ခင်ပွန်းဖြစ်သူထက် မျိုးဆက်နှစ်ဆက်ငယ်ရွယ်နေပြီ
Vol. 81 Ch. 1141
အခန်း (၁၁၄၁) ခင်ပွန်းဖြစ်သူထက် မျိုးဆက်နှစ်ဆက်ငယ်ရွယ်နေပြီ
ယွမ်ကျိုးမြို့သို့ ပိုးသားဧကရာဇ်နှင့် တစ်ချိန်တည်းရောက်ရှိလာမည်ဟု ရန်ကျောက်ကဲ မျှော်လင့်မထားခဲ့ပေ။
ကောင်းကင်ထက်တွင် လွှမ်းခြုံထားသည့် ခရမ်းရောင်ချီစွမ်းအားများ တစ်ချက်လှိုင်းထသွားသည်ကိုကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည်လည်း သိသိသာသာ အံ့သြသွားကြောင်း ရှင်းလင်းစွာ သိရှိရသည်။
ခရမ်းရောင်တိမ်တိုက်ပင်လယ်အတွင်းမှ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်ပေါ်လာသည်။ ထိုသူက အလွန်ချောမောလှပသောရုပ်သွင်ရှိပြီး ကြီးကျယ်ခမ်းနားသည့် ဟန်ပန်ရှိသည်။
အနက်ရောင်ပိုးသားဧကရာဇ်မှလွဲပြီး အခြားသူ မဟုတ်ပေ။
သူ့အမူအရာက တည်ငြိမ်ပြီး မျက်ဝန်းများက ကန်ရေပြင်အလား ငြိမ်သက်နေကာ မည်သည့် စိတ်ခံစားချက် အတက်အကျမှ မရှိပေ။ ဤသည်က သူ့ကို ထိုးထွင်းဉာဏ်ကင်းမဲ့သူတစ်ယောက်ပမာ ထင်မှတ်ရစေသည်။
အမှန်တော့ သူက ဉာဏ်ရည်ထက်မြက်ပြီး လူတိုင်းထက်သာလွန်သူတစ်ယောက် ဖြစ်သည်မှန်သော်လည်း မျက်လုံးများက လုံးဝသက်ဝင်ရှင်သန်နေခြင်း မရှိပေ။
သူက အခြားသူများကို ကြည့်လိုက်သည့်အခါ သက်မဲ့များကိုကြည့်သကဲ့သို့ ခံစားသက်ဝင်မှု ကင်းမဲ့နေသည်။
လောလောဆယ်မှာတော့ အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေ၏။
ခံစားချက်ကင်းမဲ့သည့်လမ်းကိုရွေးချယ်သည့် အနက်ရောင်ပိုးသားဧကရာဇ်အား ရန်ကျောက်ကဲအနေဖြင့် ငရဲကိုးထပ်တွင် တစ်ကြိမ်တွေ့ဆုံခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
ကျန့်ဟွမ်ဓားဧကရာဇ်၏ သြဇာအာဏာတည်ဆောက်ရာတွင် ကူညီရန်အတွက် ရန်ကျောက်ကဲက ထျန်းကျိခန်းမတွင် သူ၏ ကိုယ်ပိုင်အခန်းကဏ္ဍကို ရှေ့တန်းတင်ခြင်း မရှိခဲ့ပေ။
ထို့ကြောင့် ထျန်းကျိခန်းမက အထက်ဘုံကမ္ဘာတွင် အလွန်နာမည်ကြီးသော်လည်း ရန်ကျောက်ကဲနှင့် ထျန်းကျခန်းမကြား ဆက်နွယ်မှုကို လူအများစုက သိရှိခြင်း မရှိကြပေ။
လူအများစုက ရှောင်အိုက်နှင့် ရန်ကျောက်ကဲတို့၏ ဆက်ဆံရေးကိုလည်း မသိရှိကြပေ။
