← Chapters

အလစ်တိုက်ခိုက်မှု

Vol. 9 Ch. 7

အလစ်တိုက်ခိုက်မှု

Vol. 9 Ch. 7

သူတို့ရီယိုဒီဂျနေးရိုးကို ပြန်ရောက်တော့ နေမင်းကြီးက အနောက်ဘက်ကောင်းကင်ယံမှာ မေးတင်နေပါပြီ။ သုံးယောက်လုံးက ဆိပ်ကမ်းနံဘေးမှာဆောက်ထားတဲ့ လမ်းမကြီးထက်က လူသွားပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေကြတာ။ လီဆာက ရှေ့ဆုံးက ခပ်သွက်သွက်လျှောက်နေပြီး ဆိပ်ကမ်းပြာကို အမြန်ဆုံးပြန်ရောက်ဖို့ အားထုတ်နေတယ်။

မက်ဒါကတော့ နောက်ကနေလိုက်ရင်းက မောလာတဲ့အတွက် မြန်မြန်လျှောက်ရာကနေ ပြန်နှေးလိုက်တယ်။ ဒါကြောင့် အေမီက သူ့ကိုလိုက်မီလာတယ်။

"မမလေး၊ မောနေပြီလား။ ဆက်မလျှောက်တော့ဘဲ တက္ကစီငှားမလား။ ဒါမှမဟုတ် ခနလောက်နားကြမလား။"

မက်ဒါနာရဲ့ငွေရောင်သေတ္တာနဲ့အနက်ရောင်သေတ္တာနှစ်လုံးလုံးကို ကိုင်လာတဲ့အေမီက မက်ဒါနာနဲ့ဘေးချင်းယှဥ်လျှောက်နေရင်းကနေ မေးလိုက်တော့ မက်ဒါနာက ခေါင်းခါပြလိုက်လေရဲ့။

"ဘာမှမဖြစ်ပါဘူး။ ငါ လျှောက်နိုင်ပါသေးတယ်။" လို့ပြောလိုက်သေးတယ်။ အေမီကတော့ ရှေ့ကနေ ဦးဆောင်လျှောက်နေတဲ့ လီဆာကိုလှမ်းကြည့်လိုက်လေရဲ့။ ရုတ်တရက် ကမ်းခြေဘက်က တိုက်လေကြောင့် အေမီရဲ့ဆံပင်ရှည်တွေ မျောပါကုန်တာကြောင့် မျက်နှာကိုကွယ်နေတဲ့ ဆံစတွေကို လက်နဲ့ဖယ်ရှားရတော့တာပေါ့။

"မမလေး၊ သူ့ကိုချော့ဖို့ တစ်ခုခုပြောသင့်တယ်လို့ မထင်ဘူးလား။ ဆိပ်ကမ်းပြာကိုပြန်ရောက်မှ ပြောမယ်ဆိုရင် စိတ်ပြန်လည်လာဖို့ ကြာလိမ့်မယ်ထင်တယ်။"

မက်ဒါနာ အေမီရဲ့အကြံပေးချက်ကို နားထောင်ပြီးတဲ့နောက် နားထင်ကို လက်နဲ့သာသာလေးပွတ်လိုက်တယ်။ နောက်တော့ ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ ငါကြိုးစားကြည့်လိုက်ဦးမယ်။"လို့ ခွန်းတုံ့ပြန်ပါတယ်။

အဲဒီနောက်တော့ ခြေလှမ်းနှစ်ဆယ်စာအကွာကို ရောက်နေပြီဖြစ်တဲ့ အေမီဆီကို ပြေးသွားပါတယ်။ မက်ဒါနာက ပေါ့ပါးတဲ့ရှုးဖိနပ်ကို ဝတ်ဆင်ထားတာဖြစ်ပေမဲ့ ကျောက်သားပလက်ဖောင်းကြောင့် ခြေသံကျယ်ကျယ်ထွက်ပေါ်လာတယ်။

အနားက လမ်းသွားလမ်းလာတချို့လည်း ပြေးလွှားနေတဲ့ ဆံပင်ဖြူမိန်းကလေးနဲ့မတိုက်မိရလေအောင် ရှောင်ရရှားရ ဖြစ်ကုန်တော့တာပေါ့။ မကြာခင်မှာပဲ မက်ဒါနာက လီဆာကိုလိုက်မီလာတယ်။

