← Chapters

နားလည်သွားခြင်း

Vol. 85 Ch. 1178

နားလည်သွားခြင်း

Vol. 85 Ch. 1178

" ဒီ ခံစားချက်ကြီးက... " ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများ ရပ်တန့်သွား၏။

သူသည် အမှောင်ဧကရာဇ် သင်္ချိုင်းဂူမှာ အရည်အချင်းစမ်းသပ်ပွဲ တစ်ခုဖြစ်ကြောင်းနှင့် အမွေအနှစ်တစ်ခုဖြစ်ကြောင်း နားလည်ထားပြီး ဖြစ်သည်။ အမှောင်ဂိုဏ်းသားများမှာ အစမှအဆုံးအထိ အမှောင်ဂိုဏ်း၏ တာဝန်အား ပြီးမြောက်အောင်ဆောင်ရွက်ပေးရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက အမှောင်အိပ်မက်ထဲ၌ ထိုလမ်းစဉ်အား လျှောက်ခဲ့ဖူးပြီးသား ဖြစ်ပါသော်လည်း လက်တွေ့လောကကြီးထဲတွင်မူ ယခုမှ ပထမဆုံးအကြိမ်အဖြစ် လျှောက်နေခြင်းဖြစ်သည်။ သို့သော် သူသည် ထိုလမ်းစဉ်ပေါ်တွင် လျှောက်နေရင်း အမှောင်အိပ်မက်ထဲ၌ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးနှင့် ထိုစဉ်ကာလတုန်းက မှတ်ဉာဏ်များကို ပြန်၍မှတ်မိလာ၏။

ယခုတွင် ဝမ်ပေါင်လဲ့မှာ အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အတွင်းပိုင်းထဲမှ သူ ရင်းရင်းနှီးနီသိနေသည့် ခံစားချက်တစ်မျိုးကို အာရုံခံမိလိုက်သဖြင့် နှုတ်ဆိတ်သွား၏။ သူ၏ မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာသည်။

သူသည် စိတ်ထဲတွင် အဖြေအား ခန့်မှန်းမိထားပြီးသား ဖြစ်ပါသော်လည်း မယုံကြည်နိုင်ဘဲ ဖြစ်နေရ၏။ ရုပ်အလောင်းမျက်နှာပညာရပ်နှင့် ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ်တို့အား အသုံးပြုခဲ့စဉ်တုန်းက တည်ငြိမ်နေခဲ့သည့် သူ၏ နှလုံးသားမှာ ယခုတွင် စတင် တုန်ရီလာရပြီဖြစ်သည်။

သူ၏ အသိစိတ်ထဲတွင် အမှောင်အိပ်မက်ထဲမှ မှတ်ဉာဏ်များဖြင့် ပြည့်နှက်သွား၏။ ထိုအိပ်မက်မှာ ဝမ်ပေါင်လဲ့၏ ဘဝအား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းများရပ်တန့်သွားပြီး ခေါင်းငုံ့ကြည့်လိုက်၏။ သူ၏ အကြည့်မှာ ထိုကမ္ဘာကြီး၏ မြေပြင်အား ဖောက်ထွင်းမြင်နိုင်စွမ်းရှိပြီး အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အတွင်းပိုင်းထဲအထိ လှမ်းမြင့်နေရသည့်ပုံပင်။ သူသည် ပထမထပ်ရှိ ကျောက်ပြားမှတစ်ဆင့် သင်္ချိုင်းဂူ၏ အောက်ဆုံးတွင် ခေါင်းတလားတစ်လုံး ရှိနေသည်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသဖြင့် ယခုတွင် သူသည် ၎င်းအား မြင်နိုင်စွမ်းမရှိသေးပါသော်လည်း သူ၏ အသိစိတ်ထဲတွင်မူ ပုံရိပ်တစ်ခု ပေါ်ပေါက်လာပြီဖြစ်သည်။

ထိုပုံရိပ်ထဲတွင်... အမှောင်ဧကရာဇ် သင်္ချိုင်းဂူ၏ အနက်ရှိုင်းဆုံးနေရာတွင် သူ၏ မှတ်ဉာဏ်ထဲမှ လူတစ်ယောက်ရှိနေ၏။ ယခုတွင် ထိုသူမှာ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် အပြုံးမျက်နှာဖြင့် သူ့အား လှမ်းကြည့်နေသည်။

