← Chapters

ပရိယာယ်များလာတဲ့ဝတုတ်ကောင်’ပန်ပန်’

Vol. 81 Ch. 1140

ပရိယာယ်များလာတဲ့ဝတုတ်ကောင်’ပန်ပန်’

Vol. 81 Ch. 1140

အခန်း (၁၁၄၀) ပရိယာယ်များလာတဲ့ဝတုတ်ကောင်’ပန်ပန်’

မည်သည့် ‘ပိုးသားဧကရာဇ်’ ဖြစ်ပါသနည်း။

ရန်ကျောက်ကဲမေးခွန်းက ရယ်စရာကောင်းသည်ထင်ရသော်လည်း အမှန်တော့ အတော်လေး စိုးရိမ်စရာကောင်းသည့်မေးခွန်း ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်က လုံးဝ မတူညီသူများ ဖြစ်ကြသည် မဟုတ်ပါလား။

သူတို့ကြားမှ ခြားနားချက်ကို အားဟူကလည်း ရှင်းရှင်းလင်းလင်း သိသည်ဖြစ်ရာ ရန်ကျောက်ကဲ၏မေးခွန်းကို ပြန်လည်ဖြေကြားလိုက်သည်။

“အနက်ရောင်ပိုးသားဧကရာဇ်... တဲ့”

ရန်ကျောက်ကဲ မျက်ခုံးများကို တွန့်ချိုးရင်း...

“အနက်ရောင်ပိုးသားဧကရာဇ်လား”

ရန်တိနှင့် ထိုက်ယိဟွာတိမ်တိုက်ကြောင့် ဖြစ်စေ ၊ ဖုထင်နှင့် မန်ဝမ်တို့ကြောင့်ဖြစ်စေ ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်နှင့် ရန်သူများအဖြစ် ဆန့်ကျင်ဘက် ရပ်တည်သူတစ်ယောက် ဖြစ်သည်။

ဤနှစ်များအတွင်း အနက်ရောင်ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာ၏ အဝေးသို့ရောက်ရှိနေသောကြောင့်သာ သူတို့အားလုံး အန္တရယ်ကင်းနေခဲ့ခြင်းပင်။

အားဟူက ကူရာကယ်ရာမဲ့စွာဖြင့်...

“ဒီသတင်းကို မြောက်ဖေးတောင်ထွတ်က ရတာပါ ၊ မေးခွန်းထုတ်စရာမရှိဘူး... တကယ်ပဲ အနက်ရောင်ပိုးသားဧကရာဇ်တဲ့”

အနက်ရောင်ပိုးသားဧကရာဇ်က ဖုထင်နှင့် မန်ဝမ်တို့ကို သတ်ဖြတ်ရန်ဆန္ဒရှိသော်လည်း မြောက်ဖေးတောင်ထွတ်မှ အခြားသူများနှင့် ရန်ငြိုးရန်စ မရှိခဲ့ပေ။

ဟုတ်ပေ၏။

အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် မြောက်ဖေးတောင်ထွတ်မှ လူများအပေါ်တွင် မည်သည့်ခံစားချက်မှ ရှိမည်မဟုတ်ပေ။ သို့သော် သူ့အတွက် သူ၏တပည့်များက အရေးမပါ ၊ မသက်ဆိုင်သော ဖြစ်တည်မှုများ မဟုတ်ပေ။

တပည့်များက သူ့အတါက် အသုံးဝင်နိုင်သည်ဖြစ်ရာ သူက မြောက်ဖေးတောင်ထွတ်မှလူများအား ဘယ်တော့မှ ပေါ့ပေါ့တန်တန် သဘောထားမည် မဟုတ်ပေ။

မြောက်ဖေးတောင်ထွတ်မှလူများက အဖြူရောင်ပိုးသားဧကရာဇ်အပေါ် ပြတ်ပြတ်သားသားသစ္စာစောင့်သိကြောင်းပြသမည်ဆိုပါက သို့မဟုတ် အခြားနည်းလမ်းဖြင့် အနက်ရောင်ပိုးသားဧကရာဇ်၏လမ်းကြောင်းကို တားဆီးမည်ဆိုမှသာလျှင် သူက ရန်သူအဖြစ် သတ်မှတ်ပေလိမ့်မည်။