"လီဆာ၊ ဒီနေ့တိုက်ပွဲက နင့်အတွက် ခက်ခဲခဲ့တယ်မဟုတ်လား။ ရေဂင်ကိုလက်စားချေချင်တယ်ဆိုရင်လည်း အတူလိုက်ရှာရအောင်။ ဒါဆိုမြန်မြန်အထမမြောက်ဘူးလား။"

မက်ဒါနာက လီဆာနဲ့ခပ်ကွာကွာကနေလိုက်ပြီး သူ့လက်ကိုနောက်ပစ်ကာ ဒီစကားကို ပြောလိုက်တယ်။ လီဆာကတော့ မက်ဒါနာက ပိုးကောင်တွေအကုန်လုံးကို သတ်ပစ်လိုက်တဲ့အတွက် မကျေမနပ်ဖြစ်နေတုန်းပဲ။

"ခက်ခဲတယ်၊ ဟုတ်လား။ အဲဒီမိသားစုအတုသာ ကျွန်မကိုဝင်မရှုပ်ခဲ့ရင် သူတို့အကုန်လုံးကို နဂါးပုံစံပြောင်းပြီး သတ်ပစ်နေပြီးလောက်ပြီ။" လီဆာက မက်ဒါနာကို နဂါးမျက်စောင်းနဲ့ထိုးရင်း ပြန်တုံ့ပြန်တယ်။ မက်ဒါနာက လီဆာရဲ့ဂျစ်ကန်ကန်ပုံစံကြောင့် မနေနိုင်ဘဲ ပြုံးလိုက်မိတယ်။

"အမယ်... အရင်တုန်းက ငါဟိုညီအစ်မနှစ်ယောက်ကို သတ်ဖို့တုန့်ဆိုင်းခဲ့လို့ဆိုပြီး နင်အပြစ်တင်တယ်နော်။ အခုကျ ကိုယ်တိုင်ဖုတ်ကောင်မိသားစုတစ်ခုကိုသတ်ဖို့ တုန့်ဆိုင်းမိသွားတာလား။" မက်ဒါနာက လီဆာကို စနောက်ချင်နေတဲ့လေသံနဲ့ ပြောတော့ လီဆာက ရှက်သွားတဲ့ပုံစံနဲ့ သွားနေတာကို ရပ်လိုက်ပြီးတော့ မက်ဒါနာနဲ့ဆန့်ကျင်ဘက် ပင်လယ်ပြင်ဆီကို မျက်နှာမူလိုက်တယ်။

"ဒါပေမဲ့... မတူဘူးလေ။" လီဆာက ဝင်လုဆဲဆဲနေရောင်အောက်မှာ လိမ္မော်ရောင်တောက်ပနေတဲ့ ပင်လယ်ပြင်နဲ့လှပလှတဲ့ ဆိပ်ကမ်းမြင်ကွင်းကို ကြည့်ရှုနေရင်းကနေ ညိုးငယ်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတယ်။

"သူတို့တွေက မသေခင် ပျော်စရာကောင်းတဲ့ မိသားစုတစ်ခုဖြစ်ခဲ့တာလေ။ သူတို့ကိုအသုံးချခဲ့တဲ့ ရေဂင်ကိုပဲ အပြစ်တင်ရမှာ။"

လီဆာက ဒီလိုပြောလိုက်ရင်း ပင်လယ်ပြင်ကို ဆက်ကြည့်နေပါတယ်။ မက်ဒါနာကလည်း လီဆာကို ကြည့်လိုက်တယ်။ အခုလီဆာက သူအရင်ကသိခဲ့တဲ့ လီဆာနဲ့ သိပ်မတူတော့ဘူး။ အရင်ကထက် အများကြီးဖွံဖြိုးလာပြီး မိန်းမပျိုလေးတစ်ယောက်နဲ့တူလာပြီ။ ညနေခင်းနေရောင်အောက်မှာ လီဆာရဲ့ပုံရိပ်က သိပ်ကိုလှပလို့နေတယ်။ ဖရာလီတာတောင်မှ ဂုဏ်သရေရှိအမျိုးသမီးဖြစ်လာပြီလေ။

"အင်း၊ တကယ်တော့ အဲဒီတုန်းက ငါ့အတွက်လည်း အဲဒီလိုဖြစ်ခဲ့တာ။ သူတို့ဘဝထဲ ရေဂင်ဝင်မလာခင်အထိ သာမန်အတိုင်း တစ်ယောက်ကိုတစ်ယောက်ချစ်ကြတဲ့ မောင်နှမတွေပဲလေ။"

