ပလ္လင်ထက်ရှိအမျိုးသား
Vol. 10 Ch. 148
မဟူရာ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ချော်ရည်များဖြင့်ရွှဲနေပြီး သူ့ခန္ဓာကိုယ်ကို ဆက်လက်သန့်စင်နေချေသည်။ ချော်ရည်ထဲရှိစွမ်းအင်ကို မီးတောက်ပုံစံများက စုပ်ယူပစ်လိုက်သည်။ သူ့ပုံစံမှာ အဆုံးမဲ့ငရဲဘုံထက်တွင် မတ်တတ်ရပ်နေလေသော မီးတောက်မိစ္ဆာဘုရင်တစ်ပါးအလားပင်။
အရပ်ခပ်ရှည်ရှည်အမျိုးသားမှာ အရှုံးပေးလိုက်ပြီဖြစ်၏။ ချော်ရည်များမှာ သူ့ခံနိုင်ရည်အကန့်အသတ်ကိုကျော်နေခြင်းပင်။ အရပ်ခပ်ရှည်ရှည်အမျိုးသားမှာ ဝင်ပေါက်ဆီသို့ပြန်သွားလိုက်သည်။ သူက မရပ်မနားတိုက်ခိုက်နေသောမဟူရာ့ကို အံ့ဩထိတ်လန့်နေသောမျက်လုံးများဖြင့် ကြည့်လိုက်မိသည်။
သူ့မျက်လုံးထဲတွင် မဟူရာက ထိုချော်ရည်သားရဲကောင်များထက် ပို၍ပြိုင်ဘက်ကင်းသောသားရဲကောင်တစ်ကောင်ပင်။ သူဟာ ပင်ပန်းရကောင်းမှန်းလည်းမသိသလို အကန့်အသတ်လည်းမရှိသလိုပင်။
ထို့နောက် ချော်ရည်သားရဲကောင်ကြီးများ အသွင်ပြောင်းသွားသည်။ ချော်ရည်သားရဲကောင်များအားလုံးက ချော်ရည်စီးကြောင်းများအဖြစ် အသွင်ပြောင်းသွားပြီး အတူတကွစုစည်းသွားကြသည်။ ဧရာမချော်ရည်သားရဲကောင်ကြီးတစ်ကောင် ရုပ်လုံးပေါ်လာချေသည်။
ထိုသားရဲကောင်ကြီးမှာ ပေတစ်ရာရှည်လျားပြီး ခြေတံလက်တံများကလည်း တုတ်ခိုင်သန်စွမ်းလေသည်။ ခြေလက်တစ်ဖက်ချင်းစီက တောင်တန်းငယ်တစ်ခုအလား ထင်မှတ်မှားနိုင်သည်။ တောင်တန်းငယ်လေးခုမှာ ပြိုင်ဘက်ကင်းခန္ဓာကိုယ်ကြီးကို အထောက်အပံ့ပေးထားလေသည်။ ချော်ရည်များဖြင့်ဖုံးလွှမ်းနေသောဦးခေါင်းကြိးတွင် ဧရာမဦးချိုကြီးတစ်ခုရှိသည်။
ဤဧရာမဦးချိုကြီးသည် ချော်ရည်စွမ်းအင်များအားလုံး စုစည်းထားဟန်တူပြီး အလွန်အမင်းပူပြင်းပျက်စီးစေတတ်သော အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေလေသည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် အရပ်ရှည်ရှည်အမျိုးသား သဘောပေါက်လိုက်သည်။
ဤသည်မှာ ဤအချီ၏နောက်ဆုံးစမ်းသပ်မှုပင်။
သို့သော် ဤစိတ်တန်ခိုးရှင်ဘုံထဲတွင် ပေတစ်ရာရှည်သော ဤချော်ရည်သားရဲကောင်ကြီးကိုယှဉ်နိုင်သူ တကယ်ပဲရှိပါ့မလား။
သို့မဟုတ်ပါက ရူးသွပ်သွားသောမဟူရာက ထိုဧရာမသားရဲကောင်ကြီး၏တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလေမလား။
သူ့စိတ်ထဲရှိအဖြေမှာမူ မဖြစ်နိုင်ဟုပင်။