ထို့ကြောင့် လက်ရှိတွင် ဟယ်ရှီးရှင်တို့အုပ်စုမှာ ကြားနေဝါဒအဖြစ် တင်းတင်းကျပ်ကျပ် ရပ်တည်နေကြရသည်။

သူတို့အတွက် အနက်ရောင်ပိုးသားဧကရာဇ်ဖြစ်စေ ၊ အဖြူရောင်ပိုးသားဧကရာဇ်ဖြစ်စေ နှစ်ယောက်လုံးက မြောက်ဖေးတောင်ထွတ်မှ အရှင်သခင်များ ဖြစ်နေဆဲပင်။

အဆုံးသတ်တွင် မည်သူအနိုင်ရမည်ကို မသိနိုင်သော်လည်း မြောက်ဖေးတောင်ထွတ်၏ပိုင်ရှင်က ပိုးသားဧကရာဇ်သာ ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က ပေါင်းသင်းဆက်ဆံရ ခက်ခဲနိုင်သော်လည်း သူတို့အနေဖြင့် ပုန်ကန်စရာ အကြောင်းမရှိပေ။

သို့ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ်က တောင်းဆိုမှုတစ်စုံတစ်ခု သို့မဟုတ် အမိန့်တစ်စုံတစ်ရာပေးလာပါက အဖြူရောင်ပိုးသားဧကရာဇ်နှင့် ဖုထင်တို့အား မသိချင်ယောင်ဆောင်ပြီး မြောက်ဖေးတောင်ထွတ်နေဖြင့် တင်းကျပ်စွာ လိုက်နာရမည်သာပင်။

ကံကောင်းသည်မှာ သူတို့ကြားတွင် မည်သူအနိုင်ရမည်ကို မဆုံးဖြတ်နိုင်ခင် ပိုးသားဧကရာဇ် (၂)ယောက်လုံးက ဟယ်ရှီးရှင်နှင့် အခြားသူများကို အခက်အခဲမရှိစေဘဲ ငြိမ်းချမ်းစွာနှင့် ဘေးကင်းစွာ နေထိုင်ခွင့်ပေးခဲ့သည်။

မြောက်ဖေးတောင်ထွတ်အနေဖြင့် အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲနှင့် ဝါဒတောင်အပေါ် ရန်လိုဟန်ရှိကြောင်း သိရှိသော်လည်း အခြေအနေအတိအကျကို နားမလည်ကြပေ။ ထို့ကြောင့် မြောက်ဖေးတောင်ထွတ်မှလူများက ဝါဒတောင်နှင့်ဆက်ဆံရေး ပျက်ပြားလိုခြင်း မရှိကြပေ။

ထို့ကြောင့် ယခုတစ်ခေါက်တွင် ဟယ်ရှီးရှင်ကိုယ်တိုင်ကိုယ်ကျ လာရောက်ခဲ့ပြီး သူတို့၏ဆရာဖြစ်သူကိုယ်စား သူတို့နှင့် ဆက်သွယ်နိုင်ရန် ကူညီပေးခဲ့ကာ အဆင်မပြေမှုများ အဖြစ်စေရန် မျှော်လင့်ခဲ့သည်။

သို့သော် ဝါဒတောင်နှင့် အနက်ရောင်ပိုးသားဧကရာဇ်ကြားမှ အခြေအနေတင်းမာမှုက ညှိနှိုင်းမရလောက်အောင်တင်းမာကြောင်း ဟယ်ရှီးရှင် မသိရှိခဲ့ပေ။

အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် ကျင့်ကြံခြင်းအဆင့်မတက်ရောက်တော့ဘဲ လက်ရှိနေရာမှာပင် ရပ်တန့်နေရန် ဆန္ဒရှိမည် မဟုတ်ပေ။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် ထိုကိစ္စကို လက်ခံလိုက်သည်။

“အဲဒီကိစ္စ သဘောတူလိုက်ပါ”

အားဟူက...

“ဟုတ်ကဲ့ပါ သခင်လေး”

ထို့နောက် အားဟူက ပဟေဠိဖြစ်စွာ လှမ်းကြည့်လိုက်တော့ ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်လိုက်ရင်း...

