← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 40 Ch. 554

ထိပ်တိုက်တွေ့ခြင်း

Vol. 40 Ch. 554

မကောင်းဆိုးဝါးလှံက မီးခိုးရောင်အလောင်းများ လဲလျောင်းနေသောနေရာဆီသို့ စိုက်ကျသွားလေသည်။ ထိုအခိုက်အတန့်၌ သူတို့၏မျက်လုံးများတွင် မီးခိုးရောင်များ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး အိပ်မက်မှ နိုးထလာသကဲ့သို့ ၎င်းတို့၏ ခန္ဓာကိုယ်များ တုန်ယင်စပြုလာသည်။

ထိုအကြည့်များက ကြည်လင်ပြတ်သားပြီး ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများက ကောင်းကင်၌ မကောင်းဆိုးဝါးလှံကို မြင်လိုက်ရသည်။ထိုအခါ စုမင်က ထိုလူများ လုံးဝနိုးလာပြီး အသက်ပြန်ရှင်သွားသောပုံစံကို မြင်လိုက်ရသည်။

“မင်းနဲ့ ဒီလူတွေကြားမှာ ရန်ငြိုးရန်စ မရှိပါဘူး.. တကယ်တော့ မင်းကို ဆိုးဝါးတဲ့စကားတစ်ခွန်းတောင် မပြောဖူးပါဘူး...ဒါပေမဲ့ မင်းက သူတို့ကို သတ်ပစ်တော့မယ်...စုမင် မင်း သူတို့တိုက်ခိုက်ရင် မင်းကိုယ်မင်းလိပ်ပြာလုံမယ်လို့ထင်လား... မင်း ဒီမှာ စိတ်အပြောင်းအလဲတစ်ခု ကြုံလာရ‌တော့မယ်.. ဒီအပြောင်းအလဲကို ဘယ်လိုဖြတ်သန်းမလဲဆိုတာ စောင့်ကြည့်နေမယ်...”

“အပြစ်မဲ့တဲ့သူတွေ အများကြီးကို သတ်မလို့လား မင်းရဲ့စာနာမှုတွေ ဘယ်ရောက်သွားလဲ...”

စစ်မာရှင်းက ရှည်လျားသော ရယ်မောသံကို ထုတ်လွှတ်လိုက်ပြီး အလွန်ဝမ်းသာသွားသည် ။

“ဒါပေမဲ့ မင်း ဒီလူတွေကို မသတ်ဘူးဆိုရင်လည်း မင်းစိတ်ထဲမှာ ဝရုန်းသုန်းကားဖြစ်နေလိမ့်မယ်.. အကြင်နာမဲ့မာန်မျိုးစေ့ကို မင်းကိုယ်ထဲကိုထည့်ပေးမယ်...ဒါဆိုရင် အဆုံးမဲ့ တိုက်ပွဲမှာလည်း မင်း ခံနိုင်ရည်ရှိလိမ့်မယ်...စုမင် အချိန်အများကြီးမကျန်တော့ဘူး...ပညာရှိရှိရွေးချယ်စမ်းပါကွ...”

အခြားစစ်မာရှင်းတစ်ယောက် လည်း ကျယ်လောင်စွာ ရယ်မောလိုက်သည် ။

စုမင်က တိတ်ဆိတ်နေခဲ့သည်။ ဗုန်းခနဲပေါက်ကွဲသံနှင့်အတူ လှံရှည်က မြေပြင်ပေါ်သို့ တဟုန်ထိုးစိုက်ကျနေသည်ကို စုမင် ကြည့်နေလေသည်။ထိုစွမ်းအား ဖြာထွက်လာသည်နှင့်အမျှ… အိပ်ပျော်နေရာမှ နိုးထလာသော လူအားလုံး၏ ရုပ်အလောင်းများက အသားစများအဖြစ် ပြောင်းလဲသွားသည်။ သူတို့၏ နာကျင်ခြင်း အော်ဟစ်သံများက လေထဲတွင် ပြည့်နှက်နေပြီး ဘယ်တုန်းကမှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့သည် ။

