← Chapters

သူတော်စင် တန်ခိုးရှင်သိုင်းသမား

Vol. 54 Ch. 726

သူတော်စင် တန်ခိုးရှင်သိုင်းသမား

Vol. 54 Ch. 726

ချင်မူ အကြပ်ရိုက်သွားသည်။ ကောင်းကင်ဆရာသခင် သစ်ခုတ်သမားကို ကယ်တင်ရန်က အရေးကြီးသော်လည်း ဟူပုကွေ့နှင့်အတူ ရှုရှန်းဟွာဆီ သွား၍ ကောင်းကင်ရတနာများအား တစ်ခုတည်း ပေါင်းစည်းပြီး ကောင်းကင်နတ်ဘုံသို့ တက်လှမ်းနိုင်မည့်နည်းလမ်း ဖန်တီးခြင်းက များစွာ စိတ်ဝင်စားစရာကောင်းသလို၊ အဓိပ္ပါယ်လည်း ရှိသည်။

ထို့အပြင် တန်ခိုးရှင်သစ်ခုတ်သမားက နဂါးသွဲ့ကန်အဆင့် နတ်ဘုရားတစ်ပါး ဖြစ်သည်။ မြောင်းပုပ်ထဲ၌ တစ်နှစ်‌ကျော် နစ်နေလည်း သေနိုင်မည်မဟုတ်သဖြင့် အလျင်မလို။

သို့သော် သူသည် တန်ခိုးရှင်သစ်ခုတ်သမား၏ တပည့်မဟုတ်ပါ၏လော။ တန်ခိုးရှင်သစ်ခုတ်သမားကို ‌မြောင်းထဲမှ မဆွဲတင်ဘဲ ပစ်ထားလိုက်လျှင် သူ မည်သို့ရှင်းပြရမည်နည်း။

သို့သော်လည်း နွားအိုကြီး သူတို့ကို ညှာပေးလျှင်ပင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်သေးပေ။

လယ်သမားအဘိုးအိုသည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက် ဖြစ်သည်သာမက သိုင်းဝိညာဉ်ဖြင့်လည်း လမ်းစဉ်အဆင့် တက်ရောက်ထား၏။ နတ်ကောင်းကင်ခန်းမနှင့် ဧကရာဇ်ပလ္လင့်အဆင့်ဆိုသည်မှာ တိုင်းထွာမရအောင် ကွာခြားသည်။ သိကြားဗုဒ္ဓက နတ်ကောင်းကင်ခန်းမအဆင့် ဖြစ်သည့်တိုင် အရှက်သိက္ခာမငဲ့ဘဲ ဗြဟ္မဗုဒ္ဓ၏ အစစ်အမှန်ကျမ်းစာကို တောင်းခဲ့၏။ ထိုဖြစ်ရပ်မှတစ်ဆင့် ဧကရာဇ်ပလ္လင်အဆင့်သို့ ရောက်ရန် မည်မျှခက်ခဲကြောင်း ထင်ရှားပေသည်။

ချင်မူ တွန့်ဆုတ်နေသည့်အချိန် လယ်သမားအဘိုးအိုက ဧကရာဇ်ပလ္လင်ထက်မှ ဆင်းလာပြီး နတ်ကောင်းကင်ခန်းမအပြင် ထွက်လာသည်။ သူ့မျက်နှာသည် တွန့်ခေါက်နေသော အရေတွန့်များ အပြည့်ဖြင့် အလွန်အိုမင်းနေသည့်ပုံစံ ပေါက်၏။ “စန်းသွော၊ သူတို့ ‌အောင်သွားပြီ”

နွားအိုကြီး ကြောင်အမ်းသွားကာ အလျင်အမြန် မေးလိုက်၏။ “သခင်ကြီး၊ သူတို့က သခင်ကြီးရဲ့ စမ်းသပ်မှုကို အသာထား ကျွန်‌တော့်ကိုတောင် မဖြတ်ကျော်ရသေးဘူးလေ... ဘယ်လိုလုပ်အောင်သွားတာလဲ”

