← Chapters

ဟုန်ပေါင်း ဖလှယ်ခြင်း

Vol. 49 Ch. 730

ဟုန်ပေါင်း ဖလှယ်ခြင်း

Vol. 49 Ch. 730

" ရှင် .... အစ်ကိုရီ .. ရှင်ဘာပြောလိုက်တယ်...."

“ တစ်သန်းပို့မယ်…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ တစ်ခေါက်ကို လေးငါးသောင်းလောက် လွှတ်မယ်ဆိုရင်တောင် အချိန်ဘယ်လောက်လောက်ကြာမလဲ…”

ဂလု

လင်းရီ ယခင်တုန်းက သူမကို စူပါဒုံးပျံ အစင်းငါးရာ လက်ဆောင်ပေးစဉ်အခါက ပျော်ရွှင်လွန်း၍ အိပ်ပင် မပျော်ခဲ့ချေ။

သို့သော်လည်း ထိုငွေ ပမာဏက လင်းရီ မျက်လုံးထဲတွင်တော့ မုန့်ဖိုးလောက်ပင် ရှိမနေခဲ့တာ‌ကိုတော့ သူမ သိခဲ့ခြင်း မရှိ။

“ နေစမ်းပါဦး… မင်းဘာတွေ ပြောနေတာ… မင်းက ယွမ်တစ်သန်း ဟုန်ပေါင်း ပေးမယ် ဟုတ်လား…” လုံရွှိုက် လင်းရီကို စူးစိုက်ကြည့်လိုက်သည်။

“ အမှန်ပဲ…. လက်စမ်းတဲ့ အနေနဲ့ ယွမ် တစ်သန်း အရင်ပေးမယ်… ဒါဆို မင်းက ယွမ်နှစ်သန်းပေး… အဲ့တာပြီးရင် ငါက နောက်ထပ် ယွမ်လေးသန်း ထပ်ပေးမယ်… ဘယ်လိုလဲ…”

လုံရွှိုက်နှင့် ပိုင်ပင်းယွီ့တို့ ခက်ခဲစွာ တံတွေးမျိုချမိလိုက်ကြ၏။

“ မင်း ဒါကြီးကတော့ ချဲ့ကားလွန်းသွားပြီ…”

“ ချဲ့ကားပြီးပြောနေတာ ဘာတစ်ခုမှ မရှိဘူး… ဒီတိုင်း ယွမ်တစ်သန်းလေးတည်းကို များပြားနေတာမျိုးလည်း မဟုတ်…”

ထိုအခိုက်အတန့်တွင် ကျန်းရှောင်ယွီမှ “ အစ်ကိုရီ.. ယွမ်တစ်သန်းဖိုး ဟုန်ပေါင်းတွေ လွှတ်ပေးပြီးသွားပြီ…”

စခရင်ပေါ်တွင် ပျံသန်းနေသည့် ဟုန်ပေါင်းများကို မြင်တော့ စထွင်းအခန်းထဲရှိ ကွန်းမန့်များမှာ မီးတောင် ပေါက်ကွဲသကဲ့သို့ တုန်ဟီးထွက်လာလေသည်။

လုံရွှိုက်နှင့် ပိုင်ပင်းယွီ့တို့ပင် ပြောစရာ စကား ကင်းမဲ့သွားခဲ့ကြတော့၏။

ဒီကောင်က တကယ်ကြီး သောက်ကျိုးနည်း ပေးလိုက်တယ်လား…

‘ ငါ့အိတ်ကပ်ထဲမှာတောင် အဲ့လောက် ပိုက်ဆံအများကြီး မရှိဘူးလေ…”

အကယ်၍ သူ့တွင် ရှိခဲ့လျှင်တောင် ထိုမျှ သုံးဖြုန်းဖို့ရာ မဖြစ်နိုင်ချေ။

“ ဖက်ခ် ဖက်ခ် ဖက်ခ်…. ဟုန်ပေါင်းတွေ … ယွမ်တစ်သန်းချည်းများတောင်… ဒါ Dou Yu ရဲ့ သမိုင်းမှာ အများဆုံးပဲကွ….”

