ဆရာ့၏ အကြည့်
Vol. 85 Ch. 1177
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက အမှောင်အိပ်မက်ထဲတွင် မင်ခွန်းကျစ်မှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ရပ်နေ၏။ သူ၏ မျက်ဝန်းများမှာ နွေးထွေးမှု အပြည့်ရှိပါသော်လည်း သူသည် တည်ကြည်နေသည့် မျက်နှာထားဖြင့် ဝမ်ပေါင်လဲ့အား မေးခွန်းတစ်ခုမေးလိုက်သည်။
" ပေါင်လဲ့။ ဝိညာဉ်တွေကို ဆွဲငင်ပြီးရင် ဘာဆက်လုပ်ရမလဲ "
" ဆရာ။ ဝိညာဉ်တွေကို ဆွဲငင်ပြီးရင် မိုးကောင်းကင်တာအိုရဲ့ တာအိုစိတ်ဆန္ဒအတိုင်း ရုပ်အလောင်းမျက်နှာတွေ ရေးဆွဲပေးရပါမယ်။ ပြီးရင် ဝိညာဉ်တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးရပါမယ်။ နောက်ဆုံးကျရင် ဝိညာဉ်တွေ မိုးကောင်းကင်တာအိုရဲ့ စစ်ဆေးမှုကိုခံယူနိုင်ဖို့ သူတို့ကို သံသရာစက်ဝန်းထဲ ပို့ပေးရပါမယ်။ အဲဒီစစ်ဆေးမှု အောင်မြင်ရင် ဘဝအသစ် စလို့ရပါပြီ "
" တော်တယ် "
ယခုတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာပြီး အလင်းရောင်တံခါးပေါက်ကိုဖြတ်ကာ တတိယထပ်ရှိ ကမ္ဘာထဲသို့ ရောက်ရှိသွားသည်။ သူသည် ဘေးပတ်ပတ်လည်ရှိ မျက်စိတစ်ဆုံး ပြည့်နှက်နေသော အဖြူရောင် တိမ်တိုက်များကို အကဲခတ်ကြည့်ရှုနေရင်း တစ်စုံတစ်ခုအား လှမ်းမြင်လိုက်ရ၏။
၎င်းမှာ ချောက်ကမ်းပါးတစ်ခု ဖြစ်သည်။
ထို ချောက်ကမ်းပါး၏ ရှေ့တွင် စားပွဲတစ်လုံး ရှိနေ၏။
ထိုစားပွဲပေါ်တွင်မူ စုတ်တံတစ်ချောင်း ရှိနေသည်။
၎င်းမှာ ရုပ်အလောင်းမျက်နှာစုတ်တံ ဖြစ်ပေသည်။
သူသည် ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေရင်း အမှောင်အိပ်မက်ထဲ၌ သူ လေ့လာခဲ့သည့်အရာများကို ပြန်တွေးမိလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် အမှောင်ဧကရာဇ်၏ သင်္ချိုင်းဂူကြီး အလွန်အင်မတန်မှ ထူးဆန်းနေရသည့် အကြောင်းရင်းကို နားလည်သွားသည်။
" ဘာလို့လဲဆိုတော့... ဒီ သင်္ချိုင်းဂူကြီးက စမ်းသပ်ပွဲတစ်ခု ဖြစ်နေသလို... အမွေအနှစ်တစ်ခုလည်း ဖြစ်နေလို့ပဲ "
" အဲ့တာမလို့လည်း ဒီနေရာမှာ ရှိတဲ့ အရာအားလုံးက အမှောင်ဧကရာဇ်ရဲ့ အမွေအနှစ်ကို လက်ခံရရှိမယ့် ဂိုဏ်းသားကို စိစစ်ရွေးချယ်နိုင်ဖို့ စီစဉ်ထားတာ "
ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်ပြီး နောက်သို့လှည့်ကာ သူ၏ ဘေးတွင်ရှိနေသည့် အမှောင်မြစ်နှင့် ၎င်းထဲရှိ မရေမတွက်နိုင်လောက်အောင် များပြားသော ဝိညာဉ်များကို ကြည့်လိုက်သည်။ ထို့နောက် သူသည် ချောက်ကမ်းပါး၏ အစွန်းဆီသို့ တိတ်တဆိတ် လျှောက်လှမ်းသွားပြီး စားပွဲ၏ ရှေ့တွင် ထိုင်ချလိုက်သည်။
