သူ ဒီကနေ ဘယ်လို ပြန်ထွက်မလဲ ကြည့်ကြတာပေါ့
Vol. 49 Ch. 734
" ရွှတ်.... အစ်ကိုရီ အဲ့လိုပြောတော့ အရမ်း ၀မ်းနည်းသွားပြီ...."
လင်းရီ ရယ်မောလိုက်ပြီး ကျန်းရှောင်ယွီ၏ ပခုံးကို ပုတ်လိုက်၏။ “ သွားစို့… အဲ့ဒီ သောက်ရူးတွေက တတိယထပ်မှာ… တက်သွားကြည့်ကြစို့…”
“ အွန်း…”
လင်းရီနှင့် ကျန်းရှောင်ယွီတို့ ဘေးချင်းယှဉ်၍ တတိယထပ်သို့ တက်သွားကြလေသည်။
တစ်ချိန်တည်းတွင် ဖြတ်သွားဖြတ်လာ လူတိုင်းကလည်း လင်းရီတို့အား ထူးဆန်းနေဟန်ဖြင့် ကြည့်ရှုနေကြ၏။
သူတို့ လေသံ နားထောင်ရသလောက်ကတော့ မြောက်ပိုင်းသားတွေ မဟုတ်ပါဘူး.. ပြီးတော့ ခုနလေးတင် ပြောစကားတွေအရဆို မိန်းကလေး လာရှာတာလည်း မဟုတ်ပြန်ဘူး…
ပြဿနာ လာရှာတာနဲ့ ပိုတူနေတယ်…
နှစ်ယောက်သား တတိယထပ်သို့ တက်သွားပြီး အခန်း 303 သို့ ရောက်ရှိလာလေသည်။
ကျန်းရှောင်ယွီကတော့ လင်းရီ နောက်တွင် စိတ်တုန်လှုပ်နေသည့် မျက်နှာထားဖြင့် ရှိ၏။ အထဲတွင် မည်သို့သော မြင်ကွင်းမျိုးက စောင့်ကြိုနေမလဲဆိုတာကို စဉ်းစားရင်း ရတက်(စိတ်)မအေးနိုင် ဖြစ်နေရသည်။
ဘန်း…
လင်းရီ တံခါးကို ကန်ကျောက်၍ ဖွင့်လိုက်၏။ ထိုအခါ ဝမ်းဇီချန်းနှင့် ကျန်သူများက သောက်ရင်းတန်းလန်း လင်းရီဘက်သို့ ကြည့်လိုက်ကြလေသည်။
၎င်းတို့၏ လှုပ်ရှားမှုများက လေထဲတွင် အေးခဲနေပြီး လင်းရီကို ရန်လိုစိတ်ဖြင့် ကြည့်နေခဲ့ကြ၏။
“ ညီကို... ခုမှ ရောက်ခါစကို တံခါးတွေ ကန်ကျောက်နေတယ်ဆိုတော့ တော်တော်လေး ဒေါသထွက်နေပုံပဲ…” ဝမ်းဇီချန်း ပြောလိုက်သည်။
“ ဒါ ငါ သောက်ရူးတွေကို ကိုင်တွယ်တဲ့ ပုံစံပဲ…”
လင်းရီ ကျန်းရှောင်ယွီနှင့်အတူ အထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာခဲ့၏။ “ ပြော…. ငါ့ကို ရှာပြီး ဘာဖြစ်ချင်နေတာ…”
“ စထွင်းတဲ့ ကိစ္စ ပြောချင်လို့ပါ… ထိုင်ပြီး စကားပြောကြတာပေါ့…”
ဝမ်းဇီချန်း သူ့ရဲ့ ဝိုင်ခွက်ကို စားပွဲပေါ်သို့ ညင်သာစွာ ချလိုက်၏။ စိတ်ဆိုးနေဟန် လုံးဝမပြ၊ ထိုအစား အလွန် တည်ငြိမ်နေသည်။
“ အဲ့တော့...... ဆက်ပြောပါဦး… ငါ နားထောင်နေတယ်…” လင်းရီ နားကလော်ရင်း ပြောလိုက်၏။
“ ဖုန်းထဲမှာတုန်းက မင်းမှာ စတူဒီယို မရှိဘူး ပြောခဲ့တယ်… မင်း ငါတို့ စတူဒီယိုထဲ ဝင်ဖို့ စိတ်ဝင်စားလား…” ဝမ်းဇီချန်း ပြောလိုက်သည်။
