သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်းနှောင်းပိုင်းအဆင့်
Vol. 82 Ch. 1144
အခန်း (၁၁၄၄) သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်းနှောင်းပိုင်းအဆင့်
ရေခဲသလင်းကျောက်ထဲတွင်ပါဝင်သည့်သတင်းစကားကိုကြည့်ရင်း လူတိုင်း၏မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားကြသည်။
ချန်းဧကရာဇ် အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်သို့ သွားရောက်ရသည့်အကြောင်းရင်းမှာ ကျူတောပင်လယ်ဒေသတွင်မြှုပ်နှံထားသည့် “နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ” ကို ရယူရန်ဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
နှောင်းပိုင်းမြေကမ္ဘာကျမ်းစာအား ကျူတောပင်လယ်ဒေသတွင် မြှုပ်နှံထားသည်ဆိုသော်လည်း ဝါဒတောင်အနေဖြင့်ပင် ထိုအရာကို ရယူရန် မဖြစ်နိုင်ပေ။
သို့သော် နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားသည့် ချင်းယွမ်ဧကရာဇ်အတွက်တော့ အချိန်အတိုင်းအတာတစ်ခုအတွင်း အဖြေတစ်ခု ရှိနေမည် အမှန်ပင်။
“မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်” ပြုလုပ်ရာတွင် ကန့်သတ်ချက်များစွာ ရှိသည်။
သို့ဖြစ်ရာ ဝါဒတောင်မှ အခြားသော သိုင်းကျင့်ကြံသူများအနေဖြင့် ရန်ကျောက်ကဲ နေရာတွင်အစားထိုးပြီး ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ နှင့် ချိတ်ဆက်ကာ တန်ခိုးစွမ်းအားများကို ချေးယူရန် ကြိုးစားပါက အောင်မြင်နိုင်မည် မဟုတ်ပေ။
နောက်တစ်ချက်မှာ ချင်းယွမ်ဧကရာဇ်နှင့် ရန်ကျောက်ကဲအကြား အမုန်းပွားမှုက အလွန်နက်နဲသဖြင့် ထိုရန်ငြိုးဖွဲ့မှုကို ကျေအေးပြီး ချစ်ကြည်ရင်းနှီးမှု ရယူရန်မှာ မဖြစ်နိုင်ပေ။
ချန်းဧကရာဇ်သာ ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ ရရှိသွားမည်ဆိုပါက တန်ခိုးစွမ်းအားများ မြင့်တက်လာပေမည်။
ရန်သူတစ်ယောက် တန်ခိုးစွမ်းအားမြင့်တက်လာရန်မှာ ဝါဒတောင်မှ လိုချင်သည့်အရာ မဟုတ်ပေ။
ယခင်အခြေအနေအတိုင်းဆိုလျှင် ရန်ကျောက်ကဲက ထျန်းကျိခန်းမမှ ကိစ္စရပ်များကို ဘေးဖယ်ထားပြီး ‘နှောင်းပိုင်းမြေကမ္ဘာကျမ်းစာ’ ကိစ္စ ကိုင်တွယ်ဖြေရှင်းရန် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ် ၊ ကျူတောပင်လယ်ဒေသသို့ ပြန်သွားမည် ဖြစ်သည်။
သို့သော် ယခု ထျန်းကျိခန်းမတွင် အနက်ရောင်ပိုးသားဧကရာဇ် ရောက်ရှိနေခဲ့သည်။
ရန်ကျောက်ကဲက အေးစက်စွာ ရယ်မောလိုက်ရင်း...
“မြေကမ္ဘာထိပ်တန်းအရှင်သခင်ရဲ့ လှုပ်ရှားမှုက တကယ့်ကို ထူးထူးခြားခြားပဲ ၊ အတော်လေးလည်း အကွက်စေ့တယ်”
သူက ဆက်ပြီး ရေရွတ်လိုက်သည်။
“သူနဲ့ အထက်ရပ် ‘ချန်’ ပူးပေါင်းလိုက်တာများလား...”
ဝမ်ဖူက လေးလံသည့်အသံဖြင့်...