မက်ဒါနာက ပုစွန်ဗိုလ်ချုပ်နဲ့ နှံကောင်ဗိုလ်ချုပ်အကြောင်းကို ပြန်တွေးပြီးပြောလိုက်တာ။ သူ့ရင်ထဲမှာ ဒီလောက်ကြီးမခံစားရပေမဲ့ လီဆာအဖြစ်နဲ့တူနေမှန်းတော့ သတိထားမိတယ်လေ။ လီဆာက မက်ဒါနာကို လှည့်ကြည့်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေဝဲနေပါပြီ။

"ဒါကြောင့် ပိုးကောင်ဗိုလ်ချုပ်အဆင့် Chains Breakerဖြစ်နေတဲ့ ရေဂင်ကို ငါတို့ပူးပေါင်းပြီး နှိမ်နင်းသင့်တာပေါ့။ ဒါမှနောက်ထပ်မိသားစုတွေ ထပ်ပြီးမထိခိုက်တော့မှာလေ။"

"....." မက်ဒါနာက အကျိုးသင့်အကြောင်းသင့်ရှင်းပြတယ်။ နားထောင်နေရင်းကနေ လီဆာလည်း သူ့မျက်ဝန်းထဲက မျက်ရည်တွေကို လက်ခုံနဲ့ဖယ်ရှားပစ်လိုက်တယ်။

"ကောင်းပြီလေ၊ ဒီတစ်ခါတော့ ကျွန်မရှင့်ကို ယုံလိုက်မယ်။" လီဆာက သူ့စိတ်ကိုရှင်းတဲ့အနေနဲ့ လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ မက်ဒါနာက သူ့ကို လက်ကမ်းပေးတော့ လီဆာကလည်း မက်ဒါနာရဲ့လက်ကိုဆွဲပြီး လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ အေမီက သူတို့နှစ်ယောက် ကြားထဲဝင်လာပြီး သတိပေးလိုက်တယ်။ အေမီအနားကိုမရောက်လာခင်ကတည်းက အနက်ရောင်သေတ္တာအဖြစ်ပြောင်းခံထားရတဲ့ စေဘာစတိန်းဆီက မာန်ဖီသံကိုကြားနေတယ်။

ဂီး...ဂဲ... ဝု... ဝု...

"သခင်မလေး၊ စေဘာစတိန်းက အန္တရာယ်တစ်ခုခုကို ကြိုအာရုံရနေသလိုပါပဲ။"

မက်ဒါနာက အေမီလက်ထဲက အနက်ရောင်သေတ္တာကို ကြည့်လိုက်တော့ တကယ်ပဲထိန်းသိမ်းမရအောင် လှုပ်ခါနေတယ်။ ဒါပေမဲ့ သူတို့ဘာမှထပ်မပြောရသေးခင်မှာပဲ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့ ခပ်လှမ်းလှမ်းက ပြည်သူတွေရဲ့အော်သံကို သူတို့ကြားလိုက်ရပါပြီ။

"ပိုး... ပိုးကောင်တွေ။"

မက်ဒါနာက အသံလာရာကိုကြည့်လိုက်တော့ ရေထဲကနေ လူအရွယ်ရှိတဲ့ ပစ္စတိုပုစွန်ပိုးကောင်တွေထွက်လာပြီး ပြည်သူတွေက သူတို့ဆီကနေ ထွက်ပြေးနေကြပါတယ်။ ပိုးကောင်အရေအတွက်က ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးရှိပြီး သူတို့ဆီကနေ စူးရှတဲ့ ပင်လယ်စာပုပ်နံကိုရနေတယ်။

"သေချာပေါက် ဖုတ်ကောင်တွေပဲ။ ရေဂင်က ကျွန်မတို့ကို အလွတ်မပေးဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။" လီဆာက မျက်မှောင်ကြုတ်ပြီး ပိုးကောင်တွေကို ကြည့်ပါတယ်။ မကြာခင်မှာပဲ သူ့ခန္ဓာကိုယ်ကို အကြေးခွံတွေဖုံးသွားပြီး နဂါးတစ်ဝက်ပုံစံနဲ့ ပိုးကောင်တွေဆီ ပြေးဝင်သွားတယ်။

ဖောင်း... ဖောင်း... ဖောင်း....