“ အဲ့ကိစ္စပြောဖို့ သပ်သပ်နဲ့ ငါ့ကို ဒီအထိ ခေါ်လိုက်တာလား…”
ဝမ်းဇီချန်း ပခုံးတွန့်လိုက်ပြီး “ တခြား ဘာရှိရဦးမှာ… ငါတို့အားလုံးက ပိုက်ဆံရှာဖို့ ဒီရောက်နေကြတာလေ… စည်းလုံးခြင်းသည် ငွေရွှင်စေသည်တဲ့… စီးပွားတူခြင်း စိတ်မချမ်းမြေ့စရာတွေ ဖြစ်သွားခဲ့ရင် ဘယ်ကောင်းမှာ…”
“ ဒါပေမယ့် ငါကတော့ မင်းတို့လို သောက်ရူးတွေနဲ့ ပူးပေါင်းဖို့ လိုမယ် မထင်ဘူး..” လင်းရီ မတ်တပ်ရပ်လိုက်ပြီး “ လူငယ်လေး ညဉ့်နက်အောင် သိပ်မနေနဲ့….. အဲ့လိုဆို နောက်သုံးစက္ကန့်လောက် ဆွဲဆန့်ထားလို့ ရချင်ရမှာပေါ့…”
ကျန်းရှောင်ယွီ ရယ်မောချင်စိတ်ကို မျိုသိပ်ထားလိုက်၏။
ထင်ထားတဲ့အတိုင်း အစ်ကိုရီကတော့ စိတ်လွတ်ကိုယ်လွတ်ပဲ… ဘယ်သူ့မှကိုလည်း သောက်ဂရုမစိုက်ဘူး…
“ ညီကို…. မင်း ငါပေးတဲ့ အကြံကို နားထောင်လိုက်စမ်းပါ… ကိုယ့်ကိုယ်ကို အရှက်မခွဲချင်စမ်းနဲ့…” ဝမ်းဇီချန်း ပြောလိုက်ပြီး “ ငါတို့ အဖွဲ့အစည်းကြီး နှစ်ခုက ဒီနေ့ ဒီနေရာမှာ ရှိနေတယ်.. တကယ်လို့ မင်းဘက်က ဖြေရှင်းချက်ကောင်းကောင်း မပေးဘူးဆိုလို့ကတော့ လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ် မထင်နဲ့…”
လင်းရီ ပြုံးလိုက်ပြီး “ မင်းဘာပြောချင်နေတာ.. ပြော… ငါနားထောင်နေတယ်…”
“ ဒီနေ့ ကိစ္စကို ငါကြားပြီးသွားပြီ…” ဝမ်းဇီချန်း ပြောလိုက်ပြီး “ အမှန်အတိုင်းဝန်ခံရရင် လုံရွှိုက်က ငါတို့ စတူဒီယို ရင်းနှီးမြုပ်နှံထားတဲ့ နံပါတ်ဝမ်း အောက်ဒေါ စထွင်မာပဲ.. မင်းရဲ့ ဒီနေ့ အပြုအမူက ငါတို့ရဲ့ စီးပွားရေးကို ဘယ်လောက်တောင် နစ်နာဆုံးရှုံးသွားစေလဲဆိုတာ နားလည်လား…”
“ ပြီးတော့ …. ရှေ့ရက်တွေတုန်းက ….. မင်း လောင်မာစတူဒီယိုကနေလည်း လူသစ်ဘုရင်ဘွဲ့ကို ဖြတ်ခုတ်သွားခဲ့သေးတယ်… ဒီကိစ္စနှစ်ခုနဲ့တင် မင်းကို ပလတ်ဖောင်းကနေ ထွက်သွားအောင် ငါတို့တွေ ဝိုင်းဖိနှိပ်လို့ ရနေပြီ… ဒါပေါ့.. တကယ်လို့ ငါတို့ စတူဒီယိုထဲ ဝင်မယ်ဆိုရင်တော့ ဒီဖြစ်ရပ်တွေကို မဖြစ်ခဲ့ဘူးလို့ သဘောထားပေးလို့ရတယ်… ဒါ ရွေးချယ်ခွင့်တွေပဲ… မင်း ဘာဖြစ်ချင်လဲဆိုတာ မင်းဘာမင်း ဆုံးဖြတ်…”
“ ရှောင်းယွီ… အရင်တုန်းက ဒီလို သောက်ရူးမျိုးကို မင်း မြင်ဖူးလား…”
“ ဟမ်…. "
“ အစ်ကိုရီက … သူ့ကို ပြောနေတာလား….”
