← Chapters

သိုင်းသူတော်စင်နဝမအဆင့်နှင့်အစစ်အမှန်နတ်ဘုရားတို့၏တိုက်ပွဲ

Vol. 82 Ch. 1145

သိုင်းသူတော်စင်နဝမအဆင့်နှင့်အစစ်အမှန်နတ်ဘုရားတို့၏တိုက်ပွဲ

Vol. 82 Ch. 1145

အခန်း (၁၁၄၅) သိုင်းသူတော်စင်နဝမအဆင့်နှင့်အစစ်အမှန်နတ်ဘုရားတို့၏တိုက်ပွဲ

ရန်ကျောက်ကဲ ကျင့်ကြံခြင်းအဆင့်တက်သွားကြောင်း သိလိုက်ရသည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ်က ထိတ်လန့်တုန်လှုပ်ခြင်း မရှိခဲ့ပေ။

သူက သူ့အရှေ့မှ ပုံမှန်မဟုတ်ကြောင်း ရှင်းလင်းနေသည့် အခြေအနေနှင့်ပတ်သက်၍သာ သံသယနှင့် နားမလည်နိုင်ခြင်းအား ခံစားနေရခြင်း ဖြစ်သည်။

သို့သော် မည်သို့ပင်ကြည့်ကြည့် သူ့အရှေ့မှ ရန်ကျောက်ကဲသည် အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပေပြီ။

တိုက်ပွဲမစခင် အစောပိုင်းအချိန်တွင် ရန်ကျောက်ကဲထံတွင် မည်သည့်ရှုတ်ထွေးမှုနှင့် တန်ခိုးစွမ်းအားအပြောင်းအလဲကိုမှ မတွေ့ရ‌ပေ။ သူ့ကိုကြည့်ရသည်မှာ မည်သည့်သိုင်းပညာမှ မသင်ယူဖူးသော သာမန်သေမျိုးလူသားတစ်ယောက်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားသည့်ပမာ ဖြစ်နေသည်။

ယခု သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ပြီးမှသာ ရန်ကျောက်ကဲ၏ အစစ်အမှန်တန်ခိုးစွမ်းအား ထွက်ပေါ်လာခြင်း ဖြစ်၏။

သူ၏ သွေးကြောဆုံချက်များက စကြာဝဠာဗလာနယ်ကို ဖြတ်သန်းသွားသည့်ပမာ နတ်ဘုရားသိမြင်ခြင်းဖြင့် ကြယ်စင်အစစ်အမှန်များကို တွေ့မြင်ပြီး လှည့်ပတ်လျှက် ရှိသည်။

ကြယ်စင်ကောင်းကင်က အဖျက်တရားစွမ်းအားများအပြင် အသစ်သောဘဝတစ်ခုကိုလည်း မွေးဖွားပေးနိုင်စွမ်း ရှိသည်။

ကြယ်တစ်ပွင့် သူ၏အဆုံးသတ်သို့ရောက်ရှိသွားသည့်အခါ သေဆုံးကြွေကျသွားမည်ဖြစ်သော်လည်း ကြယ်စင်အသစ်တစ်စင်း ပြန်လည်မွေးဖွားလာမည်သာပင်။

မရေမတွက်နိုင်သောကြယ်စင်များက လွတ်လပ်စွာသွားလာနိုင်ပြီး လျှို့ဝှက်ဆန်းကြယ်သော နိယာမများဖြင့် ၎င်းတို့၏ ကိုယ်ပိုင်လမ်းကြောင်းများရှိသည်။

သေခြင်းရှင်ခြင်းသံသရာက ဆက်လက်တည်ရှိနေပြီး ကျင့်ကြံသူ၏ တန်ခိုးစွမ်းအားက အသစ်သော အဆင့်တစ်ခုသို့ ရောက်ရှိသွားသည်။

ရန်ကျောက်ကဲ၏ သွေးကြောဆုံချက်များတွင် နတ်ဘုရားသိမြင်ခြင်းဖြင့် ဗလာနယ်စကြာဝဠာထဲ မဖြတ်သန်းရသေးသည်မှာ မထင်ရှားသော သွေးကြောဆုံချက် အနည်းငယ်သာလျှင် ကျန်ရှိတော့သည်။

