အလုပ်အကိုင်အသစ်
Vol. 49 Ch. 736
ဟစ်….
ဘားထဲရှိလူတိုင်း စုတ်သပ်မိလိုက်ကြ၏။
အထူးသဖြင့်တော့ လုံခြုံရေး အစောင့်များပင်။ သူတို့ ပြုံးနေသည့် လင်းရီကို ကြည့်ရင်း ခန္ဓာကိုယ်က သူ့အလိုလို တုန်ခါနေကာ သေးထွက်ကျလုနီးပါး ဖြစ်နေလေသည်။
ကျန်းရှောင်ယွီ နောက်ဆုံးတော့ ကောင်းကျုံးယွမ်မှ အစ်ကိုရီအား အဘယ်ကြောင့် ဆိုးသွမ်းသည်ဟု ပြောရခြင်း အကြောင်းရင်းကို နားလည်သွားလေသည်။
အစ်ကိုရီရဲ့ စရိုက်က ပေါက်ကွဲပြီဆို အတော်လေး မဆင်မခြင် နိုင်တာပဲ….
“ မင်း… မင်း… မတရား မလုပ်နဲ့… ဒါ လူ့ အသက်ကို ခြိမ်းခြောက်နေတာကွ….”
“ ကြောက်လား….”
“ ကြောက်တယ်… ငါ ကြောက်တယ်….”
“ ကြောက်ရင် လစ်လေ… ယီးမို့လို ဒီတိုင်းရပ်နေတာလား… ဒီကိစ္စက မင်းတို့ ဝင်ပါသင့်တဲ့ကိစ္စ မဟုတ်ဘူး…”
“ ကောင်း… ကောင်းပါပြီ.. ငါ ကျန်တဲ့သူတွေကိုပါ ခေါ်သွားလိုက်ပါ့မယ်…”
လုံခြုံရေး အဖွဲ့ခေါင်းဆောင်မှာ ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့လက်အောက်ငယ်သားများနှင့် အတူ ထွက်ခွာသွားခဲ့လေသည်။
ထိုအခိုက်အတန့်တွင်တော့ ဘားမှာ လေတိုးသံ ကြားရလောက်သည်အထိ ငြိမ်သက်သွားခဲ့တော့၏။
လင်းရီ လျိုခိုင်ထံ လျှောက်သွားလိုက်ပြီး မျက်နှာကို ခပ်ဆတ်ဆတ် ရိုက်လိုက်ကာ “ ဟေ့ကောင်… မင်းထင်တာ လှဲအိပ်နေတာနဲ့ ဒီကိစ္စ ပြီးပြီ ထင်နေတာလားကွ… မပြီးသေးဘူး….”
“ မင်း… မင်း ဘာလုပ်တာလဲ…”
“ ကြည့်စမ်း… ကြောက်နေလိုက်တာများ….”
လင်းရီ ရှောင်းယွီဘက်သို့ လှည့်ကြည့်လိုက်ပြီး “ ဗော့ဒ်ကာ တစ်ပုလင်း သွားယူလာခဲ့…”
“ အိုး.. အိုကေ…”
ကျန်းရှောင်ယွီ ဘားကောင်တာသို့ လျှောက်သွားလိုက်ပြီး အထဲရှိ ဘာတင်ဒါကို ကြည့်လိုက်၏။
အစ်ကိုရီက တူညီသည့် ဗော့ဒ်ကာ ပုလင်းကို လိုချင်နေခြင်း ဖြစ်လောက်သည်။
ဘာတင်ဒါမှာ ကြောက်ရွံ့လွန်း၍ အယောင်ယောင်အမှားမှား ဖြစ်နေပြီး ပုလင်းများအား တိုက်ချ၍ ဗော့ဒ်ကာ ပုလင်းကို ယူပြီး ကျန်းရှောင်ယွီထံ ကမ်းပေးလိုက်သည်။
“ အစ်ကိုရီ.. ဒီမှာ…. ဗော့ဒ်ကာ ရလာပြီ…”
လင်းရီ ဗော့ဒ်ကာ ပုလင်းကို ယူလိုက်ပြီး အဖုံးဖွင့်ကာ အနံ့ရှူရှိုက်ပြီးနောက် လျိုခိုင်းကို ပေးလိုက်၏။
“ ငါဆိုတဲ့ကောင်က သင့်တင့်မျှတပြီးသား… ငါ ခုနက တစ်ပုလင်း ကုန်အောင် သောက်ပြီးသွားပြီ…ခု စည်းကမ်းအတိုင်း မင်းအလှည့်ပဲ…”
လျိုခိုင်း၏ ကိုယ်မှာ ထိတ်လန့်မှုကြောင့် တုန်ယင်နေပြီး “ ငါ … ငါ မသောက်နိုင်ဘူး… ဒါကြီးက ပြင်းလွန်းတယ်… တစ်…တစ်ခွက်လေးတောင်.. မရလို့….”