“ အင်း…. ဒီအခန်းထဲက လူတွေကိုပေါ့… သူတို့ရုပ်တွေကို မှတ်ထား… ပြီးရင် ဝေးဝေးနေ…. သောက်ရူးရောဂါဆိုတာ ကူးစက်တတ်တယ်…”
“ ငိုးမ… မင်းဘာစကား ပြောတာတုန်းကွ….”
လုံရွှိုက် မတ်တပ်ထရပ်လိုက်၏။ သူ၏ စရိုက်မှာ အမြဲတစေ ခက်ထန်ပြီး ယခုလို စကားပြော ဖြေရှင်းရသည့် နည်းလမ်းကို သဘောမကျချေ။ ဖြစ်နိုင်မည်ဆိုပါက သူ လင်းရီကို ခုချက်ချင်း အမှောက်သိပ်ပစ်လိုက်ချင်သည်။
“ ရပ်…! “ဝမ်ဇီချန်း ခပ်တင်းတင်း အမိန့်ပေးလိုက်၏။
“ ဘော့စ်… ဒီကောင်က တအား လွန်လွန်းတယ်… “ လုံရွှိုက် ပြောလိုက်ပြီး “ ကျုပ် ဒီနေ့ ဒီကောင့်ကို မရိုက်ရဘူးဆိုရင် ဒီည အိပ်ပျော်မှာ မဟုတ်ဘူး…”
“ အေးဆေးပေါ့.. သူ့စိတ်တိုင်းကျ လွှတ်ထားလိုက်… ဒီကောင် ဒီနေရာကနေ ဘယ်လိုထွက်သွားမလဲ ဆိုတာ ကြည့်စမ်းမယ်…”
ကျန်းရှောင်ယွီ ထိတ်ကနဲ ဖြစ်သွားခဲ့သည်။
သူမ စိတ်ထင် ခံစားချက်များကတော့ တဖြည်းဖြည်းနှင့် အကောင်ထည် ပေါ်လာချေပြီ။
“ အစ်ကိုရီ… ကျွန်မတို့ ခု ဘယ်လိုလုပ်ကြမှာ…”
“ ဘာလုပ်နိုင်မှာ… ငါတို့မှာ တောင်ပံလည်း မရှိမှတော့ ဒီတိုင်း လမ်းလျှောက်သွားကြတာပေါ့..”
“ ဒါပေမယ့်…..”
“ ဘာကို ဒါပေမယ့်လဲ…” လင်းရီ ပြောလိုက်ပြီး “ ဒီတိုင်း သွားစို့..”
