အဓိက စတူဒီယို နှစ်ခု စုစည်းခြင်း
Vol. 49 Ch. 732
“ မစ်ဆူ အုပ်စုလား….”
လင်းရီ အံ့အားသင့်သွားခဲ့၏။ စက္ကန့်အနည်းငယ် ကြာအောင် တိတ်ဆိတ်သွားပြီးနောက် “ မသိဘူး…”
“ ထူးတော့ ထူးဆန်းတယ်..” ပီစုန့်ကျန်း ပြောလိုက်ပြီး “ အစတုန်းက ကျွန်တော်တို့ ကျောက်ချရတဲ့ နေရာက သိပ်မကောင်းဘူး… ဒီနေရာနဲ့ ခပ်လှမ်းလှမ်းမှာ.. ဒါပေမယ့် မနေ့ညတုန်းက မစ်ဆူအုပ်စုရဲ့ ဘဏ္ဍာရေး ဌာနဘက်က ဆက်သွယ်လာပြီးတော့ ကျွန်တော်တို့ကို ဒီခု နေရာ အလကား ပေးသွားတယ်…”
“ အလကားပေးသွားတယ်….”
“ ဟုတ်တယ်ဘော့စ်… ကျွန်တော် သေချာမေးကြည့်ပြီးသွားပြီ.. အလကားပေးတာ… သူတို့ဘက်က တစ်ပြား တစ်ချပ်လေးမှတောင် မတောင်းဆိုသွားဘူး…” ပီစုန့်ကျန်း ပြောလိုက်ပြီး “ သူတို့ ပြောတာတော့ ကျွန်တော်တို့ ကုမ္ပဏီကို သဘောကျလို့တဲ့… ပြီးတော့ အနာဂတ်ကျရင်လည်း အတူတူ လက်တွဲပူးပေါင်းပြီး ပရောဂျက်တွေ အတူ လုပ်ချင်ပါတယ်လို့လည်း ပြောသွားသေးတယ်…”
ပြောရင်းဖြင့် ပီစုန့်ကျန်း၏ မျက်နှာမှာ သင်္ကာမကင်းသည့် ပုံရိပ်များ ဖြစ်ပေါ်လာပြီး " ဒါပေမယ့် ကျွန်တော် စစ်ဆေးကြည့်လိုက်တော့ မစ်ဆူအုပ်စုနဲ့ ဝမ်ကျန်းဆိပ်ကမ်းရဲ့ စီးပွားရေး လုပ်ငန်းဆိုတာ ဘာ ပတ်သက်မှုမှကို မရှိတာ… ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်နိုင်ချေ တစ်ခုမှကို မရှိဘူး…”
လင်းရီ တစ်ချက် စဉ်းစားလိုက်ပြီး “ ငါတို့ ခုရပ်နေတဲ့ ဒီနေရာက ဘယ်လောက်ပေးရတာ…”
“ လေလံဈေးက ၁.၃ မီလီယမ်ပါဗျ….”
“ ဒါဆိုလည်း မင်းတစ်ချက် လေ့လာကြည့်ပြီးတော့ သူတို့ကို လက်ဆောင် ပြန်ပေးလို့ရတာ ရှိမရှိ တစ်ချက်ကြည့်လိုက်… တကယ်လို့ မရှိရင် ဒီတိုင်း ယွမ်သုံးသန်းပဲ လက်ဆောင်ပေးလိုက်…”
“ ဟုတ်ကဲ့ နားလည်ပါပြီဘော့စ်.. ကျွန်တော်အခုပဲ ပြင်ဆင်ထားလိုက်ပါ့မယ်..”