“ဂိုဏ်းတူညီလေး’နျဲ့’ က တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှာဆိုတော့... သူ သွားပြီး ဖြေရှင်းပေးလို့ရတယ်”
သူက ဆက်ပြောသည်။
“ငါ အခုပဲ ကျောက်စိမ်းကျောက်ဆောင်ကိုပြန်ပြီး မူလဖွင့်လှစ်ဓားကို သွားယူလိုက်မယ်”
‘မူလဖွင့်လှစ်ဓား’ ဆိုသည်က ဧကရာဇ်’ယွဲ့ကျန့်ပေ’ အတိတ်တစ်ချိန်က အသုံးပြုသော ပြီးပြည့်စုံသည့် ‘အမတမှော်ဝင်ဓား’ တစ်လက် ဖြစ်သည်။
ယွဲ့ကျန့်ပေ အထက်ဘုံကမ္ဘာမှ ထွက်ခွာပြီး ပြင်ပဗလာနယ်သို့သွားသည့်အခါ တောင်တံခါးကိုကာကွယ်ရန်အတွက် ထိုဓားကို ထားရစ်ခဲ့သည်။
ဝမ်ဖူက ‘မူလဖွင့်လှစ်ဓား’ ကို သွားယူမည်ဆိုသော်လည်း သူက သိုင်းသူတော်စင် နဝမအဆင့်သာလျှင် ရှိသေးသည်ဖြစ်ရာ ထိုဓားကို အသုံးပြုနိုင်မည် မဟုတ်ပေ။
လောလောဆယ် ထိုဓားကို အသုံးပြုနိုင်သူမှာ အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ သို့မဟုတ် တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘နျဲ့ကျင်းရှန်’ ဖြစ်နိုင်သည်။
ထိုဓားကို နျဲ့ကျင်းရှန်ထံ အချိန်မီပေးအပ်နိုင်လျှင် အကောင်းဆုံးဖြစ်သလို လိုအပ်ပါက ဝမ်ဖူက ပိုင်တောင်းကို ဆက်သွယ်မည် ဖြစ်၏။
ချိုးကျားဟိုင်က ပင့်သက်တစ်ချက်ရှိုက်ရင်း နက်ရှိုင်းသည့်လေသံဖြင့်...
“အနက်ရောင်ပိုးသားဧကရာဇ် ၊ ချင်းယွမ်ဧကရာဇ်နဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင်တို့က ပူးပေါင်းလုပ်ဆောင်တာ ဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ကြည့်ရတာတော့... သူတို့ဘက်က သေချာပေါက် အနိုင်ရမယ်လို့ တွေးထားပုံရတယ် ၊ အကြီးအကဲ’ဝမ်’ ကိုယ်တိုင်လှုပ်ရှားမယ်ဆိုရင် သူက ယင်ယန်တောင်နဲ့မြစ်ရေကားချပ်ကို အသုံးပြုမှာပဲ”
ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ဆိုသည်က တိဟွမ်မြေကမ္ဘာဧကရာဇ်တစ်ချိန်ကအသုံးပြုခဲ့သော ပြီးပြည့်စုံသည့် အမတမှော်ဝင်ပစ္စည်းတစ်ခုဖြစ်သည်။
ထိုပစ္စည်းက နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါးတွင် တစ်ချိန်လုံးရှိနေပြီး တောင်တံခါးကို စောင့်ရှောက်ပေးနေသည်ဖြစ်ရာ တောင်ပေါ်မှ မည်သူမှ ယူဆောင်လာခြင်း မပြုကြပေ။
ယခင်တစ်ချိန်က ပိုးသားဧကရာဇ်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကြား တိုက်ပွဲတွင် မြေကမ္ဘာထိပ်တန်းအရှင်သခင် သက်သေပြုလုပ်ပေးစဉ်ကပင် သူက ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ကို ယူဆောင်လာခဲ့ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ အခြေအနေများကိုသုံးသပ်ကြည့်လျှင် ဝမ်ကျန်းချန်ကိုယ်တိုင်လှုပ်ရှားမည်ဆိုပါက ယင်ယန်တောင်နှင့်မြစ်ရေကားချပ်ကို သေချာပေါက် အသုံးပြုပေမည်။
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်...
“ငါတို့ဘက်က ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အဆင်ပြေမှာပါ ၊ အခုတော့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်... ဂိုဏ်းတူအစ်ကို’ဝမ်’ ... ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာက တခြား ထိပ်တန်းတန်ခိုးစွမ်းအားရှင်တွေကရော ဘယ်လို သဘောထားရှိမလဲ ၊ လွှမ်းခြုံဧကရာဇ်ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိနိုင်မလဲ”
ဝမ်ဖူနှင့် ချိုးကျားဟိုင် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးမှ ဝမ်ဖူက...