လင်းရီ လျိုခိုင်း၏ ဆံပင်ကို ဆွဲစုလိုက်ပြီး ခေါင်းကို နောက်သို့ လှန်ကာ နား အနား တိုးကပ်၍ “ မင်းက မသောက်နိုင်ပဲနဲ့ ငါ့ရှေ့မှာ ဆရာကြီးလိုလို သဘာကြီးလိုလို လုပ်နေတယ်ပေါ့…. မင်း ငါ့ကို အနိုင်ကျင့်လို့ ကောင်းတယ်များ ထင်နေတာလား….”
“ ငါ.. ငါ မှားမှန်းသိပါပြီ… ကျေးဇူးပြုပြီး မသတ်ပါနဲ့…. တောင်းဆိုနေတာပါ…”
“ တစ်ပုလင်းတည်းကို သောက်စမ်း… မင်းသောက်လိုက်ရင် ကျေပြီ… မသောက်ရင်တော့ ဘာဖြစ်မလဲ ငါလည်း မပြောတတ်ဘူး…”
လျိုခိုင်း မျက်နှာ ဖြူလျော်သွားခဲ့၏။ သူခေါင်းကို လှည့်၍ အပေါ်ထပ်ရှိ ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့အား မျှော်ကိုးတကြီးဖြင့် ကြည့်လိုက်လေသည်။
“ အစ်ကိုဝမ်… ကျွန်တော့်ကို ကယ်ပါဦး…..”
ဝမ်းဇီချန်း ကိုးရိုးကားယား ဖြစ်သွားခဲ့၏။
အကယ်၍ သူသာ တတ်နိုင်ပါက သူ့လူများဖြင့် အစောကြီးကတည်းကရင် အောက်သို့ ဆင်းလာချေပြီ။ သို့သော်လည်း သူ့ထံ၌ ထိုသို့သော သတ္တိမျိုး မရှိချေ။
ဘားထဲရှိ လူတိုင်း အခက်တွေ့နေကြ၏။ လေထုမှာလည်း အလွန်အမင်း ကိုးရို့ကားယား နိုင်လွန်းလှပြီး လူတွေ အများကြီး ရှိနေပါလျက်နှင့် တစ်ယောက်မျှ ရှေ့မထွက်လာရဲကြချေ။ ယင်းက ရှက်ဖွယ် ကောင်းလှပေသည်။
“ ကြည့်ရတာ ဘယ်သူမှ မင်းကို မကယ်ချင်ကြဘူးနဲ့တူတယ်… ငါမင်းကို ဆုံးဖြတ်ဖို့ သုံးစက္ကန့် အချိန်ပေးမယ်… သောက်မှာလား .. မသောက်ဘူးလား…”
“ ငါ့ .. ငါ့အဖေက ရန်ကျင်း သူဌေးကြီး လျိုကျင်းရှန်း… ငါ့မိသားစုက တစ်ဘီလီယမ်ကျော် ချမ်းသာတယ်… မင်းဒီလို လုပ်လို့ မရဘူး…”
“ ဆိုတော့ မင်းအဖေက ဘောစိကြီးပေါ့..…” လင်းရီ ပြုံးလိုက်ပြီး “ ဒီမှာဟေ့ကောင်… ငါပြောပြမယ်… မင်း အဖေကိုယ်တိုင် ဒီလာခဲ့ရင်တောင်မှ ငါ့ရှေ့မှာ ဦးညွှတ်ရမယ်ကွ…. မှတ်ထား…”
သို့နှင့် လင်းရီ ဗော့ဒ်ကာ ကို လျိုခိုင်းရှေ့ ထိုးပေးလိုက်ပြီး “ သောက်… မဟုတ်ရင် မင်းရဲ့ လက်တစ်ဖက်ကို ထားခဲ့….”
