ငါ နှစ်ဆပေးမယ်
Vol. 49 Ch. 728
လင်းရီ တည်ငြိမ်စွာ ထွက်သွားသည်ကို မြင်တော့ လုံရွှိုက်၏ လက်ထောက်များမှ ကင်မရာကို သူနှင့် ကျန်းရှောင်ယွီဘက်သို့ ချိန်လိုက်ကြလေသည်။
လုံရွှိုက် ပိုင်ပင်းယွီ့ထံ တိုးကပ်သွားပြီး ပဟေဠိ ဖြစ်နေသည့် အမူအရာဖြင့် “ ဒီကောင်က ရူးနေတာလား…”
“ သိဘူးလေ… ဒါပေမယ့် စိတ်ကျန်းမာရေး ပြဿနာ ရှိနေတာတော့ သေချာတယ်…” ပိုင်ပင်းယွိ့လည်း ဇဝေဇဝါ ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် လုံရွှိုက်၏ လက်ထောက်များမှ ရောက်လာပြီး အနားနားတိုးကပ်ကာ တီးတိုးလေသံဖြင့် “ အစ်ကိုလုံ … အစ်မပင်း… သူတို့ ကြယ်ငါးပေါ် တက်နိုင်မယ်လို့ ထင်လား…”
“ ဟာသပဲ.. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ…” လုံရွှိုက် ပြောလိုက်ပြီး “ ငါ သူတို့ရဲ့ တာဝန်ရှိသူကို ဖြောင်းဖြကြည့်သေးတယ်.. ဒါပေမယ့် ညှိလို့မရခဲ့ဘူး… အဲ့ကောင်ကကော ရနိုင်မယ် ထင်လား…”
“ ဒါပေမယ့် သူက ဒီကို G550 စီးပြီး လာခဲ့တာနော်.. သူက တော်တော်လေးတော့ ထူးခြားတယ်…”
“ ဒီနှစ်ခုက မတူညီတဲ့ ကိစ္စ နှစ်ခုပဲ…” လုံရွှိုက် ပြောလိုက်ပြီး “ မင်းမှာ ပိုက်ဆံ ရှိနေသရွေ့ G550 ကို စီးလို့ရတယ်.. ဒါပေမယ့် ကြယ်ငါးကတော့ မတူဘူး… ဒီသင်္ဘောရဲ့ တန်ဖိုးက ၂.၅ ဘီလီယမ် တန်ဖိုးရှိတယ်.. ပမာဏက G550 ထက် အဆပေါင်းများစွာပဲ… နောက်ပြီးတော့ ငါ့ရဲ့ သူဌေးကို ခေါ်လာခဲ့တာတောင်မှ အသုံးမဝင်ဘူးဆိုမှတော့ သူ့ဘာသူ ဘယ်လောက်ပဲ စွမ်းနေပါစေ… ငါတို့ သူဌေးလောက်တော့ မစွမ်းနိုင်ဘူး.. ဟုတ်တယ်မလား…”
“ အမှန်ပဲ… နယ်ပယ်ထဲမှာ ဘော့စ်ရဲ့ ဩဇာလွှမ်းမိုးမှုက မေးခွန်းထုတ်လို့ရတဲ့ အရာမဟုတ်ဘူး…”
လုံရွှိုက် ပြုံးလိုက်ပြီး “ ကင်မရာကို သူတို့ နှစ်ယောက်ဆီ မလွတ်တမ်း ချိန်ထားဖို့ ပြောလိုက်… ရှိုးပွဲကောင်းကို မလွတ်စေနဲ့…”
“ ကောင်းပါပြီ…”
ထိုအချိန်တွင်တော့ လင်းရီနှင့် ကျန်နှစ်ယောက်မှာ စက်လှေကားပေါ်သို့ ရောက်နှင့် နေကြချေပြီ။
“ ဧည့်သည် စိတ်မရှိပါနဲ့… ကျွန်တော်တို့ ဒီနေ့ ဘယ်ဧည့်သည်ကိုမှ လက်မခံနိုင်သေးပါဘူး…” စက်လှေကား စောင့်သည့် အစောင့်မှ တည်ငြိမ်စွာ ပြောလိုက်သည်။
“ ဟားဟား….”