ပစ္စတိုပုစွန်တွေကလည်း သူတို့လက်က ဇီဝအပူအမြောက်တွေနဲ့ လီဆာကိုချိန်ပြီးပစ်ကြတယ်။ လိဆာကတော့ အကြေးခွံတွေဖုံးနေတဲ့ သူ့လက်တွေနဲ့ အပူလှိုင်းတွေကိုကာပေမဲ့ ရန်သူ့အရေအတွက်က များလွန်းနေတယ်။ ပြီးတော့ အနီးအနားမှာ ပြည်သူတွေရှိနေတုန်းပဲ။

"မမလေး၊ စေဘာစတိန်းနဲ့ပေါင်းစပ်ပြီး သူတို့ကိုအနိုင်ယူလို့ရတယ်။ ကျားဖြူကို သုံးစရာမလိုဘူး။ ကျွန်မကတော့ ပြည်သူတွေကို ကာကွယ်ပေးရင်း ပြောင်းရွှေ့နိုင်ဖို့ ကူညီပေးမယ်။"

အေမီက ပြောပြောဆိုဆိုနဲ့ မက်ဒါနာဆီကို သေတ္တာနှစ်လုံး ပစ်ပေးလိုက်ပြီး သူကိုယ်တိုင်အတွက် ငွေရောင်ပိုက်ဆံအိတ်ကလေးကို လက်ထဲမှာမြောက်ကိုင်ထားလိုက်တယ်။

"Suit Up!" အေမီရဲ့လက်ထဲက ပိုက်ဆံအိတ်က ချက်ချင်းကြီးသွားပြီး ငွေရောင်စစ်နတ်သမီးဝတ်စုံအဖြစ်ပြောင်းသွားတယ်။ အဲဒီနောက် အေမီက လေပေါ်ပျံတက်လိုက်ပြီး ထိတ်လန့်လွန်းလို့ လဲကျနေတဲ့ ပြည်သူတချို့ကို ချီမပြီး တိုက်ပွဲနေရာကနေ ဆွဲထုတ်ပေးတယ်။

"ကောင်းပြီလေ၊ လုပ်ကြတာပေါ့။" မက်ဒါနာကလည်း ပြောလိုက်ပြီး သေတ္တာနှစ်ခုလုံးကို ပြိုင်တူဆွဲဖွင့်လိုက်တယ်။

ငွေရောင်စစ်သည်ဝတ်စုံက သူ့ခန္ဓာကိုယ်နဲ့အသင့် ပေါင်းစပ်သွားပြီး သေတ္တာနဲ့တွဲထားတဲ့ ဒဏ္ဍာရီလာဓားက လက်ထဲရောက်လာတယ်။ ခွေးနက်ကြီးကလည်း သူ့ဘေးမှာရပ်နေပြီး သူ့ကိုထိုးဟောင်လေရဲ့။

ဝုတ်... ဝုတ်....

"မင်းကို မသုံးရတာတောင်ကြာပြီပဲ၊ လာခဲ့။ ငါနဲ့ပေါင်းစပ်မယ်။"

မက်ဒါနာက ပြောလိုက်တာနဲ့ စေဘာစတိန်းက ပျော်ရွှင်စွာအော်ဟစ်လိုက်ပြီး ငွေရောင်စစ်သည်ဆီကို ခုန်ဝင်ကာ ပေါင်းစပ်လိုက်တယ်။ ငွေရောင်စစ်သည်က အခုဆိုရင် ခွေးခေါင်းသုံးလုံးရှိပြီး တစ်ကိုယ်လုံးဒုံးလက်နက်တွေနဲ့ပြည့်နေတဲ့ သံချပ်ကာခွေးစစ်သည် ဖြစ်သွားပါပြီ။

[Booster Form: Cerberus Armour] ဝတ်စုံစနစ်မှာ စာတန်းထိုးပြီးတာနဲ့ စနစ်က ပုစွန်တွေကိုတိုက်ရမယ့်ဗျူဟာကို တွက်ပြတယ်။ မက်ဒါနာက ချက်ချင်းဆိုသလို လီဆာကိုကူညီဖို့ ပြေးတက်သွားပါပြီ။

....

အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသားတစ်ယောက်က တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ မလှမ်းမကမ်းက တိုက်အမြင့်ခေါင်မိုးပေါ်မှာ အတူရှိနေကြတယ်။

"အိုလီ..." ဂျက်စပါက အာလေးလျှာလေးနဲ့ ပြောလိုက်ပြီး ပုံခနဲလဲကျသွားတဲ့ အိုလီရဲ့ခန္ဓာကိုယ်လေးကို ပွေ့ချီထားလိုက်တယ်။ သူ့ပုံစံက ထိုင်းမှိုင်းပြီးတုံးအပေမဲ့ အိုလီကိုတကယ်စိုးရိမ်နေမှန်းတော့ မျက်နှာအမူအရာတွေအရ သိနိုင်တယ်။

"ဝေါ့...." အိုလီက သွေးရည်ဝါဝါတွေကို အန်ထုတ်လိုက်တယ်။ သူ့တစ်ကိုယ်လုံးက တဆတ်ဆတ်တုန်နေပြီး တုန်ယင်နေတဲ့လက်တွေနဲ့ သူ့ဦးခေါင်းခွံမှာ စိုက်ဝင်နေတဲ့ ရွှေရောင်ဦးမျှင်ကို လက်ညိုးထိုးပြလိုက်တယ်။

"ဂျက်စပါ... ဆွဲနှုတ်လိုက်တော့။" သူ့လေသံက တိုးညှင်းလွန်းပြီး အနားမှာရှိနေတဲ့ ဂျက်စပါတောင်မှ မနည်းနားထောင်ရတယ်။

"အေး။" ဂျက်စပါက လေးလေးနှေးနှေးပြန်ထူးလိုက်ပြီးတော့ အိုလီရဲ့ဦးခေါင်းခွံထဲ ထိုးစိုက်ထားတဲ့ ရွှေရောင်ဦးမျှင်ကို ဆွဲနှုတ်လိုက်တယ်။ အိုလီရဲ့မျက်နှာပေါ်အထိ သွေးရည်ဝါဝါတွေက စီးကျလာတယ်။

"မျိုးပွားမိခင်ကြီးရဲ့ဦးမျှင်နဲ့ ရေဂင်ရဲ့ကြိမ်နှုန်းလှိုင်းကို တုပရတာ ထင်တာထက်ခက်နေတာပဲ။"

အိုလီက အားနည်းပေမဲ့ ပုံမှန်ပြန်ဖြစ်လာနေတဲ့ လေသံနဲ့ ပြန်ပြောလိုက်တယ်။ သူ့နဖူးက ဒဏ်ရာလည်း ပြန်စေ့သွားပြီဖြစ်ပြီးတော့ အပြည့်အဝပြန်မကောင်းပေမဲ့ ဂျက်စပါရဲ့ရင်ခွင်ထဲကနေထွက်ကာ ထရပ်လိုက်ပါပြီ။

"ဂျက်စပါ၊ သူတို့ငါတို့ကို သတိမထားမိခင် သွားကြမယ်။ နောက်တစ်ခါ ပိုးကောင်အကုန်လုံးကို သတ်ပစ်ရလောက်အောင်တော့ သူတို့မအလောက်ဘူးထင်ပါတယ်။" အိုလီက စကားကိုအဆုံးသတ်ရင်း လှပတဲ့သူ့ရဲ့အနီရောင် အခွံမာတောင်ပံတွေကို ဖွင့်လိုက်တယ်။ နောက်မှတစ်ခုခုကို သတိရသွားဟန်နဲ့ ဂျက်စပါကို လှည့်ကြည့်ပြီးမေးလိုက်တယ်။

"နေပါဦး၊ ငါအခုမှသတိရတယ်။ နင်တို့သစ်ကိုင်းပိုးတွေက မပျံနိုင်ဘူးမဟုတ်လား။"

ဂျက်စပါကတော့ ထူပိန်းပိန်းအမူအရာနဲ့ အိုလီကိုကြည့်ပြီး ပြန်ဖြေပါတယ်။ "ငါခုန်နိုင်တယ်။"

"ဒါဆိုပြီးရော။" အိုလီက တစ်ချက်ပြုံးလိုက်ပြီး အတောင်ကိုခတ်ကာ တိုက်ပေါ်ကနေ ပျံထွက်သွားတယ်။

ဝုန်း....

ဂျက်စပါကတော့ သူ့ခြေထောက်တွေကိုကွေးပြီး မိုးပေါ်ရောက်သွားတဲ့အထိ တစ်ခါတည်းခုန်လိုက်တယ်။

....