ဝမ်ပေါင်လဲ့မှာ သူ့အား ကြည့်နေရင်း ရင်ခုန်နှုန်းများမြန်ဆန်လာ၏။ သူ၏ အသိစိတ်ထဲတွင်လည်း အတွေးမျိုးစုံ ပေါ်ပေါက်လာသည်။ ထို့နောက် မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏ မျက်ဝန်းများမှာ နီမြန်းသွား၏။ သူ အမှန်တကယ် ဆုံတွေ့ဖူးခဲ့ခြင်းမရှိသည့် သူ၏ ဆရာမှာ သူ့အပေါ် အလွန်အင်မတန်မှ ဩဇာလွှမ်းမိုးနိုင်စွမ်းရှိပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ခံစားချက်များကြောင့် ခေါင်းငုံ့ကာ ဒူးထောက်လိုက်၏။ ထို့နောက် သူသည် သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည့် လူရိပ်ကြီးအား ရှိခိုးဦးချလိုက်သည်။

" ကောင်းပြီ "

ထိုအခါ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲတွင် သူ ရင်းရင်းနှီးနှီး ကြားဖူးနေသည့် စကားသံတစ်သံ ပဲ့တင်ထပ်သွားသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးမှ ထိုစကားသံမှာ ပျောက်ကွယ်သွား၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး မတ်တတ်ပြန်ထလာသည်။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်ထဲမှာလည်း စွမ်းအင်လှိုင်းတစ်မျိုး ထွက်ပေါ်လာ၏။

သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီး မိုးကောင်းကင်တာအိုကြောင့် ပြောင်းလဲသွားခဲ့သဖြင့် သူ စိတ်ပျက်သွားခဲ့ရသည့် အချက်ကို ဂရုစိုက်နေခြင်းမရှိတော့ပေ။

သူသည် အမှောင်ဂိုဏ်း၏ ပစ်ပယ်မှုကိုလည်း ဂရုစိုက်နေခြင်း မရှိတော့ပေ။

သူသည် သူ ဆက်လျှောက်ရမည့် လမ်းစဉ် အမှောင်ဂိုဏ်းနှင့် ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေသည့် အချက်ကိုလည်း ဂရုစိုက်နေခြင်းမရှိတော့ပေ။ ထို့အပြင် သူသည် အနာဂတ် တစ်ချိန်ချိန်၌ သူ၏ ဂိုဏ်းတူအစ်ကိုကြီးနှင့် တိုက်ခိုက်ရနိုင်သည့် ဖြစ်နိုင်ခြေအကြောင်းကိုလည်း မစဉ်းစားလိုပေ။ သို့သော် ယခုတွင်မူ ထို ဖြစ်နိုင်ခြေကြောင့် ပေါ်ပေါက်လာခဲ့သည့် သူ၏ စိုးရိမ်စိတ်များမှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ယခုတွင် သူသည် ရုပ်အလောင်းမျက်နှာများ ပိုင်ဆိုင်ထားသည့် ဝိညာဉ်များကို ကူညီပေးရန်သာ တွေးနေ၏။ သူသည် ၎င်းတို့၏ ကံကြမ္မာများကို သတ်မှတ်ပေးကာ ၎င်းတို့၏ ကံအကြောင်းတရားများကို ထိန်းချုပ်ပြီးလျှင် ၎င်းတို့အား သံသရာစက်ဝန်းထဲသို့ ပို့ပေးရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်... သူ၏ ဆရာ စောင့်ကြည့်နေသောကြောင့်ပင်။

သူ၏ ဆရာမှာ အမှောင်အိပ်မက်ထဲတွင် ရှိနေခဲ့စဉ်တုန်းကအတိုင်း စောင့်ကြည့်နေခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးတောလိုက်ပြီးနောက် သူ ရောက်နေသည့် အထပ်ရှိ ကမ္ဘာကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ၎င်းမှာ ယခင်အထပ်များနှင့် မတူပေ။ ဤ အထပ်၏ ကောင်းကင်ကြီးမှာ ဧရာမ ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးတစ်ခု ဖြစ်နေသည်။