သွေးကြောဆုံချက်များအားလုံး နတ်ဘုရားသိမြင်ခြင်းသို့ရောက်ရှိသွားလျှင် သိုင်းသူတော်စင် အထွတ်ထိပ်အဆင့်ဖြစ်သော ‘လူသားအထွတ်ထိပ်အဆင့်’ သို့ ရောက်ရှိသွားပေမည်။

ငရဲကိုးထပ်တွင် သိုင်းသူတော်စင် အဋ္ဌမအဆအင့်ရှိသော ရန်ကျောက်ကဲနှင့် ယခု သိုင်းသူတော်စင် နဝမအဆင့်ရှိသောရန်ကျောက်ကဲ နှိုင်းယှဉ်ကြည့်လျှင် အလွန်ကွဲပြားသွားပြီ ဖြစ်၏။

ငရဲကိုးထပ်တွင် ပိုးသားဧကရာဇ်က သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရန်ကျောက်ကဲနှင့် ရင်ဆိုင်ခဲ့ဖူးသည်။

နောက်ပိုင်း အနက်‌ရောင်နှင့် အဖြူရောင်ပိုးသားဧကရာဇ် (၂)ယောက်အဖြစ် ကွဲပြားသွားသည့်တိုင် ရန်ကျောက်ကဲနှင့် တိုက်ခိုက်ခဲ့သည့်မှတ်ဉာဏ်များက ထင်ကျန်နေဆဲပင်။

ထို့ကြောင့် အရင်က ရန်ကျောက်ကဲနှင့် အခု ရန်ကျောက်ကဲ နှိုင်းယှဉ်ကြည့်လျှင် မည်မျှကွာခြားသွားပြီဖြစ်ကြောင်း ပိုးသားဧကရာဇ် နားလည်ခံစားနိုင်သည်။

သို့သော် ဤသည်ကပင် ပိုးသားဧကရာဇ်ကို ပိုပြီး သံသယဝင်လာစေခဲ့ခြင်း ဖြစ်၏။

အခြားကိစ္စကိုအသာထား ၊ ငရဲကိုးထပ်တွင် ရန်ကျောက်ကဲ သိုင်းသူ‌တော်စင် သတ္တမအဆင့်မှ သိုင်းသူတော်စင် အဋ္ဌမအဆင့်သို့တက်ရောက်သည်ကို ပိုးသားဧကရာဇ်ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ဖူးသည်ဖြစ်ရာ အခြေအနေအသေးစိတ်ကို နားမလည်ဘဲ အဘယ်မှာ ရှိပါမည်နည်း။

ရန်ကျောက်ကဲ သိုင်းသူတော်စင် နဝမအဆင့်သို့တက်ရောက်သည်မှာ မကြာသေးဟု ယူဆနိုင်သော်လည်း ငရဲကိုးထပ်တွင် သိုင်းသူတော်စင် အဋ္ဌမအဆင့်သို့ တက်ရောက်ခဲ့သည်မှာ (၅)နှစ်ပင် မပြည့်သေးပေ။

ကျင့်ကြံသူတစ်ယောက် ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ အဆင့်တက်ရန် ခက်ခဲလာပြီး အချိန်ပိုကြာလေ ဖြစ်သည်။ အထူးသဖြင့် အမတကူးပြောင်းခြင်း သိုင်းသူတော်စင်အဆင့်တွင် ရှေ့ဆက်ရမည့်ခြေလှမ်းတိုင်းက အလွန်ခက်ခဲသည်။

ကျင့်ကြံသူအများစုသည် အဆင့်တစ်ခုတွင် (၁၀)နှစ်ကျော် သို့မဟုတ် ဆယ်စုနှစ်များစွာ သို့မဟုတ် နှစ်ပေါင်းရာနှစ်ချီ၍ပင် ကြန့်ကြာနေတတ်သည်။