လယ်သမားအဘိုးအိုက နတ်ကောင်းကင်ခန်းမ၏ လှေကားထစ်များအတိုင်း ဆင်းသွားသဖြင့် နွားအိုကြီးလည်း ကပျာကယာ လေးဖက်ထောက်ကာ သူ့နောက်မှ နွားတစ်ကောင်လို လိုက်လာသည်။ လယ်သမားအဘိုးအိုသည် ခေါင်းယမ်းလိုက်၏။ “သို့နျိုနန်း‌ဆောင်ရဲ့ စမ်းသပ်မှုတွေက ကလေးတွေ သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့်တက်နိုင်အောင် တွေးခေါ်နိုင်စေဖို့ပဲ... သူတို့မျိုးဆက်အတွက် မျှော်လင့်ချက်ရှိလာအောင် ကောင်းကင်တံတားအဆင့်ကို‌ ကျော်ပြီး ကောင်းကင်နတ်ဘုံဆီ တန်းတက်နိုင်မယ့် လမ်းတစ်လမ်း ရှာတွေ့စေဖို့ ရည်ရွယ်ထားတာ... ငါ ထင်ခဲ့မိတာက တစ်ယောက်ယောက် ငါ့ကို အနိုင်ယူရင် အဲဒီလမ်းကို ဖန်တီးနိုင်လိမ့်မယ်လို့ပေါ့”

သူက လှေထားထစ်များမှ ဆင်းလာကာ ချင်မူနှင့် ဟူပုကွေ့အား လှမ်းခေါ်သည်။ သူက သူတို့နှစ်ယောက်ကို အကဲခတ်ပြီးသော် ပြုံးလိုက်၏။ “ဒါပေမဲ့ ငါ သတိရလိုက်တယ်.. ကောင်းကင်တံတားကို ကျော်ပြီး ကောင်းကင်နတ်ဘုံဆီ တန်းတက်တာက ငါ လုပ်ခဲ့တဲ့အရာပဲ... ငါက ကောင်းကင်တံတားမရှိတဲ့ ပထမဆုံးလူမဟုတ်လား... ငါ လေ့လာရှာဖွေမှုတွေ မလုပ်ခဲ့တော့ ငါ့လမ်းစဉ်က တခြားသူတွေနဲ့ မသင့်တော်ဘူး”

ချင်မူနှင့် ဟူပုကွေ့ အံ့အားသင့်သွားပြီး သူ့ကို မယုံနိုင်စွာ ကြည့်လိုက်မိသည်။

မည်သူက သိုင်းပညာ ကောင်းကင်ဆရာသခင်၏ ကောင်းကင်တံတားကို ဖျက်စီးခဲ့သနည်း။

သိုင်းပညာ ကောင်းကင်ဆရာသခင်သည် ‌ကောင်းကင်တံတားအဆင့် မရှိဘဲ နတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဆိုလျှင် အဘယ်ကြောင့် သူ၏နည်းလမ်းအား သို့နျိုကမ္ဘာသားများဆီ မဖြန့်ဝေပေးခဲ့သနည်း။

သို့သော် ကျောက်စိမ်းမြို့တော်ထဲရှိ စစ်နတ်ဘုရား ၃၆ ယောက်မှာ‌တော့ မအံ့ဩသွားကြပေ။ သိုင်းပညာကောင်းကင်ဆရာသခင်က ထိုကဲ့သို့လူတစ်ယောက်မှန်း သိထားကြကြောင်း ထင်ရှားပေသည်။

“ငါ သေသေချာချာ တွေးခဲ့ပြီးပြီ... ငါ လုပ်နိုင်ခဲ့တာက လူတိုင်း လုပ်နိုင်တာမဟုတ်ဘူး”

လယ်သမားအိုကြီးက ပြောသည်။ “ငါက ငါ့တစ်ဘဝလုံးကို သိုင်းလမ်းစဉ်မှာပဲ နစ်မြုပ်ထားခဲ့တယ်... ငါ့ရင်ထဲမှာ သိုင်းအပြင် တခြားဘာမှမရှိဘူး... ငါ့မှာ ဆန်းကြယ်ထူးကဲတဲ့ ကျင့်စဉ်တွေ ၊ သိုင်းကွက်တွေ ရှိပေမယ့် တခြားလူတွေအနေနဲ့ မသင်ယူနိုင်သလို၊ မတတ်မြောက်နိုင်ကြဘူး... ငါ့လိုလည်း ကောင်းကင်နတ်ဘုံကို သူတို့ ပျံမတက်နိုင်ကြဘူး... ဟူပုကွေ့ ငါ့လမ်းအတိုင်း လျှောက်ပြီး ကောင်းကင်ဘုံကို ပျံတက်လာနိုင်ရင်တောင် ငါ့ခြေရာကို နင်းနေတာပဲ ဖြစ်မှာ.. သူ့နည်းလမ်းကြောင့် သို့နျိုကမ္ဘာက လူတွေ ကောင်းကင်နတ်ဘုံကို ထပ်တက်လာနိုင်မှာမဟုတ်ဘူး... သစ်ခုတ်သမား မှန်တယ်... သို့နျိုကမ္ဘာရဲ့ ပြဿနာကို ဖြေရှင်းနိုင်မည့်နည်းလမ်းက ဒီနည်းလမ်း မဟုတ်ဘူးပဲ”

