← Chapters

မမေ့နိုင်သည့်တိုက်ပွဲမြင်ကွင်း

Vol. 82 Ch. 1146

မမေ့နိုင်သည့်တိုက်ပွဲမြင်ကွင်း

Vol. 82 Ch. 1146

အခန်း (၁၁၄၆) မမေ့နိုင်သည့်တိုက်ပွဲမြင်ကွင်း

ရန်ကျောက်ကဲ၏ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်နှင့် ရင်ဆိုင်လိုက်ရသည့်အခါ ပိုးသားဧကရာဇ်အသုံးပြုသော ထိုက်ချူးနတ်လက်ချောင်းသိုင်း၏ အံ့သြဖွယ်ရာ သွင်ပြင်လက္ခဏာများ အမှန်တကယ်ပင် ဖယ်ရှားခံလိုက်ရသည်။

ရန်ကျောက်ကဲ၏ စကားကို အနက်ရောင်ပိုးသားဧကရာဇ်က ဒေါသတကြီး မတုံ့ပြန်ခဲ့ပေ။

သူက ရိုးရှင်းစွာပင် ဘယ်ဘက်လက်ဖဝါးကိုပင့်မြှောက်ပြီး သူ၏ရင်ဘတ်ထက်တွင် ကန့်လန့်ဖြတ် ပင့်တင်လိုက်သည်။ သူ၏လက်ဖဝါးအလယ်ဗဟိုတွင် ယင်နှင့်ယန်ပေါင်းစပ်သွားပြီး လည်ပတ်နေသည့် ထိုက်ကျိကားချပ် ထွက်ပေါ်လာသည်။

ထိုက်ကျိယင်ယန်လက်ဝါးသိုင်း တန်ခိုးစွမ်းအားက သိပ်သည်းသွားသော်လည်း ထုတ်လွှတ်ခြင်း မရှိသေးပေ။

တစ်ချိန်တည်းမှာပင် အနက်ရောင်ပိုးသားဧကရာဇ်၏ ခန္ဓာကိုယ်မှာ ကြည်လင်သေသာတိမ်တိုက်ချီများပမာ ထိုက်စုချီစွမ်းအားများ ထွက်ပေါ်လာသည်။

ထိုက်ကျိစွမ်းအားက လှည့်ပတ်သွားပြီး ထိုက်စုချီစွမ်းအားကို မရပ်မနား ထောက်ပံ့ပေးထားကာ မမြင်ရသည့် ထိုက်ရှီ ‘မရှိမှုစွမ်းအား’ အဖြစ် ပြောင်းလဲသွားသည်။

အစစ်အမှန်နှင့် ပုံရိပ်ယောင်ကြားပြောင်းလဲမှု။

“ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ” ၏ တန်ခိုးစွမ်းအားက အနက်ရောင်ပိုးသားဧကရာဇ်၏ ညာဘက်လက်ချောင်းဆီသို့ ပြောင်းလဲရောက်ရှိသွားသည်။

ထိုက်ကျိမှ ထိုက်စု ၊ ထို့နောက် ထိုက်ရှီသို့ပြောင်းလဲသွားပြီး အဆုံးသတ်တွင် ထိုက်ချူးသို့ ရောက်ရှိသွားသည်။

ပြောင်းလဲရန်အတွက် ဖိအားပေးခံရပြီး ကနဦးကောင်းကင် ပြောင်းပြန်လန်သွားပြီးနောက် အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချူးလက်ချောင်းသိုင်းက အရုဏ်ဦးအလင်းရောင်ပမာ တစ်ဖန်ပြန်လည်တောက်ပလာသည်။

ဤလက်ချောင်းသိုင်းအောက်တွင် ‘ရှန်းထျန်းဝူထိုက်’ မှ ထိုက်ကျိ ၊ ထိုက်စု ၊ ထိုက်ရှီ ၊ ထိုက်ချူး (၄)ခု ပေါင်းစည်းသွားပြီး တစ်သားတည်းဖြစ်တည်လာသည်။ ၎င်းတို့၏ သဘာဝအစစ်အမှန် ၊ လျှို့ဝှက်ဆန်းကျယ်မှု ၊ တုနှိုင်းမယှဉ်သာသည့် တန်ခိုးစွမ်းအားများက သဘာဝတရားနှင့် ရောယှက်သွားသည်။

အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ်တို့က မူလ ပိုးသားဧကရာဇ်လောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိသော်လည်း သေမျိုးလူသားအဖြစ်ကို ကျော်လွန်ပြီးသည့် အစစ်အမှနတ်ဘုရားများ ဖြစ်နေဆဲပင်။

ယခု အနက်ရောင်ပိုးသားဧကရာဇ်က လောကပထမ ထိုက်ချင်အဆက်နွယ်၏ တန်ခိုးစွမ်းအားပြည့်အဝကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

သူ၏ ညာဘက်လက်ညှိုးက ရန်ကျောက်ကဲ၏နဖူးသို့ ထိုးညွှန်ထားဆဲ ဖြစ်သည်။

ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်းမရှိဘဲ ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းကို သူ၏ဘယ်ဘက်လက်မှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ခုခံလိုက်သည်။

ထို့နောက် ညာဘက်လက်ကို လက်သီးအဖြစ်ဆုပ်လိုက်ပြီး အနက်ရောင်ပိုးသားဧကရာဇ်အား တန်ပြန်တိုက်ခိုက်လိုက်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က သူ၏ ဘယ်ဘက်လက်ဖဝါးကို ရင်ဘက်ထက်တွင် ကန့်လန့်ဖြတ်အနေအထား ပြုလုပ်ထားဆဲဖြစ်ပြီး စုစည်းထားသော ထိုက်ကျိယင်ယန်လက်ဝါးသိုင်းစွမ်းအားကို ထုတ်လွှတ်ခြင်း မရှိသေးပေ။ ထို့နောက် ရန်ကျောက်ကဲ၏ ညာလက်သီးကိုတားဆီးရန် ထိုက်ကျိကားချပ်အဖြစ် ပြောင်းလဲသွားသည်။

သို့သော် ရန်ကျောက်ကဲ၏ ညာလက်သီးက မမြင်ရသောအသွင်သဏ္ဌန်ဖြင့် နှစ်ပိုင်းခွဲထားပုံရသည်။

တစ်ပိုင်းက တောက်ပသည့်အလင်းရောင်ဖြစ်ပြီး အသက်ဓာတ်စွမ်းအားများပြည့်ဝနေကာ ကျန်တစ်ပိုင်းကတော့ မှောင်မိုက်နေပြီး သိရှိတွေ့မြင်ရန် ခက်ခဲသည်။

သူ၏လက်သီးချက်မျက်နှာပြင်ကို မှေးမှေိန်သည့်အလင်းရောင်အလွှာက ဖုံးအုပ်ထားပြီး တောက်ပခြင်းလည်းမရှိသလို ဝေဝါးနေခြင်းလည်း မရှိပေ။

အနက်ရောင်ပိုးသားဧကရာဇ်က တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် ချက်ချင်းပင် တိုက်ကွက်ပြောင်းလဲရန် ကြိုးစားလိုက်သည်။

သို့သော် ရန်ကျောက်ကဲ၏ ညာလက်သီးက သူ၏လက်ဖဝါးထက်မှ ထိုက်ကျိကားချပ်အား ထိမှန်သွားခဲ့ပေပြီ။

သူ၏လက်သီးချက်တွင် အလင်းနှင့်မှောင်မှ မွေးဖွားလာသော ပရမ်းပတာချီစွမ်းအားများဖြင့် ပြည့်နက်နေသည်။ ထို့နောက် အဆုံးမရှိသည့်အမှောင်ထုက အဆုံးမရှိသည့်အလင်းရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

အဆုံးမရှိသောအလင်းရောင်များအလယ် လေထုထဲတွင် ကောင်းကင်စက်ဝန်း (၁၂)ခု လှည့်ပတ်နေပြီး အလင်း၏ ခမ်းနားခြင်း (၁၂)ပါးကို ဖော်ကျူးကာ အဆုံးမရှိသော ဗလာနယ်ကို တောက်ပထိန်လင်းသွားစေသည်။

ထို့နောက်မှာတော့ အလင်း၏ခမ်းနားခြင်း (၁၂)ပါးလုံး တပြိုင်နက်တည်း အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။