ထို့နောက် သူသည် အတိတ်မှ မှတ်ဉာဏ်များထဲသို့ စီးမျောဝင်ရောက်သွားသည့်အလား မျက်လုံးများ ပြန်မှိတ်လိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြန်ပွင့်လာသည်။ သူသည် တည်ကြည်မှု အပြည့်ရှိနေပြီး သူ၏ ဘယ်ဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ထိုနေရာတစ်ဝိုက်တွင် ရှိနေသည့် အဖြူရောင်တိမ်တိုက်များမှာ သူ့ဆီသို့ ဦးတည်လာကာ အမှောင်မြစ်ထဲသို့ ပေါင်းစည်းသွားပြီးနောက် ၎င်းထဲရှိ ဝိညာဉ်များထဲသို့ တိုးဝှေ့ဝင်ရောက်သွားသည်။ ထို့နောက်... ဝမ်ပေါင်လဲ့ အသိစိတ်ထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး သူသည် မျက်နှာများကို မြင်နေရသည့်အလား ခံစားလိုက်ရ၏။
ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်ကိုမြှောက်ကာ စားပွဲပေါ်မှ စုတ်တံအား ကောက်ယူလိုက်သည်။ ထိုအခါ အမှောင်မြစ်ထဲမှ ဝိညာဉ်အလင်းတန်းတစ်ခု ထိုးထွက်လာပြီး သူ၏ ရှေ့၌ ရစ်ဝဲနေ၏။ ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့် ရှိနေဆဲပင်။ သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ရှိခဲ့သည့် အမှောင်ဂိုဏ်းထဲသို့ ပြန်ရောက်သွားသကဲ့သို့ပင်။ ထို့နောက် သူသည် ထို ဝိညာဉ်အလင်းတန်းပေါ်၌ စတင်ရေးဆွဲလိုက်၏။
သူသည် ရုပ်အလောင်းမျက်နှာများ ရေးဆွဲနေခြင်းဖြစ်သည်။
ထိုကဲ့သို့ ရေးဆွဲရာတွင် အတိမ်းအစောင်း မခံသောကြောင့် ထိုလုပ်ငန်းစဉ်မှာ အလွန်အင်မတန်မှ ခက်ခဲ၏။ အမှားတစ်ခု လုပ်မိပါက ထိုဝိညာဉ်၏ နောက်ဘဝအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ရှိနိုင်ပေသည်။
ထို့အပြင် သူသည် တစ်ကိုယ်ကောင်းဆန်၍လည်း မဖြစ်ပေ။ ဥပမာပြရလျှင် ယခင်တုန်းက သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် အနာဂတ်တွင် မှာယွင်းသည့်လမ်းကို ရွေးချယ်မိခဲ့သည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုမရှိဖြစ်နေ၏။ သူ ရုပ်အလောင်းမျက်နှာတစ်ခုအား မရေးဆွဲခဲ့သည်မှာ အချိန်အတော်အတန်ကြာနေပြီ မဟုတ်ပါလော။ ထို့အပြင် သူ၏ လမ်းစဉ်မှာ အမှောင်ဂိုဏ်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေသေးသည်။
" ဒါပေမဲ့ ဒါကလည်း ကံကြမ္မာစွမ်းအား တစ်မျိုးပါပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီး ဝိညာဉ်အား စတင်ရေးဆွဲလိုက်တော့သည်။ ထိုသို့ဖြင့် ခန္ဓာကိုယ်တစ်ခုနှင့် မျက်နှာတစ်ခု တဖြည်းဖြည် ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် ထိုဝိညာဉ်၏ လိင်အား သတ်မှတ်ပေးလိုက်သည်။
ထို လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သူ၏ လက်များမှာ အနည်းငယ်လေးပင် တုန်ရီမှုမရှိခဲ့ပေ။ သူသည် ထိုကဲ့သို့ မရေးဆွဲခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့်တိုင်အောင် နတ်တစ်ပါး၏ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားဆဲပင်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ တမူထူးခြားသည့် အငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေ၏။
၎င်းမှာ အမှောင်ဂိုဏ်း၏ တာအိုဖြစ်သော မိုးကောင်းကင်တာအို ဖြစ်ပေသည်။