ပီစုန့်ကျန်းမှာ မြေခွေးအိုကြီးဖြစ်ပြီး လင်းရီ၏ ရည်ရွယ်ချက်ကို နားလည်လေသည်။ သူက မစ်ဆူအုပ်စုထံမှ အခွင့်အရေး မယူချင်ပေ။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အင်း…တကယ်လို့ မစ်ဆူအုပ်စုက ဆက်သွယ်လာတယ်ဆိုရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့…”
“ နားလည်ပါပြီ ဘော့စ်…”
ညွှန်ကြားချက်များ ပေးပြီးနောက် လင်းရီ မတ်တပ်ရပ်၍ ရန်စီနှင့်အတူ ထွက်လာခဲ့လိုက်သည်။
မစ်ဆူအုပ်စု၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားလှ၏။ သူတို့က လင်းရီနှင့် ကောင်းမွန်သည့် ပတ်သက်မှုများ တည်ဆောက်ချင်နေလေသည်။ ပြီးမှ သူ့ကို ကျေးဇူးတရားများဖြင့် ချည်နှောင်ကြမည်ဖြစ်၏။
သို့သော်လည်း မစ်ဆူအုပ်စုမှာ အတော်လေး လုပ်ကိုင်ရည်ရှိကြောင်းတော့ လင်းရီ ဝန်ခံရမည်။ ရက်အနည်းငယ်အတွင်း ဝမ်ကျန်းဆိပ်ကမ်းက လင်းရီ၏ အပိုင်ဖြစ်နေကြောင်းကို ရှာတွေ့သွားခဲ့လေသည်။
သူ ခန့်မှန်းကြည့်ရသလောက်တော့ သူ၏ တခြား စီးပွားရေးလုပ်ငန်းများကိုလည်း စုံစမ်းပြီးဖြစ်လောက်၏။ သို့သော်ငြား သူ၏ ကြွယ်ဝမှုနှင့် ဩဇာလွှမ်းမိုးမှုတို့ကို သဘောပေါက်ထားပါလျက်နှင့် သင်္ဘောတစ်ထောက် ရပ်ရန် နေရာကို အလကားပေးပြီး သူနှင့် ပူးပေါင်းဆောင်ရွက်ချင်နေလျှင်တော့ လင်းရီကို အထင်သေးရာ ကျလွန်းသွားချေပြီ။
ရန်စီကတော့ ဘေးတွင် ငြိမ်ဆိတ်စွာ လိုက်ပါလာရင်း ဘာမျှမပြောချေ။
သူမလည်း လင်းရီနှင့် ပီစုန့်ကျန်းကြားရှိ စကားဝိုင်းကို ရှင်းလင်းစွာ ကြားခဲ့ရသည်။ တစ်ဖက်သူက လင်းရီအား လက်ဆောင်ပေးချင်နေကြောင်း သိသာလေသည်။ သို့သော်လည်း အဆိုပါ လက်ဆောင်ကို လင်းရီက လက်မခံချင်ပေ။ မစ်ဆူအုပ်စုမှာ ကျော်ကြားသည့် မိသားစုကြီးတစ်ခုဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း ဂုဏ်သတင်း အခိုင်အမာရှိသည့် မိသားစုကြီးဖြစ်၏။ လင်းရီ၏ ဩဇာတိက္ကမက မည်မျှပင် ကြီးမားနေစေကာမူ မစ်ဆူအုပ်စုကဲ့သို့ ဘဏ္ဍာရေး မိသားစုကြီးအပေါ်၌ ယခုလို ပြုမူလိုက်သည်က လျော်ကန်၏လော။
ဖြစ်နိုင်သည်က သူမ မသိသေးသည့် အခြားလျှို့ဝှက်ချက်တို့က လင်းရီထံတွင် ရှိနေ၏လော။
“ ရှောင်းယွီ…သွားစို့ လျှောက်ကြည့်မနေနဲ့တော့.. “
လင်းရီ ခပ်လှမ်းလှမ်းမှနေ၍ ကျန်းရှောင်ယွီအား ခေါ်လိုက်၏။
“ လာပြီ အစ်ကိုရီ… ! “
သို့နှင့် သုံးယောက်သား ပြန်ဆုံပြီးနောက် ဟိုတယ်သို့ မောင်းထွက်လာခဲ့လိုက်သည်။