သို့သော် မဟူရာကတော့ ဤအခြေအနေကို လုံးဝစိုးရိမ်ခြင်းမရှိ။
ဘာတွေကြောက်နေရမှာလဲ။
မဟူရာ၏ခေါင်းထဲမှာတော့ ထိုသို့သောအတွေးမျိုးမရှိ။
သူ့မျက်ဝန်းအိမ်ထဲတွင် မိစ္ဆာသဘာဝများဖြင့်ပြည့်နှက်နေပြီး မည်းနက်မှောင်မိုက်နေပေသည်။ သူ့တစ်ကိုယ်လုံးကလည်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်ဝင်စီးနေချေသည်။ တိုက်ခိုက်ရေးဆန္ဒမှာ အနက်ရောင်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။
အနက်ရောင်အရှိန်အဝါမှာ ခြိမ်းခြောက်အကြပ်ကိုင်နေပြီး သက်ရှိအားလုံးကို ဦးညွှတ်လာအောင်လုပ်ချင်နေပေသည်။ သူသည် အန္တိမမိစ္ဆာတစ်ပါးနှင့်ပင် အလားသဏ္ဌာန်တူပေသည်။
မဟူရာက သွားပေါ်အောင်ပြုံးလိုက်လေသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ မီးတောက်ပုံစံများမှာ အပြည့်အဝအသက်ဝင်လာလေပြီ။ ချော်ရည်စီးကြောင်းများစွားကလည်း လမ်းကြောင်းလေးများအတိုင်း တစ်ဟုန်ထိုးစီးဆင်းနေသည်။
တစ်ဟုန်ထိုးစီးဆင်းနေသောချော်ရည်များက မဟူရာ့ခန္ဓာကိုယ်ထဲရှိ သွေးများစီးဆင်းနေသလိုပင်။ သွေးများပန်းထွက်လာလေသည်။ ထို့နောက် သူ မြေကြီးပေါ်ကို ခြေဆောင့်လိုက်သည်။ အက်ကွဲကြောင်းများနှင့်ပြည့်နှက်နေသောမြေပြင်မှာ ပြိုလဲတော့မည့်ဟန်ဖြင့် အပြင်းအထန်တုန်ခါလာချေသည်။်
မဟူရာ၏ခန္ဓာကိုယ်ကတော့ အမြောက်ဆန်ကြီးတစ်ခုအလား မီတာသုံးဆယ်ရှည်သော ချော်ရည်သားရဲကောင်ဆီသို့ ချီတက်လာသည်။ ချော်ရည်သားရဲကောင်ကြီးကလည်း အသိစိတ်ဝင်လာပုံပေါ်သည်။ ထိုသားရဲကောင်ကြီးက သူ့ထက်များစွာသေးငယ်လှသောမဟူရာကို အထင်သေးဟန်ဖြင့်ကြည့်လိုက်သည်။
သို့သော် မဟူရာကတော့ လုံးဝထိတ်လန့်မသွားသလို စိုးရိမ်မှုလည်း အလျဉ်းမရှိ။ ထိုအစား သူက ဇွဲမလျှော့သောစွမ်းအားဖြင့် ရှေ့ကိုချီတက်သွားလိုက်သေးသည်။
ထိုလုပ်ရပ်ကြောင့် သားရဲကောင်ကြီးခမျာ ဒေါသမုန်တိုင်းထန်သွားရလေသည်။ သားရဲကောင်ကြီးက သူ့ဦးခေါင်းကြီးကိုမလိုက်ပြီး ကောင်းကင်ဘုံကိုပင်တုန်လှုပ်စေနိုင်သော ဟိန်းဟောက်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူဟာ ဟိန်းဟောက်နေရင်းဖြင့် ကောင်းကင်ထက်သို့ ချော်ရည်မီးလုံးကြီးများကို မှုတ်ထုတ်လိုက်သည်။
ထိုအခိုက်အတန့်လေးမှာ ချော်ရည်မိုးများ ကောင်းကင်ထက်မှရွာသွန်းလိုက်သလိုပင်။ မိုးစက်မိုးပေါက်များမှာကား အနည်းငယ်ကြီးမားလေသည်။ ထိုမိုးစက်များက မဟူရာ့ကိုတားဆီးရန်အတွက် မဟူရာ့ဆီသို့ချီတက်လာသည်။
