ငါ မလုပ်ရဲဘူး ထင်နေတာလား
Vol. 49 Ch. 735
“ မေ့မရတာထက်ကို ပိုတာပေါ့…. အရိုးထဲထိ စွဲသွားမယ့် အတွေ့အကြုံတွေပါ ရသွားလောက်တယ်…”
မာဝေ့အန်း လှည့်လာပြီး လျိုစီးယွမ်နှင့် မုန့်ကျင်းရန်တို့အား ကြည့်၍ “ အားလုံး အဆင်သင့်ပဲလား… အသင့်ဖြစ်ရင် ခုစပြီး ရိုက်ထားလိုက်တော့…”
“ စပြီးတောင် မှတ်တမ်းတင်နေပြီ… “ လျိုစီးယွမ် ရယ်မောပြောဆိုလိုက်ပြီး “ အဲ့ကောင် ဘယ်လောက်တောင် သူရဲဘောကြောင်နေလဲဆိုတာ ကြည့်လိုက်ဦး…. ပြန်ကြည့်ရင် တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းလောက်တယ်…”
“ ဘော့စ်.. ကျုပ်တို့ အောက်ဆင်းပြီး သွားကြည့်ကြရအောင်လား…. ဒီကနေ လှမ်းကြည့်ရတာ ဘယ်လိုလုပ်ပြီး အားရမှာ….” လုံရွှိုက် ပြောလိုက်၏။
“ ဘာမှ အောက်ဆင်းစရာ အကြောင်းမရှိဘူး….” ဝမ်းဇီချန်း ပြောလိုက်ပြီး “ သူ ပြေးစရာမြေ မရှိမှန်း သိတဲ့ အခါကျ အပေါ်တက်လာပြီးတော့ ငါ့ဆီ လာရှာမယ်… အဲ့ခါကျ သူ့မျက်နှာထားကို ကြည့်ရမှာ စိတ်ဝင်စားဖို့ မကောင်းဘူးလား…”
“ ဟားဟား….ဘော့စ်က တကယ့်ကို ကြိုမြင် ကြိုသိနေတာပဲဗျာ… “
တစ်ချိန်တည်းတွင် အောက်ထပ်ဘားရှိ အမျိုးသား အမျိုးသမီးများကလည်း ခွက်များကို ပြိုင်တူ မြောက်လိုက်ကြ၏။
“ ချီးယား….! ”
“ ချီးယား….! ”
“ ချီးယား….! ”
“ ချီးယား….! ”
လျိုခိုင် ပြုံးလိုက်ပြီး Beluga Vodka တစ်ပုလင်း ထုတ်ကာ “ ညီကို … ဒီမှာရော့ မင်းအတွက်… မင်း ဒါ ကုန်အောင် သောက်ပြီးရင် ထွက်သွားလို့ရပြီ…”
“ ပုလင်းလိုက်မော့ရမှာလား… ခွက်မပါဘူးပေါ့…”
“ အင်း… ပုလင်းလိုက်မော့..” လျိုခိုင် ပြုံးလိုက်ပြီး “ ငါ ကြားတာ ကျိုးဟိုင်သားတွေက အရက် အရမ်းသောက်နိုင်တယ် ကြားတယ်… ဖန်ခွက်နဲ့ သောက်နေရင် ဘယ်အရသာရှိတော့မှာ… ပုလင်းလိုက်မော့တာကမှ အားရဖို့ကောင်းတာပေါ့… ဟုတ်တယ်မလား…”
“ နင်.. နင် အရမ်းလွန်မလာနဲ့…”
ကျန်းရှောင်ယွီ ကြောက်ကြောက်နှင့် အသံကို ခြစ်ကုတ် လက်ညိုးထိုး အော်လိုက်ပြီး “ ဒီ ဗော်ကာ တစ်ပုလင်း ကုန်အောင် သောက်ရရင် သေသွားမှာပေါ့ဟဲ့…”
ကျန်းရှောင်ယွီ အရက် မသောက်တတ်သော်လည်း ဗော့ဒ်ကာ ပြင်းမှန်းတော့ နားလည်လေသည်။သူမ ယခင်တုန်းက အနည်းငယ် မြည်းစမ်းကြည့်သည်တောင်မှ အစာအိမ် မီးလောင်ကျွမ်းသည့်နှယ် ခံစားလိုက်ရသည်။