နာကျင်စွာအော်ဟစ်သံများက လေထဲမှာပဲ့တင်ထပ်နေသေးသည်။စုမင်က ထိတ်လန့်တုန်လှုပ်သွားသည်။ သူ့ကိုရန်မစလျှင် သူတပါးကို ထိခိုက်အောင်မလုပ်ဟုဆိုသော ဆောင်ပုဒ်ကို ရင်ဝယ်ထားခဲ့သည်။ ထိုနေရာသို့ သူ သူထွက်လာစဉ် လိုက်နာကျင့်ကြံခဲ့သော နိယာမလည်းဖြစ်သည်။

ယခုအချိန်တွင် စစ်မာရှင်း၏ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ထိုနိယာမက အပိုင်းပိုင်းပြိုကွဲသွားခဲ့သည်။ သူက ဤလူများကို ရန်ငြိုးတစ်စွန်းတစ်စအရှိဘဲ လှံတစ်ချက်ဖြင့် သူတို့အားလုံးကို သတ်ပစ်ခဲ့သည်။ စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု တွင် သူတွေ့ကြုံခဲ့ရသည့်အရာနှင့် တူသော်လည်း ယခုတစ်ကြိမ်တွင် ပို၍ပင်တုန်လှုပ်သွားခဲ့သည်။ ယခုအဖြစ်အပျက်က သူ့ကို နှုတ်ဆိတ်သွားစေခဲ့သည်။

စစ်မာရှင်း၏ ရယ်သံများက လေထဲတွင် ပဲ့တင်ထပ်သွားသည်။ သူက မြင့်မြတ်သော စွမ်းရည်များသုံးကာ စုမင်ကို တိုက်ခိုက်လိုခြင်း မဟုတ်ပေ။ သူက စုမင်ကို တိုက်ခိုက်ရေးစွမ်းရည်အရ ရှုံးနိမ့်စေလိုရုံသာမက စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ ရှုံးနိမ့်သွားအောင် လုပ်ချင်ခဲ့သည်။ ထိုသို့မလုပ်လျှင် သူ့ရန်ငြိုးအာဃာတများအတွက် ထွက်ပေါက်ရှာမတွေ့ပေ။ထိုသို့မလုပ်လျှင် လူတစ်ယောက် ကို အမှန်တကယ် ဖျက်ဆီးနိုင်မှာ မဟုတ်ပေ။

အကယ်၍ လူဝင်စားခြင်းသာ ဤလောက၌ ရှိခဲ့ပါက မကောင်းဝါးလှံဖြင့် သေဆုံးသွားသော သူများက ဘယ်တော့မှ လူပြန်မဖြစ်နိုင်ပေ။ ၎င်းတို့က လှံထဲတွင် ထာဝစဉ်ပိတ်မိနေပြီး ထာဝရတိုက်ပွဲဝင်ဝိညာဉ်များ ဖြစ်လာမည်ဖြစ်သည်။

စစ်မာရှင်း၏မူလအစီအစဉ်အတိုင်းသာ အားလုံးအဆင်ပြေသွားပါက

စုမင်၏နှလုံးသားအတွင်း၌ သူနိယာမများကိုလွဲချော်စေသောမာန်မျိုးစေ့ကို စိုက်နိုင်မည်ဖြစ်သည်။ ဤမျိုးစေ့က လျင်မြန်စွာ ကြီးထွားလာပြီး မူလစုမင်ကို ဖျက်စီးသွားပြီး သူ့နှလုံးသားကို ဖျက်ဆီးမည့်အရာအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။

သို့သော် လောကကြီးထဲတွင် စစ်မာရှင်း မခန့်မှန်းနိုင်သော အချို့အရာများရှိသည်။စုမင်က လေထဲ၌ရပ်နေချိန်တွင် သူ၏ဆံပင်တစ်ဝက်က တဖြည်းဖြည်းဖြူလာပြီး သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းကျုံ့သွားသည်။ လေပွေတစ်ခုက သူ့ခန္ဓာကိုယ်ကို လှည့်ပတ်ပြီး သူ့အသွင်အပြင်က ကံကြမ္မာ၏ ပုံသဏ္ဍာန်ဖြစ်လာသည်။