“ မျက်နှာဖုံး အစ်ကိုကြီးက အရမ်း အံ့ဩဖို့ကောင်းတယ်… အရင်တုန်းကတော့ သူ စထွင်မာတွေကိုပဲ လက်ဆောင်ပေးနေတာ… ဒီနေ့တော့ အသိတရားတွေရပြီး ငါတို့ကို ဟုန်ပေါင်းတွေပေးနေပြီ…”

“ ငါ ကျိန်ဆိုတယ်… မင်း အိပ်တာကို live လွင့်ပြရင်တောင်မှ ငါနေ့တိုင်း ကြည့်ပြီး အားပေးမယ်..”

လင်းရီ ရွှင်မြူးသွားခဲ့ပြီး သူ့ စထွင်းထဲရှိ လူများကို ကြည့်၍ “ မင်းတို့ကောင်တွေ ငါ့ဆီက ဟုန်ပေါင်း ရပြီးသွားပြီဆိုတော့ ခု လုံရွှိုက်ဆီသွားပြီး ယွမ် နှစ်သန်းဖိုး ဟုန်ပေါင်းတွေ သွားယူကြတော့..”

“ ကြည့်လိုက်… အဆင့်အတန်းဆိုတာ ဒါပဲ… သူက သူများ စထွင်မာ အခန်းထဲ သွားဖို့တောင် တိုက်တွန်းနေတယ်… ဒါက သာမန်လူတွေ မလုပ်နိုင်တဲ့ ကိစ္စပဲ..”

“ မျက်နှာဖုံး အစ်ကိုကြီး .. ခဏလေးပဲစောင့်… ကျုပ်တို့ ဟုန်ပေါင်းတွေ လုပြီးတာနဲ့ ပြန်လာခဲ့မယ်… မကြာစေရဘူး သိလား…”

“ ငါတော့ ဒီနေ့ ချမ်းသာတော့မယ်လို့ ခံစားနေရတယ်… ဟားဟား….”

“ လစ်စို့ လစ်စို့.. အဲ့ဘက်ကနေ ဟုန်ပေါင်း ယူပြီးရင် ဒီပြန်လာပြီး ယူကြမယ်…”

မကြာမီ လင်းရီ စထွင်းထဲရှိ လူတိုင်း နီးပါးက လုံရွှိုက်အခန်းထဲသို့ တိုးဝင်လာကြသည်။

ထိုအခိုက်အတန့်တွင်တော့ ကျည်ဆံစခရင်ပေါ်၌ ကွန်းမန့်များက အတောမသတ်နိုင်အောင် များပြားနေလေသည်။

“ လုံရွှိုက်… ဟုန်ပေါင်းပေးတော့… မင်းပဲ နှစ်ဆပေးမယ်လို့ ပြောထားတယ်မလား… ငါတို့ စောင့်နေပြီ…”

“ ဘာတွေ တုံ့ဆိုင်းနေတာ… ငါတို့ကို မပေးချင်ဘူးလို့တော့ လာမပြောနဲ့…”

“ ဒီကောင် မပေးချင်တာ မဟုတ်လောက်ဘူးဟ… သူ့မှာ အဲ့လောက် ပိုက်ဆံတွေ မရှိလို့ပဲ ဖြစ်မှာ…”

“ ဖြစ်နိုင်တယ်… သူတို့လို စထွင်မာတွေက မျက်နှာဖုံး အစ်ကိုကြီးလိုမျိုး စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာ…”

“ တကယ်လို့ သူသာ ယွမ်နှစ်သန်းပေးချင်တယ်ဆိုရင် အိမ်တိုင်ချွတ်ပြီး ပေးရလောက်တယ် ဟားဟား…”

စခရင်ပေါ်တွင် လှောင်ပြောင်ထေ့ငေါ့သည့် ကွန်းမန့်များဖြင့် ပြည့်နှက်နေသည်ကို မြင်တော့ လုံရွှိုက် သူ့ကိုယ်သူ တွန်းအားပေးပြီး တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ မည်သို့ပင်ဆိုစေ သူ စထွင်မာ လုပ်လာတာ နှစ်အတန်ကြာလှပြီး ယခုလို မုန်တိုင်းမျိုးနှင့် ယခင်ကလည်း ကြုံခဲ့ဖူးလေသည်။

“ ညီကိုတို့ … မင်းတို့ သူ့ရဲ့ ထောင်ခြောက်ထဲကို မကျစေနဲ့… သူက ဒီတိုင်း သာမန်စထွင်မာလေးကို ငါ့နဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာ…”