သူ၏မျက်ဝန်းထောင့်စွန်းများ လှုပ်ခတ်သွားပြီး သူက ချင်မူ့ဆီသို့ ကြည့်သည်။ “သစ်ခုတ်သမားက ငါ့ကို လာရှာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြုပြင်ပြောင်းလဲနေတဲ့လူတွေမှာ သို့နျိုနန်းဆောင်ကမ္ဘာရဲ့ ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိနိုင်တဲ့အကြောင်း ပြောခဲ့တယ်... အစတုန်းက သူ့ကို မယုံခဲ့ပေမယ့် အခုတော့ ငါ ယုံသွားပြီ... သစ်ခုတ်သမားက လုံးဝသုံးစားမရတာ မဟုတ်သေးဘူးပဲ... လူတော်တပည့်တစ်ယောက်ကိုလည်း မွေးထားသေးတယ်... ဟူပုကွေ့ ၊ မင်း အခု သို့နျိုကမ္ဘာကနေ ထွက်သွားနိုင်ပြီ”

ချင်မူ၏ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေးများ ဖွဲ့တည်လာသည်။ သူက ကပျာကယာ မေးလိုက်၏။ “အဲဒါဆို ကောင်းကင်ဆရာသခင်၊ ကျွန်တော့်ဆရာကို မြောင်းပုပ်ထဲက ဆွဲထုတ်လို့ရပြီလား”

လယ်သမားအဘိုးအို၏ မျက်နှာ မည်းမှောင်သွားပြီး သူ့အရေတွန့်များက နွားကြီးတစ်ကောင် လယ်ထွန်လိုက်သကဲ့သို့ ပိုမိုတွန့်ခေါက်သွားသည်။ “ငါက သစ်ခုတ်သမားကို အရည်မရအဖတ်မရ ပေါက်ပန်းလေးဆယ်တွေ လျှောက်ပြောတတ်တဲ့ လူစားမျိုးမဟုတ်ဘူး.. ပြောတဲ့အတိုင်း လုပ်တယ်... ဒါကြောင့် သူ့ကို မြောင်းထဲက ဆွဲထုတ်ချင်ရင် ငါ့ဆီက လက်သီးသုံးချက် ခံနိုင်ရမယ်”

လယ်သမားအဘိုးအိုက ပြောပြောဆိုဆိုဖြင့် တုတ်တိုင်ခိုင်ခိုင် လက်သီးကြီးကို မြှောက်လိုက်သဖြင့် ချင်မူ အထိတ်တလန့် ထခုန်မိသည်။ လယ်သမားအဘိုးအိုသည် သိုင်းလမ်းစဉ်၏ ထိပ်ဆုံး၌ရှိသော အရှိန်အဝါအငွေ့အသက်ဖြင့် ချင်မူ့ဆီသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။

ဘုန်း

သူ၏ ကြောက်မက်ဖွယ်ရာ ခွန်အားသည် အဆုံးမဲ့သော်လည်း သူ၏လက်သီးက ချင်မူ၏ရင်ဘတ်ကို အသာအယာသာ တို့ထိသွား၏။ ချင်မူမှာ ‌နောက်ဆုတ်လိုက်ရပြီး သူ့ရင်ဘတ်ဆီမှ တဘုန်းဘုန်းမြည်သံနှစ်ချက် ထွက်ပေါ်လာသည်။

လယ်သမားအဘိုးအိုက လက်သီးပြန်ရုတ်ကာ သရော်တော်တော် ပြောသည်။ “သိုင်းဝိညာဉ်နဲ့ လမ်းစဉ်အဆင့် တက်သွားပေမယ့် မင်းက အောင်မြင်ဖို့ အဝေးကြီးလိုသေးတယ်... မင်းရဲ့ ရုပ်ခန္ဓာက လိုအပ်နေသေးတယ်... ဆက်ပြီး ကြိုးစား၊ လောကသခင်ခန္ဓာကို အလဟဿ မဖြစ်စေနဲ့ ။ နားလည်လား”