သို့ပေသိ အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များအားလုံးကတော့ ဤမျှ အုံးအုံးကြွက်ကြွက် လှုပ်ခတ်စေသော ထျန်းကျိခန်းမကို ဖန်တီးသူမှာ ရန်ကျောက်ကဲဖြစ်ကြောင်း အားလုံး သိရှိကြသည်။
‘ရန်’ အိမ်တော်မှ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရား’ က ဒါဇင်နှင့်ချီသည့် အဖိုးတန်ရတနာပစ္စည်းများကို ဤကမ္ဘာတွင် ပြန်လည်ထွက်ပေါ်လာစေခဲ့သည်။
အနက်ရောင်ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာနှင့်အဝေးသို့ရောက်ရှိနေသော်လည်း ထိုအကြောင်းကို ကောင်းစွာနားလည်သည်။
ငရဲကိုးထပ်တွင် တွေ့ဆုံစဉ်ကထက် သူက ရန်ကျောက်ကဲကို ပိုမိုစူးစိုက် လေ့လာနေသည်။
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ အကြည့်ကိုရင်ဆိုင်ရသည့်တိုင် ရန်ကျောက်ကဲက စိတ်မသက်မသာ မခံစားရဘဲ တည်ငြိမ်နေဆဲပင်။
သူက ပိုးသားဧကရာဇ်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ရင်း သိမ်မွေ့စွာပင် စကားဆိုလိုက်သည်။
“ထျန်းကျိခန်းမကို အနက်ရောင်ပိုးသားဧကရာဇ် ကြွရောက်လာတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ”
သူက ဆက်ပြောသည်။
“ဧကရာဇ်မင်း မျက်စိကျတဲ့ရတနာပစ္စည်းတစ်ခုခုရှိရင် တပည့်တွေကို လွှတ်ပြီး ယူခိုင်းလိုက်လို့ရတာပဲလေ ၊ အခုလို ကိုယ်တိုင်ကြွရောက်လာတော့ ဒီ’ရန်’ တကယ့်ကို ဂုဏ်ယူမိပါတယ်”
ရန်ကျောက်ကဲစကားကိုကြားတော့ အနက်ရောင်ပိုးသားဧကရာဇ်က အကဲခတ်နေသည်ကိုရပ်လိုက်ပြီး တည်ငြိမ်စွာပင် စကားဆိုလိုက်သည်။
“ငါလိုချင်တဲ့ပစ္စည်းက မင်းတို့ ထျန်းကျိခန်းမမှာ ရှိမတဲ့လား...”
ထိုစကားကြားတော့ ရန်ကျောက်ကဲ၏နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း မျက်ဝန်းများထဲတွင်တော့ လုံးဝ အပြုံးရိပ် ရှိမနေခဲ့ပေ။
“ဧကရာဇ်မင်းလိုချင်တဲ့ပစ္စည်း ကျွန်တော်တို့မှာ ရှိပါတယ် ၊ ဒါပေမဲ့ ဧကရာဇ်မင်းအနေနဲ့ စျေးနှုန်းကို တတ်နိုင်မယ်မထင်ဘူး ၊ ဒါကြောင့် အဲဒီပစ္စည်းကိုမေ့လိုက်ပြီး တခြားတစ်ခုကို ရွေးချယ်လိုက်သင့်ပါတယ် ၊ ဒါဆိုရင် လက်ဗလာနဲ့ပြန်ရမှာ မဟုတ်တော့ဘူးပေါ့”
ရန်ကျောက်ကဲ၏ ခွန်းတုံ့ပြန်မှုကိုကြားရသည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ်က ဒေါသထွက်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်...