“ ဒါရိုက်တာရန် တခြား စီစဉ်ထားတာတွေ ရှိသေးလား မသိဘူး…”
“ ဟင့်အင်း... နောက်ကျနေပြီဆိုတော့ ပြန်လိုက်တော့မယ်…” ရန်စီ သူမ ဆံပင်ကို နောက်သို့ သပ်ရင်း နတ်သူငယ်ကဲ့သို့ နားရွက်လေးအား လှစ်ဟာပြလိုက်၏။
“ ကောင်းပြီလေ… ဒါဆိုလည်း နောက်မှ စကားဆက်ပြောကြာပေါ့…”
“ မစ္စတာလင်း… ကျွန်မကို ကတိပေးထားတဲ့ဟာ မေ့မနေနဲ့ဦးနော်…”
“ စိတ်ချ .. မှတ်မိပါတယ်…”
ရန်စီကို လိုက်ပို့ပြီးနောက် လင်းရီ ကျန်းရှောင်ယွီကို ပြန်ခေါ်လာခဲ့ကာ ချင်းဟန်နှင့် ကျန်သူများအား သွားတွေ့ရန် ဟန်ပြင်လိုက်၏။
“ အစ်ကိုရီက ဘာလို့ ဒါရိုက်တာရန်ကို ပြန်လွှတ်လိုက်တာ…” ကျန်းရှောင်ယွီ မေးလိုက်သည်။
“ အမ်… ငါက ဘာလို့ ပြန်မလွှတ်ရမှာ…”
“ ကျွန်မအထင်တော့ အစ်ကိုရီသာ ခေါ်မယ်ဆို သူလိုက်လာခဲ့လောက်တယ်…”
“ သူ့မှာ ကောင်လေး ရှိနေတာကို ငါက ဘာလို့ ခေါ်ရမှာ….”
“ အဲ့တာက ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား…”
“ ရှောင်းယွီ ရှောင်းယွီ… မင်း မိန်းကလေးဖြစ်နေပြီးတော့ ဘောစိ မဟုတ်တာ တော်သေးတယ် ဆိုရမှာပဲ… “ လင်းရီ ပြောလိုက်ပြီး “ မဟုတ်လို့ကတော့ ကမ္ဘာပေါ်က မိန်းကလေးတွေ ဘယ်လောက်များများ ဖျက်ဆီးခံလိုက်မယ့် ဖြစ်ခြင်း….”
ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး "ခုတောင် မိန်းကလေးတစ်ချို့ကို ဖျက်ဆီးမို့ စဉ်းစားနေတာ .... ဟီးဟီး ... "
………..
ရာဝမ်းကျွန်း၊ Queen’s ဘား။
အနက်ရောင် မာစီးဒီး GLS တစ်စင်းက ဘားရှေ့တွင် ထိုးရပ်လာခဲ့သည်။
လုံရွှိုက် ကားတံခါး ဖွင့်ပြီးပြီးချင်းပဲ မီးရောင်စုံများနှင့် မြူးကြွသည့် ဒီဂျေသံကို ကြားလိုက်ရ၏။
“ ဒီနေရာက အတော်လေး စည်ကားနေတာပဲ..” ပိုင်ပင်းယွီ့ ပြောလိုက်သည်။
လုံရွှိုက် ရယ်မောလိုက်ပြီး “ စုဝေးပွဲက မနက်ဖြန်မှ ဆိုပေမယ့် ပျော်ပွဲရွှင်ပွဲကတော့ ဒီနေ့ညကတည်းကရင် စနေကြပြီ…”
“ နင် မော်ဒယ်တွေ ခေါ်ထားတယ်မလား… တော်တော်လေး စိတ်လှုပ်ရှားနေလောက်ရောပေါ့…”
“ အင်း… အစကပေါ့… ခု ဟိုကိစ္စ ဖြစ်သွားပြီးတော့ အဲ့ ခံစားချက်တွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပြီ…”
ပိုင်ပင်းယွီ မျက်နှာ နက်မှောင်သွားခဲ့၏။ သူမ ထို အကြောင်း ပြန်စဉ်းစားလိုက်တိုင်း သူမ၏ အမူအရာမှာ အေးစက်သွားခဲ့လေသည်။
“ သွားစို့ .. ဘော့စ်နဲ့ ကျန်တဲ့သူတွေ အထဲမှာ စောင့်နေကြလောက်ပြီ… “
