နှင်းကြိုးကြာကိုဖမ်းဆီးရန်စီမံကိန်း
Vol. 81 Ch. 1142
အခန်း (၁၁၄၂) နှင်းကြိုးကြာကိုဖမ်းဆီးရန်စီမံကိန်း
အထက်ဘုံကမ္ဘာ ၊ မြူခိုးသစ်ရွက်တောင်မှ သန့်စင်ပန်းပွင့်ဂိုဏ်းမှတပည့် ၊ သိုင်းဆရာသခင်အဆင့်ရှိသော ‘လီလင်’။
သူမက သိုင်းသူတော်စင်အဆင့်ရှိသော ‘ရွှယ်ချူးချင်’ က ဟန်ဆောင်ထားခြင်း ဖြစ်သည်။
လွန်ခဲ့သော (၁၀)နှစ်ကျော်ခန့်က သူမ သန့်စင်ပန်းပွင့်ဂိုဏ်း၏တပည့်အဖြစ် အောင်မြင်စွာ ရွေးချယ်ခံခဲ့ရသည်။ သူမ၏ တမင်တကာ ကြိုးစားအားထုတ်မှုကြောင့် အောက်ဘုံကမ္ဘာသို့ စေလွှတ်ခံရသည့်အဖွဲ့ထဲတွင် ပါဝင်နိုင်ခဲ့ပြီး သိုသိုသိပ်သိပ်ဘဝဖြင့် နေထိုင်လာခဲ့သည်။
ယခုတော့ သန့်စင်ပန်းပွင့်ဂိုဏ်းက အောက်ဘုံကမ္ဘာသို့ တပည့်အုပ်စုအသစ် စေလွှတ်မည်ဖြစ်ရာ ယခင်အုပ်စုက အထက်ဘုံကမ္ဘာသို့ ပြန်သွားရန် အချိန်တန်ပေပြီ။
အခြားသူများ အထက်ဘုံကမ္ဘာသို့ ပြန်ကြတော့မည့်အချိန်တွင် ရွှယ်ချူးချင်က အောက်ဘုံကမ္ဘာတွင် တစ်ယောက်တည်းကျန်ရစ်ခဲ့ရန် မကြိုးစားခဲ့ပေ။
အရာအားလုံးက သူ့အချိန်နှင့်သူ အကန့်အသတ်ရှိသည်ဖြစ်ရာ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သောကိစ္စများက သဲလွန်စများကို အလွယ်တကူ ချန်ထားခဲ့နိုင်ပြီး သူမကို လိုက်လံဖမ်းဆီးနေသူများ ရိပ်မိသိရှိသွားနိုင်သည်။
သူမကို ရှာဖွေနေသူများက အလွန်တရာ အမြင်စူးရှသော သိမ်းငှက်များပမာဖြစ်လေရာ တောအုပ်ထဲတွင် ပုန်းအောင်းသည်ထက် သစ်ရွက်အစုအပုံများအောက်တွင် ပုန်းအောင်းနေခြင်းက ပိုမိုကောင်းမွန်ပေသည်။
ထို့နောက် သူမကို ဖုံးကွယ်ပေးထားသည့် သစ်ရွက်များ ကြွေကျပျက်ဆီးသွားသည့်အခါ သူမသည်လည်း ဒုတိယဘဝတစ်ခုအဖြစ် ဆက်လက်ရှင်သန်သွားနိုင်သည်။
ပန်းပွင့်သန့်စင်ဂိုဏ်း၏ တပည့်တစ်ယောက်ဖြစ်သော ‘လီလင်’ သည် သာမန်အရည်အချင်းရှိသူတစ်ယောက်အဖြစ်သာ သတ်မှတ်ခံရသည်။
အောက်ဘုံကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်ပြီးနောက် ပြင်ပလောကသို့ထွက်ခွာရင်း ‘လီလင်’ မမျှော်လင့်ဘဲ သေဆုံးပျောက်ကွယ်သွားမည်ဖြစ်ပြီး ရွှယ်ချူးချင်သည်လည်း အခြားသောဘဝတစ်ခု အသစ်စတင်မည် ဖြစ်သည်။
လီလင် သေဆုံးခြင်းက သူမနှင့် ရင်းနှီးကြသည့် သန့်စင်ပန်းပွင့်ဂိုဏ်းမှ ဂိုဏ်းသားအနည်းငယ်ကို စိတ်မကောင်းဖြစ်စေသည်မှလွဲပြီး များစွာဒုက္ခဖြစ်မည် မဟုတ်ပေ။