“ ပြီးတော့ ယွမ် တစ်သန်း နှစ်သန်းလောက်လေးက ငါ့အတွက် ဘာမှ မပေါက်ဘူး… တစ်လောက အလယ်ကျွန်းစုမှာ ဆော်ဒီမင်းသားနဲ့ ညစာစားတုန်းကတောင် တစ်သန်းကျော် ကုန်တယ်.. အဲ့‌လောက် ငွေနည်းနည်းလေးကို ငါက မတတ်နိုင်ဘူးလို့ ထင်နေတာလား…”

“ လေလုံးထွားနေတာတွေ တော်လိုက်တော့… စားခဲ့ရင်တောင် အဲ့ ဝိုင်းက မင်းရှင်းရတာ မှတ်လို့…”

“ မင်းမှာ ရှိတယ်ဆိုလည်း မြန်မြန်လွှတ်လိုက်ကွာ.. ပြီးရင် မျက်နှာဖုံး အစ်ကိုကြီးက ယွမ်လေးသန်းပေးမှာ.. တကယ်လို့ မင်းက မတတ်နိုင်ဘူးဆိုလည်း အစကတည်းကရင် အာမချောင်နဲ့လေ…”

လုံရွှိုက်၏ အမူအရာမှာ အကျည်းတန်သွားခဲ့ပြီး ပိုင်ပင်းယွိ့ပင် ရှက်ကိုးရှက်ကန်း ဖြစ်နေတော့၏။

သူ့ အိတ်ထောင်ထဲတွင် ယွမ် ၁.၄ သန်းမျှသာ ရှိပြီး ထိုငွေ အကုန်လုံးကိုလည်း ရက်ရောကြီးစွာဖြင့် တစ်ပါးသူအား ပေးလိုက်ရန် မဖြစ်နိုင်ချေ။

“ ငါ့ရဲ့ ညီကိုတို့.. ဘာမှ မစိုးရိမ်ကြနဲ့… ငါ မင်းတို့ကို သေချာပေါက် ဟုန်ပေါင်းပေးမယ်… ဒါပေမယ့် ခုတော့မဟုတ်သေးဘူး.. လောလောဆယ် သွေးနွေးသွားအောင် ယွမ် နှစ်သောင်း အရင် လွှတ်ပေးမယ်.. မထွက်သွားကြနဲ့နော်.. ဒီငွေ နည်းနည်းလောက်လေးက ငါ့အတွက် ဘာမှ မဟုတ်ဘူး…”

“ ဘာကွ.... ယွမ် နှစ်သောင်း… မင်းက သုဿန်မှာ ရှို့တဲ့ ငွေစက္ကူတွေ ဝယ်မလို့လား… ဘယ်သူတွေကို လာပြီး အရူးလာလုပ်နေတာလဲ..”

“ အမှန်ပဲ… မျက်နှာဖုံး အစ်ကိုကြီးက ယွမ်တစ်သန်းကို လုံးကနဲ ပေးတာ… လက်တွေ့ ကျကျပြောကြေးဆို မင်းလည်း ယွမ်နှစ်သန်းကို တစ်ခါတည်း ပေးသင့်တယ်… ယွမ်နှစ်သောင်း အရင်ပေးပြီး ဘာလုပ်မှာ…”

“ မရှိဘူးဆိုလည်း မရှိဘူးပြောပေါ့…. လာပြီး ရှိသလိုလုပ်မနေနဲ့… စိတ်ကသိပ်ရှည်တာ မဟုတ်ဘူး…”

“ လစ်စို့ဟျောင့်တွေ… ငါ ဒီကောင့်စထွင်းကို ဆက်မကြည့်ချင်တော့ဘူး… မျက်နှာဖုံး အစ်ကိုကြီးဆီပဲ သွားကြည့်ကြမယ်… ကြယ်ငါး သင်္ဘောကြီးက သည့်ထက် ပိုလန်းတယ်…”

အရှိန်အဟုန်နှင့် လုံရွှိုက် အခန်းထဲရှိ ကြည့်ရှုသူ ဦးရေမှာ တစ်ဝက်ခန့် လျော့ကျသွားခဲ့လေသည်။