ထိုအချိန်တွင် သူရှိနေသည့် ကမ္ဘာကြီး၏ အပြင်ဘက်ရှိ အမှောင်မြစ်ကြီး၏ အလွန်တွင် သက်ပြင်းချသံတစ်သံ တိုးတိုးလေး ထွက်ပေါ်လာသည်။ သို့သော် မည်သူကမှ ထိုသက်ပြင်းချသံအား မကြားရပေ။ အမှောင်မြစ်ကြီး၏ အပြင်ဘက်တွင်မူ ချန်ရှင်း ရှိနေ၏။
သူ၏ မျက်လုံးများမှာ အရာအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိနေသည့်အလားပင်။ သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူထဲ၌ ဖြစ်ပျက်နေသည့် အရာအားလုံးကို မြင်နေရသည်။
သူသည် ဘုရားကျောင်းထဲတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို မြင်ခဲ့ရ၏။ ထို ဘုရားကျောင်းထဲ၌ ပေါ်ပေါက်လာခဲ့သည့် ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်များနှင့် အတိတ်ဘဝများကြောင့် သူသည် နှုတ်ဆိတ်သွားခဲ့ရသည်။ ထို့အပြင် သူသည် ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးနောက် ဘုရားကျောင်းထဲရှိ အမှောင်ဂိုဏ်းသားများ တဖြည်းဖြည်းနှင့် ပြန်လည်သတိရလာပြီး ပထမထပ်သို့ ဝင်ရောက်သွားကြသည်ကိုလည်း မြင်ခဲ့ရသေးသည်။
ထို့အပြင် သူသည် ပထမထပ်တွင်လည်း ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ သတ်ဖြတ်လိုစိတ်များ အမြောက်အမြား ဝန်းရံနေခဲ့သည်ကို မြင်ခဲ့ရ၏။ ထို သတ်ဖြတ်လိုစိတ်များမှာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်အား ဖျက်ဆီးချေမှုန်းပစ်နိုင်လောက်သည့်အထိ အားကောင်းပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် ခုခံကာကွယ်ရန် ကြိုးစားနေခြင်းမရှိတော့ဘဲ ဦးညွှတ်အရိုသေပေးကာ သူ၏ စိတ်ရင်းအမှန်ကို ထုတ်ပြလိုက်သောအခါမှသာ ထို သတ်ဖြတ်လိုစိတ်များမှာ ပျောက်ကွယ်သွားခဲ့၏။
တစ်ချိန်ထဲမှာပင် သူသည် ဝမ်ပေါင်လဲ့ ထွက်ခွာသွားခဲ့ပြီးနောက် ပထမထပ်သို့ ရောက်ရှိလာခဲ့သည့် အမှောင်ဂိုဏ်းသား တစ်ဝက်ကျော် သူတို့၏ စိတ်ယုတ်များကြောင့် သေဆုံးသွားကြသည်ကိုလည်း မြင်ခဲ့ရသေးသည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ ဒုတိယထပ်တွင် ဝိညာဉ်များကို လမ်းညွှန်ခဲ့ပြီး တတိယတပ်တွင် ရုပ်အလောင်းမျက်နှာများ ရေးဆွဲခဲ့၏။ ထိုမြင်ကွင်းများအားလုံးကြောင့် ချန်ရှင်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ သက်ပြင်းချမိလိုက်ပြန်သည်။
ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် အမှောင်ဂိုဏ်းအား တန်ခိုးအာဏာ ပြန်လည်ကြီးထွားလာအောင် လုပ်ပေးနိုင်မည့် မျှော်လင့်ချက်တစ်ခု ဖြစ်နေသည်မဟုတ်ပါလော။
မည်သူကမှ ဝိညာဉ်တိုင်းပြည်ခုနစ်ခု၏ ဝိညာဉ်များကို လမ်းမညွှန်နိုင်ခဲ့ပေ။ သူတစ်ယောက်သာလျှင် ထိုကဲ့သို့လုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် မည်သူကမှလည်း ရုပ်အလောင်းမျက်နှာများအား သူ့လိုမျိုး တည်ကြည်မှုအပြည့်ဖြင့် ရေးဆွဲနိုင်ခဲ့ခြင်းမရှိပေ။
သို့သော် သူနှင့် သူ၏ ဂိုဏ်းတူညီလေး၏ တာအိုများမှာ မတူညီဘဲ ကွဲလွဲနေသည် မဟုတ်ပါလော။