အောက်ဘုံကမ္ဘာဆိုသည်က ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များ အကန့်အသတ်ရှိသည်ဖြစ်ရာ သူမ ရုတ်တရက် ပျောက်ဆုံးသွားခဲ့လျှင် ရှာဖွေရလွယ်ကူစေပေလိမ့်မည်။
အထက်ဘုံကမ္ဘာကတော့ အခြေအနေ မတူညီပေ။ မရေမတွက်နိုင်သောလူများ နေ့စဉ် ပျောက်ကွယ်နေကြသည့် နေရာဖြစ်သည်။
ထိုသို့သောဘဝအနေအထားမျိုးအား ရွှယ်ချူးချင်သည်လည်း အတော်လေး ရင်းနှီးသည်ဖြစ်ရာ သူမကို ခြေရာခံခြင်းအား ရှောင်တိမ်းရန်အတွက် ရွှယ်ချူးချင်အနေဖြင့် တစ်နေရာတည်းတွင် အကြာကြီးနေထိုင်ရန် မဖြစ်နိုင်ပေ။
သံသယဝင်စရာမလိုသောနေရာများတွင် ရံဖန်ရံခါ သူမ၏ အမည်ရင်းကို အသုံးပြုလေ့ရှိသော်လည်း သူမ ခေတ္တနားခိုရာ နေရာအများစုတွင် နာမည်ဝှက်ကိုသာ အသုံးပြုလေ့ ရှိသည်။
သူမ အသက်ရှင်သန်ရသည့်နေ့ရက်များတွင် ထွက်ပြေးတိမ်းရှောင်နေရခြင်းက အဆုံးမသတ်နိုင်သော်လည်း ရွှယ်ချူးချင်က ထိတ်လန့်ကြောက်ရွံ့ခြင်းမျိုး မဖြစ်မိပေ။
သူမက အမြဲတမ်း သတိရှိနေသူဖြစ်သလို အကောင်းမြင်ဝါဒလည်းရှိပြီး ခက်ခဲသည့်ဘဝမှာပင် ပျော်ရွှင်မှုကို ရှာဖွေနေထိုင်နိုင်သူတစ်ယောက် ဖြစ်၏။
ယခု သူမစိတ်ထဲ ပြဿနာတက်နေသည်က သူမ လွတ်မြောက်အောင် ရုန်းကန်နေရသည့်ကိစ္စကြောင့် မဟုတ်ဘဲ ရန်တိက သူမထက် မျိုးဆက်နှစ်ဆက်ကြီးသောလူတစ်ယောက်ဖြစ်နေသည့်ကိစ္စ ဖြစ်သည်။
“ကျစ်... ဘယ်လောက်တောင် စိတ်ညစ်စရာကောင်းလိုက်သလဲ”
ရွှယ်ချူးချင် စိတ်ထဲက မကျေမနပ် တွေးလိုက်မိသည်။
“ဒါပေမဲ့ ဆရာဘိုးဘိုးတွေနဲ့ ဘိုးဘေးတွေအကြောင်း လျှောက်တွက်ကြည့်မနေလည်း ရတာပါပဲ ၊ ငါတို့တွေက အဆက်အနွယ်တစ်ခုတည်းက တပည့်တွေမှ မဟုတ်တာ ၊ ဘာမှကိစ္စမရှိဘူး... ဟုတ်တယ်...”
သူမ၏ မျက်နှာအမူအရာကို အကဲခတ်ရင်း လူတစ်ယောက်က မေးခွန်းထုတ်လာသည်။
“ဂိုဏ်းတူညီမလေး’လီ’ ... ဘာများဖြစ်လို့လဲ ၊ ကြည့်ရတာ မင်း ဒီနေရာက မပြန်ချင်သေးလို့လား”
ထိုစကားကြားတော့ ရွှယ်ချူးချင်တစ်ဖြစ်လဲ လီလင်က အသိစိတ်ဝင်လာပြီး ခေါင်းခါယမ်းလိုက်သည်။
“မဟုတ်ပါဘူး... ထျန်းကျိခန်းမရဲ့ (၃)နှစ်ပြည့်နှစ်ပတ်လည်ပွဲ လက်လွှတ်လိုက်ရလို့ စိတ်မကောင်းဖြစ်နေတာ...”
အခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။
“အမှန်ပဲ... ငါတို့အဲဒီကိုသွားဖို့ အခွင့်အရေးနည်းတယ်ဆိုပေမယ့် ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ငါတို့ကိုရွေးချယ်မယ်ဆိုရင် လေလံပွဲကိုသွားကြည့်ခွင့်ရမှာပဲ ၊ အဲဒါဆို အရမ်းကောင်းမှာ”
အခြားတပည့်တစ်ယောက်က...