အကယ်၍ အစ်ကိုရီသာ တစ်ပုလင်းလုံး ကုန်အောင် သောက်ရမည်ဆိုပါက သူ့ကို သေခိုင်းသည်နှင့် အတူတူပင် မဟုတ်ပါလော။
“ မိန်းကလေး… ဒါမင်းနဲ့ ဘာမှမဆိုင်ဘူး… “ လျိုခိုင် ပြောလိုက်ပြီး “ မိန်းကလေးတွေက ယောက်ျားတွေ စကားပြောရင် ဝင် ဝင်မရှုပ်နဲ့… မဟုတ်ရင် ဒီည သူများ အိပ်ရာပေါ် ရောက်သွားလိမ့်မယ်…”
“ နင်….! “
“ ဟေ့ကောင်.. ယောက်ျား ဖြစ်ပြီး မိန်းကလေး တစ်ယောက်ကို ခြိမ်းခြောက်တာ မရှက်ဘူးလား… ပြီးတော့ သူမက ငါ့သူငယ်ချင်း… မင်း စကားကို ဆင်ခြင်ပြောတာ ကောင်းမယ်…” လင်းရီ တည်ငြိမ်စွာ ပြောလိုက်၏။
“ ဟားဟား… ငါ စကားပြော မှားသွားတယ်.. ဆောတီးဆောတီး…” လျိုခိုင် ပြုံလိုက်ပြီးနောက်.. “ လာ လာ… ပစ္စည်းကောင်းလေးကို ကစ်လိုက်ကြစို့.. တစ်ချို့လူတွေဆို သောက်ချင်တာတောင် မသောက်ရရှာဘူး…”
“ ငါကပဲ သောက်ရမှာလား… မင်းလည်း ငါနဲ့အတူ မသောက်ပေးဘူးဆိုရင်တော့ မဟုတ်သေးဘူး…”
လျိုခိုင် ကျန်သူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရယ်မောလိုက်ကာ “ ဒါလည်း ဟုတ်သားပဲ.. မင်းတစ်ယောက်တည်း သောက်ခိုင်းနေတာတော့ ဘယ်ကောင်းမှာ… ဒီလိုလုပ်… မင်း ဒီတစ်ပုလင်းလုံး ကုန်အောင် သောက်ပြီးရင် ငါတို့အားလုံး သောက်ပေးမယ်…. ဘာပဲပြောပြော ဒါက အခြေခံ ယဉ်ကျေးမှုပဲလေ..”
“ အဲ့လို လုပ်စမ်းပါ…”
လျိုခိုင်နှင့် ကျန်သူများမှာ အကြောက်အလန့် ကင်းနေခဲ့ကြသည်။
သောက်ဖူးသည့် သူတိုင်း ဗော့ဒ်ကာမှာ ဝိုင်ဖြူထက် ပြင်းကြောင်း နားလည်လေသည်။
ဤတစ်ပုလင်းနှင့်တင် မသေသော်ငြား ဆေးရုံရောက်ဖို့ရာအထိ လုံလောက်၏။
“ ညီကို… ပြင်ဆင်ပြီးသွားပြီဆိုတော့ တစ်ကြိုက်တည်းမော့လိုက်တော့.. မဟုတ်ရင် ဒီနေ့ည လေထုက သိပ်ပြီးကောင်းမှာ မဟုတ်ဘူး…”
“ အေးဆေးပေါ့… ဘာလို့လောနေတာ…”
လင်းရီ ပုလင်း အဖုံးကို သာမန်ကာလျှံကာ ဖွင့်လိုက်ပြီး ပြင်းထန်သည့် အရက်နံ့က လှိုင်တက်လာလေသည်။
ကျန်းရှောင်ယွီ ဘေးမှ နေ၍ သူမ လည်ပင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး မွန်းကြပ်သလို ခံစားနေရ၏။
လင်းရီ ပုလင်းကို နှာခေါင်းရှုံ့ကြည့်လိုက်ပြီး “ အနံ့လေးကတော့ မဆိုးဘူးပဲ…. “
သို့နှင့် လင်းရီ စတင်မော့ချလိုက်၏။
ဂလု ဂလု ဂလု ဂလု ….