“ မ… မလုပ်ပါနဲ့… ငါ…ငါ သောက်ပါ့မယ်…”
ကတုန်ကယင် လက်တို့ဖြင့် လျိုခိုင် ဝိုင်ပုလင်းအား ကိုင်ပြီး ဆတ်ကနဲ့ မော့လိုက်၏။
တစ်ဝက်မျှ ရောက်တော့ လျိုခိုင်း ဗိုက်ကို ဖိ၍ ပြင်းထန်စွာ ချောင်းဆိုးတော့သည်။
အဆုံးတွင်တော့ သွေးချောင်း အနည်းငယ် ဆိုးလိုက်ပြီး ဆတ်ငင် ဆတ်ငင် ဖြစ်သွားခဲ့တော့၏။
“ အစ်ကိုရီ… သူ မသောက်နိုင်တော့ဘူး ထင်တယ်…” ကျန်းရှောင်ယွီ ကြောက်လန့်စွာဖြင့် လက်ကို ကိုက်ရင်း ပြောလိုက်လေသည်။
လျိုခိုင် သောက်ရင်းဖြင့် သေဆုံးသွားမည်ကို သူမ တကယ်ကြီး စိုးရွံ့နေမိသည်။ အကယ်၍ ထိုသို့ ဖြစ်သွားခဲ့မည်ဆိုပါက အစ်ကိုရီမှာ လူသတ်မှု ကျူးလွန်သလို ဖြစ်သွားပြီး အကျိုးဆက်များကို ခံရနိုင်လေသည်။
“ သေစမ်း… စောက်သုံးကို မကျဘူး…”
လင်းရီ သူ့ ကော်လံကို ဆွဲဆောင့်လိုက်ပြီး “ သွားစို့…”
“ အွန်း အွန်း…”
အစောတုန်းကတည်းက ပြန်ချင်နေသည့် ကျန်းရှောင်ယွီမှာ ထိုစကားကြားတော့ သက်တံကြီးအား မြင်တွေ့လိုက်သည့်နှယ်ပင်။
ဟူး... ဒီနေရာက အရမ်း ကြောက်ဖို့ ကောင်းလွန်းတယ်… ငါ့လို သာမန်လူတွေ လာသင့်တဲ့ နေရာ မဟုတ်ဘူး..
လင်းရီ ရှေ့သို့ လှမ်းလာခဲ့ပြီး သူ့ လမ်း တစ်ဝိုက်ရှိ လူတိုင်းကလည်း အလိုလို လမ်းဖယ်ပေးသွားကြသည်။
ထို့ပြင် လင်းရီအား ကြောက်လန့်စွာ ကြည့်နေကြပြီး လင်းရီ စိတ်ဖောက်၍ သူတို့ဘက် လှည့်လာမည်ကို ထိတ်လန့်နေကြလေသည်။
ဘားအပေါက်ဝသို့ လျှောက်လှမ်းသွားရင်း လင်းရီ ထွက်ခါနီး၌ နောက်သို့ လှည့်၍ တတိယထပ်ရှိ ဝမ်းဇီချန်းနှင့် မာဝေ့အန်းတို့အား တစ်ချက်ကြည့်လိုက်သည်။ လင်းရီ၏ အကြည့်ကို မြင်တော့ နှစ်ယောက်လုံး ဆံပင်မွေးများ ထောင်ထသွားကြလေသည်။
အကယ်၍ လင်းရီသာ အပေါ်သို့ တက်လာပြီး ရမ်းကားမည်ဆိုပါက သူတို့သာ ဒုက္ခရောက်သွားမည်ဖြစ်ကြောင်း နားလည်ပေသည်။
လင်းရီ လက်မ ထောင်ပြလိုက်ပြီး ဖြည်းညင်းစွာဖြင့် အောက်သို့ စိုက်ပြလိုက်၏။
“ အလကားဟာတွေ.... ”
ဝမ်းဇီချန်းနှင့် ကျန်သူများအားလုံး ရှက်ရွံ့သွားခဲ့ကြသည်။ သူတို့ ဒေါသထွက်နေကြသော်လည်း လေပင်မလည်ဝံ့ကြကာ မျိုသိပ်၍ ခေါင်းငုံ့ပြီး အံတကြိတ်ကြိတ် ဖြစ်နေကြလေသည်။
ဘားမှ ထွက်လာခဲ့ပြီးနောက် ကျန်းရှောင်ယွီ လင်းရီ လက်မောင်းကို ဖက်၍ “ အစ်ကိုရီ .. ရှင် ဗော့ဒ်ကာတွေ သောက်လိုက်တာမှ အများကြီးပဲ… အဆင်ပြေလား..”