ခွေးနက်စစ်သည်က သူ့ရှေ့မှာရှိနေတဲ့ ပုစွန်တွေကို ကြည့်လိုက်ပြီး ဓားကိုမြောက်လိုက်တယ်။ လက်တွေခြေတွေမှာတပ်ထားတဲ့ အံ့ဝှက်အဖုံးတွေပွင့်လာပြီး အသေးစားလိုက်ဒုံးကျည်တွေက ချက်ချင်းပဲလေထုထဲကို ပျံသန်းခုန်ဝင်လာတယ်။

ဘုန်း... ဖောက်... ဖောက်... ဖောက်....

ရုတ်တရက်ထွက်ပေါ်လာတဲ့ ဒုံးကျည်တွေကို ပုစွန်တချို့က မရှောင်ရှားနိုင်ခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမှာ ပါကုန်ပြီး အကုန်လုံးတစ်စစီဖြစ်ကုန်တယ်။ ဒါပေမဲ့ ပုစွန်အကောင်ငါးဆယ်ကို တစ်ခနအတွင်း အနိုင်ယူဖို့အတွက်ဆိုရင် ခက်ခဲနေဆဲပါ။ ဒါကြောင့် ခွေးနက်စစ်သည်က ဒဏ္ဍာရီလာဓားကိုကိုင်ပြီး အနီးဆုံးမှာရှိနေတဲ့ ပုစွန်တစ်ကောင်ဆီပြေးဝင်သွားတယ်။

"ဂါး...." ပုစွန်က အမြောက်နဲ့ချိန်ပြီး ပြန်ခုခံဖို့လုပ်ပေမဲ့ ခွေးနက်စစ်သည်က သူ့လက်ကိုဓားနဲ့ခုတ်လိုက်တယ်။ ပုစွန်ရဲ့လက်က မြေပေါ်ကိုဘုတ်ခနဲ ပြုတ်ကျသွားပြီး သွေးရည်ကြည်တွေက မြေပြင်အနှံပြန့်ကျဲသွားတယ်။

"သွားလိုက်တော့...." ခွေးနက်စစ်သည်က ပုစွန်ရဲ့ရင်ဘတ်ကို ဓားနဲ့ပိုင်းချပြီး လုံးဝအဆုံးသတ်ပေးလိုက်တယ်။ သူနဲ့ဆန့်ကျင်ဘက်မှာတော့ လီဆာရှိနေပြီး လီဆာက ပုစွန်နှစ်ကောင်ကို တစ်ပြိုင်နက်တည်း အမြီးစာကျွေးပြီးပါပြီ။

"စိတ်မရှည်စရာပဲ၊ အလုပ်မတွင်လိုက်တာ။" ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ပြောလိုက်တယ်။ B rank အကောင်ငါးဆယ်လောက်ကို အကြာကြီးရှင်းနေရတဲ့အတွက် မက်ဒါနာမနေတတ်ဖြစ်နေပါတယ်။ ခေါင်းသုံးလုံးခွေးပုံစံက ရန်သူအုပ်စုလိုက်ကို ရင်ဆိုင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ကျားဖြူလိုတော့ စွမ်းအားမကြီးပါဘူး။ မက်ဒါနာက စိတ်မရှည်စွာနဲ့ ပုစွန်တွေကို ရင်ဘတ်က အလင်းဒြပ်စင်နဲ့ဖြေရှင်းဖို့လုပ်နေတာကိုကြည့်ရင်း

"စမ်းသပ်ဖို့တစ်ကောင်ချန်ထားဦး။" လို့လီဆာက သတိပေးလိုက်တယ်။

"အင်း၊ မမေ့ဘူး။" မက်ဒါနာက ပြောလိုက်ပြီး ပစ်ကွင်းကောင်းကောင်းရဖို့ နောက်ကိုခုန်ဆုတ်တယ်။ သူ့ရင်ဘတ်က ခွေးခေါင်းက ပွင့်လာပြီး ပါးစပ်မှာ အလင်းဒြပ်စင်စွမ်းအားတွေ စစုစည်းတယ်။

[Ultimate Skill: Cerberus Blast]

ဘုန်း.....