သူက ကံကြမ္မာအဖြစ်သို့ လုံးဝ မပြောင်းလဲခဲ့ဘဲ သူ၏အသွင်ကူးပြောင်းမှု လမ်းတစ်ဝက်တွင် ရပ်ခဲ့သည်။ သူ၏ ညာလက်ကို မြှောက်ကာ မြေပြင်ဆီသို့ ဝှေ့ယမ်းလိုက်သည်။ ထိုလေလှိုင်းက စစ်မာရှင်းကို ခေတ္တ အံ့အားသင့်သွားစေသည်။ သူက ချက်ချင်းမျက်မှောင်ကြုတ်သွားလေသည်။ မြေပြင်ပေါ်ရှိ အဆုံးမရှိသော အလောင်းများတစ်ဖန်ပြန်ပေါ်လာလေသည်။

အပြင်ဘက်သို့ ပျံ့နှံ့သွားသော ခရမ်းရောင်အလင်းလှိုင်းလုံးကြီးများကလည်း အဝေးက မြေပြင်၌ တစ်ဖန် ပေါ်လာသော်လည်း အပြင်သို့ မပျံ့နှံ့တော့ပေ။ ယင်းအစား ထိုလှိုင်းဂယက်ကြီးက နောက်ပြန်ဆုတ်သွား လေသည်။ အချိန်၏ဖြတ်သန်းမှုနှင့် ယခင်အခိုက်အတန့်တွင် ဖြစ်ပျက်ခဲ့သမျှက ထိုခဏ၌ နောက်ပြန်ဆုတ်သွားတော့သည်။

စုမင်က အလောင်းကောင်များအသက်ပြန်ဝင်လာသည့်အချိန်ထိ မြေကြီးကို ကြည့်နေလေသည်။

သူတို့သေခါနီးအချိန် ကြောက်ရွံ့မှုနှင့် စိတ်ရှုပ်ထွေးမှုများခံစားနေရသည့်အခြေအနေရောက်ရှိလာသည်။

သူ့မျက်လုံးကိုမှိတ်ပြီး ညာလက်ကို နှိမ့်လိုက်သည်။ ခေါင်းတစ်ခြမ်းမှာ နေရာယူထားသော ဆံပင်ဖြူဖြူများက တစ်ဖန် မည်းလာပြန်သည်။ သူက ကံကြမ္မာဖြစ်လာရန် သူ၏ အသွင်ကူးပြောင်းမှုကို ဆက်မလုပ်တော့ပေ။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်သွားသည်။

သူမျက်လုံးကိုဖွင့်လိုက်သောအခါ မြေကြီးက လှံ၏ထိုးနှက်မှုကြောင့် အက်ကွဲသွားလေသည်။ အချိန်ပြောင်းပြန်လှန်ခြင်းက ထင်ယောင်ထင်မှားဖြစ်စေသော အိပ်မက်တစ်ခုမျှသာဖြစ်ပြီး ထိုအိပ်မက်က ပြီးဆုံးသွားသကဲ့သို့ပင် ဖြစ်၏။ အရာအားလုံးက ပုံမှန်အတိုင်းပင် ဖြစ်၏။ လေထုထဲမှာ သွေးနံဘများ မွှန်ထူနေပြီး ခြေလက်လက်ပြတ်များကို နေရာအနှံ့ တွေ့နေရသည်။ ခရမ်းရောင်အလင်းတန်းရိုက်ခတ်မှု ပြန့်ကျဲလာသည်နှင့်အမျှ နာကျင်စွာအော်ဟစ်သံများက လေထဲတွင် ဆက်လက် ပဲ့တင်ထပ်နေသည်။

သို့သော် စုမင်၏ နှလုံးသားက မတုန်လှုပ်တော့ပေ။

မကောင်းဆိုးဝါးလှံထဲသို့ စုပ်ယူခံနေရသော ဝိညာဉ်များကို မြေပြင်မှ မြင်နိုင်သည်။ သူသတ်ခဲ့တဲ့သူများမှာ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အိုများနှင့် ငယ်ရွယ်သူများပင်ဖြစ်သညမ။ သူတို့မျက်နှာမှာ မုန်းတီးမှုအရိပ်အယောင် မတွေ့ခဲ့ရပေ။ ယင်းအစား သူတို့က ကျေးဇူးသိတတ်သူများဖြစ်ပြီး လှံ၏ စုပ်ယူခံရသည့်အခါ စုမင်ဘက်သို့ ဦးညွှတ်ကြလေသည်။