သို့သော် မဟူရာကတော့ ချော်ရည်မိုးစက်များကို လျစ်လျူရှုထားသည်။ ချော်ရည်မီးလုံးကြီးတစ်လုံးပြီးတစ်လုံး မဟူရာ့ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းလာသည်။ ထိုအဖြစ်က သူ့အား မသိမသာရပ်တန့်သွားစေသည်။ သို့သော်ငြား ဒဏ်ရာရရုံလောက်နှင့်တော့ သူမရပ်တန့်ချေ။
ထိုအခြင်းအရာကိုမြင်သော် ချော်ရည်သားရဲကောင်ကြီးက ခြေလေးချောင်းလုံးဖြင့် ပြေးလာလေသည်။ ဧရာမခြေတံလက်တံကြီးများက မြေပြင်ပေါ်ကိုနင်းလိုက်သည့်အချိန်တိုင်း အဆုံးမဲ့ငရဲဘုံတစ်ခုလုံးကို တုန်ခါသွားစေသည်။ ၎င်းမှာ ထိုသားရဲကောင်ကြီး၏ဝန်ကို ခံနိုင်ရည်မရှိပေ။
ချော်ရည်သားရဲကောင်ကြီး ပြေးလာသည့်အချိန်တွင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်ရှိချော်ရည်များမှာ အရူးအမူးပေါက်ကွဲသွားလေဟန်ဖြင့် တဖျစ်ဖျစ်တဖျောက်ဖျောက်မြည်နေချေသည်။
မဟူရာက ရှောင်တိမ်းခြင်းမပြုပေ။ သူ့မျက်နှာထက်တွင် အရူးအမူးဖြစ်နေသောအပြုံးတစ်ပွင့် ဆင်မြန်းထားသည်။ အရပ်ခပ်ရှည်ရှည်အမျိုးသား၏ အံ့ဩထိတ်လန့်နေသောအကြည့်အောက်မှာ ထိုနှစ်ယောက် ဝင်ရောက်တိုက်ခတ်မိကြသည်။
ထိုအခိုက်အတန့်လေး၌ ကမ္ဘာမြေကြီးနှင့် တောင်တန်းများမှာ တုန်ခါသွားချေသည်။ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများကြားက ချော်ရည်များပန်းထွက်လာသည်။ ကောင်းကင်ကြီးကလည်း ပြိုကျလာတော့မည့်အလား ယမ်းခါသွားသည်။
အံ့ဩဖွယ်ကောင်းသောအချက်မှာ မဟူရာတစ်ယောက် လွင့်ထွက်မသွားခြင်းပင်။
ထိုအစား ချော်ရည်သားရဲကောင်ကြီးကသာ ခြေလှမ်းအနည်းငယ်မျှ နောက်ပြန်ဆုတ်သွားရပြီး ဦးခေါင်းပေါ်မှာလည်း ချိုင့်ခွက်တစ်ခုပေါ်လာသည်။
အခြားတစ်ဖက်တွင်မူ မဟူရာနောက်ပြန်ဆုတ်လိုက်ရသည့်တိုင် သူသည် ခြေလှမ်းကိုးလှမ်းမျှသာ နောက်ပြန်ဆုတ်ခြင်းဖြစ်၏။
တစ်ချိန်တည်းမှာပင် မဟူရာက သူ့ခွန်အားပြန်လည်ဖြည့်တင်းရန်အတွက် ထိုနေရာမှာတင်ရပ်မနေပေ။ သူ မြေပြင်ပေါ်ကိုခြေဆောင့်လိုက်ပြီး ရှေ့ကိုချီတက်သွားပြန်လေသည်။
သူ့သက်လုံကား မကုန်ခန်းနိုင်ဟန်တူသလို ဒဏ်ရာလည်း လုံးဝမရထားသလိုပင်။
ထိုအခြင်းအရာကိုမြင်သော် ချော်ရည်သားရဲကောင်ကြီးကလည်း အလျှော့မပေးချေ။ ထိုအကောင်ကြီးက ခပ်တိုးတိုးအော်ဟစ်၍ မဟူရာနှင့်ထိပ်တိုက်တွေ့ရန် ခြေလေးချောင်းလုံးဖြင့် ပြေးလာချေသည်။