ချင်မူ အံ့ဩဝမ်းသာသွားသည်။ “ကျွန်တော် နားလည်ပါတယ်”

လယ်သမားအဘိုးအိုက ပြုံး၍ အားလုံးကို ပြန်လွှတ်လိုက်၏။ “ဒါပေမဲ့ မင်းက မဆိုးဘူး... တကယ် မဆိုးဘူး.. သစ်ခုတ်သမားက အပြောကြီးရုံသက်သက်ပဲ မဟုတ်ဘူးကိုး ... မင်းကို သင်ပေးနိုင်တဲ့ အစွမ်းအစ ရှိသေးတယ်ပေါ့လေ... အဟမ်း မဟုတ်သေးဘူး၊.. မင်းက လောကသခင်ခန္ဓာမလား... ငါသာ မင်းကို သင်ပေးခဲ့ရင် မင်း ဒီထက်ပို အရောင်ထွက်လာမှာ... သစ်ခုတ်သမား အသုံးကိုမကျဘူး... ငါ့အောက် နိမ့်ကျသေးတယ်”

သူသည် တစ်ယောက်တည်း ပြောရင်း အလွန်ကျေနပ်နေ၏။ နတ်ဘုရားများလည်း ပျော်ရွှင်နေကြပြီး သူ့နောက်မှ လိုက်လာကြသည်။

ချင်မူက သူတို့ကို ကြည့်လိုက်သည်။ သူတို့သည် တစ်ချိန်က ထင်ပေါ်ကျော်ကြားသော စစ်နတ်ဘုရားများ ဖြစ်ခဲ့ကြ၏။ လယ်သမားအဘိုးအိုဆိုလျှင် ဧကရာဇ်ပလ္လင်အဆင့် သိုင်းသမားတစ်ယောက်ပင် ဖြစ်သည်။ သို့တိုင်အောင် အားလုံးက လက်လုပ်လက်စား လယ်သမားများပမာ ရိုးသားဖြူစင်ကြပေသည်။

ချစ်စရာကောင်းသော လူကြီးများလည်း ဖြစ်လေ၏။

သို့သော် ခေါင်းမာသော လူတစ်သိုက်လည်း ဖြစ်သေးသည်။

သူတို့ကို ပြောင်းလဲပေးရန် အလွန်ခက်ခဲသည်။ သို့ရာတွင် အမှားကို သိလျှင်မူ သူတို့သည် ပြောင်းလဲလိုစိတ် မရှိသည့်တိုင် ပြောင်းလဲကြလိမ့်မည်။

ထို့ကြောင့် ချစ်စရာကောင်းသည် ဆိုရမည်။

ဟူပုကွေ့မှာ‌တော့ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေသည်။ သူက သို့နျိုနန်းဆောင်ကမ္ဘာအပြင် ရောက်သည့်အခါ အောက်ရှိမြေပြင်ဆီ အပြေးအလွှား ဆင်းသွားပြီး မိသားစုနှင့် မိတ်ဆွေအပေါင်းအသင်းများအား နှုတ်ဆက်နေသည်။

ချင်မူ နဂါးချီလင်ကို လှမ်းခေါ်လိုက်သည့်အချိန်တွင် နဂါးချီလင်သည် သူ ထင်ထားခဲ့သည့်အတိုင်း တောင်ကောင်းကင်မုခ်ဝအပြင်၌ အိပ်ပျော်နေ၏။ သစ်ခုတ်သမားကို ဆွဲထုတ်ပြီး ထွက်ပြေးမည်မရှိခဲ့ပေ။

ချင်မူမှာ ရင်ထဲနာသွားသည်။ ‘ဒါက ငါ့စီးတော်သားရဲ... ဟိုဟာက သိုင်းပညာ‌ကောင်းကင်ဆရာသခင်ရဲ့ စီးတော်သားရဲ... ဆရာသစ်ခုတ်သမားရဲ့ စီးတော်သားရဲ အစ်ကိုကြီးကျားနဲ့ ဆရာတူအစ်ကိုကြီးပါ့ရှန်ရဲ့ နွားသိုးစိမ်းကြီးလည်း ရှိသေးတယ်...’