အလင်းတန်ဖြူကြီးက ဆိပ်ကမ်းရဲ့ရေပြင်ကိုဖြတ်ပြီး ပင်လယ်ပြင်အထိကို ထိုးထွက်သွားတယ်။ ပုစွန်တွေက သူတို့ပင်ကိုယ်သိစိတ်အရ အသည်းအသန် ရှောင်ပြေးဖို့ကြိုးစားပေမဲ့ သူတို့ထဲက တော်တော်များများ ပြာဖြစ်ကုန်ကြပါပြီ။

"ဟင်း... အားမရစရာပဲ။" မက်ဒါနာက ဝတ်စုံစနစ်မှာပြနေတဲ့ စွမ်းအင်လက်ကျန်ကိုကြည့်ပြီး ခေါင်းခါလိုက်တယ်။ ပုစွန်တွေအကုန်လုံး သေမသွားသေးပေမဲ့ အားက အတော်ကျသွားပြီ။ အခုထိဆိပ်ကမ်းမှာ ပုစွန်ဆယ်ကောင်လောက် အသက်ရှင်ကျန်နေဆဲပဲ။ ထူးခြားတာဆိုလို့ သူတို့တွေပုံစံက စလာတုန်းကလို ရန်လိုမနေတော့ဘဲ သူတို့အနားပတ်ဝန်းကျင်ကို နားမလည်နိုင်စွာနဲ့ကြည့်နေကြတယ်။ ပြီးတော့ ရေထဲကို ပြန်ဆုတ်ပြေးဖို့ပြင်ကြတယ်။

"ဘယ်ထွက်ပြေးဖို့ လုပ်နေတာလဲ။" လီဆာကတော့ ဒေါသတကြီးနဲ့အော်ဟစ်ပြီး နှစ်ကောင်သုံးကောင်ကို နောက်ကပိတ်ကန်တယ်။ နှစ်ကောင်ကို တစ်စစီဖြစ်အောင် လက်သည်းနဲ့ကုတ်ပြီးနောက် နောက်ကျန်တဲ့တစ်ကောင်ကို ခြေထောက်ဖြတ်အရှင်ဖမ်းထားလိုက်တယ်။ ကျန်တဲ့ကောင်တွေကတော့ ရေထဲရောက်တော့မယ်။

"မင်းတို့ကို အလွတ်မပေးနိုင်ဘူး။" မက်ဒါနာကတော့

ထွက်ပြေးဖို့ပြင်နေတဲ့ ပုစွန်တွေကိုကြည့်နေရင်းကနေ စေဘာစတိန်းနဲ့ပေါင်းစပ်ထားတာကို ဖြုတ်လိုက်တယ်။ အဲဒီနောက် ဒဏ္ဍာရီလာဓားကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ပါပြီ။ သူ့ခန္ဓာကိုယ်ကို မိုးကြိုးလျှပ်စီးတွေဝန်းရံထားပြီး ဓားလက်ကိုင်က အဖြူရောင်ကျောက်မျက်က တောက်ပလာတယ်။

[Booster Form: Baihu Master]

မက်ဒါနာရဲ့ပုံစံက ချက်ချင်းဆိုသလိုပဲ ကျားဖြူစစ်သည်အဖြစ် ပြောင်းသွားတယ်။ ပုံမှန်ခွေးလိုဖြစ်နေတဲ့ စေဘာစတိန်းကတော့ ဘေးမှာရပ်နေရင်းကနေ ကျားဖြူဖြစ်သွားတဲ့ ငွေရောင်စစ်သည်ကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး အဝေးကိုစထွက်ပြေးတယ်။

"သေလိုက်တော့...." မက်ဒါနာက လက်သီးကိုဆုပ်လိုက်တယ်။ ကောင်းကင်မှာမိုးကြိုးစွမ်းအားတွေ စုစည်းသွားပြီး ဧရာမကျားဖြူလက်သီးပုံရိပ်ကြီးက မြေပြင်ပေါ်ကို စတင်ကျဆင်းလာတယ်။ အဲဒီနောက်တော့ ထွက်ပြေးနေတဲ့ ပုစွန်တွေပေါ်ကို ပြုတ်ကျလာပါတော့တယ်။

ဘုန်း.....