ထိခတ်မှုကြီးမှာ တစ်ခုပြီးတစ်ခုပေါ်ပေါက်လာပြီး ကောင်းကင်နှင့်မြေကမ္ဘာတို့ပါ အချိန်မရွေးပြိုကျပျက်စီးသွားမည့်အလား တုန်ခါသွားလေသည်။
ထိုမြင်ကွင်းကြောင့် အရပ်ခပ်ရှည်ရှည်အမျိုးသားလည်း ထိတ်လန့်သွားပေသည်။
အဆက်မပြတ်ဝင်ဆောင့်နေသည့်အတောအတွင်း၌ မဟူရာကတော့ ဘာမှမဖြစ်လိုက်သလို ပြုမူနေချေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ထိခိုက်ဒဏ်ရာများရသွားသော်ငြား ခွန်အားကတော့ ယုတ်လျော့မသွားပေ။ ထို့ပြင် အဟုန်ကလည်း ပိုမိုပြင်းထန်သည်ထက်ပြင်းထန်လာ၏။
တစ်ဖက်တွင်မူ ချော်ရည်သားရဲကောင်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးမှာ ပျက်စီးသွားရလေပြီ။ သူ့အရှိန်အဝါကလည်း တစ်ဟုန်ထိုးမှိန်ဖျော့သွားပြီး ဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။
သူ့မျက်လုံးထဲရှိ အထင်သေးလေဟန်အရိပ်အယောင်များမှာ မယုံကြည်နိုင်လေဟန်အရိပ်အယောင်များအဖြစ် ပြောင်းလဲသွားသည်။ နောက်ထပ်ဝင်ဆောင့်ခံရသည့်အချိန်မှာတော့ ချော်ရည်သားရဲကောင်ကြီးမှာ ဟန်ချက်ပျက်သွားပြီး ဒူးထောက်လျက်သားလဲကျသွားသည်။
ထိုအချိန်မှာ ချော်ရည်သားရဲကောင်ကြီး၏မျက်လုံးထဲ၌ အကြောက်တရားများပြည့်နှက်သွားပေသည်။
အမှန်ပင်တည်း။ အရပ်ရှည်ရှည်အမျိုးသား အထင်မှားနေခြင်းမဟုတ်ပေ။
ချော်ရည်သားရဲကောင်များအားလုံးပေါင်း၍ ဖြစ်တည်လာသော အဆုံးမဲ့ငရဲဘုံထဲရှိချော်ရည်သားရဲကောင်ကြီးဟာ ယခုအခါမှာတော့ ထိတ်လန့်ကြောက်ရွံ့နေလေပြီ။
မဟူရာ၏အကြမ်းပတမ်းတိုက်ခိုက်မှုအောက်မှာ ချော်ရည်သားရဲကောင်ကြီး၏မျက်ဝန်းထဲ အကြောက်တရားများစွန်းထင်းနေပြီဖြစ်၏။ ထိုအကောင်ကြီးဟာ ခပ်တိုးတိုးမာန်ဖီလိုက်လေရာ သူ့ဟိန်းဟောက်သံထဲတွင် တောင်းပန်တိုးလျှိုးနေလေဟန်အရိပ်အမြွက်တစ်ခု ကိန်းအောင်းနေချေသည်။
သို့သော် ဤအခြေအနေ၌ မဟူရာက တစ်ပါးသူကို လုံးဝဂရုစိုက်လိမ့်မည်မဟုတ်ပေ။ သူ့နှလုံးသားထဲရှိ သူ့ရည်မှန်းချက်မှာ သူ့မျက်စိရှေ့ရှိရန်သူကို တစ်စစီဆွဲဖြဲပစ်ရန်သာဖြစ်၏။ သူ့ရည်မှန်းချက်မအောင်မြင်မချင်း အလျှော့ပေးမည်မဟုတ်။
မဟူရာ့ဘက်က ရပ်တန့်မည့်အရိပ်အယောင်မရှိသည်ကို မြင်သောအခါ ချော်ရည်သားရဲကောင်ကြီးလည်း ကြောက်ရွံ့သွားရှာလေသည်။ ထိုအကောင်ကြီးက သူ့ခြေလက်လေးချောင်းကိုမြှောက်၍ နောက်ပြန်ပြေးလေတော့သည်။ ထိုမြင်ကွင်းကိုကြည့်နေသည့် အရပ်ခပ်ရှည်ရှည်အမျိုးသားမှာ အနည်းငယ်မှင်တက်သွားရလေသည်။
'ကဲ…."