ဤသို့ဖြစ်ရသည်မှာ အရည်အချင်းမရှိသောကြောင့် မဟုတ်ပေ။

အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်နိုင်သည်ဆိုကတည်းက ပါရမီရှင်များကြားမှ ပါရမီရှင်များ ဖြစ်ကြသည်သာပင်။

သို့ပေသိ ကျင့်ကြံခြင်းအဆင့်မြင့်လာလေ အဆင့်တက်ရန် ပိုမိုခက်ခဲလေဆိုသော သဘောတရားက ကျင့်ကြံသူတိုင်းနှင့်သက်ဆိုင်သည့် နိယာမ ဖြစ်၏။

ပိုးသားဧကရာဇ်သည်ပင် နတ်ဘုရားတံခါးကို ဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်လာသဖြင့် အခြားသူများထက်သာလွန်သည်ဆိုသော်လည်း ရန်ကျောက်ကဲလောက်တော့ အဆင့်တက်မမြန်ခဲ့ပေ။

ရန်တိသည်လည်း ရန်ကျောက်ကဲကဲ့သို့ပင် ကျင့်ကြံခြင်းအဆင့်တက်ရောက်သည်မှာ လျှင်မြန်လှကြောင်း စဉ်းစားမိသည့်အခါ အနက်ရောင်ပိုးသားဧကရာဇ် ရန်ကျောက်ကဲအား စူးစိုက်ကြည့်နေမိသည်။

“’ရန်’ အိမ်တော်က သားအဖနှစ်ယောက်လုံးက... ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရားတွေပဲ... သူတို့တွေက တကယ်ပဲ...”

ထိုအချိန် ရန်ကျောက်ကဲက သိမ်မွေ့စွာပင် စကားဆိုလာသည်။

“တောင်းပန်ပါတယ် ဧကရာဇ်မင်း...”

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီ’ရန်’ က အဖြူရောင်ပိုးသားဧကရာဇ်နဲ့ ဧကရာဇ်မင်းကြားက အငြင်းပွားမှုမှာ ဧကရာဇ်မင်းဘက်က ရပ်တည်ပေးနိုင်မျာ မဟုတ်ပါဘူး ၊ ဘာကြောင့်လဲဆိုတာ ကျွန်တော်တို့နှစ်ယောက်လုံး သိကြပါတယ်”

“ဒါပေမဲ့... ကျွန်တော်က တခြားပိုးသားဧကရာဇ်တစ်ယောက်ကို ထောက်ခံတယ်ဆိုပေမယ့် ဧကရာဇ်မင်းနဲ့ အခုလို မြန်မြန်ဆန်ဆန်ပဲ ထိပ်တိုက်ရင်ဆိုင်ရမယ်လို့ ထင်မထားမိဘူး”

ရန်ကျောက်ကဲက ရုတ်တရက် ရယ်မောလိုက်ရင်း...

“တခြားကိစ္စတွေလည်းမရှိဘူး အလုပ်လည်းများမနေဘူးဆိုရင် ဒီတိုက်ပွဲက တကယ့်ကို ပွဲကောင်းတစ်ခုပဲ ၊ လူသားနဲ့နတ်ဘုရားတိုက်ပွဲ...ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်သလဲ”

ရန်ကျောက်ကဲနှင့် ပိုးသားဧကရာဇ်က ဖုံးကွယ်ထားခြင်းမရှိဘဲ ပွင့်ပွင့်လင်းလင်းပင် စကားပြောဆိုနေကြလေရာ ထျန်းကျိခန်းမသို့ရောက်ရှိနေသည့်လူတိုင်းမှာ အိပ်မက်မှ နိုးထလာသူများပမာ ခံစားနေကြရတော့သည်။

ထို့ပြင် သူတို့အားလုံး တုန်လှုပ်ချောက်ချားစွာဖြင့် မှင်တက်လျှက်လည်း ရှိကြသည်။

အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့်ရှိသော ‌ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရား ရန်ကျောက်ကဲက အစစ်အမှန်နတ်ဘုရား အနက်ရောင်ပိုးသားဧကရာဇ်အား ထိပ်တိုက်ရင်ဆိုင်သည်တဲ့လား။