ဤသည်က “ကြေမွတောက်လောင်လက်သီးသိုင်း” မှလွဲပြီး အခြားမဟုတ်ပေ။

ဤလက်သီးချက်အောက်တွင် အလင်းရောင်များ အက်ကွဲကြေမွသွားသည်သာမက အစွန်းနှစ်ဖက်ဖြစ်တည်မှု အလင်းရောအမှောင်ပါ အတူတကွ အက်ကွဲကြေမွသွားခြင်း ဖြစ်သည်။

အစွန်းနှစ်ဖက်ကို ပြိုကျပျက်ဆီးသွားစေသော ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားက ယင်နှင့်ယန် ရောယှက်နေသည့် ထိုက်ကျိကားချပ်အား စွမ်းအားအပြည့်ဖြင့် အက်ကွဲသွားစေသည်။

ဤလက်သီးချက်က စောစောက ဝမ်ဖူထွက်ခွာသွားနိုင်ရန် ခရမ်းရောင်ချီစွမ်းအား လွှမ်းခြုံမှုကို ဆုတ်ဖြဲပစ်ခဲ့သည့် တန်ခိုးစွမ်းအားနှင့်မတူပေ။ ဤလက်သီးချက်က အမှန်တကယ်ပင် မိုးနှင့်မြေကို ပြောင်းလဲသွားစေသည့် အစစ်အမှန် လက်သီးချက် ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲ၏ တုန်လှုပ်ချောက်ချားဖွယ်ရာ လက်သီးသိုင်းစွမ်းအားကို မတွေ့မြင်ခင်ကပင် ဤလူငယ်၏လှုပ်ရှားမှုက ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်မည်ဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

ထို့ကြောင့် သူက တိုက်ကွက်ပြောင်းလိုက်ချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

ရန်ကျောက်ကဲ၏ ‘ကြေမွတောက်လောင်လက်သီးသိုင်း’ က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းအား အတင်းအကျပ် ချိုးဖျက်လိုက်သည့်အခါ အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ကျိ ၊ ထိုက်စု ၊ ထိုက်ရှီ ၊ ထိုက်ချူး ပေါင်းစည်းမှုကို လုံးဝ ထိခိုက်သွားသည်။

ရန်ကျောက်ကဲက ထိုအချက်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်နှင့် သူ၏တန်ခိုးစွမ်းအားကို မြှင့်တင်လိုက်ကာ ဘယ်ဘက်လက်မှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ကို အသုံးပြုပြီး ခံစစ်မှ တိုက်စစ်သို့ပြောင်းလဲကာ အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ချူးနတ်လက်ချောင်းသိုင်းကို ချိုးဖျက်လိုက်သည်။

အနက်ရောင်ပိုးသားဧကရာဇ်၏ ထိုက်ကျိ ၊ ထိုက်စု ၊ ထိုက်ရှီ ၊ ထိုက်ချူး စွမ်းအား (၄)ခု ပေါင်းစည်းမှုမှာ အစမှအဆုံးထိ ချိတ်ဆက်ထားခြင်း ဖြစ်သည်။ ယခု ရန်ကျောက်ကဲက ဦးခေါင်းဖြစ်သော ထိုက်ကျိနှင့် အမြီးဖြစ်သော ထိုက်ချူးကို ချိုးဖျက်လိုက်သည့်အခါ စွမ်းအားစနစ် ပျက်ဆီးသွားခဲ့သည်။

ရန်ကျောက်ကဲက နှစ်ဖက်လုံးမှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီး သူ၏ တန်ပြန်တိုက်စစ်က ပြင်းထန်လွန်းသော ဒီရေပမာ ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်က ချီးချူးစကားဆိုလိုက်၏။

“တကယ့်ကို နာမည်ကြီးထိုက်ပါပေတယ်”

သို့‌သော် သူက အမူအရာတစ်ချက်ပျက်ခြင်းမရှိဘဲ သူ၏ရပ်တည်မှုအား ရုတ်တရက် ပြောင်းလဲလိုက်သည်။

ရန်ကျောက်ကဲ၏ ပြင်းထန်သောတိုက်စစ်ကို ရင်ဆိုင်ရသည့်အခါ အနက်ရောင်ပိုးသားဧကရာဇ်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်း အသုံးပြုခြင်းအား ရပ်တန့်လိုက်ပြီး ရုတ်တရက် လက်သီးဆုပ်ကာ ရန်ကျောက်ကဲထံသို့ ထိုးစိုက်ချလိုက်သည်။