“ ကောင်း … ကောင်းပြီလေ…”
ကျန်းရှောင်ယွီ အထိတ်ထိတ်အလန့်လန့်ဖြင့် လင်းရီနောက်သို့ လိုက်၍ အခန်း 303 ထဲမှ ထွက်ခွာလိုက်သည်။
မာဝေ့အန်း ဝမ်းဇီချန်းကို အပြုံးလေးဖြင့် ကြည့်၍ “ ညီကို ဝမ်… မင်း အကျင့်အတိုင်းဆို အနုနည်းနဲ့ မရရင် အကြမ်းနည်း သုံးတော့မယ်မလား…”
“ ငါလည်း ဘာတတ်နိုင်မှာ… သူ့ကို အခွင့်အရေး တစ်ကြိမ် ပေးခဲ့ပြီးပြီ… တန်ဖိုးမထားပဲ မိမိုက်သလို လုပ်ချင်နေတာတော့ ငါလည်း ကယ်လို့မရတော့ဘူး…”
“ ကျွန်တော် နားမလည်တာက အဲ့ကောင်က ဘာအားကိုးနဲ့မို့လို့ ဒီလောက်ထိ မောက်မာနေလဲ ဆိုတာပဲ…” ထောင့်တွင် ထိုင်နေသည့် မုန့်ကျင်းရန်မှ ပြောလိုက်ပြီ “ ကိုယ့်မှာ ပိုက်ဆံရှိတာနဲ့ အိမ်က ပိုက်ဆံရှိတာ မတူဘူးလေ…”
“ သာမန်ပါပဲ… လူတွေက ချမ်းသာလာပြီဆိုရင် မောက်မာလာကြတယ်.. ဘယ်သူ့ကိုမှလည်း အောက်မကျို့ချင်ကြတော့ဘူး… တကယ်လို့ သူတို့ထက် ဆရာကြီး ဖြစ်တဲ့သူတွေကမှ ပညာမပြပေးဘူးဆိုရင် တစ်သက်လုံး သင်ခန်းစာ ရသွားမှာ မဟုတ်ဘူး… မဟုတ်ရင် အမှားတွေကနေ သင်ယူရတယ်ဆိုတဲ့ စကားလုံးတွေက ဘယ်လိုလုပ်ပြီး ရှိလာတော့မှာ…” ဝမ်းဇီချန်း မတ်တပ်ရပ်လိုက်ပြီး “ ဒါကြောင့်မို့ ငါ့အဖေအမြဲတမ်း ပြောတာပေါ့… ငယ်ရွယ်တုန်းမှာ နည်းနည်းပါးပါး သင်ခန်းစာပေးခံရတာကလည်း အဆိုးကြီး မဟုတ်ပါဘူးတဲ့….”
“ ဟားဟား… မှန်တာပေါ့…” မာဝေ့အန်း ပြောလိုက်ပြီး “ စီးယွမ်… လောင်မုန့်… မင်းတို့ နှစ်ယောက် ဖုန်းတွေ ထုတ်ပြီး ခဏနေ အဖြစ်အပျက်ကို မှတ်တမ်းတင်ထားကြ… ပြီးရင် Dou Yin နဲ့ ခွိုက်ရှုံ ပေါ် တင်လိုက်… သူ့ကို ဆယ်လီဖြစ်လာဖို့ အခွင့်အရေးတွေ ဖန်တီးပေးရမယ်….”
“ သေချာတာပေါ့…”
ဝမ်းဇီချန်း အကြောဆန့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ကာ “ သွားစို့… အဲ့နှစ်ယောက် ခုချိန်လောက်ဆို အောက်ထပ် ရောက်နေလောက်ပြီ… ပြပွဲကောင်းကို သွားကြည့်ကြမယ်….”
“အိုကေ သွားကြစို့…”
ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့၏ ဦးဆောင်မှုအောက်တွင် အခန်း 303 ထဲရှိ လူတိုင်း အပြင်သို့ ထွက်လာခဲ့ကြ၏။
တစ်ချိန်တည်းတွင် ကသည့် အထပ်၌ မအိုဆေးသုံးစွဲရင်း ခုန်ပေါက်နေကြသည့် အမျိုးသား အမျိုးသမီးများကလည်း အလိုအလျောက် လင်းရီတို့ထံ အကြည့်ပို့မိလိုက်ကြသည်။
“ ရို… ညီကိုတို့…. ဒီမှာ ကျိုးဟိုင်က သူငယ်ချင်းလေး နှစ်ယောက် ရောက်နေတာပဲဟ… မျက်နှာ မပျက်စေနဲ့နော်… ငါတို့ ကောင်းကောင်းလေး ဧည့်ဝတ်ကျေပွန်မှ ဖြစ်မယ်…”