ပြီးတော့ ပိုးသားဧကရာဇ် နှစ်ယောက်ကွဲသွားခြင်းအကြောင်း သိရှိသူ အနည်းငယ်သာ ရှိသည်။ ယခု ထိုအကြောင်းကို လူအများ သိရှိသွားကြပြီဖြစ်ရာ အတော်လေး အံ့သြတုန်လှုပ်လျှက် ရှိကြရပြန်သည်။

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ကို အနိုင်ယူခဲ့သလို တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘နျဲ့ကျင်းရှန်’ က ချန်ချန်းဟွာကို အနိုင်ယူခဲ့သည်။

ထိုဖြစ်ရပ်များက ကျင့်ကြံခြင်းလောကတစ်ခုလုံးအား တုန်လှုပ်စေခဲ့သည်။

ချန်ချန်းဟွာနှင့် နျဲ့ကျင်းရှန်တို့နှစ်ယောက်လုံးက အထက်ဘုံကမ္ဘာတစ်လွှား နှစ်ပေါင်းများစွာ ကျော်ကြားခဲ့ကြသော ထူးခြားသည့်ပါရမီရှင်များ ဖြစ်သည်။

ချန်ချန်းဟွာက အထက်ဘုံကမ္ဘာတွင် လောကပထမ သိုင်းသူတော်စင်အဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သူဖြစ်ပြီး နျဲ့ကျင်းရှန်က သိုင်းသူတော်စင် နဝမအဆင့်ဖြစ်လင့်ကစား တတိယမြောက် အတော်ဆုံးသိုင်းသမားဟု လူသိများသည်။

မည်သို့ပင်ဖြစ်စေ သူတို့နှစ်ယောက်လုံးက လူသားအထွတ်ထိပ်အဆင့်ရောက်မှသာ အစစ်အမှန်နတ်ဘုရားတစ်ပါးနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ကြသည်။

ယခု ရန်ကျောက်ကဲက သိုင်းသူတော်စင် နဝမအဆင့်ဖြင့် နတ်ဘုရားတစ်ပါးကို မည်သို့ရင်ဆိုင်ဝံ့ပါသနည်း။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အထက်ဘုံကမ္ဘာတွင်မဆိုထားနှင့် မဟာကပ်ဘေးကြီးမတိုင်ခင် အချိန်ကပင် သေမျိုးလူသားကျင့်ကြံသူများသည် နတ်ဘုရားများကို အနိုင်ယူတိုက်ခိုက်နိုင်ခြင်း မရှိခဲ့ကြပေ။

ထို့ကြောင့် ရန်ကျောက်ကဲက ပိုးသားဧကရာဇ်အား ရင်ဆိုင်သည့်အခါ လူတိုင်းစိတ်ထဲ ပူလောင်လှုပ်ရှားခြင်းကို ခံစားကြရသည်။

သိုင်းသူ‌တော်စင် နဝမအဆင့်ရှိသော ရန်ကျောက်ကဲသည် နှစ်ပေါင်းရှည်ကြာ နတ်ဘုရားတစ်ပါးဖြစ်ခဲ့သော ပိုးသားဧကရာဇ်ကို ယှဉ်ပြိုင်နိုင်ပါမည်လားဟု သူတို့အားလုံး သိချင်နေကြသည်။

အားလုံးက ဤတိုက်ပွဲကို မကြာမီကျင်းပမည့်လေလံပွဲထက်ပိုပြီး စိတ်ဝင်စားလျှက် ရှိကြသည်။

အနက်ရောင်ပိုးသားဧကရာဇ်က တည်ငြိမ်စွာဖြင့်...