“မင်း အလျင်စလို ငြင်းပယ်ဆို့ မလိုအပ်သေးပါဘူး ၊ ငါလိုချင်တာကို ရနိုင်မလား မရနိုင်ဘူးလားဆိုတာ ပြောဖို့စောပါသေးတယ်”
“ဒါပေမဲ့ ဒီနေ့ပစ္စည်းတွေကို ကြည့်ပြီးရင်တော့ ဧကရာဇ်မင်း စိတ်ပျက်သွားမှာ စိုးရွံ့မိပါတယ်”
ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကို တစ်ချက်အကဲခတ်ရင်း ဆိုလိုက်သည်။
ပိုးသားဧကရာဇ်က...
“ကိစ္စမရှိပါဘူး ၊ ငါ ဒီကိုရောက်လာပြီဆိုတော့ ဒီနှစ်ပိုင်းအတွင်း ရှားရှားပါးပါး လေလံပွဲကို လက်လွှတ်မခံနိုင်ဘူးလေ”
ထိုစကားကြားတော့ ရန်ကျောက်ကဲက ဖြည်းညင်းစွာ ခေါင်းညိတ်ရင်း...
“ဒါဖြင့် ဧည့်သည်တော်က ဧည့်သည်တော်ပါပဲ ၊ ကျေးဇူးပြုပြီး ဧကရာဇ်မင်း အထဲကိုကြွပါ”
သူတို့နှစ်ယောက် ယွမ်ကျိုးမြို့ဆီသို့ အတူတကွ ဆင်းသက်လိုက်ကြပြီး ထျန်းကျိခန်းမသို့ ရောက်လာကြသည်။
ပိုးသားဧကရာဇ်ကဲ့သို့ ဧကရာဇ်တစ်ပါးကို ရန်သူဖြစ်စေ မိတ်ဆွေဖြစ်စေ အထူးပုဂ္ဂိုလ်အဖြစ် အလေးပေးဆက်ဆံရမည်မှာ သဘာဝပင်။
ထျန်းကျိခန်းမက မြောက်ဖေးတောင်ထွတ်သို့ပေးထားသည့် အထူးတုံကင်ကလည်း အလွန်တရာ အဆင့်အတန်း မြင့်မားသလို ထျန်းကျိခန်းမမှ ဝန်ထမ်းများကလည်း ဤနှစ်များအတွင်း ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးထားသည်ဖြစ်ရာ ဧည့်ကြိုတစ်ယောက်က ပိုးသားဧကရာဇ်အား ကျင့်ဝတ်နှင့်အညီ သီးသန့်အခန်းဆီသို့ ကြိုဆိုခေါ်ဆောင်သွားသည်။
ရန်ကျောက်ကဲကတော့ အခြားနေရာတစ်ခုသို့ ထွက်ခွာလာခဲ့၏။
ရှောင်အိုက် ၊ အားဟူနှင့် ချိုးကျားဟိုင်တို့ ထိုနေရာတွင် ရှိနေကြပြီး ဝမ်ဖူသည်ပင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
ဝမ်ဖူက ရန်ကျောက်ကဲကိုတွေ့သည်နှင့် ချက်ချင်း မေးမြန်းလိုက်သည်။
“အနက်ရောင်ပိုးသားဧကရာဇ် ရောက်လာတဲ့ ရည်ရွယ်ချက်က ဘာများလဲ...”
ရန်ကျောက်ကဲက...
“ရှင်းရှင်းလင်းလင်းတော့ မသိရသေးဘူး ၊ ဒါပေမဲ့ ပြဿနာရှာဖို့ရောက်လာတာတော့ သေချာတယ်”
ပြောရင်း ရန်ကျောက်ကဲက ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်လိုက်သည်။
“ပြီးတော့ သူက အခုလောလောဆယ် ဘာမှမလှုပ်ရှားသေးပေမယ့် ငါ ခံစားရတာတော့ ပြဿနာရှာမယ့်သူက သူတစ်ယောက်တည်း မဟုတ်နိုင်ဘူး”
ထိုစကားကြားတော့ ဝမ်ဖူနှင့် အခြားသူများ၏မျက်နှာအမူအရာများ တည်ကြည်လေးနက် သွားကြသည်။
ချိုးကျားဟိုင်က...