“သိပ်တော့မူမမှန်ဘူး ၊ တစ်ခုခုမှားနေတာတော့ အသေအချာပဲ ၊ သူ ဘာဖြစ်ချင်တာလဲဆိုတာ ငါလည်း သိချင်နေပါတယ်”

ရန်ကျောက်ကဲက ဆက်ပြောသည်။

“သူ့ကို လာခွင့်မပေးတာထက် သူ့လှုပ်ရှားမှုတွေကို ဖမ်းဆုပ်နိုင်တာက ပိုကောင်းတယ် ၊ ဒါကြောင့် ငါတို့တွေ သူ့ကို ရိုးရှင်းစွာပဲ ခွင့်ပြုသင့်တယ်”

***

ထျန်းကျိခန်းမတွင်ရှိနေသော ချိုးကျားဟိုင်မှာလည်း ထိုသတင်းကိုကြားတော့ အံ့အားသင့်သွားသည်။

“အနက်ရောင်ပိုးသားဧကရာဇ်ရောက်လာပြီး ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ ၊ ဒါဆိုရင် လေလံပွဲ အောင်မြင်မှာ မဟုတ်တော့ဘူး ၊ ဘာပဲဖြစ်ဖြစ် သူက ဧကရာဇ်တစ်ပါးပဲလေ”

အားဟူက ရှင်းပြသည်။

“မိန်းမပျိုဧကရာဇ်လည်း လေလံပွဲတက်ရောက်လာမယ်ဆိုတော့ ဒီကိစ္စအတွက် စိတ်မပူပါနဲ့ ဆရာ’ချိုး’”

ထိုစကားကြားတော့ ချိုးကျားဟိုင် စိတ်သက်သာရာရသွားပြီး...

“ဒါဆိုရင်တော့ စိတ်ပူစရာမရှိတော့ပါဘူး”

သူက သိချင်စိတ်ဖြင့်...

“ဒါနဲ့... ဂိုဏ်းတူညီလေး’ရန်’ ဘယ်ရောက်နေလဲ ၊ လေလံပွဲအတွက် ပစ္စည်းတွေက ပြင်ဆင်ပြီးနေပြီ ၊ သူက နဂါးလိပ်ပြာတောင်ကြားမှာပဲ ရှိနေတုန်းပဲလား”

အားဟူက ရိုးရှင်းစွာပြုံးလိုက်ရင်း...

“သခင်လေးက... ဟုတ်တယ်... သူ အဲဒီမှာ သခင်မလေးထားခဲ့တဲ့ အသားတုံးလေးကို ဂရုစိုက်ပေးနေတယ်”

ထိုစကားကြားတော့ ချိုးကျားဟိုင်က အံ့အားသင့်သွားပြီး...

“အသားတုံးလေး ဟုတ်လား”

ရှောင်အိုက်က ချောင်းတစ်ချက်ဟန့်လိုက်ရင်း...

“ဆရာ’ချိုး’ အရင်က နဂါးလိပ်ပြာတောင်ကြားမှာ တွေ့ဖူးတယ်လေ ၊ အသားတုံးလေးဆိုတာ အဲဒီခွေးနက်လေးကို ပြောတာ”

“အိုး ဟုတ်သားပဲ... ၊ သူ့ကို အရင်က မြင်ဖူးတယ်”

ချိုးကျားဟိုင် ပြန်မှတ်မိသွားသည်။ သို့သော် စိတ်ထဲတွင် ရှုတ်ထွေးနေဆဲပင်။

အားဟူက...

“အသားတုံးလေးက သခင်မလေးရဲ့အချစ်ဆုံးခွေးလေးပါ ၊ ကျွန်တော်တို့ ဝါဒတောင်ဂိုဏ်း ကျူတောပင်လယ်ဒေသမှာ တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ပြီးတဲ့နောက် သခင်မလေးက အစွန်းရောက်ရှစ်ပါးကမ္ဘာကိုပြန်ပြီး အသားတုံးလေးကို အထက်ဘုံကမ္ဘာကို ခေါ်လာခဲ့တာ ၊ နောက်ပိုင်း သူ ခရီးထွက်သွားတော့ အသားတုံးလေးကို ဝါဒတောင်မှာ ထားခဲ့တယ် ၊ ဒီနှစ်တွေအတွင်း သခင်လေးကပဲ အသားတုံးလေးကို စောင့်ရှောက်ပေးနေရတာပါ”

ဖန်းယွင်ရှန်း၏ခရီးစဥ်က အန္တရယ်များသည်ဖြစ်လေရာ သူမက အသားတုံးလေးကို အတူခေါ်ဆောင် မသွားခဲ့ပေ။