အသံမှာ တိတ်ဆိတ်နေပြီး လင်းရီ၏ ဗော့ဒ်ကာ မျိုချသည့် အသံကသာ ကြီးစိုးနေလေသည်။
ဆယ်စက္ကန့်ကြာပြီးနောက် လင်းရီ ဗော့ဒ်ကာကို ပုလင်းအောက်ခြေအထိ အပြတ်ဖြတ်လိုက်တော့၏။
နှုတ်ခမ်းထောင့်စွန်း၌ ကျန်နေသည့် အစက်ငယ်လေးများကို လျှာဖြင့်သပ်ရင်း “ အားရှ်…. ဗော့်ဒ်ကာက အကောင်းဆုံးပဲ….”
ဘားရှိ လူတိုင်း လင်းရီကို ပြူးကြောင်စွာ ငေးကြည့်နေကြသည်။
သူတို့အားလုံး ကြက်သေသေသွားကြတော့၏။
ငါ-ိုးမ ဗော့ဒ်ကာ တစ်ပုလင်းလုံးကို တစ်ကြိုက်တည်း သောက်ပြီး ဘာမှ မဖြစ်လာဘူးလားဟ... ဒီကောင်သောက်သွားတာ ဗော့ဒ်ကာတွေမှ ဟုတ်စ။ ရေတွေများလား....
လင်းရီက မြဲမြံစွာ ရပ်နေပြီး ဘာမှ မဖြစ်သွားသည်ကို မြင်တော့ ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့ အချင်းချင်း ကြည့်လိုက်ကြ၏။ သူတို့ မျက်ဝန်းထဲရှိ အံ့အားသင့်မှုများကတော့ အထင်းသားပင်။
Beluga Vodka တွင် အယ်လ်ကိုဟော ပါဝင်မှုနှုန်းက အင်မတန်များပြားလှကာ မည်သူကမျှ တိုက်ရိုက် မသောက်ဝံ့ကြချေ။
သို့သော်လည်း ထိုကောင်ကတော့ တစ်ပုလင်းလုံး ကုန်အောင် သောက်ပြသွားခဲ့လေသည်။
“ ငါ့ဘက်ကတော့ ပြီးသွားပြီ… ခု မင်းတို့ အလှည့်ပဲ…” လင်းရီ ပြောလိုက်သည်။
လျိုခိုင်းအမူအရာ ပြောင်းလဲသွားခဲ့ဩ။ မြင်ကွင်းမှာ အတန်ငယ် ကိုးရိုးကားယား နိုင်လှသော်လည်း သူ အရေး တယူ ပြုမနေချေ။
“ ညီကို … မင်းရဲ့ အရက်သောက်နိုင်စွမ်းကတော့ အံ့မခန်းပဲ…” လျိုခိုင်း ပြောလိုက်ပြီး “ ကဲ အားလုံးပဲ… ငါ ဒီနေ့ စိတ်ပျော်နေတယ်ဆိုတော့ မမူးမချင်း အိမ်မပြန်ကြနဲ့… ဘာတင်ဒါကို နောက်ထက် ဂျယ်ဂါဗုန်းတွေ ထပ်ပြင်ခိုင်းထားလိုက်မယ်… အားလုံး ပျော်ပျော်ပါးပါးပေါ့… မဟုတ်ဘူးလား…”
“ ကောင်းပါတယ်.. ဒါပေမယ့် ငါ့ဘက်က လက်စသတ်ပြီးသွားပြီ… မင်းဘက်က သောက်ဖို့ ကျန်နေသေးတယ်မဟုတ်ဘူးလား…”
လင်းရီ၏ စကားလုံးများက ဝမ်းဇီချန်းနှင့် မာဝေ့အန်းအား အူလှိမ့်အောင် ရယ်မောသွားစေသည်။
“ ဒီကောင် ဘာတွေ စဉ်းစားနေတာ… လျိုခိုင်က တကယ်ကြီး သောက်မယ်လို့ ထင်နေတာလား မသိဘူး… “
“ ငါတော့ ဒီကောင် မဖြစ်နိုင်မှန်း သိတယ်ထင်တာပဲ… ဒါပေမယ့် ဒီလို အခြေအနေမျိုးမှာ အဲ့စကားက လွဲရင် ဘာပြောစရာရှိဦးမှာ… ရှိတဲ့စကား ရှာကြံပြီးပြောရတာပေါ့…”
“ မှန်တယ်…” ဝမ်းဇီချန်း ပြုံးလိုက်ပြီး “ သူခဏနေ ဘာလုပ်မလဲ ဆက်စောင့်ကြည့်ကြတာပေါ့…”
တစ်ချိန်တည်းတွင် ပထမထပ်ရှိ ဘား၌ လျိုခိုင် လင်းရီကို မခန့်လေးစား အပြုံးဖြင့် ကြည့်လိုက်ပြီး “ မင်းက ငါ့ကို ဒီပုလင်း သောက်စေချင်နေတယ်ပေါ့..”