“အလျင်လိုစရာ မရှိပါဘူး ၊ မိတ်ဆွေလေး’ရန်’ က ထိုက်ယိလက်သီးသိုင်းရဲ့ လျှို့ဝှက်ချက်တွေကို ငါ့ကိုပြသနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”

ပြောပြီးသည်နှင့် သူက လက်တစ်ဖက်ကို ပင့်မြှောက်လိုက်ပြီး ရန်ကျောက်ကဲ၏ မျက်ခုံးနှစ်ခုကြားဆီသို့ ထိုးညွှန်လိုက်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က ကြီးမားပြင်းထန်သည့် တိုက်ကွက်တစ်ခု စတင်ထုတ်ဖော်လိုက်ခြင်းဖြစ်သည်။ ဤတိုက်ကွက်က ထိုက်ချင်အဆက်အနွယ် ‘ရှန်းထျန်းဝူထိုက်’ မှ ထိုက်ချူးနတ်လက်ချောင်းသိုင်းပင် ဖြစ်သည်။

ဤသည်က သိုင်းသူတော်စင် နဝမအဆင့် ပြိုင်ဘက်တစ်ယောက်ကိုရင်ဆိုင်ရန် အနက်ရောင်ဝတ်ပိုးသားဧကရာဇ်၏ အခြေခံအကျဆုံး လှုပ်ရှားမှု ဖြစ်သည်။

သူက ရန်ကျောက်ကဲအား လုံးဝ အထင်သေးခြင်းမရှိသလို မထီမဲ့မြင်ပြုဝံ့ခြင်းလည်း မရှိပေ။

ငရဲကိုးထပ်တွင် ပိုးသားဧကရာဇ် (၂)ယောက်ကွဲထွက်မသွားခင် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရန်ကျောက်ကဲနှင့် သူ တိုက်ခိုက်ခဲ့ဖူးသည်။

ထိုစဉ်က ရန်ကျောက်ကဲက ငရဲကိုးထပ်၏ မြေပြင်အနေအထားအားသာချက်ကိုရယူကာ သဏ္ဌန်မဲ့မိစ္ဆာကျမ်းစာကိုအသုံးပြုပြီး အနက်ရောင်နတ်ဘုရားရုပ်တုကြီးအားဖန်ဆင်းခဲ့သည်။ ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားက သိုင်းသူတော်စင် နဝမအဆင့်ထိမြင့်တက်သွားခဲ့ပြီး ကျင့်ကြံခြင်းသွေဖယ်နေသည့် ပိုးသားဧကရာဇ်ကို စိတ်စေရာမိုးကြိုးစွမ်းအားဖြင့် တိုက်ခိုက်ခဲ့သည်။

ပိုးသားဧကရာဇ်က ထိုစဉ်ကပင် သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို အကြမ်းဖျင်း ခန့်မှန်းထားနိုင်ခဲ့သည်။

ဓမ္မဓိဋ္ဌာန်ကျကျတွေးကြည့်ပြီးနောက် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အရ သိုင်းသူတော်စင် နဝမအဆင့် ဖြစ်သည့်တိုင် နတ်ဘုရားများကို ရင်ဆိုင်တိုက်ခိုက်နိုင်စွမ်းရှိကြောင်း အနက်ရောင်ပိုးသားဧကရာဇ် နားလည်သဘောပေါက်ခဲ့သည်။

စောစောက တိုက်ပွဲတွင် သူတို့နှစ်ယောက် ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိကြသည့်တိုင် တစ်ကြိမ် တိုက်ကွက်ယှဉ်ပြိုင်ပြီးပြီဟု ဆိုနိုင်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က ယွမ်ကျိုးမြို့ကို ပိတ်ဆို့ရန်အတွက် သူ၏ တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည်။

ရန်ကျောက်ကဲက ကြေမွတောက်လောင်လက်သီးသိုင်းကို ထုတ်လွှတ်ပြီး ပြင်းထန်သော ခရမ်းရောင်ချီစွမ်းအားများကို ထိုးခွင်းကာ ဝမ်ဖူ ထွက်သွားနိုင်ရန် ကူညီပေးခဲ့သည်။

ဤသည်က သူ၏ အစစ်အမှန်စွမ်းရည်ကို ထုတ်ဖော်ပြသခြင်း လုံလောက်နေပေပြီ။

ဤတိုက်ကွက်ကိုတွေ့မြင်ရုံဖြင့် အနက်ရောင်ပိုးသားဧကရာဇ်အနေဖြင့် သူ၏ပြိုင်ဘက်က မကြုံစဖူး စွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်ကာ သူ့အနေဖြင့် အလေးအနက်ထားရန်လိုအပ်ကြောင်း သိရှိနေပေပြီ။