“ ဟားဟား… သေချာတာပေါ့…”
ထိုအခိုက်အတန့်တွင်တော့ DJ သံနှင့် သီချင်းသံများက နူးညံ့သွားပြီး လူအများအပြားက တံခါးပေါက်ဝဘက်သို့ ဝိုင်းအုံလာကြကာ လင်းရီတို့ ထွက်မည့် လမ်းကို ပိတ်ထားကြလေသည်။
“ ညီကို… ရောက်လာပြီဆိုမှတော့ ဘာလို့ ပြန်ထွက်သွားဖို့ အလျင်လိုနေတာ… ဒီမှာ အေးဆေး ထိုင်သောက်ကြတာပေါ့…”
ပြောလိုက်သူကတော့ ကတုံးပေါက်ကေနှင့် တီရှပ်အနက်ရောင် ဝတ်ထားသည့် အမျိုးသားပင်။အဆိုပါ တီရှပ်ပေါ်၌ ပိုးဟပ် စာသားကိုလည်း ရေးထားလေသည်။ သူ့ ခန္ဓာကိုယ်ပေါ်ရှိ တက်တူးများက ဝမ်းဇီချန်းထက်ပင် များပြားနေပြီး လည်ပင်းထိ နှံ့စပ်အောင် ရေးထိုးထား၏။
ထိုအမျိုးသား၏ နာမည်ကတော့ လျိုခိုင်းပင်။ ဝမ်းဇီချန်းကဲ့သို့ ရန်ကျင်းမှ ဖြစ်ပြီး သူ့မိသားစုကလည်း ဘဏ္ဍာရေး မိသားစု တစ်ခုဖြစ်ကာ အရွယ်အစားအရတော့ ဝမ်မိသားစုအောက် အနည်းငယ် နိမ့်ကျနေဆဲပင်။
“ မင်းတို့ကောင်တွေက အတော်လေး ပျူငှာနေပါလား…” လင်းရီ ပြုံးလိုက်၏။
“ ဒါပေါ့.. “ လျိုခိုင် ပြောလိုက်ပြီး “ ရောက်နေပြီးမှတော့ မသောက်ပဲ ထွက်သွားတာက ရိုင်းရာ ကျတာပေါ့ မဟုတ်ဘူးလား…”
“ အဓိပ္ပာယ်ရှိတယ်.. ဒီတော့ သောက်ကျတာပေါ့…”
သုံးထပ်မြောက် ဝရန်တာ၌ ရပ်နေရင်း ဝမ်ဇီချန်းနှင့် မာဝေ့အန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။
“ ငါထင်တာ အဲ့ကောင် နည်းနည်းပါးပါး ပြန်အာခံမယ် မှတ်နေတာ… ဒါပေမယ့် ကောင်စုတ်က လျိုခိုင်ကို မြင်လည်းမြင်ရော ချက်ချင်း လက်ငင်း အမြီးကုပ်သွားတာပဲ…” မာဝေ့အန်း ပြောလိုက်သည်။
“ ဘော့စ်ကိုက သဘောကောင်းလွန်းနေတာ..” လုံရွှိုက် ပြောလိုက်ပြီး “ သူ သီးသန့်ခန်းထဲမှာတုန်းက ဘယ်လိုတောင် မောက်မာထားတုန်း.. ကျုပ်တို့ကို မျက်လုံးထဲတောင် မထည့်တဲ့ အထာနဲ့… ခု ကြည့်လိုက်.. လျိုခိုင် သောက်ခိုင်းတော့ ပြန်တောင် မငြင်းရဲတော့ဘူး…”
“ ဟားဟား…”
ဝမ်းဇီချန်း လက်နှစ်ဖက်ကို လက်ရန်းပေါ်တွင် တင်ထားပြီး အောက်ရှိ ရှိုးပွဲကို ငုံ့ကြည့်ုလိက်၏။
“ ငါ့အဆင့်အတန်းနဲ့ ဒီလိုကောင်မျိုးတွေကို ကိုယ်တိုင် ပညာပြတာက ဘယ်လိုလုပ်ပြီး အဓိပ္ပာယ်ရှိမှာ… လျိုခိုင်နဲ့ ကျန်တဲ့ကောင်တွေကို လုပ်ခိုင်းလိုက်တာ ပိုကောင်းတယ်…”
“ ဟားဟား…. ရာဝမ်းကျွန်းခရီးစဉ်ကတော့ အဲ့ကောင် တစ်သက်မမေ့တဲ့ ခရီးစဉ် ဖြစ်သွားလောက်တယ်…”