တစ်သန်းကျော် လျော့ကျသွားခဲ့ပြီး ကျဆင်းနေမှုကလည်း ရပ်တန့်မည့်ပုံ မပေါ်ချေ။

ယခုလို နှုန်းဖြင့်ဆိုပါက ကြည့်ရှုသူ တစ်သန်းအောက်မျှသာ ကျန်ရှိပေတော့မည်။

“ မြန်မြန် … တစ်ခုခု စဉ်းစားစမ်း.. ဒီအတိုင်း ဆက်ဖြစ်နေရင် ငါတို့တော့ အဆုံးသတ်ပြီ…” ပိုင်ပင်းယွီ့ပြောလိုက်၏။

ဘော့စ် သူမကို လုံရွှိုက်နှင့် အတူ လိုက်လာခဲ့ခိုင်းခြင်းက စထွင်း၏ ရေပန်းစားမှုကို တိုးမြင့်ရန်ပင်။

သို့သော်လည်း ယခုတော့ ရေပန်းစားမှုက တိုးပွားမလာသည့်အပြင်ကို အများအပြား လျော့ကျသွားခဲ့လေသည်။

အကယ်၍ ဘော့စ်သာ ယခု ကိစ္စကို ရှာတွေ့သွားခဲ့ပါက သေချာပေါက် မပျော်မရွှင် ဖြစ်သွားပေလိမ့်မည်။

“ ရှီးပဲ…. ငါ သူ့ ထောင်ချောက်ထဲ ကျသွားခဲ့တာ…”လုံရွှိုက် အံကြိတ်လျက် ပြောလိုက်ပြီး “ ငါ ယွမ်နှစ်သန်း မပေးနိုင်ဘူးဆိုတာ သူ ကြိုတင် ခန့်မှန်းပြီးလောက်ပြီ… ဒါကြောင့်မို့ ယွမ်တစ်သန်းချက်ချင်း လွှတ်လိုက်တာပဲ… အဲ့ကောင်က အရမ်း ကောက်ကျစ်လွန်းတယ်…”

ပိုင်ပင်းယွီ့လည်း ၎င်းကို စဉ်းစားမိ၏။

လုံရွှိုက်၏ အနေအထား၊ ရူးသွပ်မှုတို့ဖြင့် ဆိုပါက ယွမ်တစ်သန်း အသာအယာလေး ထုတ်ပေးနိုင်သည်။ ထို့ကြောင့် ယခု ပြိုင်ပွဲတွင် ပိုက်ဆံကို ပထမဆုံး အကြိမ် လွှတ်သည့်ဘက်က အလေးသာလျက်ရှိ၏။

လုံရွှိုက်မှ ယွမ်နှစ်သန်း မထုတ်နိုင်ဟု တစ်ဖက်သူမှ အပိုင်တွက်ချက်ထားပြီး ဖြစ်လောက်သည်။ သို့ကြောင့်သာ အလွန်အမင်း မောက်မာနေခဲ့ခြင်းပင်။

ယခုလို ဖြစ်ပျက်ပြီးနောက် မျက်နှာဖုံး အစ်ကိုကြီးမှ ကျော်ကြားမှုနှင့် အကျိုးအမြတ်များ ရရှိလိုက်သည်ဟု ဆိုနိုင်လေသည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်သွားခဲ့ခြင်းပင်။

' လုံရွှိုက်ကိုတောင် လှည့်စားနိုင်တယ်ဆိုတော့ သူက တော်တော်လေး ပါးနပ်တယ် ဆိုရမယ်…'

“ ခုချိန်က ဆင်ခြေတွေ ပေးနေရမယ့် အချိန်မဟုတ်တော့ဘူး… ငါတို့ ဖြေရှင်းမယ့် နည်းလမ်းကို မြန်မြန်စဉ်းစားမှ ရမယ်.. မဟုတ်ရင် အနာဂတ်ကျရင် လုံးဝ ဖိနှိပ်ခံရတော့မှာ…”

စက္ကန့်အနည်းငယ်ကြာအောင် တိတ်ဆိတ်သွားပြီးနာက် လုံရွှိုက် ပိုင်ပင်းယွီ့ကို ကြည့်လိုက်ပြီး ရူးသွပ်နေသည့် မျက်ဝန်းတို့အား လှစ်ဟာပြလာကာ “ ငါ့ကို ယွမ် ခြောက်သိန်းလောက်ချေး.. ငါ ဒီနေ့ ယွမ်နှစ်သန်း ပေးမှ ဖြစ်မှာ…”