“အထက်ဘုံကမ္ဘာကို ပြန်ရောက်ပြီဆိုရင်တော့ အခွင့်အရေးရှိပါသေးတယ် ၊ အောက်ဘုံကမ္ဘာမှာဆိုရင်သာ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး”
နောက်တပည့်တစ်ယောက်က...
“ဟုတ်တယ်... အခုရောက်လာမယ့် အုပ်စုအသစ်က ငါတို့ထက်တောင်ပိုပြီး စိတ်ညစ်ကြဦးမယ်”
လူတိုင်း စကားစမြည် ပြန်လည်ပြောဆိုနေကြချိန် ရွှယ်ချူးချင်ကတော့ တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
တကယ်တော့ သူမက သန့်စင်ပန်းပွင့်ဂိုဏ်းသားများကဲ့သို့ ထျန်းကျိခန်းမ လေလံပွဲ မသွားရောက်ရသဖြင့် စိတ်မကောင်းဖြစ်နေခြင်း မရှိပေ။
ရွှယ်ချူးချင်က သန့်စင်ပန်းပွင့်ဂိုဏ်းမှတပည့်များထက် အကြောင်းအရာများကို ပိုမိုသိရှိနားလည်သူ ဖြစ်သည်။
ယခု ဤနေရာမှလူများက ထျန်းကျိခန်းမ မည်မျှစွမ်းအားကြီးမားကြောင်းနှင့် မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်နှင့် အလွန်နီးစပ်ပတ်သက်မှုရှိကြောင်းကိုသာ သိရှိကြသည်။
ရွှယ်ချူးချင်ကတော့ ထျန်းကျိခန်းမ၏ တာဝန်ခံမှာ ‘ရှောင်အိုက်’ ဖြစ်သည်ဟု ကြားသိလိုက်ရုံမျှနှင့် ထိုလုပ်ငန်းမှာ ဝါဒတောင်မှ သူမ၏ခင်ပွန်းနှင့် သားဖြစ်သူ၏ လုပ်ငန်းဖြစ်ကြောင်း သိရှိလိုက်သည်။
သို့ပေသိ သူမက သားဖြစ်သူ ရန်ကျောက်ကဲကို ချက်ချင်းသွားရောက်တွေ့ဆုံရန် ရည်ရွယ်ချက် မရှိသေးပေ။
သူမက နက္ခတ်ပညာရပ်ကျွမ်းကျင်ပြီး မြစ်ဝါပန်းချီကားတစ်ဝက်ကဲ့သို့ ရတနာပစ္စည်းများလည်း ပိုင်ဆိုင်ထားသည့်တိုင် ဝါဒတောင်နှင့်ပတ်သက်ပြီး ခန့်မှန်းချက်များပြုလုပ်ခြင်းကို တစ်ခါမှ မပြုလုပ်ခဲ့ပေ။ အကြောင်းမှာ အခြားသူများက သူမအသုံးပြုလိုက်သည့် နက္ခတ်ပညာမှတစ်ဆင့် သဲလွန်စရှာဖွေပြီး ရန်ကျောက်ကဲနှင့် ရန်တိကို ပစ်မှတ်ထားမည်စိုးရိမ်သောကြောင့်ပင်။
ဝါဒတောင်က အထက်ဘုံကမ္ဘာတွင် ခိုင်မာစွာ ခြေကုပ်ရယူထားပြီး ကျန့်ဟွမ်ဓားဧကရာဇ်ကလည်း ထောက်ခံပေးထားကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သို့တိုင် ရွှယ်ချူးချင်ကတော့ ပို၍ပင် သတိကြီးကြီး ထားနေခဲ့၏။
ကောလဟလသတင်းများကို အသုံးပြုပြီး သူမ သတိလက်လွတ်ဖြစ်သွားမည့်အချိန်ကို လိုက်လံဖမ်းဆီးသူများက စောင့်ဆိုင်းနေပေလိမ့်မည်။
ထို့ကြောင့် နှလုံးသားထဲတွင် ချစ်ရသူကို လွမ်းဆွတ်တမ်းတနေသည့်တိုင် ရွှယ်ချူးချင်သည် သူမကိုယ်သူမ တည်ငြိမ်စွာနေထိုင်ရန် တွန်းအားပေးနေဆဲပင်။
သူမနှင့်ရန်တိ၏ မျိုးဆက်နှစ်ဆက်ကွာခြားမှုအကြောင်း အပျော်သဘောတွေးတောရင်း စိတ်သက်သာရာရအောင် ပြုလုပ်နေခြင်းက သူမ၏စိုးရိမ်ပူပန်မှုများကို ပြေလျော့သွားစေမည့်နည်းလမ်း မဟုတ်ပေ။
ရွှယ်ချူးချင်က မည်သည့် မူမမှန်မှုကိုမှ မပြသဘဲ အခြားသော သန့်စင်ပန်းပွင့်ဂိုဏ်းသားများနှင့်အတူ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားသည်။ ဂိုဏ်း၏ရတနာပစ္စည်းမှ ကာကွယ်ပေးမှုအောက်တွင် သူမတို့အုပ်စု ကောင်းကင်အက်ကွဲကြောင်းကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာသို့ ပြန်ခဲ့ကြသည်။