မဟူရာက ချော်ရည်သားရဲကောင်ကြီးကို ကြောက်သတဲ့လား။
သို့သော် မဟူရာ၏ပုံပန်းသွင်ပြင်ကိုကြည့်လိုက်ပါက သူကိုယ်တိုင်ပင်လျှင် သတိကြီးကြီးထားရမည်ဖြစ်၏။ အသိဉာဏ်နည်းနည်းမျှသာရှိသော ချော်ရည်သားရဲကောင်ကြီးဆိုလျှင် ပြောနေစရာပင်မလိုချေ။
မည်သို့ပင်ဖြစ်စေ ကြောက်ရွံ့နေရသောအခြေအနေမျိုးမှာ ချော်ရည်သားရဲကောင်ကြီး၏အရှိန်က မဟူရာ့အရှိန်ကို မည်သို့ယှဉ်နိုင်မည်တဲ့လဲ။
မဟူရာက ချော်ရည်သားရဲကောင်ကြီးရှေ့ကို အလွန်အမင်းလျင်မြန်လှသောအရှိန်ဖြင့် အပြင်းနှင်သွားလိုက်သည်။ ထို့နောက် ကျယ်လောင်လှသောဟိန်းဟောက်သံတစ်သံပေး၍ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။ ထိုလက်သီးချက်မှာ ချော်ရည်သားရဲကောင်ကြီး၏ဧရာမဦးချိုကြီးပေါ်သို့ သက်ဆင်းသွားချေသည်။
ခရက်…
အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ဧရာမဦးချိုကြီးမှာ အမှန်တကယ်ကျိုးပဲသွားချေပြီ။
ဧရာမဦးချိုကြီး ကျိုးပဲ့သွားသည့်အတွက် ချော်ရည်သားရဲကောင်၏ခန္ဓာကိုယ်ထဲရှိ ချော်ရည်စွမ်းအင်များက လျင်မြန်စွာလွင့်ပျံ့သွားသည်။ မကြာမီတွင် ထိုအကောင်ကြီးက ချော်ရည်အိုင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်ရှိအက်ကွဲကြောင်းထဲသို့ ပြန်လည်စီးဝင်သွားသည်။
ထိုအခိုက်အတန့်လေးမှာ စမ်းသပ်စစ်ဆေးမှုကလည်း အောင်မြင်သွားလေပြီ။
အဆုံးမဲ့ငရဲဘုံထဲရှိ ချော်ရည်များမှာ မဟူရာ့ဆီသို့ ချီတက်လာပြီး သူ့ခန္ဓာကိုယ်ကိုဖုံးလွှမ်းကာ သန့်စင်နေလေတော့သည်။
အချိန်နှစ်နာရီကုန်လွန်သွား၏။ ချော်ရည်များလည်း ပျောက်ပျက်သွားချေလေပြီ။
မဟူရာ့ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် မီးတောက်ပုံစံများက သူ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်လိုက်လေရာ အလွန်အမင်းသိပ်သည်းသွားသည်။ မီးတောက်ပုံစံများအတွင်း၌ သွေးများနှင့်အတူ ခပ်ဖြည်းဖြည်းစီးဆင်းနေသောချော်ရည်များလည်း ရှိသည်။
မဟူရာသည် ထာဝရမိစ္ဆာကိုယ်ထည်ကိုကျင့်ကြံရာ၌ အောင်မြင်သွားခဲ့ပြီဖြစ်၏။ သူ့ခန္ဓာကိုယ်ကလည်း ယခင်ကထက်ပို၍ကြောက်မက်ဖွယ်ကောင်းလာလေသည်။ ယခုအခါတွင် ချော်ရည်သားရဲကောင်ကြီးကို အနိုင်ပိုင်းဖို့အတွက် လက်သီးတစ်ချက်သာသုံးရန်လိုပေတော့သည်။
ထိုအခိုက်တွင် ချော်ရည်များဖြင့်ပြုလုပ်ထားသောပလ္လင်တစ်ခုက မဟူရာ့ရှေ့၌ ဖြည်းဖြည်းချင်းပေါ်ပေါက်လာလေသည်။ ပလ္လင်ထက်တွင် အရပ်ရှည်ပြီး ခမ်းနားမြင့်မြတ်လှသောအမျိုးသားတစ်ယောက် ထိုင်နေချေသည်။ သို့သော် ထိုလူမှာ အသက်ရှင်နေသည့်အရိပ်အယောင်မရှိတော့ပေ။