“ မင်း ကြားတဲ့အတိုင်းပဲ….”
“ အိုက်ယား.. ညီကိုကလည်းကွာ.. ဒီလိုမျိုး အသေးစိတ်တွေ လိုက်ပြီး ကပ်တွက်မနေစမ်းပါနဲ့… သောက်တာ မသောက်တာက အရေးမကြီးဘူး…. အရေးကြီးတာ လူတိုင်း ပျော်ဖို့ပဲ… ဟုတ်တယ်မလား ငါ့ကောင်တို့….”
လင်းရီ မျက်ခုံးပင့်လိုက်ပြီး “ ဒီတော့ မင်းက မသောက်ချင်ဘူးပေါ့….”
“ အမှန်ပဲ… ဟားဟား….” လျိုခိုင် လှောင်ပြောင်လိုက်ပြီး “မင်းက အရမ်း တုံးအတာပဲ… ငါမင်းကို ကစားနေမှန်း မသိပဲနဲ့ တကယ်ကြီး ယုံတယ်ပေါ့…”
“ မဟုတ်သေးပါဘူး… ဒါဆို အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား…” လင်းရီ သူ့လက်ထဲရှိ ဗော့ဒ်ကာ ပုလင်း အလွတ်ကို ကစားရင်း ပြောလိုက်၏။
“ ဟုတ်တယ်.. ငါမင်းကို အနိုင်ကျင့်နေတာ..” လျိုခိုင် မျက်နှာပြောင်တိုက် ပြောလိုက်ပြီး “ မင်းက ကိုယ့်ကို ဘယ်နေရာ ရောက်နေမှန်း မသိပဲနဲ့ မိမိုက်သလို လုပ်ချင်နေတယ် ဟုတ်လား… မင်း ဒီနေ့ ဗိုက်ပေါက် အောင် မသောက်………….”