သူမကိုယ်တိုင်က သိုင်းသူတော်စင် တတိယအဆင့် ကျော်လွန်နေပြီ ဖြစ်သော်လည်း သူမက အခြားသူများကဲ့သို့ပင် အဆင့်နိမ့်ကျင့်ကြံသူတစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့သည်။
သို့ပေသိ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်လိုက်သည်နှင့် ရုတ်တရက် ရွှယ်ချူးချင်စိတ်ထဲ အနည်းငယ် မသက်မသာ ခံစားလိုက်ရသည်။
ပြဿနာအရိပ်အမြွက်တစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်တည်းတွင် ရွှယ်ချူးချင်စိတ်ထဲ သတိပေးသည့်လက္ခဏာများ စတင်ခံစားလိုက်ရ၏။
အကယ်၍ ဤသည်က သူမအတွက် အရေးမပါသည့် အသေးအဖွဲပြဿနာတစ်ခုဆိုပါက မှေးမှိန်သည့်တိုင် ထင်ရှားစွာ အာရုံခံမိမည် ဖြစ်သည်။
ယခု သူမ အာရုံခံမိသည့်အရာက သူမ အာရုံမစူးစိုက်နိုင်လောက်အောင် မှိန်ဖျော့အားနည်းနေပြီး ထင်ယောင်ထင်မှားပမာခံစားနေရလေရာ__ ထိုအချက်နှင့်ပတ်သက်ပြီး ရှင်ပြချက်တစ်ခုသာလျှင် ရှိနိုင်သည်။
နက္ခတ်အစီအရင်တာအိုတွင် အလွန်ကျွမ်းကျင်ပိုင်နိုင်သော ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်က သူမ၏ အာရုံခံမှုကို နှောက်ယှက်ဖျက်ဆီးနေသည်ပင်။
အပြင်ဘက်တွင် မည်သည့်ထူးခြားမှုမှ မတွေ့ရသော်လည်း ရွှယ်ချူးချင်၏ ဘယ်ဘက်မျက်ဝန်းအိမ်ထဲတွင် မှိန်ဖျော့ဖျော့အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်သွားသည်။
ထို့နောက် ရွှယ်ချူးချင် မျက်ခုံးများကို တွန့်ချိုးလိုက်ရင်း...
“မြစ်ဝါပန်းချီကားအသုံးပြုတာတောင် အဲဒါဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မမြင်ရပါလား”
***
ထိုအချိန်...
အထက်ဘုံကမ္ဘာ ၊ တောင်ထွတ်တစ်ခုထက်ရှိ ကောင်းကင်ယံတွင် ကျောက်စိမ်းရောင်အလင်းတန်းတစ်ခု မြင့်တက်ထွက်ပေါ်လာသည်။
အစိမ်းရောင်အလင်းတန်းက မိုးမြေတစ်ခွင် အရပ်ရပ်သို့ ပြန့်ကျဲသွားပြီး အလင်းရောင်တဖြည်းဖြည်းပျောက်ကွယ်သွားချိန်တွင် တောင်ထွတ်ထက်တွင် စောင့်ကြည့်နေသောမျက်ဝန်းတစ်စုံဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
ထို့နောက်...
တစ်စုံတစ်ယောက်၏အသံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
အသံပိုင်ရှင်က မြေကမ္ဘာထိပ်တန်းအရှင်သခင်၏တပည့် မြေကမ္ဘာဝိညာဉ်သခင် ‘လီကျွင်းရှင်း’ ၏ အသံမှလွဲပြီး အခြားသူ မဟုတ်ပေ။
“ဒီ အင်းသင်္ကေတက အထက်ရပ်ထိပ်တန်းအရှင်သခင်ဆီက ဆင်းသက်လာတာ ဖြစ်တယ် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင်က ယွိချင်အဆက်အနွယ် ၊ ကနဦးကောင်းကင်ကျမ်းစာ (၃)စောင်ထဲက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားတဲ့သူဖြစ်တယ် ၊ အဲဒီကျမ်းစာက ကမ္ဘာပေါ်က အကောင်းဆုံး နက္ခတ်ပညာတွေထဲကတစ်ခုပဲ...”