“သူက ဘယ်သူ့ကိုမှ ကူညီမယ်မထင်ဘူး”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း မတ်တတ်ရပ်လိုက်သည်။
“ဟုတ်ပြီလေ... ငါ မင်းကို လိုက်ပို့ပေးမယ် ဂိုဏ်းတူအစ်ကို’ဝမ်’... အနက်ရောင်ပိုးသားဧကရာဇ်က တံခါးဝမှာ ပိတ်ရပ်နေမှာဆိုတော့ မင်းအတွက် ကျောက်စိမ်းကျောက်ဆောင်ကိုပြန်ဖို့ အခက်အခဲ ရှိလိမ့်မယ်”
ဝမ်ဖူက မျက်မှောင်ကြုံ့ရင်း...
“ဂိုဏ်းတူညီလေး’ရန်’ ... မင်း ဘာများ...”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“ငါ အားဟူကို နဂါးလိပ်ပြာတောင်ကြားကိုသွားကြည့်ခိုင်းထားတယ် ၊ အဲဒီနေရာက မထင်ရှားဘူးဆိုပေမယ့် ဒီအကြောင်းကို မသိတဲ့သူမရှိဘူးလို့ အာမခံလို့ မရပါဘူး”
နဂါးလိပ်ပြာတောင်ကြားပတ်ဝန်းကျင်က အလွန်ထူးခြားသည်။ ထိုနေရာအား ရန်ကျောက်ကဲက အနည်းငယ် ပြုပြင်မွမ်းမံလိုက်သည်ဖြစ်ရာ လက်နက်ပစ္စည်းများ အကြီးစားပြင်ဆင်ထုတ်လုပ်ရန် သင့်တော်သည့်နေရာတစ်ခု ဖြစ်လာသည်။
ထိုနေရာမှ မြေပြင်အနေအထား လုံးဝပျက်ဆီးသွားပါက ရန်ကျောက်ကဲအနေဖြင့် သင့်လျော်သည့်နေရာတစ်ခု ထပ်မံရှာဖွေရန် အချိန်များစွာ အသုံးပြုရပေမည်။
“ဒါပေမဲ့ လောလောဆယ်မှာတော့ တစ်ဖက်လူရဲ့ပစ်မှတ်က ထျန်းကျိခန်းမ မဟုတ်ဘူးလို့ ငါ ခံစားရတယ်”
ရန်ကျောက်ကဲ ဦးဆောင်ပြီး အခန်းထဲမှ ထွက်လာရင်း စကားဆိုသည်။
“ထျန်းကျိခန်းမကိစ္စပဲဖြစ်ဖြစ် ၊ ကျူတောပင်လယ်ဒေသက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကိစ္စပဲဖြစ်ဖြစ် ကိစ္စတစ်ခုကိုဖုံးကွယ်ဖို့ အပေါ်ယံအသုံးပြုထားတာပဲ”
“အဲဒီကိစ္စတွေကို အကြောင်းပြပြီး ငါတို့ကို အာရုံလွဲအောင်လုပ်တယ် ၊ ပြီးတော့ ငါတို့လူအင်အားတွေကို စုစည်းမနေနိုင်အောင်လုပ်တယ် ၊ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ တခြား လျှို့ဝှက်လုပ်ရပ်တစ်ခုခု ရှိနေနိုင်တယ်”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မြေကမ္ဘာထိပ်တန်းအရှင်သခင်က တစ်ဆင့်ပြီးတစ်ဆင့် အပြည့်အဝ ပြင်ဆင်ထားတာပဲ ၊ ဒီအတိုင်းသာ ထိုင်စောင့်နေမယ်ဆိုရင် ငါတို့ဘက်က အရှုံးကြီးရှုံးတော့မယ် ၊ ဆိုတော့ကာ...”
ပြောရင်း သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ချိန် အခန်းအပြင်ဘက်တွင် အနက်ရောင်ပိုးသားဧကရာဇ် ရောက်ရှိလာနေပြီ ဖြစ်သည်။
ရန်ကျောက်ကဲက...
“ဆိုတော့ကာ... ငါတို့ဘက်ကစပြီး အရင်ချေမှုန်းဖို့ အခွင့်ကောင်းရှာပြီး တိုက်ခိုက်ရမယ်”
စကားပြောရင်း ရန်ကျောက်ကဲအခန်းတံခါးဖွင့်လိုက်စဉ် သူတို့ကို စူးစိုက်ကြည့်နေသည့် အနက်ရောင်ပိုးသားဧကရာဇ်ကို တွေ့မြင်လိုက်ရသည်။
ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်ကိုတွေ့သည်နှင့်...