ထို ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးမှာ အလွန်အင်မတန်မှ ကြီးမားပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်လောက်အောင် များပြားသည့် ကမ္ဗည်းစာလုံးများဖြင့် ပြည့်နှက်နေ၏။ ထို ကမ္ဗည်းစာလုံး တစ်လုံးချင်းစီတိုင်းမှာ မတူညီသော ကံကြမ္မာတစ်ခုစီကို ကိုယ်စားပြုသည်။ ထို သံလိုက်အိမ်မြှောင်ကြီး၏ အတွင်းဘက်အကျဆုံး အပိုင်းမှ အပြင်ဘက်အကျဆုံး အပိုင်းအထိ အကွင်း တစ်သောင်းကျော် ရှိနေပြီး အကွင်းတစ်ကွင်းချင်းစီတိုင်းမှာ အပြင်ဘက်သို့ ရောက်သွားတိုင်း အရွယ်အစားပိုမို ကြီးမားလာသည်သာဖြစ်သည်။ ထို အကွင်းများအားလုံးမှာ အတူတကွ ချိတ်ဆက်နေပြီး သံလိုက်အိမ်မြှောင်ကြီးအား ဖန်တီးပေးထားခြင်းဖြစ်၏။

ထို့အပြင် ထို အကွင်းတစ်ကွင်းချင်းစီတိုင်းမှာ လည်ပတ်နိုင်စွမ်း ရှိသေးသည်။ ထို့ကြောင့် ကံကြမ္မာလမ်းစဉ် အမြောက်အမြား ပေါ်ပေါက်လာနိုင်ပေသည်။ အကယ်၍ ထို ကံကြမ္မာလမ်းစဉ်များ တူညီနေလျှင်တောင် အချိန်စီးဆင်းမှုကြောင့် ပေါ်ပေါက်လာမည့် ပြောင်းလဲမှုများမှာ မတူညီဘဲ ကွဲပြားခြားနားနေမည်သာ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အသက်ရှူကြိမ် တစ်ကြိမ်အတွင်းတွင် ထို ဖုန်းရွှေသံလိုက်အိမ်မြှောင်ကြီးပေါ်ရှိ ကမ္ဗည်းစာလုံးများမှာ ပြောင်းလဲသွားနိုင်သောကြောင့်ပင်။ ထို့အပြင် ထို ကမ္ဗည်းစာလုံးများမှာ တစ်ကြိမ်နှင့်တစ်ကြိမ် ထပ်နေခြင်းလည်း မရှိပေ။ ထို့ကြောင့်လည်း ၎င်းမှာ ၎င်းမှာ သက်ရှိများအားလုံးကို ခြုံငုံမိသော ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးတစ်လုံး ဖြစ်နေခြင်းဖြစ်သည်။

ဤ အထပ်တွင် ဝိညာဉ်များ၏ ကံကြမ္မာများကို သတ်မှတ်ပေးနိုင်စွမ်း ရှိမရှိ စမ်းသပ်မည်ဖြစ်သည်။

ဝိညာဉ်ကမ္ဘာထဲရှိ ဝိညာဉ်တိုင်းပြည်ခုနစ်ခု၏ ကံကြမ္မာများကို သတ်မှတ်ပေးနိုင်ရန် ဝမ်ပေါင်လဲ့မှာ အမှောင်စကြဝဠာကြီး၏ လမ်းညွှန်မှုအတိုင်း မိုးကောင်းကင်တာအိုအား အစားထိုးကာ ၎င်းတို့၏ ကံကြမ္မာများကို အပ်နှင်းပေးရမည် ဖြစ်သည်။

သူသည် အမှားတစ်ခုခု လုပ်မိ၍မဖြစ်ပေ။ ထိုသို့ အမှားလုပ်မိပါက ဝိညာဉ်များ၏ ဘဝများပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှုများ ရှိနိုင်ပေသည်။ ထို အကျိုးသက်ရောက်မှုများမှာ သူ့အတွက် ကြီးကြီးမားမား မဟုတ်ပါသော်လည်း ဝိညာဉ်များအတွက်မူ ၎င်းတို့၏ ဘဝတစ်ခုလုံး ပြောင်းလဲသွားနိုင်ပေသည်။

အလားတူပင် အမှားတခုခု လုပ်မိပါက ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီး၏ လည်ပတ်မှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိနေမည်ဖြစ်သည်။ အကယ်၍ အမှားအများကြီး လုပ်မိမည်ဆိုလျှင် ထိုလည်ပတ်မှုမှာ ရပ်တန့်သွားမည်ဖြစ်ရာ မိုးကောင်းကင်တာအိုလည်း ထိခိုက်သွားနိုင်ပေသည်။

