြီး’ဝမ်’ က ကျောက်စိမ်းပြားကို လီကျွင်းရှင်းထံ က်းပေးလိုက်ပြီး ထိုပစ္စည်း မည်သို့အသုံးပြုသည့်နည်းလမ်းကိုပါ သင်ပြပေးလိုက်သည်။
ကြယ်စင်ရောင်ပြန်ရေကန်တွင် ပိုးသားဧကရာဇ်ကြောင့် လီကျွင်းရှင်း ထိခိုက်ခံခဲ့ရသည်။ သို့သော် သူက စိတ်ကိုတည်ငြိမ်အောင်ထိန်းသိမ်းပြီး ပုံမှန်အတိုင်းပင် ဆက်လက်နေထိုင်ခဲ့သည်။
နျဲ့ကျင်းရှန် လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ပြီး ချန်ချန်းဟွာနှင့်တိုက်ခိုက်ခဲ့ခြင်းက ကျင့်ကြံခြင်းလောကတစ်ခုလုံးအား တုန်လှုပ်သွားစေသော်လည်း လီကျွင်းရှင်း၏ ယုံကြည်မှုကို မပျက်ဆီးစေခဲ့ပေ။ သူက ခြေလှမ်း ဖြည်းဖြည်းမှန်မှန်ဖြင့် ဆက်လက်လျှောက်လှမ်းနေပြီး တည်ငြိမ်စွာဖြင့်ပင် တိုးတက်လာခဲ့သည်။
ယခုဆိုလျှင် နောက်ဆုံးအတားအဆီးကို အချိန်မရွေးဖြတ်ကျော်ပြီး လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပေပြီ။
ဝမ်ကျန်းချန်က...
“ဒီပစ္စည်းကို အဲဒီလူဆီ ပို့ပေးလိုက်ပါ...”
သူက ဆက်ပြောသည်။
“အခွင့်အရေးရတဲ့အထိ စောင့်ပါ ၊ အခွင့်အရေးရတာနဲ့ အပြောင်းအလဲတွေက အမြန်ဆုံး ဖြစ်လာလိမ့်မယ်”
လီကျွင်းရှင်းက တည်ငြိမ်စွာ ခေါင်းညိတ်ရင်း...
“ဟုတ်ကဲ့ပါ ဆရာ”
သူက ထွက်ခွာသွားရန် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးမှ ရပ်တန့်လိုက်ရင်း...
“ဆရာ... ထျန်းကျိခန်းမရဲ့ နေ့စဉ်တိုးတက်နေမှုကို ဘယ်သူမှ တားဆီးလို့မရဘူး ၊ အဓိကအကြောင်းကတော့ သူတို့ သြဇာအာဏာ ပိုမိုကြီးထွားလာပြီး လူတွေရဲ့စိတ်ကိုဖမ်းစားထားနိုင်တာပဲ”
သူက ဆက်ပြောလိုက်သည်။
“လောလောဆယ် ထျန်းကျိခန်းမ ဖွင့်လှစ်တာ ရေတိုကာလပဲရှိသေးတဲ့အတွက် ကြီးမားတဲ့ အပြောင်းအလဲလှိုင်းလုံးတွေ ဖြစ်မလာနိုင်သေးဘူး ၊ ဒါပေမဲ့ ဒီအရှိန်အတိုင်း ရေရှည်ဆက်သွားနေမယ်ဆိုရင်တော့ အတော်လေး ကြောက်စရာကောင်းလာလိမ့်မယ်”
လီကျွင်းရှင်းက မျက်မှောင်ကြုံ့လိုက်ရင်း...
“ရန်ကျောက်ကဲ ဘယ်လောက်ပဲ အရှိန်အဟုန်နဲ့ အာဏာတည်ထောင်နေပါစေ သူက ဆရာနဲ့ လုံးဝ ယှဉ်နိုင်မှာ မဟုတ်ပါဘူး ၊ ဒါပေမဲ့ ထျန်းကျိခန်းမက ကျောက်စိမ်းကျောက်ဆောင်နဲ့ သိသိသာသာ ချိတ်ဆက်နေပါတယ် ၊ ဒါကြောင့် ထျန်းကျိခန်းမက ကျန့်ဟွမ်ဓားဧကရာဇ်နဲ့ ပတ်သက်ဆက်နွယ်နေပြီး ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ တန်ခိုးသြဇာကိုလည်း ပိုပြီးခမ်းနားလာစေတယ်”
“ရန်ကျောက်ကဲ ထျန်းကျိခန်းမကို တည်ထောင်တာက အမြတ်အစွန်းရဖို့ ဦးတည်တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ သူက ကျွန်တော်တို့ ချီလင်ကမ်းပါးကို တိတ်တဆိတ် ပစ်မှတ်ထားနေတယ်ဆိုတာ ရှင်းနေတာပဲ ၊ ဆရာ့ကိုရော ဆရာဘိုးဘိုးကိုရောပေါ့”
ဝမ်ကျန်းချန်က ပြုံးလိုက်ရင်း...