နဂါးချီလင်သည် အိပ်ရေးရေး အိပ်လိုက်ရ၍ တက်ကြွနေ၏။ သို့သော် အစာမစားရသည်မှာ ဆယ်ရက်ကြာဖြစ်၍ ငြိမ်ငြိမ်မနေနိုင်ပေ။ သူက ချင်မူ့ကို တစ်ချက်တစ်ချက် ကြည့်ကာ သတိပေးချင်သော်လည်း ကြောက်နေသည်။

ရွာထဲတွင် သစ်ခုတ်သမား မြောင်းထဲမှ ဆွဲတင်ခံလိုက်ရပြီး ချင်မူက သူ၏ကျိုးနေသော အရိုးများအား ပြန်ဆက်ရင်း အလုပ်များနေသည်။ သူက သစ်ခုတ်သမားကို ဆေးကျိုအိုးကြီးတစ်အိုးထဲ၌ ထည့်ပြီး မီးအပူပေးထား၏။

သစ်ခုတ်သမားက ဆေးရည်ပန်းကန်လုံးကို ကိုင်၍ သောက်နေပြီး လယ်သမားအဘိုးအိုက သူ့ဘေးရှိ ခုံပုလေးတစ်လုံးတွင် ထိုင်နေသည်။ နွားအိုကြီးကမူ တံခါးဝရှိ မြေကြီးပေါ်တွင်သာ ထိုင်ကာ ဆေးတံမှုတ်နေသည်။

ချင်မူလည်း နွားအိုကြီး၏ ဘေးတွင် ထိုင်ပြီး မေးလိုက်သည်။ “အစ်ကိုကြီးစန်းသွော၊ ဒီ‌နေ့ လယ်မထွန်ရဘူးလား”

နွားအိုကြီးက ပျင်းရိပျင်းတွဲ ပြောသည်။ “ထွန်ပြီးပြီ... အခုပဲ စပါးစိုက်လာတာ”

“မင်း လောကသခင်ခန္ဓာကို ဘာမှမသင်ပေးထားဘူးမလား” အခန်းထဲတွင် လယ်သမားအဘိုးအိုက သစ်ခုတ်သမားကို တစ်ချက်ကြည့်ကာ နွားအိုကြီးလို ပျင်းရိပျင်းတွဲ ပြောနေသည်။

သစ်ခုတ်သမားက ဆေးရည်တစ်ပန်းကန်လုံး ကုန်အောင် သောက်ပြီးနောက် အေ့ခနဲ လေ့ချဉ်တက်ကာ ပန်းကန်လုံးအား သူ့ဆီသို့ ကမ်းပေး၏။ “သူက ငါ့တပည့်လေ မသင်ပေးထားဘဲ နေပါ့မလား... မင်းမှာ အဲဒီလောက်ထူးချွန်တဲ့ တပည့်မရှိတော့ မင်း ငါ့လို သူ့ကို သင်ပေးနိုင်မှာမဟုတ်ဘူး”

လယ်သမားအဘိုးအိုသည် နှာခေါင်းရှုံ့၍ ပန်းကန်လုံးအလွယ်အား လှမ်းယူသည်။ “သူ့ကို မသင်ပေးထားဘဲ ဘာတွေ ဒီလောက်ကျေနပ်နေတာလဲ.... မင်း ဒီတစ်ခေါက်လည်း ကံကောင်းပြီး အမှတ်ရသွားပြန်ပြီ... လောကသခင်ခန္ဓာရဲ့ မျက်နှာ ထောက်ထားပြီး မင်းကို သက်ညှာပေးလိုက်မယ်... မဟုတ်လို့ကတော့ မြောင်းပုပ်ထဲမှာ ဆယ်နှစ်လောက် စိမ်နေရမယ်မှတ်... မင့်ပါးစပ်ပဲ ကျန်တော့တဲ့အထိ ပုပ်သိုးနံစော်နေအောင် ထားထားမှာ”

တန်ခိုးရှင်သစ်ခုတ်သမားက ပြောလိုက်သည်။ “ဆရာသခင်ဆိုတာ လမ်းပြပေးရမယ်... ကမ္ဘာအရပ်ရပ်မှာ ငါ့တပည့်တွေ တစ်ပုံကြီးပဲ.. မင်းကရော ဘာတွေ သင်ပေးခဲ့လဲ”