စစ်မာရှင်းလည်း ထိုမြင်ကွင်းကိုမြင်လိုက် လေသည်။ သူ၏အမူအရာက ချက်ချင်းပင် မှောင်မိုက်သွားကာ အေးစက်သော တုန်လှုပ်ချောက်ချားသွားလေသည်။ မြေပြင်၌ ရှိသော အလောင်းကောင်အများအပြား၏မျက်လုံးများတွင် မီးခိုးရောင်အလင်းတန်းတောက်ပကာ မတ်တပ်ထရပ်လိုက်ကြသည်။

မတ်တပ်ထရပ်လိုက်သောအခါတွင် သူတို့၏ခန္ဓာကိုယ်များက အရည်ပျော်သွားသကဲ့သို့ ပြောင်းလဲသွားကာ အားလုံးက စစ်မာရှင်းအဖြစ်သို့ ပြောင်းလဲသွားကြသည်။

အဋ္ဌမအလွှာကရှိ အကန့်အသတ်မဲ့ မီးခိုးရောင်အလောင်းများက သောင်းနှင့်ချီ၍ အရေအတွက်များသည်။ စုမင်၏ လှံနဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားသူများက သူတို့ထဲက တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ မီးခိုးရောင် လူသေအလောင်းများက စစ်မာရှင်းအဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ ၎င်းတို့က အတူတကွ အော်ဟစ်ပြီး ကောင်းကင်သို့ ခုန်ဆင်းကာ ရှည်လျားသော အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤရှည်လျားသောအလင်းတန်းများက စစ်မာရှင်း ဖြစ်၍ အားလုံးက စုမင် ဆီသို့ ပြေးသွားကြသည်။

“စုမင်.. ဒီအနှစ်နှစ်ဆယ်အတွင်းမှာ မင်းဒီလို စွမ်းအားတွေ ရနိုင်လို့ ငါ အံ့သြသွားတယ်...အစတုန်းက ငါ့ရဲ့ကံကောင်းမှုဟာ ‌ဒီလောကမှာ ရှားပါးတယ်လို့ ထင်ခဲ့တယ်..ဒါပေမဲ့ မင်းလည်း ဒီလိုကံကောင်းမှုမျိုးကို ပိုင်ဆိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး...”

“ဒါပေမဲ့ ဒီလောကမှာ ငါမင်းကိုစိန်ခေါ်တဲ့တိုက်ပွဲတွေကြောင့် မင်းရဲ့ကံကောင်းမှုနဲ့ တည်ငြိမ်မှု လျော့နည်းသွားစေရမယ်.. မင်းရဲ့စိတ်ဆန္ဒတွေ ပြိုလဲသွားအောင်လုပ်ပစ်မယ်.. မင်းမှာရှိနေတဲ့ သတ်ဖြတ်ချင်စိတ်တွေကုန်ခမ်းသွားအောင်လုပ်ပေးမယ်...မင်းကို ဆောက်တည်ရာမရဖြစ်အောင်လုပ်ပစ်မယ်.. မင်းရဲ့ကံ ကောင်းမှုကို ဖျက်ဆီးပစ်မဲ့ တိုက်ပွဲတစ်ခုကို ငါအရင်ဆုံး ပေးပစ်မယ်...”

“ငါ့ရဲ့ ထောင်ချီတဲ့ကိုယ်ပွားတွေကို မင်း မသတ်နိုင်တော့တဲ့အထိ ထပ်ခါထပ်ခါ သတ်ပစ်လိုက်စမ်းပါ.. မင်းငါ့ကို ဆက်မသတ်ချင်ဘူးဆိုရင်တောင် မင်းရဲ့ဒေါသက အားနည်းသွားလိမ့်မယ်... ပင်ပန်းနွမ်းနယ်မှုကြောင့် စိတ်စွမ်းအားတွေ ပြိုပျက်သွားလိမ့်မယ်...မင်းရဲ့သတ်ဖြတ်လိုစိတ်တွေ ပျောက်ကွယ်သွားလိမ့်မယ်.. အဲဒီ့အခါကျ မင်းငါ့ကိုထပ်တိုက်နိုင်သေးလား ငါသိချင် မိတယ်...”