“အဲဒီလိုဖြစ်မယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ ၊ ‘ရန်’ အိမ်တော်က ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားရဲ့ အရင်တုန်းက လုပ်ရပ်တွေကို လေ့လာပြီးကတည်းက ဒီလူငယ်က ခံစစ်ကာကွယ်ဖို့ ထိုင်စောင့်နေတတ်တဲ့သူမျိုး မဟုတ်ဘူး ၊ သူက အရင်စပြီး တိုက်ခိုက်တတ်တဲ့သူမျိုးပဲ ၊ အခွင့်အရေးရတာနဲ့ သူက သေချာပေါက် တိုက်ခိုက်လိမ့်မယ်”
ဝမ်ကျန်းချန်က ဆက်ပြောသည်။
“သူ့ဘက်က ငါတို့နဲ့အတူ အေးအေးဆေးဆေး နေထိုင်ချင်တယ်ဆိုရင် ဒီလောက်အများကြီး လုပ်နေမှာ မဟုတ်ဘူး”
“ဒါပေမဲ့ လောကကြီးက သူတို့ဖြစ်ချင်သလို ဖြစ်လာနိုင်တာမှ မဟုတ်တာ ၊ ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရား ‘ရန်’ နဲ့ သူ့အမေ ရွှယ်ချူးချင်တို့က ငါတို့အထက်ဘုံကမ္ဘာအတွက်တော့ မီးခဲ့ပြာဖုံးဖြစ်နေတဲ့ ခြိမ်းခြောက်မှုတွေပဲ ၊ ငါတို့ကလည်း ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမှာ မဟုတ်ဘူး ၊ သူအရည်အချင်းရှိတာကို ငါတို့တွေ သဘောကျပေမယ့် ဒီအတိုင်းလွှတ်ထားလို့တော့ မဖြစ်နိုင်ဘူး”
အဘိုးအို၏မျက်ဝန်းထဲတွင် စိတ်မကောင်းဟန်တစ်ချက် ဖြတ်သန်းသွားပြီး...
“မင်းလိုပဲပေါ့ ကျွင်းရှင်း... ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား ‘ရန်’ ကလည်း အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဆိုတဲ့နာမည်ကို လူသားအထွတ်ထိပ်အဆင့်မရောက်ခင် ကြားသိထားခဲ့တယ် ၊ ဒီတော့ အနာဂတ်မှာ သူဘာဖြစ်သွားမလဲဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်း မသိနိုင်ပါဘူး”
သူက ဆက်ပြောသည်။
“ပိုးသားဧကရာဇ်ဆီကသတင်းကြားတာတော့ အဲဒီ ရန်ကျောက်ကဲက ဖုထင်လိုမျိုး မဖြစ်ခဲ့ဘူးတဲ့ ၊ ဒါပေမဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတဲ့ မျိုးစေ့က သူတို့စိတ်ထဲမှာ စိုက်ပျိုးပြီးသွားပြီဆိုရင်... ဒါက လုံးဝမဖြစ်နိုင်တဲ့ကိစ္စတစ်ခုပဲ”
ထိုစကားကြားပြီးနောက် လီကျွင်းရှင်း ခဏမျှ ငြိမ်သက်သက်သွားပြီး...
“ဆရာ... အမတခုံရုံးနဲ့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ဆိုတာက...”
ဝမ်ကျန်းချန်က...
“ငါတို့ လမ်းမှန်တာအိုထုံးတမ်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းဖို့အတွက်... အထူးသဖြင့် အနာဂတ်မှာ ပိုကောင်းတဲ့အလှည့်အပြောင်းတွေ ဖြစ်လာဖို့အတွက် အပေးအယူလုပ်ရလိမ့်မယ် ၊ အဲဒီမတိုင်ခင် စွန့်စားမှုတွေ အဓိပ္ပါယ်မဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ မပြုလုပ်စေချင်ဘူး ၊ ဒါတွေအားလုံးက အချည်းအနှီးတွေပဲ”
ဝမ်ကျန်းချန်က တပည့်ဖြစ်သူကို ကြည့်လိုက်သည်။
သူ့မျက်ဝန်းများထဲတွင် စိတ်မကောင်းမှုနှင့် ကရုဏာတရားများ ပြည့်နက်နေသည်။
“ယိုးမင်ဧကရာဇ် ၊ ထုန်းမင်ဧကရာဇ်နဲ့ တခြားသူတွေက ငါတို့ တာအိုလမ်းမှန်ဝါဒအတွက် စဉ်းစားထားတာတွေ ရှိကောင်းရှိနိုင်ပါတယ် ၊ ဒါပေမဲ့ မဆင်မခြင်လုပ်မယ်ဆိုရင်တော့ ငါတို့အားလုံး အဆုံးမရှိတဲ့ဒုက္ခတွေနဲ့ရင်ဆိုင်ရပြီး အဆုံးသတ်သွားကြရမှာပဲ”
“ကျွင်းရှင်း... မင်းကတော့ ပိုးသားဧကရာဇ်ရဲ့ မတော်တဆဖြစ်ရပ်ကြောင့် အကြောင်းမဲ့သက်သက် ဒီကပ်ဘေးခံစားခဲ့ရတာ စိတ်မကောင်းစရာပါပဲ”
လီကျွင်းရှင်းက...