ထို့ကြောင့် ချန်ရှင်းမှာ သက်ပြင်ချရုံမှတစ်ပါး အခြား ဘာမှမတတ်နိုင်ပေ။ ထို့နောက် သူသည် အာရုံစိုက်၍ ကြည့်ရှုလိုက်သဖြင့် အခြားအထပ်တစ်ထပ်ပေါ်တွင် ရှေ့သို့ ဆက်လက်လျှောက်လှမ်းနိုင်ရန် အစွမ်းကုန်ထုတ်၍ ကြိုးစားနေရသည့် လူနှစ်ယောက်အား မြင်လိုက်ရသည်။
တစ်ယောက်မှာ အမျိုးသားတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်မှာ အမျိုးသမီးတစ်ယောက်ဖြစ်သည်။
ထို အမျိုးသမီးကျင့်ကြံသူမှာ ပြင်ပကမ္ဘာထဲ၌ သူမ၏ စွမ်းအားအစစ်အမှန်ကို ဖုံးကွယ်ထားခဲ့သည့် တစ်ဝက်တစ်ပျက် အမှောင်ကလေးငယ်ဖြစ်သည်။ အမျိုးသားကျင့်ကြံသူမှာမူ သာမန် ရုပ်ရည်တစ်ခုကိုသာ ပိုင်ဆိုင်ထားပြီး တမူထူးခြားနေခြင်း မရှိသော အခြား အမှောင်ကလေးငယ်တစ်ယောက် ဖြစ်သည်။ သူတို့နှစ်ယောက်မှာ အတူတူရှိနေပြီး ချန်ရှင်း၏ မျက်လုံးများထဲတွင် သူတို့၏ လူရိပ်များမှာ တဖြည်းဖြည်းနှင့် တစ်သားတည်း ပေါင်းစည်းသွားနေကြသည့်ပုံ ပေါက်နေသည်။
" အမှောင်ဂိုဏ်းရဲ့ တားမြစ်ပညာရပ်တစ်ခုဖြစ်တဲ့ ယင်-ယန် မဟာတာအိုပေါင်းစည်းခြင်း ပညာရပ်ပဲ။ အဲဒီ ပညာရပ်ကို အရံအစီအစဉ်အနေနဲ့ အသုံးမပြုချင်လို့ ငါ့ဘက်က ကြိုးစားအားထုတ်ခဲ့ပေမယ့် နောက်ဆုံးတော့လည်း... ကံမကောင်းပါလား " ချန်ရှင်းမှာ သူတို့နှစ်ယောက်အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် အကြည့်လွှဲလိုက်၏။ ထို့နောက် သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အနက်ရှိုင်းဆုံးနေရာသို့ လှမ်းကြည့်လိုက်သည်။
ထိုနေရာတွင် ခေါင်းတလားတစ်လုံး ရှိနေပြီး ၎င်း၏ဘေးတွင် လူရိပ်တစ်ခုမှာ တင်ပျဉ်ခွေထိုင်နေသည်။
ထိုလူရိပ်မှာ မှုန်ဝါးဝါးဖြစ်နေပါသော်လည်း နှစ်ပေါင်းမြောက်မြားစွာ သက်တမ်းရှိနေသည့်ပုံ ပေါ်သည့် ရှေးဟောင်းအငွေ့အသက်တစ်မျိုးကို ထုတ်လွှတ်နေသည်။ ထို အငွေ့အသက်မှာ သင်္ချိုင်းဂူ၏ နောက်ဆုံးအထပ်ထဲတွင် ပြည့်နှက်နေသလို ထိုလူရိပ်မှာလည်း ချန်ရှင်း၏ အကြည့်အား အာရုံခံနိုင်စွမ်းရှိနေသည့်အလားပင်။ ထို့ကြောင့် ၎င်းမှာ ခေါင်းမော့လာပြီး သင်္ချိုင်းဂူနှင့် အမှောင်မြစ်ကြီးအား ဖြတ်ကာ ချန်ရှင်းအား ပြန်ကြည့်လိုက်၏။
ထိုအခါ ချန်ရှင်းမှာ ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည် " ဆရာ... ကျွန်တော် အမှောင်ဧကရာဇ်ရဲ့ ရုပ်ကလာပ်ကို လိုချင်ပေမယ့် ဆရာက ကျွန်တော့်ကို မပေးဘူးလေ။ အဲတာမလို့ ဂိုဏ်းတူညီလေး လာယူမယ်ဆိုရင်ရော... ပေးမှာလား "
ထို လူရိပ်ကြီးမှာ သင်္ချိုင်းစောင့်ကြီးဖြစ်သလို... သူနှင့် ဝမ်ပေါင်လဲ့တို့၏ ဆရာလည်း ဖြစ်ပေသည်။
သူ၏ တာအိုနာမည်မှာ... မင်ခွန်းကျစ် ဖြစ်၏။
ထိုသို့ဖြင့် အချိန်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိသလို သူ့အား စောင့်ကြည့်နေသည့် လူများ ရှိမရှိကိုလည်း ဂရုစိုက်နေခြင်းမရှိပေ။ ထို့အပြင် သူသည် သူ၏ နောက်မှနေ၍ တတိယထပ်သို့ ရောက်ရှိလာခဲ့သည့် အမှောင်ဂိုဏ်းသားများကိုလည်း ဂရုစိုက်နေခြင်းမရှိပေ။