လုံရွှိုက် စထွင်းထဲရှိ လူတိုင်း ဝါးလုံးကွဲ ရယ်မောလိုက်ကြ၏။
“ ကြည့်လိုက်… အဲ့ကောင် တားဆီးခံလိုက်ရပြီ…”
“ ဟားဟား… မျက်နှာ အကြီးစား ဖြတ်ရိုက်ခံလိုက်ရတာပဲ… ဘယ်လိုတောင် ရှက်ဖို့ကောင်းသား…”
“ လုံရွှိုက်တောင် မတက်သွားနိုင်တာကိုကွာ မလောက်လေး မလောက်စား စထွင်မာ အသေးစားလေး နှစ်ကောင်ကများ ….. အိပ်မက်မက်နေလိုက်…”
လင်းရီ ခေါင်းငဲ့လိုက်ပြီး ဧရိယာကို စောင့်ကြပ်နေသည့် အစောင့်အား ကြည့်လိုက်၏။
“ လူသစ်လေး… မင်း ငါဘယ်သူလဲ ဆိုတာ မသိဘူးလား…”
“ ဟမ့်…”
အစောင့်မှ နှာခေါင်းရှုံ့လိုက်ပြီး “ စိတ်မရှိပါနဲ့… ကျုပ် ဒီမှာ အလုပ်လုပ်လာတာ သုံးနှစ်ရှိပြီ.. ဒါပေမယ့် ခင်များကိုတော့ မမြင်ဖူးဘူး…”
ထိုစကားလုံးများ ပြောပြီးသည်နှင့် လုံရွှိုက် အခန်းထဲရှိ ကွန်းမန့်များက တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။
“ ဒီကောင် ဘာတွေ စဉ်းစားနေတာ.. မျက်နှာဖြတ်ရိုက်ပေးဖို့ တောင်းဆိုနေတာများလား…”
“ ဟားဟား… ငါတော့ ရယ်သေပြီ… သူ့ကိုယ်သူ ဘယ်သူလဲလို့တောင် သူများကို မေးလိုက်သေးတယ်.. လူတိုင်းက သူ့ကို သိနေမယ်လို့များ ထင်နေတာလား မသိဘူး…”
“ ဖက်ခ်… ငါတော့ ဒီနေ့ အမြင်မှန်ရလိုက်တာပဲ… ငါ အရင်တုန်းက ဒီကောင့်ကို ယွမ် ၂၀ လက်ဆောင်ပေးဖူးသေးတယ်… ခု ပြန်တွေးကြည့်လိုက်တော့… အားပါးပါး… နှမြောလိုက်တာကွာ….”
“ ဒီကောင်က ရှိုးပြဖို့ ခွန်အားသာ မရှိတာ.. ဒါပေမယ့် အဲ့ကောင် မျက်နှာဖြတ်ရိုက်ခံရတာကို ကြည့်ရတာတော့ အတော်လေး အရသာ ရှိသားကွ…”
သူတို့ရှေ့ရှိ မြင်ကွင်းက လုံရွိုက်နှင့် ပိုင်ပင်းယွီ့ကိုလည်း ရယ်မောသွားစေသည်။
“ ဒီကောင်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်… ငါ ခုနတုန်းက ရုန်းရင်းဆန်ခတ် ဖြစ်တယ်ဆိုတာက ကြိုတင်စီစဉ်ထားတာလေ…. ကျွတ် ဒါတွေ အဲ့ကောင်ကတော့ မသိရှာဘူးပေါ့…”
ပိုင်ပင်းယွီ့ ပခုံးတွန့်လိုက်ပြီး “ နေမှာပေါ့… သူက ဒီလောကထဲ ခုမှ ဝင်လာတဲ့ မနူးမနပ်လေးပဲကို….”