“ ဗိုက် နည်းနည်း အောင့်နေသလိုပဲ…”
“ ဟုတ်လား…. အဲ့ဒါဆို ရေနွေးများများ သောက်ပေးနော်…”
လင်းရီ “ ??? “
“ ငါလည်း လိုအပ်တာပဲလား…”
လင်းရီ၏ အရက်ခုခံနိုင်စွမ်းမှာ အင်မတန်ကောင်းမွန်သည်။ သို့သော်လည်း ဗော့ဒ်ကာ တစ်ပုလင်းလုံး ကုန်အောင်သောက်ပြီးနောက်တွင်တော့ အကျိုးဆက် တစ်ခုခု ကတော့ ရှိနေမည် ဖြစ်၏။ ပြီးပြည့်စုံသည့် ရုပ်ခန္ဓာ၏ ပံ့ပိုးမှုနှင့် မဟုတ်ပါက အကျိုးဆက်များမှာ ပို၍ပင် ဆိုးရွားသွားနိုင်ချေရှိသည်။
“ ရေနွေးက ရောဂါအားလုံးကို ကုပေးတယ်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ခု အန်ထုတ်ချင်နေပြီလား…”
“ မလိုပါဘူး…” လင်းရီ ကားတံခါးဖွင့်၍ ဝင်လာပြီး “ တစ်ခုခု စားလိုက်ရင် ကောင်းသွားလိမ့်မယ်…”
သိုနှင့် နှစ်ယောက်သား ကားထဲဝင်၍ ချင်းဟန်တို့ဆီ သွားရန် ဟန်ပြင်လိုက်လေသည်။
“ အစ်ကိုရီ ကျွန်မ မောင်းမယ်… သောက်ထားပြီးတော့ မောင်းရင် မကောင်းဘူး…”
“ အေးဆေးပါ… သွားစို့…”
“ မဟုတ်ဘူး.. နှစ်ယောက်လုံး မသာပေါ်ကုန်လိမ့် မယ်…” သို့နှင့် ကျန်းရှောင်ယွီ လင်းရီကို ခရီးသည် ထိုင်ခုံဘက်သို့ တွန်းလိုက်ပြီး အနားယူစေချင်နေသည်။
“ အစ်ကိုရီ… သူတို့ ရှင့်ကို ပြန်ပြီး လက်စားချေလာလိမ့်မယ်လို့ ထင်လား….”
“ ဒီကောင်တွေ မလုပ်ရဲပါဘူး.. တကယ်လို့ သတ္တိရှိတယ်ဆို ခုနကတည်းကရင် ထွက်လာရောပေါ့… ငါတို့ကို အပြင်ပေးထွက်မယ် ထင်လား…”
“ ဒါပေမယ့် သူတို့က အကူတွေ ခေါ်ပြီး ပြန်လာရှာရင် ဘယ်လိုလုပ်မှာ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ကျွန်မ အထက်တန်း တက်တုန်းကဆို ယောက်ျားလေးတွေက အဲ့လိုမျိုးပဲ ရန်ဖြစ်ကြတာ…”
“ အဲ့လိုဆိုလည်း မြန်မြန်လာလေ ကောင်းလေပဲ…” လင်းရီ ပြောလိုက်ပြီး “ အကုန်လုံးက အိတ်ထောင်ထဲ နှစ်ပဲ ခြောက်ပြားလောက်ရှိတဲ့ သူဌေးသားလေးတွေကိုများကွာ… ဘာလို့ အဲ့လောက်တောင် ဘဝင်ခိုက်နေကြလဲ မသိဘူး…”
“ အမ်… ခုနကသူဆို ယွမ် တစ်ဘီလီယမ်ကျော်တောင် ချမ်းသာတယ်လေ… သူ့ကို ဒုတိယမျိုးဆက် ဆက်ခံသူအဖြစ် သတ်မှတ်လို့ရပြီ မဟုတ်လား..”