အမှောင်အိပ်မက်ထဲတွင် သူ၏ ဆရာဖြစ်သူမှာ ဝမ်ပေါင်လဲ့အား ထို အလုပ်ကို လုပ်ရန် ထပ်ခါတလဲလဲ တိုက်တွန်းခဲ့ဖူးသည်။ သို့သော် သူသည် သူကိုယ်တိုင် လုပ်ရန် အခွင့်အရေးမရခဲ့ပေ။ သူသည် သူ၏ ဆရာ သရုပ်ဖော်ပြသခဲ့သည့် မြင်ကွင်းနှင့် သူ၏ ဂိုဏ်းတူအစ်ကိုကြီး လုပ်ပြခဲ့သည့် မြင်ကွင်းကိုသာ မြင်ခဲ့ရသည်။

" တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ဘူး။ တစ်ကိုယ်ကောင်းဆန်လို့ မဖြစ်ဘူး " ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် ရေရွတ်လိုက်ပြီး ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီး၏ အောက်တွင်ရှိနေသည့် ကမ္ဘာကြီးအား လှမ်းကြည့်လိုက်၏။ ထိုကမ္ဘာကြီးမှာ မြူခိုးများဖြင့် ဖုံးလွှမ်းနေခြင်းမရှိဘဲ အနက်ရောင်ပင်လယ်ကြီးတစ်စင်း၏ ဖုံးလွှမ်းခြင်းကိုသာ ခံထားရသည်။

ထို ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ခရမ်းရောင် လျှပ်စီးတန်းများ မကြာခဏဆိုသလို တဖျတ်ဖျတ် လက်နေသဖြင့် ၎င်းမှာ အလွန်အင်မတန်မှ အံ့ဩမှင်တက်ဖွယ်ရာကောင်းနေ၏။ အချိန်ထဲမှာပင် ထို ပင်လယ်ရေမျက်နှာပြင်ထဲမှ တိုင်လုံးကြီးများ ထိုးထွက်နေသည်ကိုလည်း မြင်နိုင်ပေသည်။ ၎င်းတို့မှာ ပင်လယ်ကြီး၏ အောက်ခြေနှင့် ချိတ်ဆက်နေသည့်ပုံ ပေါ်ပြီး ရေမျက်နှာပြင်အထက်သို့ ထိုးထွက်နေသည့် အစိတ်အပိုင်းများပင်လျှင် ပေတစ်သောင်းကျော် ရှည်လျားကြ၏။ ထို တိုင်လုံးကြီးများမှာ ကံကြမ္မာစင်မြင့်များ ဖြစ်ကြ၏။

အမှောင်ဂိုဏ်းသားများမှာ ထို စင်မြင့်များပေါ်တွင်ထိုင်ကာ မိုးကောင်းကင်တာအိုအား နားလည်အောင်လုပ်၍ ဝိညာဉ်များ၏ ကံကြမ္မာများကို သတ်မှတ်ပေးရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို တိုင်လုံးကြီးများကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ ဝိညာဉ်တိုင်းပြည်ခုနစ်ခု၏ ဝိညာဉ်များကို ဦးဆောင်၍ ပင်လယ်ရေမျက်နှာပြင် အထက်သို့ ထိုးထွက်နေသည့် တိုင်လုံးကြီးတစ်လုံးဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူသည် နှေးကွေးနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တွင်မူ ခြေလှမ်းသုံးလှမ်းတည်းနှင့် တိုင်လုံးတစ်လုံးဆီသို့ ရောက်ရှိသွား၏။ ထို့နောက် သူသည် ပင်လယ်ကြီးအား ငုံ့ကြည့်ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဦးညွှတ်လိုက်ပြန်သည်။

" ဆရာ။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို စစ်ဆေးပါ "

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ဝတ်ရုံက်ိုမြှောက်ကာ တင်ပျဉ်ခွေထိုင်ချလိုက်၏။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်ဝန်းများဖြင့် ကောင်းကင်ယံထဲရှိ ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးအား လှမ်းကြည့်လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာသလို သူ၏ နဖူးပေါ်ရှိ အမှောင်ကလေးငယ်အမှတ်အသားမှာလည်း ဝင်းလက်စွာ တောက်ပလာ၏။ သို့ဖြစ်ရာ ၎င်းမှာ ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးအား တုံ့ပြန်နေသည့်အလား သို့မဟုတ် ၎င်းအား နိုးထလာအောင်လုပ်ရန် ကြိုးစားနေသည့်အလားပင်။