လယ်သမားအဘိုးအို တိတ်ဆိတ်သွား၏။

သစ်ခုတ်သမားက တည်ငြိမ်အေးဆေးစွာ ပြောသည်။ “မင်းက သိုင်းလမ်းစဉ်မှာ အမှန်တကယ် နံပါတ်တစ်ပဲ... ဒီကမ္ဘာ၊ ဒီစကြဝဠာတင်မကဘူး ကောင်းကင်နတ်ဘုံမှာတောင် သိုင်းလမ်းစဉ်နဲ့ ပတ်သက်လာရင် မင်းကို ကျော်နိုင်တဲ့လူ မရှိဘူး... မင်းက ကောင်းကင်တံတားမရှိဘဲ မင်းရဲ့သိုင်းစွမ်းအားနဲ့ နတ်ဘုရားဖြစ်လာခဲ့တယ်... အဲဒီလိုလုပ်နိုင်တာ မင်းတစ်ယောက်ပဲ ရှိလိမ့်မယ်... နှစ်နှစ်သောင်းမပြောနဲ့ နှစ်သိန်းပေါင်းများစွာ ကြာတဲ့အထိ မင်းတစ်ယောက်ပဲ ရှိနေမှာပဲ... မင်းအနေနဲ့ အောင်မြင်ခဲ့ပေမယ့် တခြားသူတွေကတော့ မင်းအောင်မြင်သလို ဘယ်အောင်မြင်နိုင်မလဲ... မင်း သို့နျိုကမ္ဘာသားတွေကို မကယ်တင်နိုင်ဘူး”

လယ်သမားအဘိုးအို တိတ်ဆိတ်နေဆဲပင်...

သစ်ခုတ်သမားက ဆက်ပြောသည်။ “ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကတော့ ကယ်တင်နိုင်တယ်... မင်းနဲ့ငါကြား ရန်ငြိုးက မပြောပလောက်ပါဘူးကွာ... ဒီနှစ်တွေအတွင်း မင်းအတွက် ခက်ခဲခဲ့မှာ ငါ သိတယ်... စစ်ကြီးပြီးတော့ ကျန်ရစ်ခဲ့တဲ့ မုဆိုးမတွေ၊ မိဘမဲ့တွေကို မင်း လိုက်ရှာခဲ့ပြီး စောင့်ရှောက်ပေးခဲ့မှန်းလည်း ငါ သိတယ်... ခိုင်ဧကရာဇ်ခေတ်ပျက်သုဉ်းသွားတဲ့နောက်ပိုင်း မင်း လုပ်ပေးခဲ့တာတွေ အများကြီးပဲ... မင်းရဲ့ ရည်ရွယ်ချက်က သူတို့အတွက် လမ်းတစ်လမ်း ဖောက်ပေးဖို့... ဒါပေမဲ့ မင်း တုံးလွန်းတယ်... နှစ်နှစ်သောင်းကြာတာတောင် လမ်းရှာမတွေ့သေးဘူး”

လယ်သမားအဘိုးအိုမှာ ချောင်ပိတ်ခံလိုက်ရသော သားရဲတစ်ကောင်လို ညည်းတွားလိုက်သည်။

ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းသွားပြီးနောက် သူသည် ကျန်ရစ်ခဲ့သော မိဘမဲ့များကို စောင့်ရှောက်ခဲ့သော်လည်း သူတို့အသက်ကြီး၍ သေဆုံးသွားခဲ့သည်ကိုသာ ကြည့်ခဲ့ရ၏။

ယင်းက သူ့နှလုံးသားကို ပြင်းပြင်းထန်ထန် နှိပ်စက်နေသော နာကျင်မှုဖြစ်သည်။ သူ့နှလုံးသားထဲတွင် သူ့ကိုယ်သူ အပြစ်တင်နေသည့်စိတ်များသာ အစိုင်အခဲ ဖြစ်နေခဲ့သည်။

“အပြင်ထွက်လာခဲ့... မင်း အပြင်ထွက်လာရင် တန်ခိုးရှင်သိုင်းသမား ဖြစ်လာလိမ့်မယ်”