“ဒီ ‘ရန်’ မှာ ဖြေရှင်းစရာကိစ္စလေးတွေရှိနေလို သွားခွင့်ပြုပါဦး ပိုးသားဧကရာဇ်...”
အနက်ရောင်ပိုးသားဧကရာဇ်၏မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်အတက်အကျမှရှိမနေဘဲ ရန်ကျောက်ကဲအား တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။
“ထျန်းကျိခန်းမမှာ ဒီလောက်အရေးကြီးတဲ့ လေလံပွဲကျင်းပမှာကို မိတ်ဆွေလေး’ရန်’ က ထွက်သွားတော့မလို့လား”
ရန်ကျောက်ကဲက သိမ်မွေ့စွာဖြင့်...
“လူတချို့အတွက် ပိုပြီးအရေးကြီးတဲ့ကိစ္စတွေဆိုတာ ရှိစမြဲပါ ၊ အခု ကျွန်တော်လည်း ဒီအတိုင်းပါပဲ”
အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့်...
“ဒါဆိုရင်တော့ နှမျောစရာပဲ...”
သူက ဆက်ပြောသည်။
“ဒီတော့... မိတ်ဆွေလေး’ရန်’ ... ထိုက်ယိလက်သီးသိုင်းနဲ့ပတ်သက်ပြီး မင်းဆီက အကြံဉာဏ်လေးတွေများ ရနိုင်မလား”
ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်၏။
“ဟားဟား...”
“ဧကရာဇ်မင်းက ထိုက်ယိလက်သီးသိုင်းကို လိုချင်တယ်တဲ့လား... ဒါပေမဲ့ ဧကရာဇ်မင်းရဲ့ အဓိကရည်ရွယ်ချက်က ဒီ ‘ရန်’ ယွမ်ကျိုးမြို့ကထွက်ခွာသွားမှာကို တားဆီးဖို့မဟုတ်လား ၊ အဲဒီလိုလုပ်ဖို့ လူတစ်ယောက်နဲ့ သဘောတူညီမှုလုပ်ထားတာ ဖြစ်ရမယ် ၊ ဆိုတော့... အဲဒီလူက ဧကရာဇ်မင်း ဒီလိုလှုပ်ရှားစေဖို့ ဘယ်လောက်တန်ဖိုးကြီးတဲ့အရာများ ကမ်းလှမ်းထားသလဲမသိဘူး”
ထိုအချိန် အနက်ရောင်ပိုးသားဧကရာဇ်၏မျက်နှာအမူအရာပြောင်းလဲသွားသည်။ သို့သော် ရန်ကျောက်ကဲစကားကြောင့်တော့ မဟုတ်ခဲ့ပေ။
အနက်ရောင်ပိုးသားဧကရာဇ်၏အကြည့်က ဘေးဘက်သို့ရွေ့လျားသွားပြီး အဆောက်အဦ အတားအဆီးများကို ဖြတ်ကျော်ကြည့်လိုက်ရာ ကောင်းကင်ယံသို့ပျံတက်ကာ ယွမ်ကျိုးမြို့မှ ခွန်လွန်တောင်သို့ ထွက်ခွာသွားသည့် ဝမ်ဖူကို တွေ့လိုက်ရသည်။
ရန်ကျောက်ကဲက ပိုးသားဧကရာဇ်အား ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်းအတွက် အံ့အားသင့်ခဲ့ရသော်လည်း ဝမ်ဖူက ရရှိသည့်အခွင့်အရေးကို လက်လွှတ်မခံ ၊ အချိန်မဖြုန်းဘဲ ကျောက်စိမ်းကျောက်ဆောင်သို့ ထွက်ခွာသွားခဲ့သည်။
“မင်း ဘယ်ကိုမှသွားလို့ရမှာမဟုတ်ဘူး”
အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
စကားမဆုံးခင်မှာပင် သူ၏ခန္ဓာကိုယ်မှ သိပ်သည်းသော ခရမ်းရောင်ချီစွမ်းအားများ ပျံ့နှံ့ထွက်ပေါ်လာပြီး ရုတ်ချည်းပင် ယွမ်ကျိုးမြို့တစ်ခုလုံးသို့ လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲက သိမ်မွေ့စွာ ပြောလိုက်သည်။