ထိုအခါ ကောင်းကင်ယံထဲရှီ ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီးမှာ ချက်ချင်းတုံ့ပြန်လိုက်၏။ ထို့ကြောင့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီး၏ အကွင်းတစ်သောင်းကျော်မှာ စတင်ရွေ့လျားလာတော့သည်။ ၎င်းတို့ ရွေ့လျားနေကြသည့် အမြန်နှုန်းများမှာ တစ်ခုနှင့် တစ်ခုမတူကြပေ။ အချို့မှာ မြန်ဆန်နေပြီ အချို့မှာ နှေးကွေးနေကြ၏။ ထို အကွင်းများ လည်ပတ်သွားကြသည်နှင့် ကံကြမ္မာစွမ်းအားများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံသို့ ပျံ့နှံ့သွားသဖြင့် ကမ္ဘာကြီးတစ်ခုလုံးမှာ ပြောင်းလဲသွားတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ဝိညာဉ်ပင်လယ်ကြီးထဲမှ ဝိညာဉ်အမျှင်အတန်းများ ထိုးထွက်လာကြပြီး သူ၏ ရှေ့တွင် ရစ်ဝဲနေကြ၏။ သူသည် ၎င်းတို့အတွက် ဝိညာဉ်မျက်နှာများ ရေးဆွဲပေးရာ၌ အာရုံအပြည့် စိုက်ခဲ့သည်ဖြစ်ရာ ၎င်းတို့အား ကောင်းကောင်းကြီး နားလည်နေသည်။ ထို့ကြောင့် သူသည် ကံကြမ္မာသံလိုက်အိမ်မြှောင်ကြီး ရှိရာဘက်သို့ လှမ်း၍ ဖမ်းဆုပ်လိုက်ပြီး မိုးကောင်းကင်တာအိုမှ ဤ ဝိညာဉ်များအား အပ်နှင်းပေးရန် ကြံရွယ်ထားသည့် ကံကြမ္မာ အငွေ့အသက်များကို ထုတ်ယူလိုက်၏။

ထို ကံကြမ္မာ အငွေ့အသက်များမှာ အရောင်တစ်ခုရှိသည်။ ၎င်းမှာ မီးခိုးရောင်ဖြစ်၏။

ဝမ်ပေါင်လဲ့မှာ ထို မီးခိုးရောင် အငွေ့အသက်များကို ဆက်လက် ထုတ်ယူနေဆဲပင်။ သူသည် သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်ပြီးနောက် ဤ ကံကြမ္မာအငွေ့အသက်များမှာ အပြစ်အနာအဆာမရှိကြောင်း သေချာသွား၏။ ထို့အပြင် ၎င်းတို့မှာ သူ၏ တာအိုနှလုံးသားနှင့်သာမက ဝိညာဉ်များနှင့်ပါ လိုက်လျောညီထွေမှု ရှိနေသည်။ အရေးအကြီးဆုံးအချက်မှာ ထို ကံကြမ္မာ အငွေ့အသက်များထဲတွင် လိုအပ်ချက်များနှင့် ပြုပြင်ပြောင်းလဲခံထားရသည့် လက္ခဏာများ ရှိမနေခြင်းပင်။ ထိုအခါမှသာ သူသည် ထို အငွေ့အသက်များအား ဝိညာဉ်များထဲသို့ ပေါင်းထည့်လိုက်၏။

အရေးအကြီးဆုံးအဆင့်... စတင်သွားပြီဖြစ်သည်။

ကံကြမ္မာအငွေ့အသက်များ ပထမဆုံး ဝိညာဉ်ထဲသို့ ပေါင်းစည်းဝင်ရောက်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး အမြင်အာရုံများ မှုန်ဝါးဝါးဖြစ်သွား၏။ သူသည် အသက်ရှူကြိမ် တစ်ကြိမ်အတွင်းတွင် ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထို ဝိညာဉ် ပြန်လည်မွေးဖွားလာပြီးနောက် ကြုံတွေ့ရမည့် ဘဝကြီးအား ကျော်ဖြတ်ပြီးသွားသည့်အလား ခံစားလိုက်ရသည်။