“ ငါ့လှေတစ်စင်း ဝယ်ဖို့တောင် မလောက်တာကို ငါက ထည့်တွက်မယ်ထင်လား…”
“ အာ…. အစ်ကိုရီက အရမ်းတော်တာပဲ…”
ခေတ္တကြာပြီးနောက် နှစ်ယောက်မှာ ချင်းဟန်နှင့် ကျန်သူများ စုဝေးနေကြသည့် ဘားသို့ ရောက်လာခဲ့လေသည်။
Queen ဘားနှင့် နှိုင်းယှဉ်ပါက Blue ဘားမှာ အနည်းငယ် ပိုကြီးပြီး ပရမ်းပတာတော့ ဆန်မနေချေ။
“ အစ်ကိုကြီးလင်းကလည်း… ဒီလာဖို့ အရေးကို ဘာလို့ ဒီလောက်တောင် ကြာနေရတာ..” သီးသန့်ခန်ထဲသို့ ဝင်ဝင်ချင်း လျန်ကျင်းမင်မှ မေးလိုက်၏။
“ သောက်ရူးတစ်ချို့နဲ့ တွေ့နေလို့ဟေ့… အဲ့တာ သူတို့ကို သွားပြီး ကိုင်တွယ်နေတာ…”
ထိုအခါ သုံးယောက်လုံး ဝိုင်ခွက်များ ချလိုက်ကြပြီး “ ဘာလဲဖြစ်တာ… တစ်ယောက်ယောက်က မင်းကို အပြစ်ပြုလိုက်လို့လား… သွားကြစို့…”
“ မလိုတော့ဘူး အစ်ကိုကြီးချင်း… အစ်ကိုရီက ကိုင်တွယ်ပြီးသွားပြီ…”
ထို့နောက် ကျန်းရှောင်ယွီမှ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ပြောပြလိုက်သည်။
“ ဝမ်းဇီချန်း… အဲ့ကောင်က ဘယ်ဂျောင်ကလဲတဲ့… ငါဘာလို့ မကြားဖူးတာ…”ချင်းဟန်မှ ရေရွတ်လိုက်၏။
“ ရန်ကျင်းက… မထင်မရှား ပိုက်ဆံရှိတဲ့ တစ်ယောက်ပါကွာ…စိတ်ရှုပ်ခံမနေနဲ့….”
“ ဟားဟား… အစ်ကိုကြီးလင်းက အံ့ဩစရာပဲ… သူက ရန်ကျင်းက ကြွက်စုတ်တွေကို တစ်ယောက်တည်း သမလိုက်တယ်…” ကောင်းကျုံးယွမ်မှ ခွက်မြှောက်လိုက်၏။
“ လာ လာ… သောက်လိုက်ကြစို့…ချီးယား….” လျန်ကျင်းမင်မှ ပြောလိုက်သည်။
“ အာ… အစ်ကိုကောင်း… အစ်ကိုလျန်… နင်တို့က နည်းနည်းလေးမှ မစိုးရိမ်ကြဘူးလား…”
“ စိတ်ပူတာပေါ့..” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ အဲ့ဒီ လျိုခိုင်ဆိုတဲ့ကောင် သောက်ပြီး လျှောသွားမှာကို တော်တော်လေး စိတ်ပူနေတာ ဟားဟား….”
“ အာ…..” ကျန်းရှောင်ယွီ ဘာပြောရမှန်း မသိ ဖြစ်သွားခဲ့တော့၏။ သူမ၏ ကမ္ဘာကြီး အပေါ် နားလည်မှုတို့မှာ ပြန်ပြီး အသစ်အဆန်း ဖြစ်သွားခဲ့လေသည်။
လူကုံထံတို့နှင့် သာမန်လူတို့ကြားရှိ မတူကွဲပြားမှုက သူမ စိတ်ကူးယဉ်ထားသည်ထက်ပင် ကြီးမားနေတော့၏။
လင်းရီနှင့် ကျန်းရှောင်ယွီတို့ ရောက်ရှိလာမှုနှင့်အတူ ပါတီမှာ တရားဝင် စတင်ချေပြီ။
လင်းရီအတွက်တော့ ယင်းကလည်း အနားယူခြင်း တစ်မျိုးပင်။
[ ဒင်… အလုပ်အသစ်ကို အသက်သွင်းမည် / မသွင်းပါ ]
[ အလုပ်အကိုင် : လယ်သမား ]
[ အလုပ်ပြီးမြောက်နှုန်း : 0 % ]
[ စနစ်ရှင် ကျေးဇူးပြုပြီး အလုပ်သစ် လက်ဆောင်ထုပ် 10 မီလီယမ် ယွမ်နှင့် ရွှေရောင် မြေဆီကို လက်ခံပေးပါ…. ]
လင်းရီ သောက်နေရင်း တန်းလန်း ရပ်တန့်လိုက်၏။
လွန်ခဲ့သည့် ရက်များတွင် သူ လိုက် သဝေထိုးလို့ ကောင်းနေရင်း အလုပ်အသစ်ပွင့်တော့မည့် အကြောင်းကို မေ့လျော့နေခဲ့လေသည်။