“အမှန်ပဲ... သူ ဒီလိုလုပ်မှာပဲပေါ့”
ထို့နောက် သူ့ခန္ဓာကိုယ်က ရုတ်တရက် မှုံဝါးသွားပြီး တစ်ချိန်တည်းပင် တောက်ပနေသလို မှောင်မိုက်၍လည်း နေသည်။
နောက်ပိုင်းမှာတော့ အလင်းနှင့်အမှောင် ကွဲကွာသွားကာ ပရမ်းပတာ မှုန်ဝါးလာပြီး တစ်ချိန်တည်းတွင် ကွဲပြားသွားသည့် အလင်းနှင့်အမှောင်က အတူတကွ ယှဉ်တွဲတည်ရှိနေသည်။
ထို့နောက် အကန့်အသတ်မဲ့အမှောင်ထု ကွယ်ပျောက်သွားပြီး အကန့်အသတ်မဲ့ အလင်းရောင် ကျန်ရစ်ခဲ့သည်။
အကန့်အသတ်မဲ့အလင်းတန်းများ အက်ကွဲသွားသည့်အခါမှာတော့ ထိုနေရာတွင် အမှောင်ထု ပြန်လည်မွေးဖွားလာခြင်း မရှိတော့ဘဲ မဟာတာအိုက ကြီးမားသောတုန်ခါမှုဖြင့် တစ်ချက်တည်းပြိုကျသွားသည့်အလား ခံစားရသည်။
အစွန်းတရားနှစ်ဖက် တည်ရှိခြင်းမရှိတော့ဘဲ ဖန်ဆင်းခြင်းထဲမှ အဆုံးမရှိသော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအား ဆင်းသက်လာသည်။
ထို့နောက် ယွမ်ကျိုးတစ်မြို့လုံးကို လွှမ်းခြုံထားသည့် အနက်ရောင်ပိုးသားဧကရာဇ်၏ ခရမ်းရောင်ချီစွမ်းအားများ ရုတ်တရက် အက်ကွဲပွင့်ထွက်သွားသည်။
ဝမ်ဖူက အခွင့်အရေးကိုလက်လွှတ်မခံဘဲ ဓားပျံစီးနှင်ကာ အဝေးတစ်နေရာသို့ ထွက်ပြေးလွတ်မြောက်သွားတော့၏။
ထိုခဏတွင် လေလံပွဲသို့ရောက်ရှိနေကြသည့် ထျန်းကျိခန်းမမှ လူတိုင်း အံ့အားသင့်နေရာမှ သတိပြန်ဝင်လာကြသည်။
အဖြစ်အပျက်များကို သိရှိပြီးနောက် ချိုးကျားဟိုင်နှင့် အခြားသူများ တုန်လှုပ်သွားခဲ့သည်။
ရန်ကျောက်ကဲက အမှန်တကယ်ပင် အနက်ရောင်ပိုးသားဧကရာဇ်ကို ထိပ်တိုက်ရင်ဆိုင်ခဲ့သည်လား။
ပိုပြီး အံ့သြစရာကောင်းသည်မှာ သူက အနက်ရောင်ပိုးသားဧကရာဇ်၏ ပိတ်ဆို့ထားခြင်းအား ချိုးဖျက်ပြီး ဝမ်ဖူကို လွတ်မြောက်အောင် ကူညီပေးခဲ့ခြင်း ဖြစ်၏။
“သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်လား...”
အနက်ရောင်ပိုးသားဧကရာဇ် မျက်နှာပျက်သွားခြင်းမရှိသော်လည်း သူ၏အာရုံစိုက်မှုက ဝမ်ဖူဆီသို့မရောက်တော့ဘဲ သူ့အရှေ့မှ ရန်ကျောက်ကဲထံ အပြည့်အဝ ရောက်ရှိသွားသည်။
“အစောပိုင်း မင်းနဲ့တွေ့တော့ ငါ မင်းကို ဘာမှ ထိုးဖောက်မမြင်နိုင်ခဲ့ဘူး ၊ တစ်ခုခု သံသယဝင်ခဲ့မိပေမယ့် မဖြစ်နိုင်ဘူးလို့ပဲ တွေးခဲ့မိတယ် ၊ ဒါပေမဲ့ ငါ့စိတ်ထဲကသံသယ မှန်နေမယ်လို့ ထင်မထားခဲ့မိဘူး”
အနက်ရောင်ဝတ် ပိုးသားဧကရာဇ်က ရန်ကျောက်ကဲကို နက်ရှိုင်းစွာ စူးစိုက်ကြည့်ရင်း...
“မင်း ငရဲကိုးထပ်မှာ သိုင်းသူတော်စင် အဋ္ဌမအဆင့်တက်ရောက်သွားတာ (၄)နှစ်ကျော်လောက်ပဲ ရှိဦးမယ်မဟုတ်လား”