ဘန်း…
လင်းရီ ပုလင်း အလွတ်ဖြင့် လျိုခိုင်၏ ခေါင်းအား ရိုက်ချလိုက်၏။
ထို့နောက်တွင်တော့ မိန်းကလေးများအားလုံး ငယ်သံပါအောင် အော်ရင်း လင်းရီနှင့် ခပ်ဝေးဝေးသို့ နောက်ဆုတ်သွားကြလေသည်။
လျိုခိုင် သွေးတို့ရဲနေသည့် ဦးခေါင်းအား ကိုင်ရင်း အမြင် ဝေဝါးသွားပြီး ပုံရိပ်နှစ်ထပ်များ မြင်နေရတော့၏။
“ အစ်ကိုခိုင်… ! ငါရှီးပဲ..…”
ပြောပြီးပြီးချင်း အခြား လူငယ်တစ်ယောက်မှ လင်းရီထံ ပြေးဝင်လာသည်။
လင်းရီ သူ့ကို ဂုတ်မှ ဆွဲလိုက်ပြီး ကျန်သည့် ပုလင်းကွဲကို ဝမ်းဗိုက်ထဲသို့ ထိုးသွင်းလိုက်၏။
နောက်ထပ် ငယ်သံပါသည့် ဟစ်အော်သံများက ဘားအနှံ့ ပျံ့နှံ့သွားပြန်တော့သည်။
အထိုးခံလိုက်ရသည့် လူလည်း ကြမ်းပြင်သို့ လဲကျကာ မေ့မြောသွားခဲ့လေသည်။
လူနှစ်ယောက်ကို အမှောက်သိပ်ပြီးနောက် ဘားမှာ ဆူညံသံ အတိဖြစ်သွားခဲ့ပြီး လင်းရီအား ထိတ်လန့်နေသည့် မျက်ဝန်းတို့ဖြင့် ကြည့်လိုက်ကြ၏။
အပေါ်ထပ်ရှိ ဝမ်ဇီချန်းနှင့် မာဝေ့အန်းတို့လည်း ကြောက်ရွံ့နေကြသည်ကို အထင်းသားမြင်တွေ့နိုင်လေသည်။
ဒီကောင်က တော်တော်လေး မိုက်ရူးရဲဆန်တာပဲဟ….
“ ဖယ်စမ်း…ဖယ်စမ်း… ဒီမှာ ဘာတွေ ဖြစ်နေကြတာ…”
လေထုမှာ လေးလံ သိပ်သည်းနေစဉ် ဘားရှိ လုံခြုံရေး အစောင့်များ အထဲသို့ ရောက်လာခဲ့ကြ၏။
“ ကောင်လေး… မင်းဘယ်က လာခဲ့တာ… ဒီနေရာက ဘယ်သူ့ပိုင်နက်လဲဆိုတာ မသိတာလားကွ…. လာပြီး ပြဿနာ လာရှာရဲနေတယ်ပေါ့…”
လုံခြုံရေး အစောင့်မှ လေသံမာမာဖြင့် ပြောလိုက်သည်။
လုံခြုံရေး အစောင့်များမှာ စစ်မှုထမ်းဟောင်းများ ဖြစ်ကြပြီး ဘားကို တစ်နှစ်ပတ်လုံး စောင့်ကြပ်လာခဲ့ကြသူများပင်။
ထို့ကြောင့် ဤနေရာက ရန်ကျင်းရှိ ဒုတိယမျိုးဆက် ဆက်ခံသူများ လာရောက် အပမ်းဖြေရာ နေရာဖြစ်ပြီး ရောက်နေကြသူတိုင်းက ရန်ကျင်းရှိ သူဌေးသူကြွယ်များ ဖြစ်ကြောင်း သိရှိလေသည်။ အကယ်၍ တစ်စုံတစ်ခု ဖြစ်ပျက်သွားမည်ဆိုပါက သူ မည်သည့်ဘက်မှ ရပ်တည်ရမလဲဆိုတာကို သူ ကောင်းကောင်းသိ၏။
လင်းရီ သွေးပေနေသည့် ဖန် ပုလင်းကွဲကို ကိုင်ရင်း တည်ငြိမ်သည့် လေသံဖြင့် “ ထွက်သွားလိုက်… မဟုတ်ရင် နောက်ထပ် မြေပြင်မှာ မှောက်နေတဲ့ တစ်ယောက်က ခင်များ ဖြစ်သွားမယ်….”
“ ဟျောင့်… မင်းက ငွေရှိတာနဲ့ပဲ သောက်ရမ်း ဟုတ်လှပြီ ထင်နေတာလား… ငါပြောလိုက်မယ်… ငါက ဒီနေရာရဲ့ လုံခြုံရေးပဲ… ငါ့မှာ မင်းကို ထိန်းသိမ်းပိုင်ခွင့်ရှိတယ်… တကယ်လို့……..”
လင်းရီ ရောက်လာခဲ့ပြီး သွေးတို့စွန်းထင်းနေသည့် ပုလင်းကွဲအား အစောင့်၏ လည်ပင်းနှင့်တေ့ထားလိုက်ကာ “ ပြောကြည့်… ငါလုပ်ရဲလား မလုပ်ရဲဘူးလားလို့…”