“ နင် ရူးနေတာလား… “ ပိုင်ပင်းယွီ့ မျက်လုံးတို့ ပြူးကျယ်သွားခဲ့ပြီး “ နင် တကယ်ကြီး ယွမ်နှစ်သန်းဖိုး ဟုန်ပေါင်း ပေးတော့မယ်ပေါ့…”

လုံရွှိုက် မျက်လုံး မှေးကျဉ်းလိုက်ပြီး “ သူ လုပ်ရဲတယ်ဆိုတာက ငါ ယွမ်နှစ်သန်း မပေးနိုင်မှန်း သိလို့ပဲ… ဒါပေမယ့် ငါ့ဘက်က ပေးလိုက်မယ်ဆိုရင် သူ့မျက်နှာဖြတ်ရိုက်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား…”

ပိုင်ပင်းယွီ့ မျက်မှောင်ကြုတ်လိုက်ပြီး အခြေအနေကို တစ်ချက် ဆင်ခြင်ကြည့်လိုက်၏။

ယွမ်နှစ်သန်းမှာ သေးငယ်သည့် ပမာဏ မဟုတ်သော်လည်း များပြားသည့် ပမာဏလည်း မဟုတ်ပြန်ချေ။

အကယ်၍ လုံရွှိုက်မှ ယွမ်နှစ်သန်း လွှတ်လိုက်မည်ဆိုပါက တစ်ဖက်သူမှာ ယွမ်လေးသန်း လွှတ်ပေးရပေမည်။ဤသို့ဖြင့် စထွင်း၏ အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားနိုင်သည့် အခွင့်အရေး ရှိနေသေး၏။

လုံရွှိုက်မှ သူ၏ နံပါတ်ဝမ်း အောက်ဒေါ စထွင်မာဟူ‌သော ပုလ္လင်ပေါ်တွင် မြဲမြံစွာ ထိုင်နိုင်ရုံသာမက အနာဂတ်တွင်လည်း အကန့်အသတ်မဲ့ စီးပွားရေး အကျိုးအမြတ်များကို ဖန်တီးနိုင်ပေမည်။

အနည်းငယ် အန္တရာယ်များသော်လည်း စွန့်စားကြည့်ဖို့ ထိုက်တန်လေသည်။

“ ခဏစောင့်… ငါ ခု နင့်ဆီ ပိုက်ဆံလွှဲပေးလိုက်မယ်… ပြန်ပေးဖို့ မမေ့နဲ့နော်..”

“ စိတ်ချစမ်းပါ… ငါလည်း ဒီလောက် ငွေပမာဏလေးကို ဂရုစိုက်မနေပါဘူးဟ.. ငါတို့ ပြန်ရောက်ရင် ပြန်လွှဲပေးလိုက်မယ်…”

မကြာမီ ပိုင်ပင်းယွီ့မှ လုံရွှိုက်၏ အကောင့်ထဲသို့ ငွေလွှဲပေးလိုက်၏။

လက်ထဲရှိ ပိုက်ဆံ ယွမ်နှစ်သန်းနှင့်အတူ လုံရွှိုက် ယုံကြည်မှု အပြည့် ဖြစ်နေပြီး ကင်မရာကို သူ့ဘက်ပြန်လှည့်ကာ ကျောကို ဖြောင့်စင်းလိုက်ပြီး “ ငါ့ရဲ့ ချစ်လှစွာသော ညီကိုတို့… အစကတော့ သွေးပူအောင် အရင်လုပ်ပြီးမှ ယွမ်နှစ်သန်းကို ဖြည်းဖြည်းချင်း ပေးသွားဖို့ စီစဉ်ထားတာ… ဒါပေမယ့် မင်းတို့က ဘာညာ ဆိုလာပြီးတော့ ငါ့ဘက်က အဲ့လောက် ငွေကြေးလေးကို မတတ်နိုင်ဘူးဆိုလာတာကိုတော့ ငါတကယ် သဘောမကျဘူး…”

“ ဒီတော့ ငါခု ပိုက်ဆံတွေ အသင့်ပြင်ပြီးသွားပြီ… ငါးမိနစ်အတွင်း ဟုန်ပေါင်းတွေ စလွှတ်ပေးမယ်… မင်းနောက်ကျရင် မင်းမရဘူးပဲ…”

All Chapters