သူသည် ဝိညာဉ်တိုင်းပြည် ခုနစ်ခုစလုံးထဲမှ ဝိညာဉ်များအားလုံးကို ဆွဲငင်ခဲ့သည့်တိုင်အောင် ထို အမှောင်ဂိုဏ်းသားများဆီ၌ ဝိညာဉ်များ ရှိနေဆဲဖြစ်သည့် အချက်ကိုလည်း ဂရုစိုက်နေခြင်းမရှိပေ။
ထိုအချက်များမှာ သူ့အတွက် အရေးမကြီးတော့ပေ။
တတိထပ်သို့ ရောက်ရှိလာကြသည့် လူတိုင်းမှာ သတိကြီးကြီးထား၍ သူ့အား အကဲခတ်ကြည့်ရှုနေကြသည်သာ ဖြစ်သည်။ သို့သော်လည်း မည်သည့်အရာကမှ ဝမ်ပေါင်လဲ့၏ အာရုံအား မဖမ်းစားနိုင်ခဲ့ပေ။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ရုပ်အလောင်းမျက်နှာများကိုသာ ကြည့်နေ၏။
သူသည် သူ၏ စုတ်တံကို ဝှေ့ယမ်းကာ သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည့် ခံစားချက်များအတိုင်း ဝိညာဉ်များအားလုံးကို ရေးဆွဲပေးနေ၏။ နောက်ဆုံးတွင် သူ၏ ပတ်ပတ်လည်တွင်ရှိနေသည့် အမှောင်မြစ်ကြီးမှာ ပျောက်ဆုံးသွားပြီး သူ ရုပ်အလောင်းမျက်နှာများ ရေးဆွဲပေးခဲ့သည့် ဝိညာဉ်များမှာ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ၎င်းတို့မှာ သူ၏ ပတ်ပတ်လည်၌ ရစ်ဝဲနေကြသဖြင့် သူ၏ ခန္ဓာကိုယ်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပလာတော့သည်။
ထို့အပြင် သူ၏ ဘေးနားတစ်ဝိုက်တွင် နတ်ဘုရားအငွေ့အသက်တစ်မျိုး ပေါ်ပေါက်လာသဖြင့် ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ အထူးတဆန်း ဖြစ်သွားကြ၏။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ အသိစိတ်မှာ တဖြည်းဖြည်းနှင့် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။
" အခု... ကံကြမ္မာကို အဆုံးအဖြတ်ပေးရမယ့်အချိန် ရောက်ပြီ " သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ရှေ့တွင် အလင်းရောင်တံခါးပေါက်တစ်ပေါက် ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် မတ်တတ်ထလာပြီး ရှေ့သို့ ခြေတလှမ်း လှမ်းလိုက်သည်။ ထိုအခါ သေမင်း အငွေ့အသက်များ ထုတ်လွှတ်နေခြင်း မရှိတော့ဘဲ အသက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီဖြစ်သည့် ဝိညာဉ်များအားလုံးမှာ သူ၏ နောက်မှ လိုက်သွားကြသည်။
သူသည် အစမှ အဆုံးအထိ သူ၏ ဘေးပတ်ပတ်လည်ရှိ လူများအား တစ်ချက်ပင် မကြည့်ခဲ့ပေ။
သူ၏ နတ်ဘုရားအာရုံထဲတွင် မျက်ဝန်းနှစ်စုံကိုသာ အာရုံခံမိနေသည်။ တစ်စုံမှာ သူ၏ အထက်တွင် ရှိနေခြင်းဖြစ်ပြီး အခြားတစ်စုံမှာ အောက်တွင်ရှိနေခြင်းဖြစ်သည်။ သူသည် အထက်တွင်ရှိနေသည့် မျက်ဝန်းတစ်စုံ၏ ပိုင်ရှင်အား မည်သူမည်ဝါမှန်း သိပါသော်လည်း အောက်တွင် ရှိနေသည့် မျက်ဝန်းတစ်စုံ၏ ပိုင်ရှင်ကိုမူ ... မသိနိုင်ဘဲ ဖြစ်နေရသည်။
သို့သော် သူသည် အောက်သို့ တစ်ထပ်ပြီးတစ်ထပ် ဆင်းသွားတိုင်း သူ ခံစားနေရသည့် ဆင့်ခေါ်မှုစွမ်းအားများနှင့် ဆွဲငင်အားများ ပို၍ အားကောင်းလာသည်ကို အာရုံခံမိနေသည်။ ထို့အပြင် သူ၏ နှလုံးသားထဲတွင်လည်း ရင်းရင်းနှီးနှီး သိနေသည့် ခံစားချက်တစ်မျိုး တဖြည်းဖြည်းနှင့် ပေါ်ပေါက်လာ၏။