လီဆာက သူ့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာနဲ့ကြည့်နေတယ်။ ဆိပ်ကမ်းပလက်ဖောင်းနဲ့ အနားကလမ်းမက မက်ဒါနာရဲ့မိုးကြိုးလက်သီးကြောင့် ကြေမွသွားပြီး လီဆာဖမ်းထားတဲ့ ပုစွန်ကောင်ကလွဲလို့ ကျန်တဲ့ပုစွန်တွေ အကင်ခံလိုက်ရတယ်။ အပုပ်နံနဲ့မီးကျွမ်းနေတဲ့ အနံတွေကြောင့် ဆိပ်ကမ်းရဲ့လေထုက သိပ်ကိုစက်ဆုပ်စရာကောင်းနေပြီ။

"အရူးမကြီး၊ ရှင်ဘာလုပ်တာလဲ။ လမ်းတွေအကုန်ပျက်စီးကုန်ပြီ။"

လီဆာက ဒေါသတကြီးလှမ်းအော်တော့မှ မက်ဒါနာသတိဝင်လာပြီး ရှက်ရှက်နဲ့ ကျားဖြူပုံစံကို ပယ်ဖျက်ပြီး ငွေရောင်စစ်သည်ဝတ်စုံကို သေတ္တာအဖြစ်ပြန်ပြီးပြောင်းထားလိုက်တယ်။

"ငါနည်းနည်းစိတ်လှုပ်ရှားသွားလို့ သတိမထားမိလိုက်တာပါ။"

မက်ဒါနာက ဆင်ခြေပေးလိုက်တယ်။ ခါတိုင်းလည်းမက်ဒါနာမြို့ထဲမှာ တိုက်ခိုက်ရင် အဆောက်အဦးတွေကို ဖျက်ဆီးမိတတ်ပေမဲ့ ရန်သူက အင်အားကြီးလွန်းပြီး မြို့ကိုဖျက်ဆီးမိမယ့်ရန်ကနေ ရှောင်မရမှသာ အပျက်စီးခံတာမျိုးပါ။ အခုတစ်ခေါက်ကတော့ ကွာခြားတယ်။ သူတို့ရန်သူက သာမန်B rank တွေဖြစ်လို့ မက်ဒါနာသာ လျှပ်စီးလက်သီးကိုမသုံးဘဲ ဓားနဲ့လိုက်ခုတ်မယ်ဆိုရင် အခုလိုမျိုးပျက်စီးသွားမှာမဟုတ်ဘူး။

ပြည်သူတွေကို ဘေးလွတ်ရာပို့ပေးပြီးနောက် အတောင်ပံဖွင့်ပြီးပြန်လာတဲ့ အေမီကလည်း မက်ဒါနာနားမှာ ဆင်းသက်လိုက်တယ်။ နောက်တော့ ဘေးပတ်ဝန်းကျင် အခြေအနေကိုကြည့်ပြီး မက်ဒါနာကို မေးလိုက်လေရဲ့။

"မမလေး၊ ဒီရန်သူအဆင့်လောက်က စေဘာစတိန်းနဲ့တင် အနိုင်ယူနိုင်တဲ့ပမာဏလေ။ ဘာလို့ကျားဖြူကို ထုတ်သုံးတာလဲ။"

"ဒါက... ခေါင်းသုံးလုံးပုံစံက သူတို့ကိုအနိုင်ယူနိုင်တယ်ဆိုပေမဲ့ မလိုအပ်ဘဲ အချိန်ကုန်တယ်လို့ ခံစားရလို့လေ။" မက်ဒါနာက ပေါ့ပေါ့ပါးပါးရယ်မောရင်းတုံ့ပြန်တယ်။

ဒါပေမဲ့ တစ်ဖက်မှာ အေမီ့မျက်နှာက တည်ကြည်နေပြီး သူ့မျက်လုံးထဲက မှန်ဘီလူးအစိတ်အပိုင်းတွေက အလည်အမြန်လှုပ်ရှားသွားကာ သခင်မလေးကိုစစ်ဆေးလိုက်တယ်။ နောက်တော့ သူ့အကြည့်တွေက ဓာတ်တိုင်တစ်တိုင်အောက်မှာဝင်ဝပ်နေတဲ့ တစ်ကိုယ်လုံးတုန်ယင်ပြီး ကြောက်လန့်နေတဲ့ စေဘာစတိန်းကို အေမီက ကြည့်လိုက်တယ်။ ဒါပေမဲ့စက္ကန့်ပိုင်းလောက်ပဲဖြစ်ပြီး အေမီက လီဆာဖမ်းထားတဲ့ ပုစွန်ဆီကို အကြည့်လွှဲလိုက်ပါလေရော။

"ဘာပဲဖြစ်ဖြစ် ရေဂင်ရဲ့ပိုးကောင်တစ်ကောင် ဖမ်းမိပြီဆိုတော့ ကျွန်မတို့မစ်ရှင်ကို ရှေ့တစ်ဆင့်တက်သင့်ပြီထင်ပါတယ်။"

All Chapters