ထောင်သောင်းချီသောစစ်မာရှင်းကိုယ်ပွားတို့က ထိုစကားများကို တချိန်တည်း ပြောကြသည်။ သူတို့၏ အသံများက ကောင်းကင်ဘုံ၏အမိန့်အာဏာပေးသံပါဝင်နေသောဟစ်ကြွေးသံအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ထိုမြင်ကွင်းက စုမင်ကို မျက်မှောင်ကြုတ်စေလေသည်။

သူက စစ်မာရှင်းကို ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ပေ။ ယခုတင် မဟုတ်ချေ။ စစ်မာရှင်းက ယခင်က သူကြုံတွေ့ခဲ့ရသော ရန်သူများနှင့် လုံးဝမတူပေ။ သူက အခြားလူများနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းက ရိုးရှင်းသော တိုက်ပွဲတစ်ခုမျှသာဖြစ်သည်။စစ်မာရှင်းနှင့်ရင်ဆိုင်ရသောအခါ စိတ်ဝိညာဉ်ပြိုလဲပျက်စီးသွားသည့်အထိပင် ဖြစ်သည်။

စစ်မာရှင်းက ပိုင်စုကို နမူနာအနေဖြင့် မာန်မျိုးစေ့စိုက်ခဲ့ပြီး စုမင်ကိုလည်း ထိုသို့လုပ်ချင်လေသည်။ စုမင်၏စိတ်ဝိညာဉ်ကိုဝရုန်းသုန်းကားဖြစ်အောင်လုပ်ချင်သည်။ ဤအရာအားလုံးသည် စစ်မာရှင်း မည်မျှထူးဆန်းကြောင်း ပြသသွားသည် ။

သူပြောသည့်စကားမှတစ်ဆင့် သူ၏ထူးခြားမှုမှာ ပို၍ထင်ရှားလာသည်။ ထိုကဲ့သို့ ဆက်ဖြစ်နေလျှင် စုမင်က စစ်မာရှင်းကို အကြိမ်ပေါင်း ထောင်သောင်းမက သတ်ပစ်ရမည်ကိုသိသွားလေသည်။ သူ့အပေါ် မည်မျှပင် အမုန်းပွားပါစေ၊ သတ်ဖြတ်မှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားမည်။ နောက်ဆုံးမှာတော့ သူ့

၏မုန်းတီးမှုများနှင့် အာဃာတများက အချည်းနှီးသော စကားလုံးများအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ ထိုအမုန်းတရားက သူ့နှလုံးသားထဲတွင် နက်ရှိုင်းတော့မည် မဟုတ်ပေ။

သူ့နှလုံးသားထဲမှာ အမုန်းတရားများ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်မနေလျှင် သူ့စိတ်ဆန္ဒကို ခိုင်မာအောင်လုပ်ရန် ခက်လိမ့်မည်၊၊ စုမင်က ထိုတိုက်ပွဲမှာ သေချာပေါက် ကျရှုံးလိမ့်မည်။

‘သူက ငါ့စိတ်ဆန္ဒနဲ့ ငါ့စိတ်ဓာတ်ကို ချိုးဖျက်ချင်တယ်...”