လုံရွှိုက် ခေါင်းညိမ့်လိုက်ပြီး နှစ်ယောက်မှာ ဘားထဲသို့ ဦးတည်လိုက်၏။
တံခါး တွန်းဖွင့်ဖွင့်ချင်းပဲ ကျယ်လောင်စူးရှသည့် သီချင်းသံကို ကြားလိုက်ရကာ ပိုင်ပင်းယွီ့ သူမနားကို အုပ်လိုက်မိသည်။ ဆူညံသံများက နားစည်ကွဲလုမတတ် ဖြစ်နေလေသည်။
ဘားမှာ ကျယ်ဝန်းပြီး ရာဝန်းကျွန်းရှိ ထိပ်တန်းဘားများထဲမှ တစ်ခုဖြစ်၏။ ထို့ပြင် ဤနေရာ၌ မပြောဘဲ သိကြသည့် စည်းမျဉ်းတစ်ခုကလည်း ရှိနေသေးပြန်သည်။
ဤနေရာသို့ လာရောက် ပျော်ပါးကြသူများမှာ မြောက်ပိုင်းသားများ ဖြစ်ကြပြီး ရန်ကျင်းရှိ ချမ်းသာသည့် လူငယ်သခင်လေးများ၏ စုဝေးရာဟုလည်း လူသိများကြ၏။
အကယ်၍ ကမ်းရိုးတန်း တစ်နေရာမှ လူသာ လာရောက်ခဲ့မည်ဆိုပါက စော်ကားသလိုဖြစ်ပြီး ဝိုင်း၀န်း ပညာပြခြင်းကို ခံရနိုင်လေသည်။
နှစ်ယောက်သား လှေကားကို သုံး၍ တတိယထပ်သို့ ရောက်လာခဲ့ကြသည်။ သီးသန့်ခန်းအများအပြားကို ကျော်လွန်လာခဲ့ပြီးနောက် ၎င်းတို့အခန်းထဲမှ သီချင်းသံများကို ကြားနေရပြီး ဖြစ်ချင်တိုင်း ဖြစ်နေကြသည့် အုပ်စုလိုက် ပျော်မွေ့နေသံများကိုလည်း ကြားနေရလေသည်။ လုံရွှိုက် ပြောသကဲ့သို့ပင်။ ရွက်လှေစုဝေးပွဲမှာ တရားဝင်မစရသေးသော်လည်း ပရမ်းပတာဆန်မှုများကတော့ စတင်နေပြီး ဖြစ်၏။
သီးသန့်ခန်း 303 ကို ရောက်တော့ တံခါးတွန်းဖွင့်လိုက်ပြီး အထဲသို့ ဝင်လိုက်ကြသည်။
အထဲတွင်တော့ အမျိုးသား ဆယ်ဦးကျော်နှင့် အမျိုးသမီး အများအပြား ရှိနေကြလေသည်။ အခြား ပရမ်းပတာ ဆန်သည့် မြင်ကွင်းများနှင့်နှိုင်းယှဉ်ရသော် အခန်း 303 ထဲရှိ လေထုက တော်တော်လေးကို သာမန်ဆန်နေသည်။
“ အစ်မပင်း … ရောက်လာပြီလား…”
ပိုင်ပင်းယွီ့ အထဲသို့ ဝင်လျှင်ဝင်ခြင်း အနီရောင် မိနီစကတ်တိုလေး ဝတ်ထားသည့် မိန်းကလေးတစ်ဦးမှ သူမထံ စိတ်အားထက်သန်စွာဖြင့် အပြေးလေး လာခဲ့၏။
သူမကတော့ ပလတ်ဖောင်းတစ်ခုတည်းမှ စထွင်မာ မိန်းကလေး ဟန်ရွှမ်းပင်။ ပိုင်ပင်းယွီ့နှင့်လည်း အတော်လေး ရင်းနှီးကျွမ်းဝင်လေသည်။
ဟန်ရွှမ်းအပြင် မာဝေ့အန်း၊ လျိုစီးယွမ်နှင့် မုန့်ကျင်းရန်တို့ အကုန်လုံး ရောက်ရှိနေကြ၏။
ဟန်ရွှမ်းကို မြင်တော့ ပိုင်ပင်းယွီ အပြုံးချင်း ဖလှယ်လိုက်ပြီး ပျော်ရွှင်စွာဖြင့် လက်မောင်းချိတ်လိုက်၏။
“ အစက အစ်မဆီ ဖုန်းဆက်ခေါ်တော့မလို့… မနက်ဖြန် ရှော့ပင်းထွက်ကြမယ်… ဒါပေမယ့် ကိုယ်တိုင် ရောက်လာမယ်လို့တော့ ထင်မထားဘူး..”