“ဆရာ... တပည့်အတွက် စိတ်မပူပါနဲ့ ၊ ဆရာပြောသလိုပဲ... အနာဂတ်မှာ ပိုကောင်းတဲ့ အချိုးအကွေ့တစ်ခု ရှိလာနိုင်ပါတယ် ၊ ဒီတပည့်က အဲဒီနေ့အထိ မရှင်သန်နိုင်ဘူးဆိုရင်တော့ ကံတရားပါပဲ”
သူက ဆက်ပြောသည်။
“ရန်ကျောက်ကဲအတွက်ကတော့... သူက အရမ်းကိုထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ဆိုတာ ဒီတပည့် ဝန်ခံပါတယ် ၊ ဒါပေမဲ့ သူ လမ်းမှားကိုရောက်သွားပြီဆိုကတည်းက ကျွန်တော်တို့ သူ့ကို လက်လွှတ်လိုက်သင့်ပါပြီ”
“ဒီကောင်လေးရဲ့ စွမ်းရည်ကို သာမန်တိုင်းတာလို့မရဘူး ၊ သူ့ရဲ့ ကျင့်ကြံခြင်းနဲ့ သိုင်းစွမ်းရည်တင်မကဘူး ၊ သူ့ရဲ့ ထက်မြက်မျုကလည်း အံ့သြစရာကောင်းတယ် ၊ အခု ထျန်းကျိခန်းမကို တည်ထောင်ပြီး (၃)နှစ်အတွင်းမှာ ဒီလောက် အသံဗလံတွေ ကျယ်လောင်လာအောင် လုပ်နိုင်စွမ်း ရှိခဲ့တယ်”
ဝမ်ကျန်းချန်က အနည်းငယ် ပြုံးလိုက်ရင်း...
“ဒီတော့ အုတ်အော်သောင်းနင်းဖြစ်အောင် တစ်ခုခုလုပ်ပေးလိုက်ရင် နှင်းကြိုးကြာအနေနဲ့ နည်းနည်းပါးပါး စိတ်အေးလက်အေး နေနိုင်မှာပေါ့”
လီရှင်းကျွင်းက ခဏမျှ စဉ်းစားလိုက်ရင်း...
“ဒီတပည့် နည်းနည်းတော့ နားလည်သွားပါပြီ”
သူက ဆက်ပြောသည်။
“ကြည့်ရတာ ကျန့်ဟွမ်ဓားဧကရာဇ်ရဲ့ တန်ခိုးအာဏာကို ဆရာဘိုးဘိုးထက်ပိုပြီး ကြီးမြတ်သလိုမျိုး ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးလိုက်မယ်ဆိုရင် ‘ရန်’ အိမ်တော်က သားအဖရဲ့ သြဇာအာဏာလည်း အတော်လေး ကြီးမားနေတယ်လို့ ထင်သွားကြလိမ့်မယ် ၊ ဒါဆိုရင် နှင်းကြိုးကြာအနေနဲ့ အထက်ဘုံကမ္ဘာက သူ့ကိုလိုက်ပြီး ဖမ်းဆီးမှာမဟုတ်တော့လို့ ဆက်ပြီး ပုန်းနေစရာမလိုတော့ဘူးလို့ ထင်မှတ်သွားလိမ့်မယ်”
လီကျွင်းရှင်းက ဆရာဖြစ်သူကို လှမ်းကြည့်ရင်း...
“ဆိုတော့... နှင်းကြိုးကြာက သူ့မိသားစုနဲ့ ပြန်ပြီး ပျော်ပျော်ရွှင်ရွှင် ပေါင်းစည်းချင်မှာပဲ ၊ သူ့အနေနဲ့ ယောကျ်ားနဲ့သားကို ခွဲခွာပြီးနေချင်မှာ မဟုတ်ဘူး”
ဝမ်ကျန်းချန်က...