“ဒါဖြင့် ဂိုဏ်းတူညီလေး’နျဲ့’ ဒီကိုလာဖို့ ခေါ်လိုက်ရမလား”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို လက်ဖြင့်တစ်ချက်ပွတ်လိုက်ရင်း...
“တစ်ဖက်လူက ဘာဖြစ်ချင်တာလဲဆိုတာ ငါတို့ မသိသေးဘူး ၊ ဂိုဏ်းတူအစ်ကို’နျဲ့’ ကို ခေါ်လိုက်မယ်ဆိုရင် ရန်သူကို သတိပေးသလို ဖြစ်သွားလိမ့်မယ် ၊ ဒီတော့ သူ့အနေနဲ့ ရေကန်တစ်ထောင်ဒေသမှာ ရှိနေတာပဲ ကောင်းပါတယ် ၊ လောလောဆယ်မှာ တောင်ပိုင်းမီးတောက်ကောင်းကင်ကို ဘယ်သူမှ အာရုံမစိုက်ကြသေးဘူးဆိုပေမယ့် ဂိုဏ်းတူအစ်ကို’နျဲ့’ အနေနဲ့ တောင်ပိုင်း မီးတောက်ကောင်းကင်ပြည်နယ်နဲ့ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် နယ်ခြားမှာပဲရှိနေတာ ပိုကောင်းပါတယ်”
ဝမ်ဖူနှင့် ချိုးကျားဟိုင်တို့နှစ်ယောက်လုံး ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ကြသည်။
ထို့နောက် ဝမ်ဖူက...
“ငါတို့တွေ အဖြူရောင်ပိုးသားဧကရာဇ်နဲ့လည်း ဆက်သွယ်လို့မရဘူးနော် ၊ မြောက်ဖေးတောင်ထွတ်ကလည်း ဘာသတင်းမှ မရဘူး”
အနက်ရောင်ပိုးသားဧကရာဇ် ဤနေရာသို့ ရောက်ရှိလာသည်ဆိုသောအခါ သူနှင့်ရင်ဆိုင်ရန် အသင့်တော်ဆုံးသူမှာ အဖြူရောင်ပိုးသားဧကရာဇ်သာလျှင် ရှိသည်။
စစ်ထိုက်ရှန်းထျန်းအလံက အဖြူရောင်ပိုးသားဧကရာဇ်လက်ထဲတွင်ရှိနေသည်ဖြစ်ရာ အခြားသော နတ်ဘုရားများ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် အဖြူရောင်ပိုးသားဧကရာဇ်ကို ရှောင်တိမ်းသွားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။
ယခင်က ပိုးသားဧကရာဇ် (၂)ယောက် အချင်းချင်း တိုက်ခိုက်ကြပြီး ပြင်ပဗလာနယ်ထဲတွင် အချိန်အများစု ကုန်ဆုံးခဲ့ကြသည်။
ယခု အနက်ရောင်ပိုးသားဧကရာဇ် အထက်ဘုံကမ္ဘာသို့ ပြန်လာသည့်အခါ ရန်ကျောက်ကဲတို့အုပ်စုက အဖြူရောင်ပိုးသားဧကရာဇ်ကို လှမ်းပြီးအကြောင်းကြားရန် ကြိုးစားကြသည်သာပင်။
အားဟူက အလျင်အမြန် ဝင်ပြောလိုက်သည်။
“အိမ်တော်သခင်ပြောတာတော့ ‘ဖု’ မိန်းကလေးက လောလောဆယ်မှာ အဖြူရောင်ပိုးသားဧကရာဇ်နဲ့ မဆက်သွယ်နိုင်သေးဘူးတဲ့”
ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်အသာပွတ်ရင်း...