အသားတုံးလေးက မိစ္ဆာသားရဲတစ်ကောင်မဟုတ်ဘဲ သာမန်ခွေးနက်လေးတစ်ကောင်သာ ဖြစ်သည် မဟုတ်ပါလား။

နောက်ပိုင်း ဖြစ်ပျက်ခဲ့သည်များကို ကြည့်ခြင်းအားဖြင့် အသားတုံးလေးကို အတူခေါ်မသွားခြင်းက မည်မျှမှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့သည်။

အားဟူက ဆက်ရှင်းပြသည်။

“လွန်ခဲ့တဲ့ရက်က အသားတုံးလေး နေမကောင်းဖြစ်တာနဲ့... လေလံပွဲစတင်ဖို့လည်း အချိန်နည်းနည်းလိုသေးတယ်ဆိုတော့ သခင်လေးက သူနေကောင်းတဲ့အထိ စောင့်ရှောက်ပေးဖို့ ရည်ရွယ်ထားတာပါ”

သာမန်ခွေးတစ်ကောင်အနေဖြင့် ‘အသားတုံးလေး’ က အလွန်အသက်ရှည်ကြာပြီ ဖြစ်သည်။

ထိထိရောက်ရောက် အသက်ရှည်စေသော ဆေးဝါးအချို့က ကကျင့်ကြံခြင်းအဆင့်မြင့်မားသူများနှင့် ကြံ့ခိုင်သော ရုပ်ခန္ဓာရှိသူများအတွက် အသုံးမဝင်လှပေ။ သို့သော် ထိုဆေးများအားလုံးကို အသားတုံးလေးအား တိုက်ကျွေးလိုက်ခြင်းအားဖြင့် ခွေးလေးတွင် စွမ်းအားများပိုမိုတိုးတက်လာကာ သက်တမ်းပိုမိုရှည်ကြာစွာ နေထိုင်နိုင်ပေမည်။

ဟုတ်ပေ၏။

အသက်ရှည်သည်ဆိုသော်လည်း နေမကောင်းဖျားနာခြင်းကတော့ ရှိနေနိုင်သေးသည်။

နဂါးလိပ်ပြာတောင်ကြားမှာတော့ ရန်ကျောက်ကဲက အသားတုံးလေး၏ခေါင်းကို အသာပုတ်လိုက်ရင်း...

“အရင်တုန်းက ယွင်ရှန်းက မင်းကို အကုန်စားတတ်အောင်ကျွေးမွေးထားတော့ မင်းက မစားရဲတာမရှိသလောက် ဖြစ်နေတာကိုး ၊ အခုတော့ နေမကောင်းဖြစ်ပြီ မဟုတ်လား”

ရန်ကျောက်ကဲဘေးမှ ခွေးနက်လေးက အမြီးလေးကို ယမ်းခါလိုက်ရင်း သနားစရာ အော်မြည်လိုက်သည်။

ယခုတော့ ဤခွေးနက်လေး တဖြည်းဖြည်း ပြန်လည်သက်သာလာပေပြီ။

“ကောင်လေး...”

ရန်ကျောက်ကဲက ခေါင်းကိုလှည့်လိုက်ပြီး သူ့ဘေးဘက်တွင်ရှိနေသည့် ဧရာမသတ္တဝါကြီးကို လှည့်ကြည့်လိုက်သည်။

“ငါသွားရင် ဒီကကိစ္စတွေအားလုံး မင်းလက်ထဲအပ်ခဲ့မယ် ၊ မင်း ကိုယ့်ကိုယ်ကိုယ် အားကိုးရမယ်နော်”

ပန်ပန်က ရိုးရှင်းသောပုံစံဖြင့် မျက်တောင်တစ်ချက်ခတ်ကာ ခေါင်းညိတ်ပြလိုက်သည်။

အသုံးဝင်မှု ၊ အလားအလာရှိမှုနှင့် အခြားသောအချက်အလက်များတွင် ခွေးနက်လေးအနေဖြင့် ဖီရှိုးနှင့် လုံးဝ မယှဉ်နိုင်သည်မှာ သေချာသည်။

သို့သော် လူအများ အချစ်တော်အိမ်မွေးတိရိစ္ဆန်လေးများဆိုသည်က ခြံလုံရုံမွေးမြူကြသည် မဟုတ်ပေ။