“ အဲ့လိုလား… ဒါဆို ခဏနေ ငါတို့ ညီအစ်မတွေ ကောင်းကောင်းသောက်ကြတာပေါ့…”
“ ဒါပေါ့… အရင်နှစ်ဝက်တုန်းကလို မမူးမချင်း မပြန်ကြေးနော်…”
“ ကောင်းပြီ.. ဝင်ထိုင်ကြ.. ဘာမှအားမနာနဲ့..”
ပြောလိုက်သူကတော့ အဓိက ဆိုဖာပေါ်တွင် ထိုင်နေသည့် အမျိုးသားပင်။
သူက စစ်ဝတ် ဘောင်းဘီ အတိုကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း 30-70 အနေအထား ခွဲထား၏။ လည်ပင်းတွင်လည်း အမျိုးအမည် မသိရသည့် အဆင်တန်ဆာတို့အား ချိတ်ဆွဲထားကာ လက်မောင်းနှင့် ပေါင်တစ်လျှောက်တွင်လည်း တက်တူးအပြည့်က နေရာယူထားလေသည်။
ထို အမျိုးသား၏ နာမည်ကတော့ ဝမ်ဇီချန်းဖြစ်ပြီး သူ့မိသားစု၏ အဓိက စီးပွားရေးလုပ်ငန်းကတော့ သတ္တုတွင်း တူးဖော်ရေးပင်။
သူ့လက်ထဲတွင်လည်း ကုမ္ပဏီတစ်ချို့ ရှိထားပြီး လုံရွှိုက်နှင့် ပိုင်ပင်းယွီ့တို့ စာချုပ်ချုပ်ထားသည့် ပင်းဟော် မီဒီယာ ကုမ္ပဏီကလည်း တစ်ခု အပါအဝင်ပင်။
အဆိုပါ ကုမ္ပဏီမှာ ဝင်ငွေ များများစားစား မရရှိသော်လည်း သူ့လက်အောက်၌ လှပတင့်တယ်သည့် စထွင်မာ မိန်းကလေး အများအပြားရှိထားသောကြောင့် ဝမ်ဇီချန်းမှာ မင်းတုန်းမင်းကြီးနှယ် ကာမစည်းစိမ်ကို အပြည့်အဝ ခံစားနိုင်လေသည်။
ပိုင်ပင်းယွီ့ပင် သူ့ကုတင်ပေါ်ရှိ ကစားဖော်များထဲမှ တစ်ယောက် ဖြစ်ခဲ့ရ၏။
မာဝေ့အန်းနှင့် ကျန်သူများကလည်း အခြား စတူဒီယိုတစ်ခုကို ပိုင်ဆိုင်ထားပြီး နှစ်ဖက်မှာ ပြိုင်ဘက်များ ဖြစ်လင့်ကစား ငယ်ပေါင်းကြီးဖော်များ ဖြစ်ကြသောကြောင့် ယနေ့လို ဆုံစည်းနိုင်ကြခြင်းပင်။
“ ဘော့စ်… ဒီနေ့ စထွင်းကတော့ အခြေအနေမဟန်ဘူး… မျက်နှာဖုံး အစ်ကိုကြီးလို့ ခေါ်တဲ့ တခြား စထွင်မာတစ်ယောက်က ကျုပ်မျက်နှာကို ဖြတ်ရိုက်သွားတာ… အကျိုးဆက်ကလည်း မသေးဘူး… ကျုပ်စိုးရိမ်မိတာ ဘော့စ်တစ်ယောက်တည်းက ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာကိုပဲ…”