လုံရွှိုက် ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး “ ငါ လုပ်တယ်ဆိုတာက ဖန်ဘေ့စ် အခိုင်အမာရှိလို့ ... ပြီးတော့ မန်နေဂျာနဲ့ကလည်း တော်တော်လေး ရင်းနှီးနေလို့ သင်္ဘောပေါ်မှာ အဲ့လိုမျိုး လုပ်ခွင့် ပြုလိုက်တာ… သူကျတော့ ဘာကောင်မှလည်း မဟုတ်ဘူး… ဟင်း… ငါ သူ့ကို အရိပ်အမြွက်တွေ ပေးပြီးတာကို သဘောမပေါက်သေးဘူး… ဒီကောင်က စထွင်မာ လုပ်စားလို့ မရပါဘူးကွာ…”
“ သူ့ဘာသူ ဘာဖြစ်ဖြစ် ငါတို့နဲ့ ဘာဆိုင်လို့…. ဒီတိုင်း ဘေးက ရပ်ကြည့်နေရုံပဲလေ…” ပိုင်ပင်းယွီ့မှ ကျေနပ်အားရနေသည့် ဟန်ပန်ဖြင့် ပြောလိုက်သည်။
ဤ တိုက်ရိုက် ထုတ်လွင့်မှုတွင်တော့ လုံရွှိုက်၏ ပြိုင်ဘက်မှာ လင်းရီ ဖြစ်ပြီး ပိုင်ပင်းယွီ့၏ ပြိုင်ဘက်ကတော့ ကျန်းရှောင်ယွီပင်။
အရင်တစ်ခေါက် ပွဲတွင် ပထမရစဉ် ကတည်းက ပလတ်ဖောင်း၏ အရင်းအမြစ် အများစုမှာ သူမလက်တွင်းသို့ ကျရောက်သွားခဲ့၏။
ရလဒ်အနေဖြင့် ပိုင်ပင်းယွီ့၏ အဆင့်အတန်းမှာ စိန်ခေါ်ခံလိုက်ရသည်။
ထို့ကြောင့် အကယ်၍ ကျန်းရှောင်ယွီ အရှက်ရသွားမည် ဆိုပါက သူမအတွက် အကြီးအကျယ် အမြတ်ထွက်သွားနိုင်လေသည်။
ထိုအချိန် စက်လှေကား ရှေ့တွင်တော့ အစောင့်မှ လင်းရီကို ကြည့်လိုက်ပြီး “ ဆာ.. ကျေးဇူးပြုပြီး အောက် ပြန်ဆင်းသွားပေးပါ… ဘယ်လိုပဲ ဖြစ်နေပါစေ.. ကျွန်တော်တို့ဘက်ကတော့ လှေပေါ် ပေးမတက်နိုင်ဘူး…”
လင်းရီ သူ့ နေကာ မျက်မှန်ကို ချွတ်လိုက်၏။ ထိုအခါ အစောင့်မှာ ကြက်သေသေသွားခဲ့လေသည်။
လင်းရီက မျက်နှာဖုံး တပ်ထားဆဲ ဖြစ်သော်လည်း တစ်ချက်ကြည့်လိုက်သည်နှင့် သူ့ရှေ့ရောက်နေသည့်သူမှာ ဝမ်ကျန်းဆိပ်ကမ်း၏ ပိုင်ရှင် ဖြစ်ကြောင်း မှတ်မိလေသည်။
သူ ပါးစပ်ဟတော့မည့် ဆဲဆဲတွင် လင်းရီမှ တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီး “ကောင်းတယ်… ဝန်ထမ်းဆိုတာ ဒီလိုမျိုး ကိုယ့်တာဝန်ကိုယ် ကျေပွန်နေရတယ်..."