ပြီးတော့ ပန်ပန်၏စွမ်းရည်က အချိန်အများစုတွင် မည်သူ့ကိုမှ မှီခိုအားထားခြင်းမရှိဘဲ လွတ်လပ်သူ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲ ဤနေရာတွင် မရှိသည့်အချိန် ပန်ပန်က အသားတုံးလေးကို ကစားစရာတစ်ခုပမာ ဆက်ဆံမည်လား သံသယဝင်ခဲ့မိသည်။

ပန်ပန်က ကိစ္စရပ်များကို မည်သို့တွေးထင်သည်ကို ရန်ကျောက်ကဲ မသိရှိသော်လည်း သူက လူသားတစ်ယောက်ပမာ ပို၍ ဉာဏ်ရည်ထက်မြက်လာပြီး ပို၍လည်း ပရိယာယ်များလာသည်။

တစ်ခါကဆိုလျှင် အားဟူက အကြောင်းမရှိဘဲ သူ၏နားရွက်ကို ထိလိုက်သဖြင့် နေရာမှာတင် ပြင်းပြင်းထန်ထန် ကိုက်ပစ်လိုက်သေးသည်။

ထိုဖြစ်ရပ်က နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အားဟူ နာကျင်စွာအော်ဟစ်လိုက်သံကို ရန်ကျောက်ကဲနားထဲ ယခုထိတိုင် ကြားယောင်နေမိဆဲ ဖြစ်သည်။ ဤသည်က လူသားတစ်ယောက် နာကျင်လွန်းသဖြင့် အော်ဟစ်သည့်အသံတစ်သံ ဖြစ်၏။

အနှီ ဝတုတ်ဖက်တီး ‘ပန်ပန်’ ကတော့ ‘သူ့ကိုရန်စသူမှာ အားဟူဖြစ်သည်’ ဆိုသောမျက်နှာထားဖြင့် လုံးဝ အပြစ်ကင်းစင်သည့်အလား ဟန်ဆောင်နေခဲ့လေရာ အားဟူမှာ ငိုချင်သည့်တိုင် မျက်ရည်ပင် ထွက်မလာနိုင်တော့အောင် ဖြစ်ရသည်။

“ဒီနှစ်ပိုင်းအတွင်း ငါ အသားတုံးလေးကို အတော်လေး ချစ်ခင်မိတယ် ၊ ယွင်ရှန်းထက်တောင် သံယောဇဉ်ရှိမိသလိုပဲ ၊ အဲဒါ သိပ်တော့မကောင်းဘူး ၊ ငါနဲ့ အကောင်းအဆိုး ညှိနှိုင်းဖို့ တစ်ယောက်ယောက် ရှာဖွေသင့်တယ်”

ရန်ကျောက်ကဲက သူ့လုပ်ရပ်ကိုအကဲဖြတ်ရင်း အသားတုံးလေး၏အကြည့်များကို တာဝန်မဲ့စွာ လျစ်လျူရှုလိုက်ပြီး ခွေးနက်လေးကို ပန်ပန်နှင့်အတူထားခဲ့ကာ ထျန်းကျိခန်းမသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

ရန်ကျောက်ကဲ ယွမ်ကျိုးမြို့သို့ရောက်လာချိန် လေလံပွဲကျင်းပမည့်ရက်ဖြင့် နီးကပ်နေပြီ ဖြစ်သည်။

သူက နဂါးလိပ်ပြာတောင်ကြားတွင် အသားတုံးလေးကို စောင့်ရှောက်ရန်သက်သက် နေထိုင်သည်မဟုတ်ဘဲ အခြားသောအရာများကိုပါ လုပ်ဆောင်နေသဖြင့် ပြင်ဆင်မှုများစွာ ပြီးဆုံးသွားခဲ့သည်။

တိုက်ဆိုင်စွာပင် ရန်ကျောက်ကဲ ထျန်းကျိခန်းမသို့ ရောက်သည်နှင့် ယွမ်ကျိုးမြို့၏ကောင်းကင်ယံထက်တွင် အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာသော ခရမ်းရောင်ချီစွမ်းအားများကို တွေ့မြင်လိုက်ရသည်။

ဒါကိုမြင်တော့ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တစ်ချက်တောက်ပသွားပြီး...

“အိုး... ပိုးသားဧကရာဇ် ရောက်လာပြီလား...”

All Chapters