“ဒါက တိုက်ဆိုင်မှု မဟုတ်နိုင်ဘူး ၊ အဖြူရောင်ပိုးသားဧကရာဇ် ကိစ္စတစ်ခုခုနဲ့ ချည်နှောင်ခံထားရတာ ဖြစ်နိုင်တယ် ၊ ဒါကြောင့် အနက်ရောင်ပိုးသားဧကရာဇ်က အထက်ဘုံကမ္ဘာကို ပွင့်ပွင့်လင်းလင်းပြန်လာပြီး ထျန်းကျိခန်းမကို ပွင့်ပွင့်လင်းလင်း ပြဿနာရှာရဲတာပေါ့”
လူတိုင်းတစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး မမြင်ရသည့်ပိုက်ကွန်တစ်ခုက သူတို့အားလုံးကို ဖုံးအုပ်ထားသည့်ပမာ ခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲ ထိတ်လန့်တုန်လှုပ်ခြင်းမရှိသော်လည်း အနည်းငယ် တုံ့ဆိုင်းသွားသည်။
“သူတို့ ရည်ရွယ်ချက်က ဘာများလဲ ၊ တကယ်ပဲ ထျန်းကျိခန်းမကို ပြဿနာရှာချင်တာလား”
***
အောက်ဘုံကမ္ဘာတစ်ခုတွင် သိုင်းကျင့်ကြံသူအုပ်စုတစ်စုက ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ဦးတည်ရန် ပြင်ဆင်နေကြသည်။
ထို အောက်ဘုံကမ္ဘာတွင် အာဏာတည်ထောင် အုပ်စိုးထားသည့် သိုင်းဂိုဏ်းအမည်က ‘သန့်စင်ပန်းပွင့်ဂိုဏ်း’ ဖြစ်သည်။
သန့်စင်ပန်းပွင့်ဂိုဏ်းက အောက်ဘုံကမ္ဘာတစ်ခုမှ မြစ်ဖျားခံဆင်းသက်လာပြီး နောက်ပိုင်းမှာတော့ အထက်ဘုံကမ္ဘာ ၊ အရှေ့ပိုင်း ကျယ်ပြန့်ကောင်းကင်ပြည်နယ် ၊ မြူခိုးသစ်ရွက်တောင်တွင် အုတ်မြစ်ချခဲ့သည်။
ထိုသိုင်းဂိုဏ်းက နှစ်အနည်းငယ်လျှင်တစ်ကြိမ် မြူခိုးသစ်ရွက်တောင် ၊ သန့်စင်ပန်းပွင့်ဂိုဏ်းမှ တပည့်အုပ်စုကို အောက်ဘုံကမ္ဘာသို့စေလွှတ်ကာ အတွေ့အကြုံယူခိုင်းလေ့ရှိသည်။
ယခုတော့ တပည့်အုပ်စုအသစ် စေလွှတ်မည်ဖြစ်ရာ ယခင် အောက်ဘုံကမ္ဘာသို့ စေလွှတ်ထားသူများကို အထက်ဘုံကမ္ဘာသို့ ပြန်ခေါ်မည့်အချိန် ဖြစ်၏။
ပထမအသုတ်တပည့်များကတော့ အလွန်တရာ ပျော်ရွှင်လျှက် ရှိသည်။
သို့သော် အချို့သူများကတော့ မကျေမနပ် ဖြစ်နေကြပြန်သည်။
“အောက်ဘုံကိုဆင်းလာတဲ့ ဂိုဏ်းတူအစ်မတစ်ယောက်ဆီက သတင်းကြားတာ... ဒီနေ့ ထျန်းကျိခန်းမ (၃)နှစ်ပြည့်နှစ်ပတ်လည် ကျင်းပမှာတဲ့ ၊ ငါတို့ အချိန်မီမပြန်နိုင်တာ စိတ်မကောင်းစရာပဲ”
အချို့သူများကတော့ ရယ်မောကြသည်။