အနက်ရောင်ပိုးသားဧကရာဇ် ထိုက်ချူးနတ်လက်ချောင်းသိုင်း ထုတ်‌ဖော်အသုံးပြုလိုက်သည်နှင့် ကမ္ဘာလောကတစ်ခုလုံးက ကနဦးကောင်းကင်သို့ ပြန်လည်ရောက်ရှိသွားပြီး အချိန်နှင့်နေရာ အယူအဆများက တည်ရှိနေခြင်း မရှိတော့ပေ။

ကနဦးကောင်းကင်ချီစွမ်းအား၏ လျှို့ဝှက်ဆန်းကျယ်ခြင်း ၊ သဏ္ဌန်ကင်းမဲ့ခြင်းက မိုးမြေတစ်ခွင်၏ နိယာမများအတိုင်း ထွက်ပေါ်လာသည်။

အနက်ရောင်ပိုးသားဧကရာဇ်၏ လက်ချောင်းသိုင်းကို ရင်ဆိုင်လိုက်ရသည်နှင့် ရန်ကျောက်ကဲမှာ အချိန်နှင့်နေရာ လွဲချော်ပုံပျက်သွားသည့်အလား ခံစားလိုက်ရပြီး ထိုလက်ချောင်းသိုင်းက သူ့ကိုထိမှန်သွားသည်ဟု ထင်မှတ်ရသည်။

သို့သော် ရန်ကျောက်ကဲက ထိတ်လန့်တုန်လှုပ်ခြင်း မရှိဘဲ လက်ဖဝါးတစ်ဖက်ကိုပင့်မြှောက်ပြီး စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်သည်။

သူ၏လက်ဖဝါးမှ ကြီးကျယ်ခမ်းနားသော တန်ခိုးစွမ်းအားတစ်ခု ထင်ရှားထွက်ပေါ်လာသည်။

လက်ဖဝါးထက်တွင် အစွန်းနှစ်ဖက်လုံးတည်ရှိနေပြီး တစ်ခုက ဇာတိပကတိ ထိုက်ယိဖြစ်ပြီး ကျန်တစ်ခုက ဇီဝအဆုံးသတ် ထိုက်ကျိ ဖြစ်သည်။

အပြုသဘောနှင့် အပျက်သဘောကြားတွင် အနက်ရောင်ပိုးသားဧကရာဇ်၏ ကနဦးကောင်းကင်ချီစွမ်းအားက ထိုက်ရှီ ၊ ထိုက်စု ၊ ထိုက်ကျိအဖြစ်အသွင်ကူးပြောင်းသွားသည်။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ တုန်ခါမှုစွမ်းအားက ကနဦးကောင်းကင်အား ပြောင်းလဲသွားစေပြီး မိုးမြေတစ်ခွင်အား နှောင်းပိုင်းကောင်းကင်ဆီသို့ ပြန်လည် ကျရောက်သွားစေသည်။

ရန်ကျောက်ကဲ၏လက်ဝါးရိုက်ချက်က ကနဦးကောင်းကင်အား အတင်းအကျပ် ပြောင်းပြန်လှန်ပြီး နောက်ပြန်လှည့်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

သူက စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ တန်ခိုးစွမ်းအား အပြည့်အဝ ထုတ်ဖော်ပြသနေပြီး မိုးမြေတစ်ခွင် ပြောင်းပြန်လှန်ပစ်ရန် စိတ်အာရုံတစ်ခုတည်း စုစည်းထားသည်။

“ရိုင်းပျမိတာရှိရင် ခွင့်လွှတ်စေချင်ပါတယ် ဧကရာဇ်မင်း”

ရန်ကျောက်ကဲက သိမ်မွေ့စွာပင်ဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိအခြေအနေမှာ ဧကရာဇ်မင်းရဲ့တန်ခိုးစွမ်းအားက အရမ်းမြင့်မားမနေပါဘူး”

All Chapters