‘ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ’ တန်ခိုးစွမ်းအားအောက်တွင် သူတို့နှစ်ယောက်လုံးတည်ရှိနေသည့် ဗလာနယ်ဆုံမှတ်များ ပြောင်းလဲသွားသည့်ပမာ ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်၏ လက်သီးချက်က ချက်ချင်းပင် ရန်ကျောက်ကဲ ဦးခေါင်းထိပ်သို့ ကျရောက်လာသည်။

ဤလက်သီးချက်က အတော်လေး ထူးဆန်းသည်။

လက်သီးချက်ဆိုခြင်းထက် လူတစ်ယောက်ကို ရိုက်နှက်လိုက်သည့် ကျိုင်းတံတစ်လက်နှင့် ပိုမိုဆင်တူသည်။

အံ့သြစရာကောင်းသည်မှာ ဤ ကျိုင်းတံသိုင်းပညာက ထိုက်ချင်အဆက်အနွယ် ၊ နှောင်းပိုင်းကောင်းကင် အခြေခံတန်ခိုးစွမ်းအား (၅)ရပ်မှ သိုင်းပညာရပ်တစ်ခု ဖြစ်နေခြင်းပင်။

လက်သီးချက်လှည့်ပတ်သွားတိုင်း ပစ်မှတ်အားထိမှန်ရန် ဦးတည်နေသည်။

ဤလက်သီးသိုင်းအား နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော အနက်ရောင်ပိုးသားဧကရာဇ် အသုံးပြုလိုက်သောအခါ ထူးခြားသောစွမ်းရည်က ပိုမိုအားကောင်းလာသည်။

အထူးသဖြင့် မမျှော်လင့်ဘဲ တိုက်ခိုက်ခံရသည့်အခါ အလွန်သတိထားရန် ခက်ခဲသည်။

“ဒါက ချန်ချန်းဟွာရဲ့သိုင်းပညာပဲ ၊ ဒီတော့ အပေးအယူလုပ်တဲ့သူတွေထဲမှာ မြေကမ္ဘာထိပ်တန်းအရှင်သခင်တင်မဟုတ်ဘူး အထက်ရပ်’ချန်’ ပါ ပါနေတာပဲ”

အတွေးနှင့်အတူ ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတောက်ပသွားသည်။

သူက ညာဘက်လက်သီးသိုင်းကွက်ကိုပြောင်းလဲလိုက်ပြီး လက်ချောင်းများကို ဓားသွားပမာ အသုံးပြုကာ အနက်ရောင်ပိုးသားဧကရာဇ်၏ ကျိုင်းတံကို ခုခံကာကွယ်လိုက်သည်။

သူ၏ဓားသိုင်းက ရိုင်စိုင်းကြမ်းတမ်းသော စိမ်းပြာရောင်နဂါးကြီးတစ်ကောင်နှင့်ဆင်တူပြီး အဆုံးမရှိသည့်အန္တရယ်ချီများက ကောင်းကင်တစ်ခွင် မြင့်တက်ပျံသန်းထွက်ပေါ်လာသည်။

စိမ်းပြာနဂါးကြီး၏ခန္ဓာကိုယ်မှ စူးရှသော ဓားအလင်းတန်းထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်းများ ကောင်းကင်ယံတွင် ပြည့်နက်သွားကာ အလွန်ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြည့်နက်နေသော ဓားဝိညာဉ် ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက အနက်ရောင်ပိုးသားဧကရာဇ်၏ကျိုင်းတံကို စိမ်းပြာနဂါးသုတ်သင်ဓားသိုင်းဖြင့် ရင်ဆိုင်လိုက်ခြင်း ဖြစ်၏။

ဤဓားသိုင်းပညာထဲတွင် စန့်ချင်အဆက်အနွယ်မှ ဓားဝိညာဉ်များ ပါဝင်နေသည်။

သက်ရှိပုံစံများအားလုံးကို သုတ်သင်ပစ်နိုင်သည့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်းသာမက တာအိုတရားကိုပင် ငြိမ်းသတ်ပစ်နိုင်သည့် နတ်ဘုရားသုတ်သင်ဓားသိုင်းလည်း ပါဝင်သည်။