စုမင်က ခေါင်းမော့ကာ နယ်မြေတစ်ဝိုက်မှ ထောင်သောင်းမကသော စစ်မာရှင်းကိုယ်ပွားများဆီသို့ လှမ်းကြည့်လိုက်သည်။ သူတို့၏ မျက်နှာများတွင် အေးစက်သောလှောင်ပြုံးများရှိနေလေသည်။ ရုတ်တရက် သူ့နှုတ်ခမ်းပေါ်တွင် အေးစက်သော အပြုံးတစ်ခု ရောက်ရှိလာသည်။

စုမင်၏ လက်ရှိကျင့်ကြံမှု အဆင့်နှင့် သူ၏ တိုက်ခိုက်ရေး စွမ်းအားများက ကံကောင်းခြင်းကြောင့်မဟုတ်သည်မှာ သေချာလေ၏။ စစ်မာရှင်း ရရှိထားသည့်ကံကောင်းမှုမျိုးလည်း မဟုတ်ပေ။ ဖယောင်းနဂါး၏ထာဝရလောကတွင် အဆုံးမဲ့ လူဝင်စားဖြစ်ခဲ့ပြီးနောက် သူ့စိတ်ဆန္ဒ ခိုင်မာမှုကြောင့်ဖြစ်သည်။ အကယ်၍ သူ့နေရာမှာ စစ်မာရှင်းဆိုလျှင် သူ့ကိုယ်သူ ပျောက်ဆုံးသွားနိုင်လေသည်။

စုမင်သာ ရှင်သန်နိုင်သည် ။ သူက သူ့အကြောင်းအားလုံးကို နားလည်မှတ်မိချင်သည်။ သူက စိတ်ရှုပ်ထွေးမှုများကြားတွင် ရုန်းကန်ခဲ့ရပြီး ဘယ်သောအခါမှ အရှုံးမပေးဘဲ တိတ်တိတ်ဆိတ်ဆိတ် ကြံ့ကြံ့ခံခဲ့သည်။ အဆုံးမရှိသော လူဝင်စားခြင်းများစွာကို ဖြတ်သန်းပြီးနောက်တွင်ပင် သူ၏ဆန္ဒက ဘယ်သောအခါမှ မပျက်စီးခဲ့ပေ၊၊ ထို့ကြောင့် ဤသေးနုပ်သောတိုက်ပွဲတွင် သူ၏စိတ်ဆန္ဒက မည်သို့ပျောက်ကွယ်သွားနိုင်မည်နည်း။

သူက ကောင်းကင်ဘုံနယ်နမိတ်တွင်ရှိစဉ်ကတည်းက နှလုံးသားနှင်းရင်း၍ပြုလုပ်ရမည့်ရွေးချယ်မှုများနှင့် တွေ့ကြုခဲ့ရသည်။စစ်မာရှင်းက သူ၏နိယာမ ဖျက်စီးခံခဲ့ရသည့်တိုင် သူ၏ခိုင်မာသောဆန္ဒဖြင့် တိတ်တိတ်ဆိတ်ဆိတ် ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ထိုအချိန်တွင် စစ်မာရှင်း၏ စကားများက သူ့နားထဲတွင် ပဲ့တင်ထပ်နေသေးသော်လည်း စုမင်၏ နှုတ်ခမ်းပေါ်ရှိ အေးစက်သော အပြုံးက

သတ်ဖြတ်လိုစိတ်များကို ပျောက်ကွယ်သွားစေသည်။ သူရွေ့လျားသွားပြီး မကောင်းဆိုးဝါးချပ်ဝတ်တန်ဆာ နှင့် လှံမပါဘဲ၊ ဖယောင်းနဂါး၏ထာဝရလောကတွင်ရှိစဉ်ကကဲ့သို့ သူ၏တိုက်ခိုက်မှုများကို စတင်တိုက်ခိုက်ခဲ့သည်၊၊ လက်သီးတစ်ချက်၊ လေထုကိုခွဲဖြာဆုပ်ကိုင်ခြင်း၊ ခြေထောက်ကန်ချက်၊ လက်ဝါးရိုက်ချက် စသည်ဖြင့် စတင်ခဲ့သည်။

ကောင်းကင်ကြီးမှ အုန်းအုန်းမြည်သံများ ထွက်ပေါ်လာပြီး စုမင်သွားလေရာရှိ စစ်မာရှင်းကိုယ်ပွားများက ပျက်စီးသွားလိမ့်မည်။ စုမင်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူ့မျက်နှာတွင် ပြောင်းလဲမှုများကို မတွေ့ရတော့ပေ။ သတ်ဖြတ်လို သောဆန္ဒမှတပါး အခြားမတွေ့ရပေ။