တန်ခိုးရှင်သစ်ခုတ်သမားက လယ်သမားအဘိုးအိုကို ကရုဏာသက်နေသည့် မျက်လုံးများဖြင့် ကြည့်နေသည်။ သို့သော် သူ၏မျက်လုံးထဲ၌ မျှော်လင့်မှုလည်း ပုန်းကွယ်နေ၏။ “ခိုင်ဧကရာဇ်က ငါတို့ကို ကောင်းကင်ဆရာသခင်တွေအဖြစ် ချီးမြှောက်ပေးခဲ့ပေမယ့် ငါတစ်ယောက်တည်းပဲ သူတော်စင်တန်ခိုးရှင်ဘွဲ့ ပေးအပ်ခံခဲ့ရတယ်... ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ငါတို့လေးယောက်စလုံး သူတော်စင်တန်ခိုးရှင် ဖြစ်လာစေဖို့ပဲ... မင်းက သိုင်းပညာ ကောင်းကင်ဆရာသခင်၊ သိုင်းလမ်းစဉ်မှာ နံပါတ်တစ်... ဒါမဲ့ သူတော်စင်တန်ခိုးရှင်ဆိုတာ သိုင်းပညာတင်မဟုတ်ဘူး... အပြင်ထွက်လာခဲ့၊ အပြင်ထွက်လာရင် မင်း ခိုင်ဧကရာဇ်ရဲ့ တစ်ဦးတည်းသော သိုင်းပညာကောင်းကင်ဆရာသခင်၊ တန်ခိုးရှင်သိုင်းသမား ဖြစ်လာမယ်”

လယ်သမားအဘိုးအိုသည် တိတ်ဆိတ်လျက်သာ ရှိ၏။

သစ်ခုတ်သမားက သူ့ကို ဆက်လက်မဖျောင်းဖျတော့ပေ။

သူ့အစ်ကိုကြီးကို သူ ကောင်းကောင်း နားလည်၍ မည်မျှခေါင်းမာမှန်းလည်း သိထားသည်။ သို့သော် မပြုပြင်မပြောင်းလဲမည့် လူစားမျိုး‌တော့ မဟုတ်ပေ။ စကားနှင့်ပတ်သတ်လျှင်သာ ခေါင်းမာခြင်းဖြစ်သည်။

သူ့အစ်ကိုကြီး သူ့စကားကို သဘောပေါက်သည်။ သူသည် တစ်ယောက်တည်းသော တန်ခိုးရှင်သိုင်းသမား ဖြစ်လာလိမ့်မည်။

“မင်း စကားကို နားထောင်ပြီး ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ချင်တယ်”

လယ်သမားအဘိုးအိုက ရုတ်တရက် ထပြောသည်။ “ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မကူညီဘူး.. ငါတို့ခိုင်ဧကရာဇ်ခေတ်ကလည်း သုညဘဝကနေ စတင်ခဲ့ရတာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာက မင်း ချီးကျူးတာ ဒီလောက်ခံနေရမှတော့ ငါတို့အကူအညီမပါလည်း ခိုင်ဧကရာဇ်ခေတ်လို ဖြစ်လာမှာပါ... ဘာကြောင့် ငါတို့လိုအရှုံးသမားတွေဆီက အကူအညီ လိုမှာလဲ”

သစ်ခုတ်သမား ပြုံးလျက် ပြောလိုက်သည်။ “ငါတို့က သူတို့အတွက် အချိန်ဆွဲပေးရမှာ... ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ပြင်ပကောင်းကင်နတ်ဘုံ သုတ်သင်ဖယ်ရှားတာ ခံရအောင် ကြည့်နေလို့မဖြစ်ဘူး.. မင်းလည်း မကြည့်ရက်ဘူးမလား... ခိုင်ဧကရာဇ်ခေတ် စတင်တည်ထောင်တုန်းကလည်း ချုံဧကရာဇ်ခေတ်ရဲ့ လက်ကျန်လူသားတွေက ငါတို့ကို အကူအညီတချို့ ပေးခဲ့ကြတယ်လေ”

လယ်သမားအဘိုးအိုသည် ပြုံးလိုက်ပြီး ပြော၏။ “မင်းကြောင့် အဲဒီနေ့ရက်တွေကို သတိတောင် ရသွားပြီ.. တကယ်တော့ ငါလည်း ချုံဧကရာဇ်ခေတ်က လူတစ်ပိုင်းလို့ ပြောလို့ရပါတယ်”

“ခိုင်ဧကရာဇ်အပါအဝင် ငါတို့အားလုံးက ချုံဧကရာဇ်ခေတ်ရဲ့ လူတစ်ပိုင်းတွေပဲ မဟုတ်လား”

သစ်ခုတ်သမားက ပြောသည်။ “ဘဝဆိုတာ ဒီလိုပဲ အဆုံးရယ်လို့ မရှိဘူး... အမွေလည်း ဒီလိုပဲ တစ်ခေတ်ပြီးတစ်ခေတ် လက်ဆင့်ကမ်းရတာပေါ့... မင်းရဲ့ သိုင်းလမ်းစဉ်အမွေကိုလည်း လက်ဆင့်ကမ်းပေးရမယ်... မင်းအမွေ ပျောက်သွားလို့ မဖြစ်ဘူး”