“ဒီ အင်းသင်္ကေတက နှင်းကြိုးကြာရဲ့ သူ့ဆီကျရောက်မယ့် ဘေးအန္တရယ်ကို ကြိုတင်အာရုံခံနိုင်စွမ်းကို ဖိနှိပ်နိုင်စွမ်းရှိတယ် ၊ သူ့ရဲ့ မြစ်ဝါပန်းချီကားတစ်ဝက်ကိုတောင် နှောက်ယှက်နိုင်စွမ်း ရှိတယ်”
လီကျွင်းရှင်း၏ စကားသံက ဆက်ပြောသည်။
“ဆရာခန့်မှန်းတာသာ မမှားဘူးဆိုရင်... အခွင့်အရေးက မကြာခင် ရောက်လာတော့မှာပဲ ၊ နှင်းကြိုးကြာရဲ့ ယေဘူယျတည်နေရာကို ခန့်မှန်းနိုင်တာနဲ့ တိကျတဲ့သတင်းအချက်အလက်နဲ့ သဲလွန်စတွေကို ရှာဖွေနိုင်မှာပဲ”
“အထက်ရပ်ထိပ်တန်းအရှင်သခင်ရဲ့ ကျောက်စိမ်းပြားအကူအညီနဲ့ဆိုရင်... နှင်းကြိုးကြာ နေရာပြောင်းသွားမယ်ဆိုရင်တောင် ငါတို့တွေ သူ့ကို သေချာတဲ့အချိန်တစ်ခုအတွင်းမှာ ရှာတွေ့နိုင်မှာပဲ”
“ဒါပေမဲ့ အချိန်က အကန့်အသတ်ရှိတယ် ၊ ဒီအခွင့်အရေး လက်လွတ်သွားရင် နှင်းကြိုးကြာကို တားဆီးဖို့ ခက်သွားလိမ့်မယ်”
“ပြီးတော့ ဝါဒတောင်က သားအဖနှစ်ယောက် တစ်ခုခုထူးခြားတာကို သတိထားမိပြီး ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေလုပ်လာခဲ့ရင် ဆရာက သင့်တော်တဲ့အစီအစဉ်တွေ လုပ်ထားပေးတယ် ၊ ဒါပေမဲ့ အဲဒီကိစ္စကို သတိထားရမှာတော့ အမှန်ပဲ ၊ ဒါကြောင့် တိုက်စရာရှိတာကို မြန်မြန်တိုက်ခိုက်ရမယ် ၊ တတ်နိုင်သမျှ နှင်းကြိုးကြာကို ရပ်တန့်ရမယ်”
“နှင်းကြိုးကြာကို ထောင်ချောက်ဆင်ဖမ်းပြီးရင် သတ်မလား မသတ်ဘူးလားဆိုတာ မင်းကိုယ်တိုင် ဆုံးဖြတ်နိုင်တယ် ၊ ဒါပေမဲ့ သူ့ဆီမှာရှိတဲ့ ရတနာပစ္စည်းတွေကို ဆရာက ကြည့်ရှုချင်နေတယ်ဆိုတာကိုတော့ မင်း သတိရပါ”
တောင်ထွတ်ပေါ်မှလူကလည်း ရတနာပစ္စည်းများကိုရယူရန် စိတ်ဝင်စားပုံ မပေါ်ပေ။
သူ့အတွက် အကောင်းဆုံးအခြေအနေမှာ ဝါဒတောင်မျ သားအဖမသိစေဘဲ ရွှယ်ချူးချင်ကို တိတ်တဆိတ် ရင်ဆိုင်ခြင်းသာ ဖြစ်သည်။
သူက သက်ပြင်းတစ်ချက်ချရင်း မျက်လုံးမှိတ်ကာ စိတ်ထဲမှ တွက်ဆမှု ပြုလုပ်လိုက်သည်။
အချိန်အတန်ကြာပြီးနောက်....
သူ့မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
ထို့နောက် သူ့ရုပ်သွင်က နေရာမှ ပျောက်ကွယ်သွားပြီး ဦးတည်ရာတစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာသွားလေတော့၏။