အချိန်များ တဖြေးဖြေး ကုန်ဆုံးလာသည်။ စုမင်က သူမည်မျှသတ်ခဲ့သည်ကို မသိသော်လည်း သူ့ဆန္ဒမလျော့ကြောင်း သူသိသည်။ ယင်းအစား စစ်မာရှင်း အပေါ် သူ၏မုန်းတီးမှုသည် လျော့ပါးမသွားဘဲ… အားကောင်းလာခဲ့သည်။

“စစ်မာရှင်း.. ဒါတွေအားလုံးက မင်းပဲဆိုတော့ ဒီထောင်သောင်းချီတဲ့ကိုယ်ပွားတွေက အမြစ်ပျက်သုတ်သင်တာကိုခံရမှာဆိုတော့ မင်းလည်းတူတူပဲပေါ့....”

“ငါတို့ မတွေ့တာ အနှစ်နှစ်ဆယ်ရှိပြီ မင်းငါ့ကို စိတ်ပျက်စေတုန်းပဲ”

စုမင်က စကားခွန်းတုံ့ပြန်ခဲ့သည်။ စစ်မာရှင်းက သူ့စိတ်ဆန္ဒကိုပြိုလဲအောင်လုပ်ချင်လျှင် စုမင်က ထိုသို့ လက်တုံ့ပြန်လိမ့်မည်။

အဆုံးမရှိသောစစ်မာရှင်းကိုယ်ပွား များ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။ စုမင်၏ စကားများက စစ်မာရှင်း၏ နှလုံးသားထဲသို့ စူးရှထိုး ဝင် နေသော အပ်တစ်ချောင်းကဲ့သို့ပင် ဖြစ်သည်။

အခြားသူများ၏စိတ်ဆန္ဒကို ဖျက်စီးခြင်းလုပ်ရပ်က အမြဲတမ်းအစွန်းနှစ်ဖက်ရှိ ဓားသွားကဲ့သို့ဖြစ်သည်။ အခြားလူများကို တိုက်ခိုက်ရန် ကြံစည်နေသကဲ့သို့ တစ်ဖက်သား၏ လက်တုံ့ပြန်မှုကိုလည်း ခံရမည်ဖြစ်သည်။ စစ်မာရှင်း ယခု ခံစားနေရသကဲ့သို့ပင်ဖြစ်သည်။ အဆုံးမရှိသော တိုက်ပွဲများကြားတွင် စုမင်၏စိတ်ဆန္ဒကို ပျောက်ကွယ်သွားစေရန် ကြိုးစားနေလေသည်။သို့သော်လည်း စုမင်က သူလုပ်ဆောင်နေသည့်အရာများ၏စစ်မှန်သောတန်ဖိုးကို နားလည်ခဲ့သည်။ထိုအရာက စစ်မာရှင်း၏နှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။

စုမင်စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ သူ့ကိုယ်ပွားအားလုံး အေးခဲရပ်တန့်သွားလေသည်။ ထိုအချိန်တွင် စုမင်က နောက်တစ်ကြိမ် ပြန်ပြောသည်။

“ငါ မင်းကို အကြိမ်ပေါင်း ထောင်သောင်းမက သတ်နိုင်တယ်...မင်း လုံးဝ မဖျက်စီးရမချင်း မင်းကို ဆက်ပြီး သတ်နိုင်တယ်...”

စုမင်က သူ့ညာလက်ကို မြှောက်လိုက်ပြီး လက်သီး ဆုပ်လိုက်သည်။ထို့နောက် သူ့အောက်ရှိ လေထုကို တည့်တည့် ထိုးနှက်လိုက်သည်။ သူ၏ခန္ဓာကိုယ်ရှိ မာန်အရိုးများအားလုံး၏ စွမ်းအားများ ထွက်လာပြီး နေရာအနှံ့ တိုက်ခတ်သွားသော ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ထိုစွမ်းအား မရေတွက်နိုင်သောစစ်မာရှင်းကိုယ်ပွားများကို ဖွက်ဖွက်ညက်ညက်ကြေစေပြီး ‌ နောက်သို့ လွင့်စင်သွားစေသည်။

All Chapters