လင်းရီ အစောင့်၏ ပခုံးကို ပုတ်လိုက်ပြီး ကျန်းရှောင်ယွီတို့နှင့်အတူ လှေပေါ်သို့ တက်သွားခဲ့လေသည်။
လုံရွှိုက်၏ အခန်းမှာလည်း တစ်ဖန် ပေါက်ကွဲထွက်သွားတော့၏။
“ ငိုးပဲ… ဘာတွေ ဖြစ်နေတာ.. သူ တကယ်ကြီး သင်္ဘောပေါ် တက်သွားတယ်…”
အဆိုပါ မြင်ကွင်းကို မြင်လိုက်ရသည့် လုံရွှိုက်နှင့် ပိုင်ပင်းယွီ့လည်း သူတို့ မျက်လုံး သူတို့ မယုံကြည်နိုင် ဖြစ်နေကြသည်။
မည်သူကမျှ ဘာဖြစ်နေလဲဆိုတာကို နားမလည်နိုင်ကြချေ။
“ ဧကန္တ ….. သူတို့ ကြို စီစဉ်ထားကြတာများလား…” ပိုင်ပင်းယွီ့ အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်၏။
“ မဖြစ်နိုင်တာ… သူ့မှာ အဲ့လို အစွမ်းအစမျိုး သေချာပေါက် မရှိဘူး.. ငါတောင် မရတာကို သူက ရစရာလား…”
ထိုအခိုက်အတန့်တွင် လုံရွှိုက်၏ လက်ထောက်မှ လျှောက်လာခဲ့ပြီး နားအနားကပ်၍ စကားတစ်ချို့ တီးတိုးပြောလိုက်၏။
“ အစ်ကိုလုံ… ကျွန်မတို့ခု ဘယ်လိုလုပ်ကြမှာ.. စထွင်းက တော်တော်လေးကို ရုတ်ရုတ်သဲသဲ ဖြစ်နေပြီနော်…”
လုံရွှိုက် သူ့ ထုတ်လွင့်ခန်းကို အကျည်းတန်သည့် အမူအရာဖြင့် ကြည့်လိုက်၏။ သူ၏ လက်ထောက် ပြောထားသကဲ့သို့ အတော်လေး ဗြောင်းဆန်နေလေသည်။
“ လုံရွှိုက်… ဘာတွေဖြစ်နေတာ… မင်းပြောတော့ ကြယ်ငါးက ဒီနေ့ မဖွင့်ဘူးဆို… အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီးဆိုတဲ့ ကောင်က ဘယ်လိုဖြစ်ပြီး တက်လို့ရသွားတာ…”
“ အိုက်ယိုး… ဒါမှမဟုတ် မင်းရဲ့ စွမ်းရည်က လုံလောက်အောင် မကောင်းမွန်လို့များလား…”
“ မင်း မော့စ်ပေါ် တက်မယ်ဆိုတော့ သူများကို ဖုန်းခေါ်ရတယ်… ခု မျက်နှာဖုံး အစ်ကိုကြီးကိုကြည့်လိုက်စမ်း… ဟိုက နေကာမျက်မှန်လေးပဲ ချွတ်ပြသွားတာ… သူ့ မျက်နှာတောင် မပြရသေးဘူး အစောင့်တွေက ပေးဝင်နေပြီ… ဒါက ဘာကွာတယ် ခေါ်ရမလဲ….”
“ လုံရွှိုက် ဒီကောင် လာတုန်းက သာမန်လေယာဉ်နဲ့… မျက်နှာဖုံး အစ်ကိုကြီးကျ ကိုယ်ပိုင်လေယာဉ်နဲ့… ခု သူ မော့စ်ပေါ် စထွင်းလုပ်မယ်ဆိုတော့ မျက်နှာဖုံး အစ်ကိုကြီးက ကြယ်ငါးပေါ်မှာ စထွင်းလုပ်တော့မှာ… ပြီးတော့ ဘယ်သူ့ကိုမှ ခြိမ်းခြောက်စရာလည်း မလိုဘူး… သူ့ဘာသူ ဖြေရှင်းသွားတာ… နှစ်ယောက်ကြား ကွာဟချက်ကြီးက ဧရာမ ကြီးပဲ… “
“ မကြည့်တော့ဘူး မကြည့်တော့ဘူး…. မျက်နှာဖုံး အစ်ကိုကြီးဆီ သွားတော့မယ်… ဒီတစ်ခါ နောက်ကျလို့ကတော့ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ကို လက်လွှတ်လိုက်ရတော့မှာ…”
“ သွားစို့ သွားစို့… မျက်နှာဖုံး အစ်ကိုကြီးရဲ့ အခန်းထဲ သွားကြစို့… သူက ငါတို့ကို ကောင်းပေ့ဆိုတဲ့ အရာကြီးတွေ ပြနိုင်မှာပဲ…”
“ ဟင်း… ငါတော့ အကဲခတ်မှားတာပဲ… စစ်သူကြီးလုံက ဘယ်လိုကြွားပြီး ရှိုးပြရမလဲပဲ သိတာ….”