သူသည် ခံစားချက် ခုနစ်မျိုးနှင့် လိုအင်ဆန္ဒ ခြောက်မျိုးကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ပျော်ရွှင်မှုနှင့် ဒေါသစိတ်များကို ကျော်ဖြတ်ခဲ့ရသလို ဝမ်းနည်းမှုကိုလည်း နားလည်သွားခဲ့၏။ ၎င်းမှာ ကံကြမ္မာ သတ်မှတ်ပေးရသည့် လုပ်ငန်းစဉ်၏ အခက်အခဲဆုံးအပိုင်း ဖြစ်သည်။

ထို အရာများအား မိမိကိုယ်တိုင် ခံစားရန် လိုအပ်သည်။ တစ်ချိန်တည်းမှာပင် ထို ခံစားချက်များ၏ လွှမ်းမိုးခြင်း အလွယ်တကူ ခံရနိုင်ပေသည်။ အကယ်၍ ထို စိတ်ခံစားချက် ပြောင်းလဲမှုများ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရမည်ဆိုပါက အရည်အချင်း ပြည့်မီခြင်းမရှိဟု သတ်မှတ်ခံလိုက်ရမည်ဖြစ်သည်။

အချိန်များ ကုန်ဆုံးလာပြီး ဝိညာဉ်များ တဖြည်းဖြည်းနှင့် ပိုများလာသည်နှင့် အမျှ ထိုသို့ လွှမ်းမိုးခံရနိုင်ခြေမှာလည်း ပိုများလာမည်ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းအား တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ရူးသွပ်သွားနိုင်ပေသည်။

၎င်းမှာ အမှောင်ဂိုဏ်း၏ တာဝန်ဖြစ်ပေသည်။

အမှောင်ဂိုဏ်းသားများ အမှန်တကယ် ရှာဖွေနေသည့်အရာ သို့မဟုတ် သူတို့၏ တာဝန်၏ အဓိကပစ်မှတ်မှာ.... နတ်ဝိဇ္ဇာများအား ရှာဖွေရန်ဖြစ်သည်။

အကယ်၍ သူတို့မှာ ၎င်းတို့အား ရှာမတွေ့နိုင်ပါက ထာဝရ ချုပ်နှောင်ခံထားရမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့အား ရှာတွေ့ပါကလည်း လော့ ရောက်မလာခင် အချိန်အထိ ချုပ်နှောင်ခံထားရမည်သာဖြစ်သည်။

ထိုအချက်အား အမှောင်ဂိုဏ်းသားတိုင်း သိရှိထားကြခြင်းမရှိပေ။ ပို၍တိတိကျကျဆိုရလျှင် အမှောင်ဂိုဏ်းသား အများစုမှာ ထို အချက်အား မသိထားကြပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ နားလည်သွား၏။ သို့သော်လည်း သူသည် ဂရုမစိုက်ဘဲ သူ၏ ဆရာ ပေးခဲ့သည့် တာဝန်ကို ပြီးအောင်လုပ်ရန်သာ စိတ်ကူးနေသည်။

သို့သော် ခဏအကြာတွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ဇဝေဇဝါဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။

သူသည် သူ ကံကြမ္မာ သတ်မှတ်ပေးခဲ့သည့် ဝိညာဉ်များ၏ ဘဝများကို ကျော်ဖြတ်ပြီးသွားသည့်အချိန်တိုင်း နောင်တများနှင့် အာရုံထွေပြားမှုအချို့အား ခံစားလိုက်ရသည်သာ ဖြစ်သည်။

" သူတို့ကရုပ်သေးရုပ် တစ်ခုလိုပဲ... "

" ဘာလို့ အခုလိုဖြစ်နေရတာလဲ... သူတို့ရဲ့ ကံကြမ္မာတွေကို သတ်မှတ်ပေးထားပြီးသား ဖြစ်နေလို့များလား... သူတို့ရဲ့ ဘဝတွေကို အစအဆုံး စီစဉ်ပေးထားပြီးသား ဖြစ်နေလို့များလား... " ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်ရင်း မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် အတွေးများထဲ၌ နစ်မျောသွားတော့သည်။

တစ်ချိန်ထဲမှာပင် သူ၏ အထက်တွင် ရှိနေသည့် မျက်ဝန်းတစ်စုံထဲတွင် ခံစားချက်များ ရှုပ်ထွေးနေသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။

သူ၏ အောက်တွင်ရှိနေသည့် မျက်ဝန်းတစ်စုံထဲတွင်မူ မျှော်လင့်တကြီးဖြစ်နေသည့် အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာတော့သည်။

All Chapters