ဓားဝိညာဉ်၏ လျှို့ဝှက်အစွန်း တန်ခိုးစွမ်းအားက အနက်ရောင်ပိုးသားဧကရာဇ်၏ ကျိုင်းတံကို ခေတ္တမျှ ရပ်တန့်သွားစေသည်။

တစ်ချိန်တည်းပင် ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်မှ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်မှ တန်ခိုးစွမ်းအားများ မြင့်တက်လာသည်။

သူ၏လက်ဖဝါးထက်တွင် အချိန်ရေစီးကြောင်း ပြောင်းပြန်လှည့်ပတ်သွားသည့်အလား ထင်မှတ်ရသည်။

အချိန်ရေစီးကြောင်းအစွန်းတစ်ဖက်က သဘာဝတရားအစဖြစ်ပြီး ကျန်အစွန်းတစ်ဖက်က သဘာဝတရား၏ အဆုံးဖြစ်သည်။

ဖန်ဆင်းခြင်းကိုကိုယ်စားပြုသော ထိုက်ချင်အဆက်အနွယ်လက်သီးသိုင်းနှင့် သေခြင်းတရားကို ကိုယ်စားပြုသော စန့်ချင်အဆက်အနွယ်ဓားသိုင်းတို့အား ယွိချင်အဆက်အနွယ် စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်ဖြင့် ချိတ်ဆက်ထားသည်။

အဆုံးသတ်မှာတော့ စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ အပြင်းထန်ဆုံး အပြောင်းအလဲတစ်ခုသို့ ရောက်ရှိသွားသည်။

နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို လေ့လာသင်ယူပြီးနောက် ရန်ကျောက်ကဲက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ချန်ချန်းဟွာနှင့် တိုက်ခိုက်စဉ်ကထက် ပိုမိုကြောက်စရာကောင်းသည့် ‘နောက်ပြန်လှည့်ဖန်ဆင်းခြင်း’ ကို အကောင်အထည်ဖော်နိုင်နေပြီ ဖြစ်သည်။

ပြင်းထန်လွန်းသောတိုက်ခိုက်မှုအောက်တွင် အနက်ရောင်ပိုးသားဧကရာဇ်မှာ နောက်သို့လွင့်စင်ထွက်သွားပြီး ကျိုင်းတံလက်သီးသိုင်းကိုပင် အသုံးပြုနိုင်ခြင်း မရှိတော့ပေ။

အစစ်အမှန်နတ်ဘုရားတစ်ပါးက သေမျိုးလူသားတစ်ယောက်အား ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။

အနက်ရောင်ပိုးသားဧကရာဇ် အနည်းငယ် ရှက်ရွံ့သွားသည့်တိုင် ဒဏ်ရာအပြင်းအထန် ရရှိခြင်း မရှိပေ။

သို့သော် ဤတိုက်ပွဲမြင်ကွင်းက ပွဲကြည့်ပရိတ်သတ်များအားလုံးကို အံ့သြမှင်တက်သွာစေသည်။

ရန်ကျောက်ကဲက ယွမ်ကျိုးမြို့မှလူများအတွက် ထည့်သွင်းစဉ်းစားပေးမည်ဆိုလျှင်တောင်မှ အနက်ရောင်ပိုးသားဧကရာဇ်က ညှာတာခြင်းမရှိ တိုက်ခိုက်မည် ဖြစ်သည်။

ထို့ကြောင့် သူတို့နှစ်ယောက် စတင်တိုက်ခိုက်ကတည်းက ထျန်းကျိခန်းမ လေလံပွဲကို ယာယီရပ်ဆိုင်းထားပြီး လေလံပွဲလာရောက်ကြသော သိုင်းကျင့်ကြံသူများနှင့် ယွမ်ကျိုးမြို့ခံလူများကိုလည်း ဝေးရာသို့ ရှောင်တိမ်းစေခဲ့ရသည်။

လူအများက သူတို့၏အိုးအိမ်မြေယာများကို ထားရစ်ခဲ့ရသည့်အတွက် မည်သူမှ မကျေမနပ် မဖြစ်ကြပေ။

နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားမြင့်မားသူများ တိုက်ခိုက်ခြင်းသည် အရိပ်အငွေ့ ရိုက်ခတ်ရုံမျှဖြင့် အသက်သေစေနိုင်သည်ဖြစ်ရာ အခြားအရာများကို တွယ်တာမနေဘဲ အသက်လုပြေးကြရသည်ပဲ မဟုတ်ပါလား။

လူတိုင်းက တိုက်ပွဲရလဒ်ကို ပိုပြီး စိုးရိမ်ပူပန်နေမိကြသည်။

ယခုတော့ သူတို့အားလုံး ဘယ််သောအခါမှ မမေ့နိုင်သည့် မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။

နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ခဲ့သော အနက်ရောင်ပိုးသားဧကရာဇ်သည် သိုင်းသူတော်စင် နဝမအဆင့် ၊ အမတကူးပြောင်းခြင်း ‌နှောင်းပိုင်းအဆင့် ရန်ကျောက်ကဲကို အနိုင်ယူနိုင်ခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲက လက်တစ်ဖက်ကိုဝှေ့ယမ်းရင်း...

“ပိုးသားဧကရာဇ်က ငါ့ရဲ့ ထိုက်ယိလက်သီးသိုင်းကို တွေ့မြင်ချင်တယ်ဆိုရင်‌တော့ အဲဒီအတွေးကို စွန့်လွှတ်လိုက်သင့်ပြီ....”

သူက ဆက်ပြောလိုက်သည်။

“ဒီ’ရန်’ က ဧကရာဇ်မင်းကိုတိုက်ခိုက်ဖို့အတွက် ထိုက်ယိလက်သီးသိုင်း အသုံးပြုစရာ မလိုပါဘူး”

အနက်ရောင်ပိုးသားဧကရာဇ်က ရန်ကျောက်ကဲအား ရှုံးနိမ့်သွားသည့်တိုင် နေရာတွင် မြဲမြံစွာ မတ်တတ်ရပ်နေဆဲပင်။

သူက...

“ကိစ္စမရှိပါဘူး ၊ ငါ့မှာ အချိန်တွေအလုံအလောက်ရှိတယ် ၊ အခွင့်အရေးဆိုတာ ရှိလာမှာပဲလေ...”

ရန်ကျောက်ကဲ မျက်ဝန်းများ ရုတ်တရက် တောက်ပသွားပြီး...

“ဒါပေမဲ့ ကျူတောပင်လယ်ဒေသကိုသွားနေတဲ့ ချန်းဧကရာဇ်ကရော ဧကရာဇ်မင်းလိုစိတ်ထားမျိုး ရှိမတဲ့လား”

သူက ဆက်ပြောသည်။

“ကျွန်တော်သာ သူ့ကိုလျစ်လျူရှုထားမယ်ဆိုရင် သူက နှောင်းပိုင်းမြေကမ္ဘာကျမ်းစာကို ပျော်ပျော်ကြီး ယူသွားမှာပေါ့ ၊ ဒါပေမဲ့ ကျွန်တော် လျစ်လျူရှုမထားဘူးဆိုရင်တော့ သူ့လုပ်ရပ် အဟန့်အတား ဖြစ်သွားမှာပဲ”

အနက်ရောင်ပိုးသားဧကရာဇ်က ပေါ့ပါးသည့်လေသံဖြင့်...

“ချန်းဧကရာဇ်ကိစ္စ ငါ အရေးမစိုက်ဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲ ရယ်မောလိုက်သည်။

“ဟားဟား...”

ထို့နောက် အားဟူထံသို့ အသံပို့လွှတ်စနစ်ဖြင့် လျှို့ဝှက်စကားဆိုလိုက်၏။

“အားဟူ... အဖေ့ကို ချက်ချင်းဆက်သွယ်ပါ ၊ ရန်သူရဲ့ပစ်မှတ်က ငါ မဟုတ်သလို ယိုးမင်ဂမ္ဘီရစက်ဝန်းနဲ့ ထျန်းကျိခန်းမလည်း မဟုတ်ဘူး ၊ သူတို့က ငါ့အမေကို ပစ်မှတ်ထားတာ ၊ သူတို့မှာ ငါ့အမေကို သေချာပေါက်ရှာတွေ့နိုင်မယ့် နည်းလမ်း ရှိနေပြီ”

All Chapters