“အမှန်ပဲ ၊ လူတွေရဲ့သံယောဇဉ်ကို အသုံးချပြီး ဒီလိုနည်းလမ်းနဲ့တိုက်ခိုက်ရတာ သိပ်တော့မကောင်းပေမယ့် ဒါက အထိရောက်ဆုံးနည်းလမ်းပဲ”
ထို့နောက် သူက ဖြည်းညင်းစွာ ခေါင်းခါယမ်းရင်း...
“ဒါပေမဲ့... အခု အထက်ရပ် ‘ချန်’ က ကူညီလိုက်ပြီဆိုတော့ ဒီနည်းလမ်းအသုံးပြုဖို့ မလိုတော့ဘူး”
လီကျွင်းရှင်းက...
“ဒါဖြင့် ကျွန်တော်တို့ ထျန်းကျိခန်းမကို ဖိနှိပ်ဖို့ကြိုးစားသင့်သလား”
ဝမ်ကျန်းချန်က...
“မလိုပါဘူး... (၃)နှစ်တောင်ရှိနေပြီပဲ ၊ အဲဒီလိုသွားလုပ်ရင် အလကားပဲ”
သူက ပြုံးလိုက်ရင်း...
“ပြီးတော့... ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရား’ရန်’ က ပျောက်ဆုံးနေတဲ့ ရတနာပစ္စည်းတွေအများကြီးကို ဒီကမ္ဘာမှာ ပြန်ပေါ်လာအောင် လုပ်ပေးနေတာပဲ ၊ ဒါက ငါတို့လမ်းမှန်တာအိုဝါဒအတွက် အများကြီး အထောက်အကူပြုတယ် ၊ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ကိစ္စပဲလေ”
လီကျွင်းရှင်းက ဆရာဖြစ်သူကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း...
“ဒါဖြင့် ဒီတပည့် ဒီပစ္စည်းကို အခုချက်ချင်းသွားပို့လိုက်ပါ့မယ်”
ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့်...
“နောက်လထဲမှာ ထျန်းကျိခန်းမက လေလံပွဲတစ်ခု ကျင်းပလိမ့်မယ် ၊ ဒါက သူတို့ရဲ့ ပထမဆုံး လေလံပွဲပဲ ၊ အတော်လေး အုံးအုံးကြွက်ကြွက်ဖြစ်မယ့်ကိစ္စဆိုတော့ ရန်ကျောက်ကဲတို့အုပ်စု အဲဒီဘက်ကို အတော်လေး အာရုံစိုက်နေလောက်တယ်”
သူက ဆက်ပြောသည်။
“ဆိုတော့ သူတို့ တစ်ဖက်ကို အရမ်းအာရုံစိုက်နေချိန်မှာ ကျွန်တော်တို့အတွက် အောင်မြင်ဖို့က ပိုပြီးလွယ်ကူလိမ့်မယ်”
ဝမ်ကျန်းချန်က အဝေးတစ်နေရာသို့ ငေးမျှော်ကြည့်လိုက်ရင်း...
“အဲဒီလိုပဲ မျှော်လင့်ကြတာပေါ့ ၊ ငါ့ရဲ့တွက်ချက်မှုမှန်ကန်မယ်ဆိုရင် မကြာခင် ဖြစ်တော့မှာပါ ၊ ထျန်းကျိခန်းမ လေလံပွဲကျင်းပတဲ့နေ့နဲ့ တိုက်ဆိုင်မလားဆိုတာကတော့ ကံတရားအပေါ်ပဲ မူတည်ပါတယ်”
***
ချီလင်ကမ်းပါးက အစီအစဉ်မျိုးစုံဖြင့် အကြံထုတ်နေစဉ်...
ရန်ကျောက်ကဲကတော့ နဂါးလိပ်ပြာတောင်ကြားတွင် လေလံပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျှက် ရှိသည်။
(၃)နှစ်အတွင်း ထျန်းကျိခန်းမက လွှမ်းမိုးနိုင်စွမ်းကို အပြည့်အဝတည်ဆောက်ထားပြီးဖြစ်ရာ ဤလေလံပွဲသာ အောင်မြင်စွာ ကျင်းပနိုင်ပါက လုပ်ငန်း၏ဦးဆောင်နိုင်မှုကို လှုပ်ခါရန် ခက်ခဲသွားပေမည်။
သို့သော် ထိုအချိန်မှာပင် ရန်ကျောက်ကဲကို ခေါင်းကိုက်စေမည့်သတင်းတစ်ပုဒ် ရောက်ရှိလာသည်။
“လေလံပွဲကို ပိုးသားဧကရာဇ် တက်ရောက်မယ် ဟုတ်လား”
ရန်ကျောက်ကဲက အားဟူကို တအံ့တသြကြည့်ရင်း မေးလိုက်သည်။
“ဘယ် ပိုးသားဧကရာဇ် တက်ရောက်မှာလဲ”