“ဒီလိုကြီးကျယ်ခမ်းနားတဲ့ပွဲမျိုးက ငါတို့ သန့်စင်ပန်းပွင့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်နဲ့ အကြီးအကဲအနည်းငယ်လောက်ပဲ တက်ရောက်နိုင်မှာပေါ့ ၊ ငါတို့ အထက်ဘုံကမ္ဘာမှာရှိရင်တောင် သွားနိုင်မယ်မထင်ပါဘူး”
“ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေ လေလံပွဲသွားမယ်ဆိုလည်း သူတို့ကို ကူညီပေးဖို့ တပည့်တွေကို ခေါ်သွားမှာပဲလေ ၊ ဘာလို့ အခွင့်အရေး မရှိရမှာလဲ ၊ ဒါဆို ငါတို့အတွက် မျက်စိပွင့် နားပွင့်ဖြစ်လာမှာပဲ”
ပထမလူက ခိုင်မာစွာဖြင့် ပြန်လည် ငြင်းဆိုသည်။
လူအများက ငြင်းခုန်ပြောဆိုနေကြသော်လည်း တကယ်တမ်းတွင် အလေးအနက်သိပ်မထားကြပေ။
သူတို့ထဲတွင် လူတိုင်းနှင့်အတူရောနှောပြီး စကားပြောဆိုနေသည့် မိန်းကလေးတစ်ယောက် ရှိနေသော်လည်း ထိုမိန်းကလေးကြည့်ရသည်မှာ စိတ်အာရုံ ပျံ့လွင့်နေဟန် ရှိသည်။
“တကယ်ကြီးလား... ငါ့ယောကျ်ားနဲ့ ကျောက်ကဲတို့ ဒီလောက်ကြီးကြီးမားမား အလုပ်တွေလုပ်နေမယ်လို့ တကယ် မျှော်လင့်မထားမိဘူး”
အတွေးနှင့်အတူ သူမ သက်ပြင်းချလိုက်သည်။
“ငါ သူတို့ကို သွားမတွေ့နိုင်တာ စိတ်မကောင်းစရာပဲ”
အထက်ဘုံကမ္ဘာတွင် သူမကို ကာကွယ်ပေးပြီး နေစရာပေးမည့်သူရှိလာပြီဖြစ်ရာ မိသားစုပြန်လည်ပေါင်းစည်းရန် အချိန်တန်ပြီဟု ထင်ရသော်လည်း နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသော ရွှယ်ချူးချင်သည် အမြဲတမ်း သတိရှိနေခဲ့ပြီး တစ်ချက်လေးပင် ပေါ့ဆစွာ မနေထိုင်ဝံ့ခဲ့ပေ။
ပြီးတော့ အထက်ဘုံကမ္ဘာတွင် ခက်ခက်ခဲခဲ ခြေကုပ်ရယူနေသော ရန်ကျောက်ကဲနှင့် ရန်တိတို့ကို သူမကြောင့် ဒုက္ခမရောက်စေလိုပေ။
ဒုက္ခရောက်မည်ဆိုလျှင် သူမသာလျှင် ဒုက္ခအရောက်ခံပေမည်။
သို့သော်...
“ငါ့ယောကျ်ားက ရွှေစင်ထက်ယံအရှင်သခင်ရဲ့သားဖြစ်မယ်လို့ တစ်ခါမှ ထင်မထားမိဘူး”
မိန်းကလေးက မျက်မှောင်ကြုံ့ရင်းတွေးနေပြီးမှ တစ်စုံတစ်ခုကို စိတ်ပူပန်သွားဟန်ဖြင့်...
“ရွှေစင်ထက်ယံအရှင်သခင်က ငါ့ရဲ့ ဆရာဘွားဘွားနဲ့ မျိုးဆက်အတူတူပဲ ၊ ဒါဆိုရင် ငါ့ယောကျ်ားက ငါ့ထက် မျိုးဆက်နှစ်ဆက်တောင် ဝါစဉ်ကြီးနေတာပေါ့...”
“... လာနောက်နေသလိုပဲ...”