လယ်သမားအဘိုးအိုက ထရပ်လိုက်ပြီး သရော်တော်တော် ပြော၏။ “ဒါပေမဲ့ ဒါလေးကြောင့်နဲ့တော့ ငါ မင်းကို ခွင့်မလွှတ်ဘူး.. ဒီကနေ အပြင်ထွက်လာရင်၊ မဟာမြို့ပျက်အပြင် ထွက်လာရင် ငါ စိတ်မကြည်တိုင်း မင်းကို လာရိုက်မယ်... ငါ့လက်သီးကို ခံနိုင်အောင် အဆင့်မြန်မြန်တက်ဖို့ မင့်ဘိုးဘေးတွေဆီ ဆုတောင်းထားလိုက်”

သူက အိမ်ထဲမှ ထွက်သွားသည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ တိုးလို့တန်းလန်းအပြုံးဖြင့် ကျန်ခဲ့သည်။ ချင်မူက အထဲဝင်လာကာ ဆေးရည်လဲပေးပြီး ခပ်တိုးတိုး ပြောသည်။ “ဆရာနဲ့ သိုင်းပညာ ကောင်းကင်ဆရာသခင်ကြားမှာ ရန်ငြိုးရှိတာလား”

သစ်ခုတ်သမားမှာ တစ်ကိုယ်လုံး အားမရှိတော့သကဲ့သို့ ပျော့ခွေနေပြီး သက်ပြင်းချသည်။ “ရှိတယ် ထင်တာပဲ... ဒါပေမဲ့ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီကွာ”

ထိုအတိတ်ကို သူ မပြောချင်ကြောင်း ထင်ရှားသည်။

ချင်မူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရင်း ပို၍ပင် သိချင်လာသော်လည်း တိတ်တိတ်သာ နေလိုက်သည်။

သစ်ခုတ်သမားက သူ့မျက်နှာထားကို ကြည့်ကာ ဒေါသထွက်သွား၏။ “မင့်ရုပ်က ဘာရုပ်တုန်း.. သူများကိစ္စကို အဲဒီလောက် သိချင်ရလား”

ချင်မူ စကားတစ်ခွန်းမပြောပေ။

သစ်ခုတ်သမားမှာ သက်ပြင်းချလိုက်ပြီး ပြောသည်။ “ကောင်းပြီ ငါ မင်းကို ပြောပြမယ်... တကယ်တော့ ဟိုတုန်းက သူရယ်၊ ငါရယ်၊ စာပေသမားရယ်၊ တံငါသည်ရယ် သိပ်ပြီး အတိုင်အဖောက် ညီခဲ့ကြတာ... ငါ့သိုင်းအဆင့်က အားလုံးထဲမှာ အားအနည်းဆုံးဆိုပေမယ့် သူတို့အားလုံး ငါ့ကို လေးစားကြတယ်... နောက်ပိုင်း ခိုင်ဧကရာဇ်ခေတ်က ငါ့ကို ပြုပြင်ပြောင်းလဲမှုတွေ တာဝန်ယူခိုင်းပြီး လူရှေ့သူရှေ့ ထွက်ခိုင်းခဲ့တယ်လေ... ဘယ်လိုပြောရမလဲကွာ၊ ယောက်ျားတစ်ယောက် တော်လွန်းရင် မိန်းမတွေ ဝိုင်းဝိုင်းလည်လာတာ ပုံမှန်ပဲ မဟုတ်လား.. အဲဒီတုန်းက လယ်သမားမှာ သဘောကျတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်.... “

ချင်မူက ဆေးရည်လဲပြီး နားရွက်များအား ထောင်ထားသည်။

တံခါးအပြင်တွင် နွားအိုကြီးလည်း ဆေးတံမမှုတ်တော့ဘဲ နားရွက်တစ်ဖက်အား အခန်းထဲသို့ စွင့်ထားလေသည်။

နဂါးချီလင်လည်း အိပ်ငိုက်နေ၍ မြေကြီးပေါ်တွင် လှဲနေရာမှ ဆတ်ခနဲ ခေါင်းထောင်ပြီး နားစွင့်ထား၏။

All Chapters