“ ညီကိုတို့ … ငါ ပြောပြမယ်… ခုနေ မင်းတို့ ထွက်သွားမယ်ဆိုရင် သေချာပေါက် နောင်တ ရသွားလိမ့်မယ်… ငါက ခဏနေကျရင် ယွမ်တစ်သိန်း ဟုန်ပေါင်း ပေးဖို့ စီစဉ်နေတာ… တကယ်လို့ ထွက်သွားမယ်ဆိုရင် ထွက်သွားတဲ့သူ မရဘူးပဲ…”
“ စိတ်မဝင်စားဘူး… မဲနှိုက်တောင် ဗလာပဲ ကျတတ်တဲ့ ဒီကောင်က ယွမ်တစ်သိန်းလေးကို လူသန်းနဲ့ချီပြီး ပြိုင်မလုနိုင်ဘူးဟေ့… လုလည်း ပေါက်မှာ မဟုတ်ဘူး…”
“ဖူး…. ဟုန်ပေါင်းလား.. မျက်နှာဖုံး အစ်ကိုကြီးက မင်းထက်တောင် ပိုပြီး ပေးရင် ပေးနေဦးမှာ…”
“ ညီကို … မင်းလေသံ ကြည့်ရသလောက်တော့ ငါ့ စထွင်းကို ခုမှ ကြည့်ဖူးတဲ့သူနဲ့ တူတယ်… ငါက ကျွန်းတစ်ကျွန်း ဝယ်ပြီးတော့ ငါ့ ညီကိုတွေကို လေယာဉ်နှစ်စင်း ဂစ်ဝေး ပေးမလို့နော်.. အဲ့ကောင်က ငါ့ထက် ပိုချမ်းသာမယ်လို့ ထင်လား…”
“ ဒါပေမယ့် မျက်နှာဖုံး အစ်ကိုကြီးက ကြယ်ငါးပေါ်မှာ စထွင်းနိုင်တယ်… မင်းကျတော့ မလုပ်နိုင်ဘူးလေ…”
“ တော်တော့ လုံရွှိုက်… ဒီလောက်ဆို မင်းက မျက်နှာဖုံး အစ်ကိုကြီးရဲ့ ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါသိလိုက်ပြီ…သူနဲ့ ပြိုင်ချင်ပြီးတော့ ကိုယ့်အရှက်ကိုယ် ခွဲမနေစမ်းနဲ့…”
“ ဟုတ်တယ် ဟုတ်တယ်… အင်တာနက်ပေါ်က နံပါတ်ဝမ်း အောက်ဒေါစထွင်မာဆိုတဲ့ ဘွဲ့ကောပဲ… လာမလုနဲ့…. အဲ့ ဘွဲ့က မျက်နှာဖုံး အစ်ကိုကြီး အပိုင်ပဲ…”
“ ဟားဟား… ရတယ်လေ… ငါတခြား ဘာမှ မပြောတော့ဘူး..” လုံရွှိုက် ပခုံးတွန့်လိုက်ပြီး “ငါခု လူတိုင်းကို ကတိတစ်ခုပေးတယ်… တကယ်လို့ သူ ခဏနေကျရင် တကယ်ကြီး ဟုန်ပေါင်းတွေ ပေးခဲ့ရင် သူ ဘယ်လောက်ပဲပေးပေး… ငါ နှစ်ဆပေးမယ်….”